အခန်း ၁၈၈
Vol. 19 Ch. 188
🍅 Chapter 188
ဗိုက်ပြည့်သွား၍ တူကိုချလိုက်ချိန်တွင်တော့ လူတိုင်းက သူ့အား ဝိုင်းကြည့်နေကြသည်ကို သူ သတိထားမိလိုက်ရာ အဘိုးအိုစုန့်၏မျက်နှာအိုကြီးမှာ ရှက်သွေးဖြာကာ နီရဲလာတော့သည်။
သူ ချောင်းတစ်ချက်ဟန့်လိုက်၏။
“အို၊ အဟမ်း၊ ကောင်မလေးကွေ့ချင်က ဟင်းချက်တဲ့နေရာမှာ တကယ်ကို ပါရမီပါတာပဲ”
စားပွဲပေါ်တွင် မည်သူမျှမစားဘဲ ကျန်ရစ်နေခဲ့သော သူ၏ ဝက်သားပြုတ်ပန်းကန်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူ့ရင်တွင်း၌ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်လာမိ၏။
စောစောကမှ သူ့လက်ရာက အလွန်မွှေးပျံ့လွန်းသဖြင့် လူတိုင်း နှာခေါင်းကိုပင် တပြတ်ပြတ် သပ်သွားရလိမ့်မည်ဟု သူ ကြွားဝါထားခဲ့သည်မဟုတ်ပါလား။
ယခုတော့ ကျန်ရစ်နေသော ဝက်သားပြုတ်ပန်းကန်ကြီးကို ကြည့်ကာ သူ့မျက်နှာတစ်ခုလုံး အရှက်ရမှုကြောင့် ပူထူလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။
သူ့ဟင်းလျာမှာ မည်သူ့အာရုံကိုမျှ မဖမ်းစားနိုင်ခဲ့ဘဲ ဝမ်ကွေ့ချင်၏ဟင်းလျာများကတော့ သူကိုယ်တိုင်ပင် နှာခေါင်းကို တပြတ်ပြတ်သပ်ချင်လာလောက်အောင် မွှေးပျံ့နေခဲ့သည်မဟုတ်ပါလား။
သူ အရှုံးကို ဝန်ခံလိုက်၏။
“အဟမ်း၊ ကြည့်ရတာ ကောင်မလေးကွေ့ချင်ရဲ့ ဟင်းချက်လက်ရာက ငါ့ ထက်တောင် သာနေလောက်တယ်”
သူ ဆက်လက် ရှင်းပြလိုက်သည်။
“ယုတ္တိကျကျ တွေးကြည့်ရင် သူမရဲ့ ဟင်းချက်လက်ရာက ဒီလောက်ကောင်းနေမှတော့ စားဖိုမှူးကြီးလုပ်ဖို့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ စားပွဲ နှစ်ဆယ်ကျော် လောက်စာအတွက် ချက်ပြုတ်ရတာက သာမန်လူတစ်ယောက် တောင့်ခံနိုင်တဲ့ အလုပ်မဟုတ်ဘူး၊ အဲဒီ ဟင်းမွှေတဲ့ယောက်မကြီးကို ကိုင်ရတာနဲ့တင် တော်တော်လေးပင်ပန်းနေပြီ”
သူ ဝမ်ကွေ့ချင်၏ခန္ဓာကိုယ်ကို ကြည့်ကာ သုံးသပ်လိုက်၏။
“မင်းရဲ့ ခန္ဓာကိုယ်အနေအထားနဲ့ဆိုရင် ဒီအလုပ်ကို လုပ်နိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်”
အခြားသူများ မသိသော်လည်း သူမ၏ချွေးမအကြီး မည်မျှလောက် ခွန်အားကြီးမားကြောင်းကို ဝူယွီလန် အသိဆုံးပင်ဖြစ်သည်။
သူမ တစ်ယောက်တည်း၏ခွန်အားကပင် အရွယ်ရောက်ပြီးသော ယောက်ျားကြီးနှစ်ယောက်၏ ခွန်အားနှင့် ညီမျှနေသည်မဟုတ်ပါလား။
ဝူယွီလန် ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ချေပလိုက်၏။
“ယောက်မကိုင်ဖို့ဆိုတာ ကျမရဲ့ ချွေးမအကြီးအတွက် ပြဿနာမဟုတ်ပါဘူး၊ ကျမ ကြွားပြောတာတော့ မဟုတ်ဘူး၊ ရှင် ကိုယ်တိုင်တောင် သူမလောက် ခွန်အားကြီးမှာမဟုတ်ဘူး”
အဘိုးအိုစုန့် လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြလိုက်၏။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါက အသက်နည်းနည်း ကြီးနေပြီဆိုပေမယ့် ယောက်မကို နှစ်ပေါင်းများစွာကိုင်လာတဲ့ ငါ့ရဲ့ လက်မောင်းခွန်အားက သာမန်လူတွေယှဉ်နိုင်တဲ့အရာမျိုး မဟုတ်ဘူးကွ”
စကားပြောရင်း သူက ခြံဝင်းအတွင်းရှိ ကျောက်တုံးထိုင်ခုံတစ်ခုကို မျက်စိကျသွား၏။
သူ မာန်ပါပါဖြင့် စိန်ခေါ်လိုက်သည်။
“သေချာကြည့်ထား၊ ကျင်းခုနစ်ဆယ် ရှစ်ဆယ်လောက်လေးတဲ့ ဒီကျောက်တုံးထိုင်ခုံကိုတောင် ငါ မပြနိုင်တယ်”
သူက စကားပြောရင်း ကျောက်တုံးထိုင်ခုံအနီးသို့ လျှောက်သွားကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။
အဆုံးတွင် အသံကျယ်ကြီးဖြင့် ဟစ်ကြွေးကာ အားကုန်သုံး၍ မလိုက်လေ၏။
“ဟိတ်”
သို့သော်လည်း... ကျောက်တုံးထိုင်ခုံမှာ တစ်လက်မမျှပင် ရွေ့လျားသွားခြင်းမရှိချေ။
သူ ရှက်ကိုးရှက်ကန်းဖြင့် အကြောင်းပြချက်ပေးလိုက်၏။
“အို၊ ငါ့လက်တွေ နည်းနည်းချွေးပြန်နေလို့၊ နောက်တစ်ခေါက်လောက် ပြန်စမ်းကြည့်မယ်”
အဘိုးအိုစုန့် ထိုသို့ပြောပြီး နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်လိုက်သည်။
သို့ရာတွင် ထိုကျောက်တုံးထိုင်ခုံကြီးမှာ လုံးဝကို နေရာတွင်ပင် ငြိမ်သက်စွာရှိနေဆဲဖြစ်သည်။
သူသည် အလွန်အမင်းရှက်ရွံ့သွားသဖြင့် မြေကြီးဟသွားလျှင် ထိုအထဲသို့ ဝင်ရောက်ပုန်းအောင်းချင်စိတ်ပင် ပေါက်သွားရလေသည်။
ထို့ကြောင့် သူ အကြောင်းပြချက်များ အလျင်စလိုရှာဖွေလိုက်တော့၏။
“အဟမ်း၊ ဒီရက်ပိုင်း ငါ သိပ်ပြီးအလုပ်မလုပ်ဖြစ်တော့ ငါ့ရဲ့ ခွန်အားတွေ နည်းနည်းလျော့ကျသွားတယ်”
ဝမ်ကွေ့ချင် ဝင်ရောက်ဖြေရှင်းပေးလိုက်သည်။
“ဦးလေးစုန့်၊ ဒီကျောက်တုံးထိုင်ခုံက တအားလေးလို့ပါ၊ အနည်းဆုံး ကျင်းတစ်ရာကျော်လောက် လေးတယ်”
ဝမ်ကွေ့ချင် သူ့ဘက်မှ ဝင်ရောက်ရှင်းပြပေးသည်ကို ကြားလိုက်ရသောအခါ အဘိုးအိုစုန့်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
သို့သော် အလွန်လျင်မြန်စွာပင် ထိုအပြုံးများက ပျောက်ကွယ်သွားလေတော့၏။
ဝမ်ကွေ့ချင်က ထိုကျောက်တုံးထိုင်ခုံအနီးသို့ လျှောက်သွားကာ လက်နှစ်ဖက်ဖြင့် သေချာဆုပ်ကိုင်လိုက်ပြီးနောက် အလွန်လွယ်ကူပေါ့ပါးစွာဖြင့် အပေါ်သို့ ပင့်မလိုက်သည်ကို သူ့မျက်စိနှင့်တပ်အပ် မြင်လိုက်ရလေတော့၏။
ဝူယွီလန် အဘိုးအိုစုန့်၏ မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ကာ ရင်တွင်း၌ အလွန်ရယ်ချင်သွားမိ၏။
“ဘယ်လိုလဲ အစ်ကိုကြီးစုန့်၊ ကျွန်မ ချွေးမကြီးရဲ့လက်မောင်းခွန်အားက အဆင်ပြေလောက်ရဲ့လား”
အဘိုးအိုစုန့်မှာ အချိန်အတော်ကြာ စကားစရှာမရဖြစ်နေပြီးမှ ဤစကားတစ်ခွန်းကိုသာ ခပ်တိုးတိုး ညှစ်ထုတ်နိုင်ခဲ့တော့သည်။
“ကောင်မလေးကွေ့ချင်၊ မင်းရဲ့ ခွန်အားက တကယ်ကို ကြီးမားလှပါပေတယ်”
ဝူယွီလန် ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောလိုက်၏။
“အစ်ကိုကြီးစုန့်ရဲ့ အကူအညီသာ ပါမယ်ဆိုရင် ကွေ့ချင်က စားပွဲနှစ်ဆယ့်ငါးဝိုင်းစာ ဟင်းတွေကို ချက်ပြုတ်ဖို့ ပြဿနာ ကြီးကြီးမားမား ရှိမယ်မထင်ပါဘူး”
ဤမျှလောက် ကြီးမားလှသော ခွန်အားဖြင့်ဆိုပါက သူမသည် ဟင်းမွှေသော ယောက်မကြီးကို မီးခိုးထွက်လာသည်အထိပင် လွှဲယမ်းနိုင်စွမ်းရှိရာ မည်သည့်အခက်အခဲက ရှိလာနိုင်ဦးမည်နည်း။
ထို့အပြင် ဝမ်ကွေ့ချင်၏ဟင်းချက်လက်ရာမှာ အမှန်တကယ်ပင် အလွန်ထူးချွန်ပြောင်မြောက်လှပြီး သူမ ကြော်လှော်ချက်ပြုတ်လိုက်သော ဟင်းလျာများ၏ မွှေးပျံ့သည့်ရနံ့များက လူတိုင်းကို သွားရည်ယိုစေနိုင်စွမ်းရှိပေသည်။
အဘိုးအိုစုန့် အမြန်ပင် သဘောတူလိုက်၏။
“ပြဿနာမရှိဘူး၊ ပြဿနာမရှိဘူး၊ အရင်တုန်းက ကွေ့ချင်မှာ လက်မောင်းခွန်အား မလောက်မှာကို ငါ စိုးရိမ်ခဲ့တာ၊ အခုကြည့်ရတာ ဒီကောင်မလေးရဲ့ ခွန်အားက ငါ့ထက်တောင် အများကြီးသာနေသေးတယ်”
“အချိန်ကျလာရင် ငါတို့က ဟင်းသီးဟင်းရွက်တွေကို လှီးပေးမယ်၊ သူမက ကြော်လှော်ချက်ပြုတ်ရုံပဲဆိုတော့ အဆင်ပြေသွားမှာပါ”
ကိစ္စရပ်များမှာ ထိုသို့ဖြင့် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့လေသည်။
ဝမ်ကွေ့ချင်တွင် ကောင်းမွန်လှသော ဟင်းချက်လက်ရာများ ရှိသော်လည်း ပါဝင်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ပြင်ဆင်ခြင်းတို့တွင်မူ အဘိုးအိုစုန့်လောက် အတွေ့အကြုံ မရင့်ကျက်သေးချေ။
ဝူယွီလန် တာဝန်လွှဲအပ်လိုက်သည်။
“အစ်ကိုကြီးစုန့်၊ ရှင်က ပွဲကြီးလမ်းကြီးတွေ စီစဉ်တဲ့နေရာမှာ အကျွမ်းကျင်ဆုံးပဲလေ၊ ပါဝင်ပစ္စည်းတွေ ဝယ်ယူဖို့နဲ့ ပြင်ဆင်ဖို့ကို ရှင်ပဲ တာဝန်ယူပေးပါလား”
အဘိုးအို စုန့်မှာ နောက်ဆုံးတွင်တော့ သူ၏တန်ဖိုးနှင့် ကိုယ်ပိုင်ရည်မှန်းချက်ကို ပြန်လည်ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဒါက လွယ်ပါတယ်၊ တကယ်လွယ်ပါတယ်”
သူ စိတ်အားထက်သန်စွာဖြင့် ဆက်ပြောလိုက်သည်။
“စက္ကူနဲ့ စုတ်တံလေး သွားယူလိုက်ပါဦး၊ ငါတို့ ဘယ်လိုဟင်းတွေ ချက်ကြမလဲ၊ ဘာတွေ အတိအကျ ပြင်ဆင်ရမလဲ၊ ပမာဏ ဘယ်လောက်လိုမလဲဆိုတာကို အခုပဲ ဆွေးနွေးလိုက်ကြတာပေါ့”
ဝူယွီလန် စက္ကူနှင့် စုတ်တံကို ယူဆောင်လာခဲ့ပြီး လူတိုင်းက စားပွဲပတ်လည်တွင် စုရုံးကာ တက်ကြွစွာ ဆွေးနွေးတိုင်ပင်ကြလေတော့သည်။
အဘိုးအိုစုန့် ဟင်းလျာစာရင်းကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် ပြောလိုက်၏။
“ဝက်ခြေထောက်ပေါင်း၊ နနွင်းကြက်သား၊ ငါးပေါင်း၊ ဟင်းဆယ့်နှစ်မျိုးမှာ အသားဟင်းက ဆယ်မျိုး၊ အရွက်ကြော်က တစ်မျိုး၊ ဟင်းချိုက တစ်မျိုးဆိုတော့ ဒီဟင်းတွေက ဈေးနည်းမှာမဟုတ်ဘူးနော်”
“သေချာစဉ်းစားဦး၊ ဒီလိုမျိုးသာ ကျွေးမယ်ဆိုရင် အရင်းပြန်ရမှာမဟုတ်ဘူး”