← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) - ပဋိပက္ခ ပြန်လည်ပေါ်ပေါက်လာခြင်း

ရက်ဝုဒ်တောင်ကြော အရှေ့ဘက်ရှိ စခန်းများအားလုံးသည် အရှေ့ဘက်တွင် တည်ရှိပြီး မြောက်မှ တောင်သို့ အစဉ်လိုက် ပြန့်ကျဲနေကြသော်လည်း စခန်းအချင်းချင်း သွားလာဆက်ဆံမှု မရှိသလောက်ပင် ဖြစ်သည်။

စခန်း ၂ ခုမှ လူများ တွေ့ဆုံရသည့် နေရာမှာ အများအားဖြင့် မိမိတို့ သက်ဆိုင်ရာ နယ်မြေအတွင်း၊ ရက်ဝုဒ်တောင်ကြော အပြင်ဘက် မီတာ ၅၀၀ ဝန်းကျင်၌သာ ဖြစ်ပြီး၊ ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ၊ မတော်တဆ ဖြစ်စေ အများစုမှာ ထိုနေရာတွင်သာ ဆုံတွေ့ကြသည်။

အကြောင်းရင်းမှာ အလွန် ရိုးရှင်းပေသည်။

ပထမအချက်မှာ အပြင်ဘက်ဒေသကို လူတိုင်း ကောင်းစွာ သိရှိထားကြသဖြင့် လုံခြုံမှုပိုမို ရှိသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ စခန်းအချင်းချင်း တစ်ဖက်၏ အခြေအနေကို စူးစမ်းခြင်းမှ ကာကွယ်ရန် ဖြစ်ပြီး လူ့စိတ်ဆိုသည်မှာ ခန့်မှန်းရခက်လှပေသည်။

ထို့ကြောင့် အထူးအခြေအနေ မဟုတ်ပါက စခန်းတစ်ခုမှ အခြားစခန်းတစ်ခုသို့ သွားရာတွင် လူတိုင်းသည် ရက်ဝုဒ်တောင်ကြောထဲသို့ အရင် ဝင်ကာ အရှေ့ဘက် အစွန်အဖျားကို လိုက်ပြီး လိုရာဦးတည်ရာအတိုင်း တောင်ဘက် သို့မဟုတ် မြောက်ဘက်သို့ ဆက်လက် သွားလေ့ရှိကြသည်။

မဟာရှစခန်းသည် အရှေ့ဘက်၏ တောင်ဆုံးတွင် တည်ရှိလေသည်။

ရိုဂယ်စခန်းသို့ ရောက်ရန် တာရှီစခန်း၊ တာချွမ်စခန်းနှင့် ဟွမ်ကျောက်စခန်းတို့၏ နယ်မြေများကို ဖြတ်ကျော်ပြီးမှ ရိုဂယ်စခန်း နယ်မြေအတွင်းသို့ ဝင်ရောက်ရပေမည်။

စုစုပေါင်း အကွာအဝေးမှာ ၄ ကီလိုမီတာခန့်သာ ရှိသော်လည်း ညအချိန်တွင် ထိုခရီးကို ဖြတ်သန်းရခြင်းက လုံးဝ မတူညီပေ။

ပြဿနာဟောင်းက အတူတူပင်။

ညဘက် သွားလာရသဖြင့် အရှိန် မမြန်နိုင်သလို၊ ရေခဲသားရဲများကို မနှိုးဆွမိစေရန် အသံလည်း မကျယ်နိုင်ပေ။

ထို့ကြောင့် ရိုဂယ်စခန်းတွင် အဖြစ်ဆိုးတစ်ခု ဖြစ်သွားနိုင်ကြောင်း သိထားသဖြင့် ရှဟုန်၏ ရင်ထဲတွင် မီးလောင်နေသကဲ့သို့ စိုးရိမ်ပူပန်နေသော်လည်း အရှိန်တင် ပြေးနိုင်စွမ်း မရှိဘဲ တည်တည်ငြိမ်ငြိမ်သာ ရှေ့ဆက်ရလေသည်။

အလျင်လိုလေလေ အမှားလုပ်မိလေလေ ဖြစ်သည်။

ယခုအချိန်တွင် အတည်ငြိမ်ဆုံး စိတ်ထားကို ထိန်းသိမ်းထားနိုင်ခြင်းကသာ အရေးကြီးဆုံး ဖြစ်ပေသည်။

အဝတ်ဖြတ်မိစ္ဆာ၏ ကောက်ကျစ်မှုသည် ရေခဲသားရဲများထက်ပင် ပိုမိုမြင့်မားလေသည်။

အမှားတစ်ချက် လုပ်မိသည်နှင့် ပျက်စီးရမည်မှာ မိမိတစ်ယောက်တည်း မဟုတ်ဘဲ စခန်းတစ်ခုလုံး ဖြစ်နိုင်သည်။

“ခေါင်းဆောင်... ရောက်ပြီ..."

ရှဟုန်လည်း ရှချွမ် ညွှန်ပြသည့်ဘက်သို့ မော့ကြည့်လိုက်သည်။

အရှေ့ဘက်တွင် မီတာ ၂,၀၀၀ မှ ၃,၀၀၀ ကြားခန့် မြင့်မားသော တောင်ကြီး ၂ လုံးသည် ခန့်ညားစွာ တည်ရှိနေပြီး တောင်ထိပ်များက တစ်ခုနှင့်တစ်ခု ထိစပ်နေကာ ကြားထဲတွင် မီတာ ၁၀၀ ကျော်ခန့် ကျယ်ဝန်းသော ချိုင့်ဝှမ်းတစ်ခုသာ ကျန်ရှိနေလေသည်။

“ရှီချင်း ပြောတဲ့ ချိုင့်ဝှမ်းက အဲဒီနေရာ ဖြစ်လောက်တယ်..."

“ခေါင်းဆောင်... တန်းသွားကြမလား..."

ယွမ်ချန်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ရှဟုန်သည် ခဏမျှ စဉ်းစားနေပြီးနောက် ခေါင်းခါလိုက်ကာ ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းဘက်သို့ လှည့်ကြည့်လေသည်။

“ရိုဂယ်စခန်းက အခြေအနေကို မသိသေးဘူး... ဒီအတိုင်း တန်းသွားရင် ငါတို့ဘက်က အားနည်းသွားနိုင်တယ်... အရင်ဆုံး လော်မင်နဲ့ ရှာတွေ့အောင် လုပ်ကြမယ်... ရှီချင်း ပြောခဲ့တဲ့ ယန်နင်နဲ့ လီဟူတို့လည်း ပါလာရင် ပိုပြီး စိတ်ချရမယ်..."

ရှဟုန်လည်း အဝတ်ဖြတ်မိစ္ဆာနှင့် အကြိမ်အနည်းငယ် ရင်ဆိုင်ဖူးသော်လည်း အမှန်တကယ် ဆိုရလျှင် မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့ဖူးခြင်း မရှိသေးပေ။

ထိုမိစ္ဆာ၏ အင်အားအစစ်အမှန်နှင့် မည်သည့် ထူးခြားသော စွမ်းရည်များ ရှိသည်ကိုလည်း သူ လုံးဝ မသိသေးပေ။

ရိုဂယ်စခန်းမှ လူများ အစုလိုက်အပြုံလိုက် အသတ်ခံရမည်ကို သူ မမြင်ချင်သော်လည်း ရှဟုန်သည် မိုက်မဲသူ မဟုတ်ပေ။

မိမိတို့၏ လုံခြုံရေးကို အာမမခံနိုင်သေးဘဲ သူတစ်ပါးကို ကယ်တင်ရန် အလောတကြီး သွားခြင်းသည် တစ်ဖက်အတွက် သနားကြင်နာမှု ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မိမိစခန်းသားများအတွက်တော့ လုံးဝ တာဝန်မဲ့ရာ ရောက်ပေသည်။

ရှီချင်း ပြောသည့်အတိုင်း ယန်နင်နှင့် လီဟူတို့သည် အဝတ်ဖြတ်မိစ္ဆာကို ၃ ကြိမ်တိုင်တိုင် နောက်ဆုတ်စေခဲ့သည်။

ရှဟုန်က ထိုအရာသည် အဝတ်ဖြတ်မိစ္ဆာ၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှု ဖြစ်သည်ဟု သံသယရှိသော်လည်း အနည်းဆုံးတော့ ထိုမိစ္ဆာသည် ထို ၂ ဦးကို မကိုင်တွယ်နိုင်ခဲ့သည်မှာ သေချာပေသည်။

လော်မင်တို့ကိုပါ ခေါ်ပြီး အတူတကွ သွားခြင်းက အလုံခြုံဆုံး နည်းလမ်း ဖြစ်သည်။

“ရိုဂယ်စခန်းက လူတွေက ပုံမှန်ဆို မီတာ ၁,၀၀၀ ပတ်လည်မှာပဲ လှုပ်ရှားကြတယ်... မင်းတို့ ၆ ယောက် ၂ ဖွဲ့ ခွဲလိုက်... တစ်ဖွဲ့က တောင်ဘက်ကို ရှာ… နောက်တစ်ဖွဲ့က မြောက်ဘက်ကို ရှာ… ငါက အနောက်ဘက် အတွင်းပိုင်းကို ရှာမယ်... တွေ့တာနဲ့ အရိုးမှုတ်ချွန်ကို မှုတ်ပြီး အချက်ပေးလိုက်... အားလုံး သတိထားကြ..."

“ဟုတ်ကဲ့... ခေါင်းဆောင်..."

ရှချွမ်လည်း ယွမ်ချန်နှင့် လင်ခိုင်တို့ကို ခေါ်ပြီး တောင်ဘက်သို့ ဦးတည်သွားခဲ့လေသည်။

ယွီဖုန်းကတော့ လုယန်နှင့် ချူဖန်းတို့ကို ခေါ်ကာ မြောက်ဘက်သို့ ထွက်သွားတော့သည်။

ရှဟုန်လည်း တစ်ယောက်တည်း ရက်ဝုဒ်တောင်ကြော အတွင်းပိုင်းသို့ ဝင်ရောက်သွားပြီး လူ ၇ ဦးသည် တစ်ဖွဲ့စီ ခွဲကာ ရှာဖွေမှုကို စတင်လိုက်ကြသည်။

……

ရက်ဝုဒ်တောင်ကြော အတွင်းပိုင်း အနောက်ဘက်အစွန် တာရှီစခန်းတွင် ဖြစ်ပျက်နေသည့် အဖြစ်ဆိုးကို မသိကြသေးသော လော်မင်တို့အဖွဲ့သည် အနည်းငယ် စိတ်မရှည်သလို ဖြစ်နေကြသည်။

“၂ နာရီကျော်တောင် ရှိနေပြီ... အဲဒီကောင် တကယ် ထွက်လာဦးမှာလား..."

“၄ ကြိမ်တောင် လွတ်သွားပြီးပြီ... အဲဒီ အဝတ်ဖြတ်မိစ္ဆာက ဒီလောက် မိုက်မဲပြီး ထပ်ထွက်လာမယ်လို့ ထင်လား..."

“ရှူး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့... အဲဒီ ၂ ယောက်က ငါတို့နောက်မှာ ရှိနေတယ်..."

“ဘာ လူကြီးတွေလဲ... သူတို့ အင်အားကြီးတာကိုတော့ ငါ ဝန်ခံတယ်... ဒါပေမဲ့ အမှန်ပြောရရင် အဲဒီ အဝတ်ဖြတ်မိစ္ဆာက ပိုအားကောင်းတယ်... အရင် ၄ ကြိမ်လုံး သူ့ကို တကယ် မောင်းထုတ်နိုင်ခဲ့တယ်လို့ ထင်နေလား... ငါတော့ အဲဒါတွေ အားလုံး သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ပဲ ထင်တယ်..."

“ရည်ရွယ်ချက်ရှိရှိ ဟုတ်လား.. ဘာလို့လဲ...”

“စဉ်းစားကြည့်လေ... အဝတ်ဖြတ်မိစ္ဆာက ထွက်လာတိုင်း လူနည်းနည်း သတ်တယ်... ပြီးတော့ အဲဒီ ၂ ယောက်က လိုက်တိုက်တော့ ထွက်ပြေးသွားတယ်... ဒီလိုနဲ့ ငါတို့ကို မျှော်လင့်ချက်ပေးပြီး မြှားစာ ဆက်လုပ်စေတယ်... ဒါမှ သူလည်း လူဆက်သတ်လို့ ရတာ မဟုတ်ဘူးလား..."

“ဟမ့်... မင်းပြောတာ အဓိပ္ပာယ် ရှိသားပဲ...”

……

ဟုန်ကန်း၊ ဟွမ်ယုံတို့နှင့် တစ်ဖွဲ့တည်း ရှိနေသော လော်မင်သည် ရှေ့မှ လူများ၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။

ယန်နင်၏ အစီအစဉ်အရ နောက်ဆုံးအကြိမ် အဝတ်ဖြတ်မိစ္ဆာကို မြှားထုတ်ရာတွင် သူနှင့် လီဟူမှအပ ကျန်လူအားလုံးသည် အဝတ်ဖြတ်မိစ္ဆာ၏ မျက်လုံးထဲတွင် သားကောင်များသာ ဖြစ်ကြသဖြင့် လူများကို ၇ ယောက်၊ ၈ ယောက်စီ ခွဲကာ ရက်ဝုဒ်တောင်ကြော အတွင်းပိုင်း အစွန်တစ်လျှောက် ဖြန့်ကျက်ထားခဲ့သည်။

အဝတ်ဖြတ်မိစ္ဆာအကြောင်း မသိသေးသည့် လော်မင်လည်း ယန်နင်၏ အမိန့်အတိုင်းသာ ဆောင်ရွက်ခဲ့လေသည်။

သူ ဦးဆောင်လာသော လူ ၂၈ ယောက်တွင် မြေတူးသမားအဆင့် ၃ ယောက်နှင့် သစ်ခုတ်သမားအဆင့် ၂၅ ယောက် ပါဝင်လေသည်။

ကျန်စခန်း ၄ ခုမှ ခေါင်းဆောင်များ အပါအဝင် သစ်ခုတ်သမားအဆင့် ၂၄ ယောက်လည်း ရှိနေသည်။

ထို့ကြောင့် သူကိုယ်တိုင် အပါအဝင် စုစုပေါင်း ၅၂ ယောက်ကို အဖွဲ့ ၇ ဖွဲ့ ခွဲလိုက်ပြီး သူ့အဖွဲ့မှာ လူ ၉ ယောက်ဖြင့် အများဆုံး ဖြစ်ပေသည်။

သူကိုယ်တိုင် မြေတူးသမားအဆင့် ဖြစ်ပြီး ကျန်သူများအားလုံးမှာ သစ်ခုတ်သမားအဆင့်များသာ ဖြစ်ကြသည်။

ဟုန်ကန်းနှင့် ဟွမ်ယုံတို့သည်လည်း တိုက်ဆိုင်စွာ သူ့အဖွဲ့ထဲသို့ ရောက်လာခဲ့ကြသည်။

ယန်နင်နှင့် လီဟူတို့ကတော့ အဖွဲ့များ၏ အလယ်ဗဟိုတစ်ဝိုက်တွင် အရိပ်အောက်၌ လှုပ်ရှားနေပြီး အခြေအနေ ဖြစ်လာသည်နှင့် ချက်ချင်း ဝင်ရောက်နိုင်ရန် အသင့်စောင့်နေကြလေသည်။

“ခေါင်းဆောင်လော်... တစ်ခုခုတော့ မဟုတ်ဘူးထင်တယ်..."

ရှေ့မှ လူများ၏ စကားကို နားထောင်ပြီးနောက် ဟွမ်ယုံက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“၂ နာရီကျော်သွားပြီ... အဲဒီကောင် မပေါ်လာသေးဘူး... အရင်တုန်းကဆို မိနစ် ၃၀ မပြည့်ခင် ထွက်လာတာချည်းပဲ... ဒီတစ်ခါ ဘာလို့ မလာသေးတာလဲ..."

လော်မင်၏ မျက်နှာ အနည်းငယ် ညိုမှိုင်းသွားရလေသည်။

အမှန်တော့ ဟွမ်ယုံ မပြောခင်ကတည်းက သူ သတိထားမိပြီးသား ဖြစ်သည်။

သူတို့သည် မြှားစာများ ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သားကောင်များသာ ဖြစ်သည်။

သားကောင်ကို ဘယ်အချိန် လာသတ်မလဲဆိုတာ မုဆိုးကသာ ဆုံးဖြတ်နိုင်ပေသည်။ သားကောင်ဘက်က ဆုံးဖြတ်ခွင့် မရှိပေ။

ထို့ကြောင့် တစ်ခုခု လွဲနေကြောင်း သိသော်လည်း သူတို့ ဘာမှ မတတ်နိုင်ကြပေ။

သို့သော် လော်မင်ကို စိတ်မသက်မသာ ဖြစ်စေသည့် အရာမှာ ထိုကိစ္စတစ်ခုတည်း မဟုတ်ပေ။

အဝတ်ဖြတ်မိစ္ဆာ မပေါ်လာခြင်း၏ နောက်ကွယ်တွင် ပိုမိုကြီးမားသော အဓိပ္ပာယ်တစ်ခု ရှိနေသလို ခံစားရလေသည်။

ယခင်က ယန်နင်နှင့် လီဟူတို့ ပြောခဲ့ဖူးပေသည်။

လူသားများ၏ အသက်သည် ထူးဆန်းသော တည်ရှိမှုများကို ဆွဲဆောင်နိုင်သော မြှားစာဖြစ်ပြီး အဝတ်ဖြတ်မိစ္ဆာသည် မြှားစာချထားသည်နှင့် ထွက်လာခဲ့သဖြင့် ထိုစကားကို အတည်ပြုပေးခဲ့သည်။

သို့သော် ဒီတစ်ကြိမ်တွင် လူအများအပြားကို ဖြန့်ထားသော်လည်း အဝတ်ဖြတ်မိစ္ဆာမှာ လုံးဝ မပေါ်လာပေ။

‘ဒါဆို အရင်တုန်းကလည်း သူ မပေါ်လာလို့ ရခဲ့ပေမယ့် ရည်ရွယ်ချက်ရှိရှိ ထွက်လာခဲ့တာလား...’

‘ဒီအတွေးကို ဆက်ချဲ့လိုက်လျှင် ရှေ့ကလူ ပြောခဲ့သလို အဝတ်ဖြတ်မိစ္ဆာသည် အရာအားလုံးကို တမင် ကြိုတင် စီစဉ်ထားခြင်းများလား...’

‘တမင် ထွက်လာပြီး လူနည်းနည်း သတ်တယ်...’

‘ပြီးတော့ ယန်နင်နဲ့ လီဟူတို့ကို လိုက်တိုက်ခိုင်းပြီး ထွက်ပြေးသွားတယ်...’

‘ဒီလိုနဲ့ လူတွေကို မျှော်လင့်ချက်ပေးပြီး မြှားစာဆက်ချစေတယ်...’

‘ဒါမှ သူလည်း လူတွေကို ဆက်သတ်နိုင်မှာလေ...’

‘ဒါဆို ဒီတစ်ခါ ဘာလို့ မလာတာလဲ...’

‘သူ အတွေးလွန်နေတာများလား... ဒါမှမဟုတ် အဝတ်ဖြတ်မိစ္ဆာမှာ ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိနေလို့လား...'

ဖြန်း...

ရှင်းလင်းပြတ်သားသော ပါးရိုက်သံတစ်ချက်သည် အနီးအနားမှ ထွက်ပေါ်လာပြီး လော်မင်၏ အတွေးများကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်လေသည်။

ထို့နောက်တွင်တော့ မောက်မာကြီးစိုးသော ဆူပူကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာခဲ့တော့သည်။

“အသုံးမကျတဲ့ကောင်တွေ... ငါက အသက်စွန့်ပြီး မင်းတို့ကို မိစ္ဆာတွေ ရှင်းပေးနေတာ... ကျေးဇူးတင်ရမယ့်အစား ငါ့နောက်ကွယ်မှာ အတင်းပြောရဲတယ်ပေါ့... နောက်တစ်ခွန်း ထပ်ပြောရဲရင် အဝတ်ဖြတ်မိစ္ဆာ မလာခင် ငါကိုယ်တိုင် မင်းတို့ကို အရင် ရှင်းပစ်မယ်..."

ထိုစကားကို ကြားလိုက်ရသည့်အခါ လော်မင်၏ မျက်နှာသည် ချက်ချင်း တင်းမာသွားလေသည်။

သူ့ဘေးရှိ ဟွမ်ယုံနှင့် ဟုန်ကန်းတို့လည်း အလားတူ အမူအရာများ ဖြစ်ပေါ်လာကြသည်။

All Chapters