အခန်း ၁၈၇
Vol. 19 Ch. 187
🍅 Chapter 187
လူတိုင်းက သူတို့၏တူများကို ကိုယ်စီအသင့်ပြင်ထားခဲ့ကြသော်လည်း စားပွဲပေါ်သို့ရောက်ရှိလာသော ဖြူရော်ရော် အဆီခဲဝက်သားတုံးကြီးများကို မြင်လိုက်ရချိန်တွင်တော့ အားလုံးမှာ ကိုယ်လုံးများပင် တောင့်တင်းသွားကြလေ၏။
သူတို့က တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်လိုက်ကြပြီး မည်သူကမှ ဟင်းနှိုက်ရန် လက်မလှမ်းရဲအောင် ဖြစ်နေတော့သည်။
အဘိုးအိုစုန့်မှာ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“စားကြလေ၊ ဘာလို့ မစားကြတာလဲ”
သူ ဝူယွီလန်ကို တိုက်တွန်းလိုက်၏။
“ညီမဝူ၊ မြန်မြန်မြည်းကြည့်လေ”
ဝူယွီလန် အဆီများဖြင့် ဖြူရော်နေသော အသားဖတ်ကြီးများကို ကြည့်ရင်း စတင်စားသောက်ရန် အလွန်ပင်ခဲယဉ်းနေမိ၏။
သူမ အမြန်ပင် အကြောင်းပြချက် ရှာလိုက်သည်။
“အို၊ ဟင်းတွေအားလုံး စုံတဲ့အထိ စောင့်ပြီးမှ အတူတူစားကြတာပေါ့”
ထို့နောက် သူမ ချွေးမအကြီးဖြစ်သူကို အမြန်လှမ်းခေါ်လိုက်၏။
“အဟမ်း၊ ချွေးမအကြီး၊ နင်ပဲ ဟင်းချက်လိုက်တော့၊ အမေ နင့်အတွက် မီးထိုးပေးမယ်”
ဝူယွီလန် ကိုယ်ကိုကိုင်းကာ မီးဖိုချောင်အတွင်းသို့ အမြန်ဝင်ရောက်သွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ အဘိုးအိုစုန့် လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။
“ဒီကောင်မလေးက ဘယ်လိုဟင်းမျိုး ချက်မလဲဆိုတာ ငါ ကြည့်ချင်သေးရဲ့”
ဝမ်ကွေ့ချင် မိခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။
“အမေ၊ သမီး အရင်ဆုံး ငရုတ်ပွနဲ့ ဝက်သားကြော်လေး ကြော်လိုက်မယ်နော်”
သူမ စကားပြောရင်း ဒယ်အိုးကို မီးဖိုပေါ်တင်ကာ ဆီအပူပေးလိုက်၏။
ဝမ်ကွေ့ချင်က ဆီအမြောက်အမြား အသုံးပြုနေသည်ကို မြင်သောအခါ အဘိုးအိုစုန့် ခေါင်းခါယမ်းလိုက်သည်။
“ဒီဝက်သားက အဆီတွေပါပြီးသားကို မင်းက ဆီတွေဒီလောက်အများကြီး ထည့်နေသေးတယ်၊ နှမြောစရာကောင်းလိုက်တာ၊ နှမြောစရာကြီး”
ပွဲကြီးလမ်းကြီးများတွင် ချက်ပြုတ်ရာ၌ ဤကဲ့သို့ပါဝင်ပစ္စည်းများကို ဖြုန်းတီးပစ်မည်ဆိုပါက အိမ်ရှင်က သေချာပေါက် ကျိန်ဆဲတော့မည်ဖြစ်သည်။
ဝူယွီလန် သူမ၏ချွေးမဘက်မှ ဝင်ရောက်ကာကွယ်ပေးလိုက်၏။
“ဖြုန်းတီးတာ မဟုတ်ပါဘူး၊ ကျမတို့ မိသားစုက ဒီလိုမျိုးချက်တာကို ပိုကြိုက်လို့ပါ”
သူမ စကားပြောရင်း မီးဖိုအတွင်းသို့ ထင်းများထပ်မံထည့်သွင်းပေးလိုက်သည်။
ဝမ်ကွေ့ချင် ဆီအပူချိန် လုံလောက်သွားပြီဖြစ်ကြောင်း သတိထားမိသည်နှင့် ပါဝင်ပစ္စည်းများကို ဒယ်အိုးအတွင်းသို့ လောင်းထည့်လိုက်၏။
“ရှဲ... ရှဲ”
ပူပြင်းလှသောဆီပူအတွင်းမှ ကြက်သွန်ဖြူ၏ မွှေးပျံ့လှသောရနံ့များက လေထုအတွင်းသို့ ပျံ့နှံ့ထွက်ပေါ်လာရာ အဘိုးအိုစုန့်ပင်လျှင် မသိမသာ နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်မိလေ၏။
‘ဟွန့်၊ ဆီဒီလောက်တောင် များနေမှတော့ မွှေးမှာပေါ့'
သူ ခေါင်းကို ခါယမ်းလိုက်ပြီး ဝမ်ကွေ့ချင်တစ်ယောက် ဝက်သားများအား ရေအနည်းငယ်မျှပင်မထည့်ဘဲ အချိန်အတော်ကြာ ကြော်နေသည်ကို မြင်သောအခါ အလောတကြီး သတိပေးလိုက်၏။
“ကောင်မလေးကွေ့ချင်၊ မင်း ရေနည်းနည်းလောက် ထည့်သင့်တယ်”
ဝမ်ကွေ့ချင်မှာ အနည်းငယ်မျှပင် ပြာယာခတ်သွားခြင်းမရှိချေ။
သူမက အဘိုးအိုစုန့်၏ပြောစကားများကို လုံးဝဂရုမစိုက်ဘဲ သူမ၏အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေပြီး ဝက်သားများ ကျက်သည်အထိ ဒယ်အိုးထဲမှမဆယ်ထုတ်ခဲ့ပေ။
ထို့နောက် သူမက ငရုတ်ပွများကိုထည့်ကာ ခေတ္တမျှမွှေကြော်လိုက်ပြီး၊ ကျက်နေပြီဖြစ်သော ဝက်သားများကို ပြန်လည်ထည့်သွင်းလိုက်၏။
ထို့နောက် သူမ၏ ဟင်းလျာများအား အသက်ဝင်စေသော ကိုယ်ပိုင်လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များအား အနည်းငယ်လောင်းထည့်ကာ အားလုံးကို နှံ့စပ်သမအောင် မွှေကြော်ပြီးနောက် ဒယ်အိုးထဲမှ ခူးထုတ်လိုက်လေတော့သည်။
ဝက်သား၏ ဆိမ့်သက်ငန်ကျိမ့်သောရနံ့နှင့် ငရုတ်ပွ၏ စပ်ရှိန်းရှိန်းရနံ့တို့ ပေါင်းစပ်သွားသောအခါ ရှူရှိုက်လိုက်ရုံမျှဖြင့် သွားရည်ယိုချင်စရာကောင်းလှသော အနံ့အသက်တစ်ခုကို ဖန်တီးပေးလိုက်လေသည်။
ဝူယွီလန် တူတစ်စုံကို ကမ်းပေးလိုက်၏။
“မြည်းကြည့်ချင်လား”
အဘိုးအိုစုန့်၏ပါးစပ်အတွင်း၌ သွားရည်တို့ တစိမ့်စိမ့်ယိုထွက်နေခဲ့ပြီဖြစ်သည်။ သူ တံတွေးကို အကြိမ်ကြိမ်မျိုချလိုက်ရင်း တုံ့ပြန်လိုက်၏။
“အဟမ်း၊ အနံ့ကတော့မွှေးတာပဲ၊ ဒါပေမဲ့ အနံ့မွှေးရုံနဲ့တော့ မလုံလောက်သေးဘူးလေ”
အစပိုင်းတွင် သူ လုံးဝ မမြည်းစမ်းလိုခဲ့သော်လည်း ဆွဲဆောင်မှုအပြည့်ရှိသော ထိုမွှေးရနံ့က သူ၏နှာခေါင်းဝသို့ တဝေ့ဝေ့ လွင့်ပျံလာသောအခါ အဘိုးအိုစုန့်တစ်ယောက် စိတ်မငြိမ်မသက် ဖြစ်လာတော့၏။
သူ ဝူယွီလန်ထံမှ တူကိုလှမ်းယူလိုက်ပြီး ဟင်းတစ်ဖက်ညှပ်ကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်။
ဝက်သားလေးများမှာ နူးညံ့ပြီး ပဲငံပြာရည်၏ အနံ့သင်းသင်းလေးနှင့်အတူ အနည်းငယ်ဆိမ့်သက်နေကာ ငရုတ်ပွများမှာမူ ကြွပ်ရွပြီး အနည်းငယ် စပ်ရှိန်းရှိန်းအရသာလေး ရှိနေသည်။
ထိုနှစ်ခု ပေါင်းစပ်သွားသောအခါ ဝက်သား၏ မွှေးပျံ့သောအရသာနှင့် ငရုတ်ပွ၏ လန်းဆန်းသောအရသာတို့ အချိုးကျကျရောယှက်သွားပြီး အလွန်ပင် ခံတွင်းမြိန်စေလှ၏။
တစ်လုပ်မျှမြည်းစမ်းလိုက်ရုံဖြင့် အဘိုးအိုစုန့်မှာ အလွန်အမင်း အံ့ဩမှင်သက်သွားရလေသည်။
ယခုအချိန်တွင် သူ့စိတ်ထဲ၌ ထမင်းဖြူပူပူလေးတစ်ပန်းကန်နှင့် ဤငရုတ်ပွဝက်သားကြော်ကို တွဲဖက်ကာ ထမင်းတစ်လုပ်ဟင်းတစ်လုပ် မြိန်ရေယှက်ရေ စားသောက်ချင်စိတ်များသာ ပြည့်နှက်နေတော့၏။
သူက မျက်နှာပူပူဖြင့် ဝင်ခံလိုက်သည်။
“အင်း၊ အရသာကတော့ တော်တော်လေးကောင်းပါတယ်၊ ဒါပေမဲ့ ဒီဟင်းက ပွဲကြီးလမ်းကြီးတွေအတွက်တော့ သိပ်မသင့်တော်လှဘူး”
ဝမ်ကွေ့ချင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“ကြည့်သာနေလိုက်ပါ”
ဝမ်ကွေ့ချင်က ဒယ်အိုးကို ထပ်မံအပူပေးကာ ပါဝင်ပစ္စည်းများအား ထည့်သွင်းပြီး လက်ထဲရှိယောက်မကို ကျွမ်းကျင်စွာ လွှဲယမ်းနေတော့သည်။
မကြာမီမှာပင် အရောင်အဆင်း၊ အနံ့အရသာတို့နှင့် ပြည့်စုံလှသော ဟင်းလျာများဖြင့် စားပွဲတစ်ပွဲလုံး ပြည့်နှက်သွားလေပြီ။
ထိုအထဲတွင် ငရုတ်ပွဝက်သားကြော်အပါအဝင် ကြက်သားတုံးပေါင်း၊ ဘဲသားကြော်၊ မာပိုတို့ဟူး၊ ဂေါ်ဖီထုပ်ကြော် စသည့်ဟင်းလျာမျိုးစုံ ပါဝင်နေ၏။
အလွန်မွှေးပျံ့လှသော ဟင်းရနံ့များကြောင့် လူတိုင်းက စားပွဲပတ်လည်တွင် စုရုံးလာကြပြီး သွားရည်များ ခဏခဏမျိုချနေကြရသည်။
ဝူယွီလန် အမိန့်ပေးလိုက်၏။
“စားကြစို့”
ဝူယွီလန်၏စကားအဆုံးတွင်တော့ လူတိုင်းက သူတို့၏တူများကို လှုပ်ရှားကာ စတင်စားသောက်ကြလေတော့သည်။
သူ၏ရေလုံပြုတ်ဝက်သားဟင်းအား စားပွဲပေါ် ချလိုက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း အလုအယက် စားသောက်ကြလိမ့်မည်ဟု အဘိုးအိုစုန့် အစက မျှော်လင့်ထားခဲ့၏။
သို့သော် အချိန်အတော်ကြာ စောင့်ကြည့်နေသည့်တိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ၏ဝက်သားပြုတ်ပန်းကန်ဆီသို့ တူပင်လှမ်းမလာကြချေ။
ထို့အပြင် စားပွဲပေါ်ရှိ အခြားသော ဟင်းလျာများမှာတော့ လျင်မြန်သောအရှိန်ဖြင့် လျော့နည်းပျောက်ကွယ်နေလေ၏။
သူသာ ယခုချက်ချင်း စတင်မစားသောက်ပါက မကြာမီတွင် မည်သည့်ဟင်းမျှ ကျန်တော့မည်မဟုတ်ကြောင်း သဘောပေါက်သွားသောအခါ အဘိုးအိုစုန့်တစ်ယောက် အလောတကြီးဖြင့် ဟင်းများကို စတင်နှိုက်ယူတော့၏။
ငရုတ်ပွဝက်သားကြော်တစ်မျိုးတည်းသာ အရသာရှိသည်ဟု သူ အစက ထင်မှတ်ထားခဲ့၏။
သို့သော် စားပွဲပေါ်ရှိ ဟင်းလျာတိုင်းက ဤမျှလောက်အရသာရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထို့ကြောင့် သူ ဗိုက်ပြည့်သွားသည်အထိ စားသောက်ပြီးမှသာ တူကို အောက်ချလိုက်တော့သည်။
သူ အလွန်ဂုဏ်ယူဝင့်ကြွားနေခဲ့သော ရေလုံးပြုတ်ဝက်သားဟင်းကိုတော့ လုံးဝအမှတ်မရတော့လောက်အောင်ပင် မေ့လျော့သွားခဲ့လေပြီ။
အဘိုးအိုစုန့်မှာ ဤထမင်းဝိုင်းကို မြိန်ရေယှက်ရေ စားသောက်ခဲ့ပြီး အလွန်အမင်း ကျေနပ်အားရနေခဲ့၏။