← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

🍅 Chapter 190

ဝူယွီလန်မှာ ဤအမျိုးသမီးငယ်လေးများအား တကယ်ကို သဘောကျမိသည်။

သူတို့မှာ အလုပ်လုပ်ရာတွင် လျင်မြန်သွက်လက်ရုံသာမက အတင်းအဖျင်း မပြောတတ်ကြသလို အိမ်ထဲရှိ ပစ္စည်းများကိုလည်း ခွင့်ပြုချက်မရဘဲ လုံးဝ မကိုင်တွယ်တတ်ကြချေ။

သူမ ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

“မဟုတ်တာ၊ ငါက နင်တို့အတွက် ထမင်းတစ်နပ်တောင် ချက်မကျွေးနိုင်လို့ အားနာနေရတဲ့အထဲ၊ ဗိုက်ပြည့်အောင်လို့ ဒီအသားပေါက်စီလေး နည်းနည်းပဲ ထည့်ပေးနိုင်တာပါ၊ မနက်ဖြန်ကျရင်တော့ နင်တို့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ကျွေးမွေးပါ့မယ်”

လူတိုင်း လက်ယမ်းကာ ငြင်းဆန်ကြသည်။

“အဒေါ်ဝူ၊ ဘာတွေပြောနေတာလဲ၊ ဒီအသားပေါက်စီတွေက အကောင်းဆုံး အစားအစာတွေပဲ၊ ကျွန်မတို့ဆို နှစ်ဝက်နေလို့တောင် တစ်လုံးစားရဖို့တောင် မလွယ်ပါဘူး”

“ဟုတ်တယ်၊ ခဏနေလို့ ဒီအသားပေါက်စီတွေကို အိမ်ပြန်ယူသွားရင် အိမ်က ကလေးတွေ ပျော်လွန်းလို့ ရူးတောင်သွားကြဦးမယ်”

လူတိုင်း အသားပေါက်စီများအား အမှန်တကယ်ပင် သဘောကျနှစ်သက်နေကြသည်ကို မြင်ရသောအခါ ဝူယွီလန်ရင်ထဲတွင် များစွာပေါ့ပါးသွားခဲ့လေသည်။

သူမ လူတိုင်းကို အသားပေါက်စီ ငါးလုံးစီပေးအပ်ကာ အိမ်သို့ပြန်၍ အနားယူခိုင်းလိုက်၏။

လူတိုင်းမှာလည်း သူတို့၏အသားပေါက်စီလေးများအား ကိုင်ကာ ဝမ်းသာပျော်ရွှင်စွာဖြင့် အိမ်အသီးသီးသို့ ပြန်သွားကြလေတော့သည်။

နောက်တစ်နေ့နံနက်စောစော ကောင်းကင်ယံမှာ အလင်းရောင်များ စတင်ထွက်ပေါ်လာချိန်တွင်တော့ လူတိုင်းက ခါးဖုံးများကို ကိုယ်စီဝတ်ဆင်ကာ ကူညီရန် ရောက်ရှိလာကြသည်။

အချို့က ကြက်များကို သတ်ဖြတ်နေကြပြီး အချို့ကမူ ဟင်းသီးဟင်းရွက်များ ဆေးကြောနေကြရာ ပွဲခင်းတစ်ခုလုံးမှာ ပျားပန်းခတ် အသက်ဝင် လှုပ်ရှားနေတော့၏။

ဝူယွီလန် လုပ်ငန်းဆောင်တာများကို သူမ၏သားများနှင့် ချွေးမများထံသို့ တာဝန်လွှဲအပ်ထားခဲ့ပြီး သူမကတော့ ပွဲတစ်ခုလုံးအား ကြီးကြပ်ကွပ်ကဲရန်သာ အာရုံစိုက်နေလိုက်သည်။

အရာအားလုံးမှာ အစီအစဉ်တကျနှင့် ချောမွေ့စွာ လည်ပတ်နေလေ၏။

မွန်းတည့်ချိန်နီးလာသောအခါ ဝူယွီလန် စုန့်ကျစ်ရှုအား အိမ်အဝင်ဝတွင် စားပွဲတစ်လုံးချထားကာ လက်ဆောင်များကို မှတ်တမ်းတင်ရန် အသင့်ပြင်ဆင်ခိုင်းထား လိုက်သည်။

အချိန်ကျရောက်လာသောအခါ ရွာလူကြီးစုန့်ကျန်းရှု၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားများမှာ ခြင်းတောင်းများကို ကိုယ်စီဆွဲကာ ရောက်ရှိလာကြလေသည်။

ဝူယွီလန် ဝမ်းသာအားရ ဆီးကြိုနှုတ်ဆက်လိုက်၏။

“အစ်ကိုကျန်းရှူ၊ ရောက်လာပြီလား၊ အထဲကိုဝင်ပါရှင်”

ရွာလူကြီးစုန့်ကျန်းရှု ဝါးပင်အညွန့်လေးများတွင် အနီရောင်စာအိတ်လေးများ ချိတ်ဆွဲထားသော ကံကောင်းခြင်း ဝါးပင်အိုးတစ်အိုးကို သယ်ဆောင်လာခဲ့သည်။

“ယွီလန်၊ နင့်ရဲ့ အိမ်အသစ်ကြီး ပြီးစီးသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါက ငွေဝင်ပင်လေ၊ နင့်မိသားစုကြီး စီးပွားရေးတွေ ဒီရေအလားတိုးတက်ပြီး အဆင့်အတန်းတွေ ဆက်တိုက်မြင့်မားလာပါစေလို့ ငါ ဆုတောင်းပေးပါတယ်”

ရွာလူကြီးစုန့်ကျန်းရှုမှာ ထိုအချိန်က ဝူယွီလန်၏မိသားစုကြီးသည် နောင်တစ်ချိန်တွင် တကယ်ပင် ဆက်တိုက်မြင့်မားလာတော့မည် ဆိုသည်ကို ကြိုတင်မသိရှိခဲ့ပေ။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရယ်၊ အားနာစရာကြီး၊ တကယ်ကို အားနာစရာကြီး”

ဝူယွီလန် ရွာလူကြီးစုန့်ကျန်းရှု၏လက်ဆောင်ကို မှတ်တမ်းတင်ရန် စုန့်ကျစ်ရှုအား အချက်ပြလိုက်ပြီးနောက် အနီးတွင် ရပ်နေသော စုန့်ကျစ်ယုံကို ဧည့်သည်များအား အိမ်တွင်းသို့ နေရာချထားပေးရန် တာဝန်ပေးလိုက်၏။

“အဒေါ်ဝူ၊ ဒီကောက်နှံတောင်းလေးက အဒေါ်ဝူအတွက်ပါ၊ သီးနှံတွေအများကြီး အထွက်တိုးပါစေလို့ ဆုတောင်းပေးပါတယ်”

“အဒေါ်ဝူ၊ ဒီငါးက အဒေါ်ဝူအတွက်ပါ၊ အဒေါ်ဝူတို့မိသားစု နေ့စဉ်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်ပါစေ”

“အဒေါ်ဝူ၊ ကျွန်တော်တို့အိမ်မှာ ဘာမှ သိပ်မရှိပါဘူး၊ ဒီမြေအိုးက ကျွန်တော်တို့ကိုယ်တိုင် ဖုတ်ထားတာပါ၊ အထဲမှာ ချက်ထားတဲ့ အရက်က တကယ်ကို ကြည်လင်ပြီး ချိုမြိန်ပါတယ်၊ အဲဒါကို အဒေါ်ဝူကိုလက်ဆောင်ပေးချင်လို့ပါ”

“အဒေါ်ဝူ၊ ကျွန်မတို့ အိမ်မှာလည်း ဘာမှကောင်းကောင်းမွန်မွန် မရှိလို့ ဆားနယ်အသားခြောက်တစ်ပြားပဲ ယူလာခဲ့တယ်၊ အဒေါ်ဝူ စိတ်မဆိုးဖို့မျှော်လင့်ပါတယ်”

“အဒေါ်ဝူ၊ ဒါ ကျွန်တော်တို့မိသားစု ကိုယ်တိုင်လုပ်ထားတဲ့ ကုလားထိုင်ပါ၊ ဒါကို အဒေါ်ဝူကို ပေးချင်လို့ပါ”

ရွာသူရွာသားများ ယူဆောင်လာသော ပစ္စည်းများမှာ အလွန်လက်တွေ့ကျပြီး ရိုးရှင်းလှသည်။

ဈေးကြီးပေးရသော ပစ္စည်းများမဟုတ်သော်လည်း ၎င်းတို့၏ရိုးသားသော မေတ္တာစေတနာများ အပြည့်အဝပါဝင်နေကြ၏။

“အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်၊ အိမ်ထဲကို မြန်မြန်ဝင်ပြီး ခဏလောက် ထိုင်ကြပါဦး၊ ပွဲက ခဏနေရင် စတော့မှာပါ”

ဝူယွီလန် ပြုံးရွှင်စွာဖြင့် လူတိုင်းကို အိမ်တွင်းသို့ နေရာချထားပေးပြီးနောက် ဧည့်သည်များကို ထပ်မံကြိုဆိုရန် အပြင်သို့ ပြန်ထွက်လာခဲ့၏။

ထိုအချိန်တွင် သမားတော်လီရောက်ရှိလာပြီး သူ့ဆေးဆိုင်မှ တပည့်ဖြစ်သူကို အမြဲစိမ်းပင်နှစ်ပင်အား သယ်ဆောင်လာရန် ညွှန်ကြားနေ၏။

ထိုမြင်ကွင်းကို မြင်သောအခါ ဝူယွီလန် ရွာထဲမှ လူငယ်နှစ်ဦးကို ကူညီသယ်ဆောင်ပေးရန် အမြန်အကူအညီတောင်းလိုက်သည်။

“သမားတော်လီ၊ အားနာစရာကြီးရှင်”

“သမားတော်ဝူ၊ အိမ်သစ်တက်ပွဲအတွက် ဂုဏ်ယူပါတယ်၊ ဒီအမြဲစိမ်းပင်နှစ်ပင်က သမားတော်ဝူအတွက်ပါ၊ သမားတော်ဝူ အမြဲတမ်းနုပျိုပြီး အသက်ရှည်ကျန်း မာပါစေလို့ ဆုတောင်းပေးပါတယ်”

“ကျေးဇူးတင်ပါတယ် ရှင်၊ အထဲကိုဝင်ပါ”

စုန့်ကျစ်ယုံ လျှောက်လာပြီး နှုတ်ဆက်လိုက်၏။

“သမားတော်လီ၊ အထဲကိုဝင်ပါ”

သမားတော်လီ ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

“လောစရာ မလိုပါဘူး၊ သမားတော်ဝူရဲ့ အိမ်သစ်ကြီး ပြီးစီးသွားတာဆိုတော့ ကျွန်တော်က လက်ဆောင်တစ်ခုတော့ ပေးရမှာပေါ့”

သူ စကားပြောရင်း စုန့်ကျစ်ရှုအနီးသို့ လျှောက်သွားကာ ငွေဆယ်ချောင်းကို ထုတ်ယူလိုက်၏။

“လူလေး၊ ငါ့အတွက် မှတ်တမ်းတင်ပေးပါဦး၊ ပိုင်ချောင်ထန်ဆေးဆိုင်က သမားတော်လီပါ”

စုန့်ကျစ်ရှု၏လက်ဆောင်မှတ်တမ်းစာအုပ်ထဲတွင် ကြေးပြားအနည်းငယ်မှ ဒါဇင်အနည်းငယ်အထိသာ မှတ်တမ်းတင်ထားရသေးသည်။

ယခု ရုတ်တရက် ငွေဆယ်ချောင်းကိုမြင်လိုက်ရသောအခါ သူ့မျက်လုံးများမှာ ပြူးကျယ်ကာ အပြင်သို့ပင် ထွက်ကျလာတော့မတတ် ဖြစ်သွား၏။

သူ့အမေမှာ အမှန်တကယ်ပင် ဤမျှလောက်အထိ ဩဇာတိက္ကမကြီးမားနေသည်လောဟု သူ စိတ်ထဲမှ တွေးတောနေမိသည်။

ဤမျှများပြားသော ငွေဆယ်ချောင်းကိုပင် လက်ဆောင်အဖြစ်ပေးအပ်ရန် ဝန်မလေးသူများ ရှိနေသည်မဟုတ်ပါလား။

ရွာသူရွာသားများမှာ ကြေးပြားအနည်းငယ်မှ ဒါဇင်အနည်းငယ်ခန့်သာ ပေးအပ်ကြကြောင်း သိထားရမည်ဖြစ်သည်။

သူ့သူငယ်ချင်းများ လာရောက်သည့်အခါတွင်လည်း လက်ဆောင်အဖြစ် ကြေးပြားတစ်ရာခန့်ကိုသာ ပေးအပ်ခဲ့ကြသည်။

သို့သော် သူ့မိခင်၏မိတ်ဆွေ ရောက်လာသည်နှင့်တစ်ပြိုင်နက် ငွေဆယ်ချောင်းကို ချက်ချင်းပေးအပ်လာခဲ့၏။

သူ့မိခင်၏ဩဇာတိက္ကမမှာ အမှန်တကယ်ပင် အံ့မခန်းကြီးမားလှပေသည်။

ဘေးမှ စောင့်ကြည့်နေကြသော ရွာသူရွာသားများမှာလည်း အံ့ဩတကြီးဖြင့် တီးတိုးရေရွတ်နေကြ၏။

“မယုံနိုင်စရာပဲ၊ အဒေါ်ဝူက ဒီလောက်တောင် ဩဇာကြီးတာလား၊ ပိုင်ချောင်ထန်က သမားတော်က ငွေဆယ်ချောင်းတောင် လက်ဆောင်ပေးတယ်နော်”

“ဟုတ်ပါရဲ့၊ ငါတို့ရွာက ဆေးပင်တွေက နောက်ဆုံးတော့ ပိုင်ချောင်ထန်ကိုပဲ ရောင်းရတာလို့ကြားတယ်၊ အဒေါ်ဝူက တကယ်တော်တာပဲ၊ သမားတော်လီနဲ့ ဒီလောက်တောင် ခင်မင်ရင်းနှီးနေတာကိုး”

“နင်တို့ မကြားလိုက်ဘူးလား၊ သမားတော်လီက အဒေါ်ဝူကို သမားတော်ဝူလို့ လေးလေးစားစား ခေါ်လိုက်တယ်လေ၊ တစ်ခါ ငါ ပိုင်ချောင်ထန်ဆေးဆိုင်ရှေ့က ဖြတ်သွားတုန်းက သမားတော်လီက အဒေါ်ဝူဆီမှာ ဆေးပညာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တောင်းနေတာကိုတောင် မြင်ခဲ့ဖူးတယ်”

“ဟင်၊ ဒါဆိုရင် အဒေါ်ဝူရဲ့ဆေးပညာက သမားတော်လီထက်တောင် ပိုတော်နေတာလား”

“ဒါပေါ့”

ရွာသူရွာသားများ၏ဝူယွီလန်အပေါ်ထားရှိသော အကြည့်များမှာ ပိုမိုလေးစားအားကျမှုများ ပြည့်နှက်လာတော့၏။

စုန့်ကျစ်ရှု၏မိခင်ဖြစ်သူအပေါ်ထားရှိသော အကြည့်များမှာလည်း ပိုအားကျဖွယ်ကောင်းလာသည်။

‘ငါရော ဘယ်အချိန်ကျမှ အမေ့လောက် ဩဇာအာဏာ ကြီးမားလာမှာလဲ’ ဟု သူ စိတ်ထဲမှ တွေးတောနေမိ၏။

သို့သော်လည်း ဤအရာများမှာ အစသာရှိသေးသည်။

All Chapters