← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

🍅 Chapter 186

“နည်းနည်းပိုကောင်းတာဆိုရင်တော့ ပြားနှစ်ရာလောက် ကျသင့်တယ်၊ ကြက်သား၊ ဝက်သား၊ ငါး စတဲ့ အသားဟင်း သုံးမျိုး ဒါမှမဟုတ် လေးမျိုး ပါမယ်၊ စုစုပေါင်း ဟင်းရှစ်မျိုးပေါ့”

“ဘယ်လိုအမျိုးအစားကို ကျွေးချင်တာလဲ”

ဝူယွီလန် ကျန်းချင်းဟန်နှင့် သခင်လေးမုချန်ကျွင်းတို့ကိုပါ ဖိတ်ကြားရမည်ဖြစ်ရာ ရိုးရှင်းသော ဟင်းလျာများဖြင့်ဆိုပါက လုံးဝ အဆင်မပြေနိုင်ကြောင်း တွေးမိလိုက်သည်။

သူမ စက္ကူနှင့် စုတ်တံကို ယူဆောင်လာခဲ့၏။

“ကျမ ဟင်းလျာစာရင်း ရေးပေးမယ်၊ ငွေဘယ်လောက်လောက် ကုန်မလဲဆိုတာကို ရှင်ပဲ ကူပြီးတွက်ပေးတော့”

အဘိုးအိုစုန့် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး ဝူယွီလန် ဟင်းလျာစာရင်း ရေးဆွဲနေသည်ကို တိတ်တဆိတ်သာ စောင့်ကြည့်နေလိုက်၏။

“ကဲ ရပြီ၊ စုစုပေါင်း ဟင်းဆယ်မျိုးပဲ”

အဘိုးအိုစုန့် ဟင်းလျာစာရင်းကို ကောက်ယူကာ ကြည့်လိုက်၏။

‘အို ဘုရားရေ'

ဤစာရင်းထဲရှိ ဟင်းလျာအများစုမှာ အသားဟင်းများဖြစ်ပြီး အမည်များကိုလည်း သူ တစ်ခါမျှပင်မကြားဖူးခဲ့ချေ။

ဝက်ခြေထောက်ပေါင်း၊ နနွင်းကြက်သား၊ သိုးသားပေါင်း စသည့်ဟင်းလျာများမှာ အလွန်လေးလံပြီး ကြီးမားသောဟင်းလျာများဖြစ်ကာ ဈေးကြီးသော ပါဝင်ပစ္စည်းများကို အသုံးပြုရမည်ဖြစ်သည်။

အကယ်၍ သူသာ ချက်ပြုတ်ရာတွင် အမှားအယွင်းဖြစ်သွားပါက လျော်ကြေးကိုပင် ပေးချေနိုင်မည်မဟုတ်ချေ။

“ဒီ... ဒီဟင်းလျာကြီးတွေက မြို့တော်ပေါ်က ဟင်းလျာတွေနဲ့ တူတယ်၊ ကျုပ်တို့... ကျုပ်တို့ ဘယ်လိုချက်ရမလဲ သိပ်မသိဘူးဗျ”

ထိုစကားကို ကြားသောအခါ ဝူယွီလန် သူမ၏ခေါင်းကို ပုတ်လိုက်၏။

ရွာမှ ဟင်းချက်အဖွဲ့မှာ ရိုးရှင်းသော ဟင်းလျာများကိုသာ ချက်ပြုတ်လေ့ရှိပြီး ဤဟင်းလျာများအား မည်သို့ချက်ပြုတ်ရမည်ကို သိရှိမည်မဟုတ်ကြောင်း သူမ မေ့သွားခဲ့သည်။

‘ဘယ်လိုလုပ်ရမလဲ၊ မဟုတ်ရင် ရိုးရှင်းတဲ့ ဟင်းလျာတွေကိုပဲ ချက်လိုက်ရမလား'

ဝူယွီလန်တစ်ယောက် မည်သို့ဆုံးဖြတ်ရမည်ကို တွေဝေနေစဉ် ဝမ်ကွေ့ချင်က ကိုယ်တိုင်ဝင်ရောက်တာဝန်ယူရန် ကမ်းလှမ်းလာ၏။

“အမေ၊ ဒီဟင်းလျာတွေအားလုံးကို အမေ သမီးကို သင်ပေးထားပြီးပြီလေ၊ အဲဒါကြောင့်... သမီးကိုပဲ စားဖိုမှူးနဲ့ ကြီးကြပ်ရေးမှူး လုပ်ခိုင်းလိုက်ပါလား”

ဝူယွီလန် စကားမပြောနိုင်မီမှာပင် ဘေးရှိအဘိုးအိုက ခေါင်းကို ခါယမ်းလိုက်သည်။

“မင်း ဒီအလုပ်ကို လုပ်လို့မရဘူး၊ ပွဲကြီးတွေအတွက် ဘယ်လိုချက်ရမလဲဆိုတာကို သိတာ မသိတာ ထားလိုက်ဦး၊ မင်း ဟင်းမွှေတဲ့ ယောက်မကြီးကိုတောင် ကိုင်နိုင်မှာမဟုတ်ဘူး”

တစ်ကြိမ်တည်းနှင့် ပန်းကန်လုံးပေါင်း ဒါဇင်များစွာစာ ချက်ပြုတ်ရမည်ဖြစ်ရာ ဟင်းမွှေသည့်ယောက်မကြီးကိုပင် ကိုင်နိုင်ရန် အလွန်လေးလံနေ မည်မဟုတ်ပါလား။

“ကျွန်မက ပွဲကြီးတွေအတွက် ချက်ပြုတ်တဲ့နေရာမှာ မကျွမ်းကျင်ဘူးဆိုတာကို ဝန်ခံပါတယ်၊

ဒါပေမဲ့ ကျွန်မက ဟင်းမွှေတဲ့ ယောက်မကြီးကို မကိုင်နိုင်ဘူးလို့ ပြောရင်တော့ ကျွန်မ လုံးဝလက်မခံနိုင်ဘူး”

အဘိုးအိုစုန့် ခေါင်းကိုသာ ခါယမ်းလိုက်မိ၏။

“ကောင်မလေး၊ ဒါက နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ဘူး၊ သူရဲကောင်းဝင်မလုပ်စမ်းပါနဲ့”

“မင်းသာ အမှားအယွင်း တစ်ခုခုလုပ်မိသွားရင် မကောင်းဘူး မဟုတ်လား ညီမဝူ”

ချွေးမအကြီး၏တစ်နေ့တခြား တိုးတက်လာသော ဟင်းချက်လက်ရာများနှင့် သူမ၏ခွန်အားကြီးမားမှုများကို ပြန်လည်တွေးတောမိသောအခါ ဝူယွီလန်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။

“ကျမရဲ့ ချွေးမအကြီးကိုပဲ စားဖိုမှူးကြီး လုပ်ခိုင်းလိုက်မယ်”

“ကျမရဲ့ ချွေးမအကြီးက ဟင်းချက်တာတော်တော်လေး ကောင်းပါတယ်၊ ဒါပေမဲ့ သူမက ပါဝင်ပစ္စည်းတွေ ဝယ်ဖို့နဲ့ ပြင်ဆင်ဖို့ကိုတော့ အကုန်မလုပ်နိုင်ဘူးလေ၊ ရှင်တို့က သူမအတွက် ပါဝင်ပစ္စည်းတွေ ဝယ်တာနဲ့ ပြင်ဆင်တာတွေကို လုပ်ပေးလိုက်ပါ၊ အချိန်ကျလာရင် ရှင်တို့ကို စားဖိုမှူး လစာအတိုင်းပေးပါ့မယ်”

အဘိုးအိုစုန့် လက်ဝှေ့ယမ်းပြလိုက်သည်။

“ညီမဝူ၊ ဒါက ငွေအတွက် မဟုတ်ပါဘူး၊ ကျုပ်တို့သာ ခင်ဗျားရဲ့ ဒီပွဲကို ဖျက်ဆီးသလိုဖြစ်သွားရင် ကျုပ်တို့ လိပ်ပြာသန့်မှာမဟုတ်ဘူး”

ဝူယွီလန် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

“ဒါဆိုရင်လည်း ဒီလိုပဲ လုပ်ကြတာပေါ့၊ ဒီနေ့ည ညစာစားသွားပါဦး၊ ကျမရဲ့ ချွေးမအကြီး ချက်ထားတဲ့ လက်ရာကို မြည်းစမ်းကြည့်ကြတာပေါ့”

အဘိုးအိုစုန့် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွား၏။

မိန်းမသားတစ်ဦး၏ အိမ်တွင်းဟင်းချက်လက်ရာက သူတို့လို ပွဲကြီးများအတွက် ချက်ပြုတ်သူများနှင့် မည်သို့လျှင်ယှဉ်နိုင်မည်နည်းဟု သူက စိတ်ထဲမှ တွေးတောနေမိ၏။

‘ထားလိုက်ပါတော့လေ’ ခဏနေရင် ငါ့ရဲ့ လက်ရာအချို့ကို ထုတ်ပြလိုက်မယ်’

ဝူယွီလန်က သူ့ဟင်းများအား မြည်းစမ်းကြည့်လိုက်သည်နှင့် ဘာကွာခြားသွားသလဲဆိုသည်ကို သူမ သိသွားလိမ့်မည်ဟု သူယုံနေသည်။

ဝူယွီလန်က သူကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာကို မြည်းစမ်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အိမ်တွင်းလက်ရာဟင်းလျာများက မည်မျှပင် အရသာရှိနေပါစေ၊ အိမ်တွင်းလက်ရာအဆင့်သာဖြစ်ပြီး ပွဲကြီးလမ်းကြီးများတွင် ဧည့်ခံကျွေးမွေးရန် လုံးဝမသင့်တော်ကြောင်းကို ချက်ချင်းပင် နားလည်သဘောပေါက်သွားမည်ဟု ထင်နေခဲ့၏။

ထိုအချိန်တွင်တော့ အဘိုးအိုစုန့်တစ်ယောက် သူ့မျက်နှာအား အပြင်းအထန် ဖြတ်ရိုက်ခံရတော့မည်ကို လုံးဝ ကြိုတင်သိရှိမနေခဲ့ချေ။

အဘိုးအိုစုန့်ကို ညစာစားရန် ဖိတ်ခေါ်ထားသည့်အတွက် ဝူယွီလန်က ရွာလူကြီးစုန့်ကျန်းရှုကိုပါ ထမင်းဝိုင်းသို့ အတူတကွ ဝင်ရောက်စားသောက်ရန် လှမ်းခေါ်လိုက်၏။

ရွာလူကြီးစုန့်ကျန်းရှုမှာ ဝမ်ကွေ့ချင်၏ဟင်းချက်လက်ရာများကို ယခင်ကတည်းက မြည်းစမ်းဖူးသူဖြစ်ရာ အဘိုးအိုစုန့် ဘဝင်မြင့်စွာဖြင့် သူမနှင့် ယှဉ်ပြိုင်လိုကြောင်း ကြားသိရသောအခါ ခြေချိတ်ထိုင်ကာ ပွဲကြည့်ရန်သာပြင်ဆင်နေလိုက်တော့သည်။

အဘိုးအိုစုန့်ကမူ ယုံကြည်မှုအပြည့်ဖြင့် ကြွားဝါလိုက်၏။

“ညီမဝူ၊ စောင့်သာကြည့်နေလိုက်၊ ဒါက ဆယ်စုနှစ်ချီပြီး ချက်ပြုတ်လာတဲ့ အတွေ့အကြုံတွေ၊ နှုတ်ခမ်းကိုပါ တပြတ်ပြတ် သပ်သွားရလောက်တဲ့အထိ အရသာရှိစေရမယ်လို့ ငါအာမခံတယ်”

ရွာလူကြီးစုန့်ကျန်းရှု ထိုစကားကို ကြားသောအခါ ဘာမှ ဝင်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

အဘိုးအိုစုန့် ချောင်းတစ်ချက် ဟန့်လိုက်၏။

“အဟမ်း၊ မင်းတို့ မြည်းစမ်းကြည့်လို့ရအောင် ငါ အရင်ဆုံး ဟင်းတစ်ခွက်လောက်ချက်ပြလိုက်မယ်”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ကွေ့ချင်အား အဘိုးအိုစုန့်အတွက် နေရာဖယ်ပေးရန် အချက်ပြလိုက်ကာ ပြုံး၍ ယဉ်ကျေးစွာပြောလိုက်၏။

“ကောင်းပါပြီ၊ ဒါဆိုရင်လည်း ဒုက္ခပေးသလိုဖြစ်သွားပြီ”

အဘိုးအိုစုန့် ခေါင်းညိတ်ပြလိုက်၏။

စားပွဲပေါ်တွင် ကြိုတင်လှီးဖြတ်ထားသော အသားများကို မြင်လိုက်ရသောအခါ သူက သူ၏အကောင်းဆုံးဟင်းလျာဖြစ်သည့် ရေလုံပြုတ် ဝက်သားဟင်းကို ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်လေသည်။

အတိတ်က ဤဟင်းလျာကို သူ ချက်ပြုတ်တိုင်း လူတိုင်းက ဟင်းရည်တစ်စက်ပင် မကျန်တော့သည်အထိ အလုအယက် စားသောက်ကြလေ့ရှိရာ ဤဟင်းလျာမှာ မည်မျှပင်အရသာရှိကြောင်းကို သက်သေပြနေသည်မဟုတ်ပါလား။

သို့သော်လည်း ရွာသူရွာသားများမှာ တစ်နှစ်လျှင် ခြောက်လခန့်မျှပင် အသားဟင်းကို မြည်းစမ်းခွင့် မရကြရှာသဖြင့် အသားဟင်းစားရချိန်တွင် ဟင်းရည်ကိုပင် အရသာခံကာ ကုန်စင်အောင် စားသောက်ကြခြင်းမှာ သဘာဝကျလှသည်ဆိုသော အချက်ကိုတော့ သူ သတိမထားမိခဲ့ချေ။

ရေလုံးပြုတ် ဝက်သားဟင်းမှာ ချက်ပြုတ်ရန် အလွန်ရိုးရှင်းလှသဖြင့် မကြာမီမှာပင် အဘိုးအိုစုန့်က ဟင်းပန်းကန်လုံးကြီးတစ်လုံးကို ဝင့်ကြွားစွာ သယ်ဆောင်လာခဲ့၏။

အဘိုးအိုစုန့်၏မျက်နှာထက် ဂုဏ်ယူဝင့်ကြွားမှုများ အပြည့်အဝ နေရာယူထား၏။

“ရပြီ၊ ရပြီ၊ ငါ့ရဲ့ အကောင်းဆုံးဟင်းပဲ၊ အားလုံးပဲ မြည်းစမ်းကြည့်ကြပါဦး”

All Chapters