အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) - ပဋိပက္ခ ပိုမိုပြင်းထန်လာခြင်း
ညရောက်ကတည်းက ရိုဂယ်စခန်းမှ ထွက်လာပြီး ယခုအချိန်အထိ ၂ နာရီကျော် ကြာသွားသော်လည်း အဝတ်ဖြတ်မိစ္ဆာမှာ ပေါ်မလာသေးပေ။
မြှားစာအဖြစ် အသုံးချခံနေရသော လော်မင်တို့အဖွဲ့သာ စိတ်မရှည်ကြသည် မဟုတ်ဘဲ အရိပ်အောက်တွင် ပုန်းအောင်းနေသော ယန်နင်နှင့် လီဟူတို့လည်း ထိုနည်းတူ စိတ်တိုနေကြလေသည်။
ဤသည်မှာ နောက်ဆုံးအကြိမ် မြှားထုတ်ခြင်း ဖြစ်ပေသည်။
အဝတ်ဖြတ်မိစ္ဆာသာ ထပ်မပေါ်လာတော့ပါက ယန်နင်သည် လီဟူကို ခေါ်ပြီး ရက်ဝုဒ်တောင်ကြောမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးသား ဖြစ်ပေသည်။
အဝတ်ဖြတ်မိစ္ဆာကို သတ်ဖြတ်နိုင်ပါက ရရှိမည့် အကျိုးအမြတ်များကို တွေးမိတိုင်း၊ ထိုမိစ္ဆာကသာ ဆက်၍ မပေါ်လာပါက လက်ဗလာဖြင့်သာ ပြန်ရတော့မည် ဖြစ်သဖြင့် သူတို့၏ စိတ်မရှည်မှုမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
ထိုအချိန်တွင် လီဟူသည် ရှေ့ဘက်မှ လူအချို့က သူတို့ ၂ ဦးအကြောင်း မကျေနပ်သံများ ပြောနေသည်ကို ကြားလိုက်ရပြီး မူလကတည်းက စိတ်ညစ်နေသော သူ၏ ဒေါသမှာ ချက်ချင်း ပေါက်ကွဲသွားတော့လေသည်။
လုဟဲသည် ပါးရိုက်သံနှင့် လီဟူ၏ ဒေါသတကြီး ဆဲဆိုသံကို ကြားလိုက်ရသည်နှင့် အခြေအနေ မကောင်းကြောင်း သဘောပေါက်ကာ ထိုနေရာသို့ အမြန် ပြေးသွားလေသည်။
လီဟူ၏ ပါးရိုက်ချက်ကြောင့် ပါးစပ်ထောင့်မှ သွေးများ စီးကျနေသော ဟုန်မူကို မြင်လိုက်ရသဖြင့် လုဟဲသည် အမြန် ရှေ့တိုးကာ သူ့ကို ထူပေးလိုက်ပြီး လီဟူကို တောင်းပန်လိုက်တော့ည်။
“အရှင်... ခွင့်လွှတ်ပေးပါ... ဟုန်မူက အသက်ငယ်သေးပြီး နားမလည်သေးလို့ အမှားပြောမိတာပါ..."
ထိုသို့ ပြောပြီးနောက် လုဟဲသည် ဟုန်မူဘက်သို့ ခေါင်းညိတ်ပြကာ မျက်လုံးဖြင့် အချက်ပြလိုက်လေသည်။
အမြန် တောင်းပန်လိုက်ရန် ဆိုသည့် အဓိပ္ပာယ်သာ ဖြစ်ပေသည်။
ယခုတစ်ကြိမ် ထွက်လာသူ စုစုပေါင်း ၅၂ ယောက်ကို အဖွဲ့ ၇ ဖွဲ့ ခွဲထားလေသည်။ စခန်းမှာ ၅ ခုသာ ရှိသဖြင့် အဖွဲ့များကို စခန်းအလိုက် မခွဲဘဲ ကျပန်း ရောနှော၍သာ စီစဉ်ထားတော့သည်။
ဟုန်မူမှာ တာချွမ်စခန်း ခေါင်းဆောင် ဟုန်ကန်း၏ သားဖြစ်ပြီး အသက် ၂၀ ကျော်ခန့်သာ ရှိသေးကာ လုဟဲ၏ အဖွဲ့ထဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
လုဟဲနှင့် ဟုန်ကန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြပြီး ဆက်ဆံရေးလည်း ကောင်းမွန်သဖြင့် လုဟဲက ဟုန်မူကို မျိုးဆက်ငယ်တစ်ယောက်လို သဘောထားကာ ကာကွယ်ပေးနေခြင်း ဖြစ်လေသည်။
လီဟူ၏ ပါးရိုက်ချက်ကြောင့် ဟုန်မူ၏ မျက်နှာမှာ ပူစပ်နာကျင်နေသော်လည်း ထိုရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် သူ၏ စိတ်ထဲမှ အရှက်တရားက ပို၍ ပြင်းထန်နေလေသည်။
လီဟူက သူ့ထက် အားကောင်းသည် မှန်သော်လည်း အသက်ချင်း သိပ်မကွာပေ။
ယခုလို လူ ၇၊ ၈ ယောက် ရှေ့တွင် အပြင်းအထန် ပါးရိုက်ခံလိုက်ရသဖြင့် ဟုန်မူ၏ ဒေါသမှာ ချက်ချင်း ပေါက်ကွဲလာတော့သည်။
စိတ်မြန်လက်မြန် ဖြစ်တတ်သော ဟုန်မူလည်း လုဟဲ၏ တားမြစ်မှုကို မသိချင်ယောင်ဆောင်ကာ မတ်တတ်ရပ်၍ လီဟူကို ပြန်ပြောရန် ကြိုးစားလိုက်လေသည်။
သို့သော် သူ မတ်တတ်မရပ်နိုင်ခင်မှာပင် လုဟဲ၏ လက်တစ်ဖက်က သူ့ပခုံးကို တင်းတင်း ဖိထားလိုက်တော့သည်။
လုဟဲက သူ့ဘက်သို့ အသာ ခေါင်းခါပြသည်ကို မြင်လိုက်ရသဖြင့် ဟုန်မူ၏ မျက်နှာပေါ်တွင် မကျေမနပ် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး လည်ချောင်းအထိ ရောက်နေသော စကားများကို အတင်း ပြန်မျိုချလိုက်ရလေသည်။
တာချွမ်စခန်း ခေါင်းဆောင် ဟုန်ကန်း၏ သားဖြစ်သည့် ဟုန်မူသည် အခြားသူများထက် ပိုမို သိနားလည်ပေသည်။
လုဟဲ ခေါင်းခါပြသည့် အဓိပ္ပာယ်ကိုလည်း ချက်ချင်း သဘောပေါက်လိုက်တော့သည်။
အဝတ်ဖြတ်မိစ္ဆာကို ရင်ဆိုင်ရာတွင် ယန်နင်နှင့် လီဟူတို့ကိုသာ အားကိုးရမည့် အခြေအနေ ဖြစ်နေသဖြင့် သူတို့ကို ရန်ပြုမိပါက ရက်ဝုဒ်တောင်ကြောရှိ လူများသာ အကျိုးနည်းရပေမည်။
သူ့စိတ်ထဲတွင် ရဲရဲတင်းတင်း တွေးမိသည်မှာ...
‘အဝတ်ဖြတ်မိစ္ဆာကို မသတ်နိုင်ရင်တောင် ထားလိုက်ပါဦး... ဒါပေမဲ့ ယန်နင်နဲ့ လီဟူတို့ကို ရန်ပြုမိလို့ ဘာအကျိုးရှိမှာလဲ....’
ယန်နင်နှင့် လီဟူတို့သည် မြေတူးသမားအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး အင်အားမှာ ရက်ဝုဒ်တောင်ကြော၏ အားအကောင်းဆုံး ဖြစ်သည့် လော်မင်ထက်ပင် အနည်းငယ် ပိုမိုသာလွန်နေလေသည်။
ထို့ကြောင့် အရာအားလုံးကို ထည့်တွက်လိုက်လျှင် ဒေါသထွက်နေရင်တောင် သည်းခံရုံသာ ရှိပေသည်။
သူတို့ ပြောခဲ့သော စကားများမှာ အမှန်တကယ် ယန်နင်နှင့် လီဟူတို့ကို စော်ကားခြင်း မဟုတ်ဟု ခံစားရသော်လည်း အကြောင်းမဲ့ ပါးရိုက်ခံလိုက်ရခြင်းကိုလည်း အတင်း လက်ခံရုံသာ တတ်နိုင်ပေတော့သည်။
ဟုန်မူလည်း မကျေမနပ် အမူအရာကို အတင်း ဖိနှိပ်လိုက်ပြီး လုဟဲကို ခေါင်းညိတ်ပြကာ လီဟူကို တောင်းပန်တော့မည့်အချိန် သူ စကားမပြောရသေးခင်မှာပင် လီဟူက အရင် ပြောလိုက်လေသည်။
“အသက်ငယ်သေးတယ်... ဟုတ်လား…. ဒီလောက် ရုပ်ကြီးနဲ့ အနည်းဆုံး ၂၀ ကျော်နေပြီ.... ကျင့်ကြံမှုကလည်း သစ်ခုတ်သမားအဆင့်ပဲ ရှိသေးတယ်... အသုံးမကျတာကို ငါ ခွင့်လွှတ်ပေးနိုင်တယ်... ဒါပေမဲ့ ကိုယ့်ပါးစပ်ကိုတောင် မထိန်းနိုင်ဘူးဆိုရင် နောက်တစ်ခါ ပါးရိုက်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး..."
ဟုန်မူ၏ မျက်နှာသည် ဒေါသကြောင့် ချက်ချင်း နီမြန်းသွားတော့သည်။
အတင်း ဖိနှိပ်ထားခဲ့သော ဒေါသများမှာ တစ်ဟုန်ထိုး ပြန်ပေါက်ကွဲလာပြီး လုဟဲ၏ တားဆီးမှုကို ဂရုမစိုက်တော့ဘဲ အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်လေသည်။
“ခင်ဗျားက ဒီလောက် အားကောင်းတယ်ဆိုရင်... အဝတ်ဖြတ်မိစ္ဆာကို ဘာလို့ ၄ ကြိမ်တောင် လွတ်အောင် လုပ်လိုက်တာလဲ... ကျွန်တော် ပြောတာ မှားလို့လား... အဝတ်ဖြတ်မိစ္ဆာရဲ့ အင်အားက အစကတည်းက ခင်ဗျားတို့ထက် ပိုမြင့်နေတာ... အဲဒီ ၄ ကြိမ် လွတ်သွားတာလည်း ကျွန်တော်တို့ကို တမင် ကစားသွားတာပဲ ဖြစ်နိုင်တယ်..."
ဟုန်မူ၏ တုံ့ပြန်စကားကြောင့် လီဟူသည် ခဏမျှ ကြောင်အသွားတော့သည်။
လီဟူသည် ဟုန်မူက သူ့ကို ဒီလောက်အထိ အသံကျယ်ကျယ်ဖြင့် ပြန်ပြောရဲလိမ့်မည်ဟု လုံးဝ မထင်ထားပေ။
သတိပြန်ဝင်လာသည်နှင့် သူ၏ ဒေါသမှာ ပို၍ပင် ပေါက်ကွဲသွားတော့သည်။
“ခွေးပေါက်စလေး... ငါ့ကို ပြန်ဟောင်ရဲတယ်ပေါ့..."
အော်ဟစ်ဆဲဆိုရင်း သူသည် မြှားတစ်စင်းကဲ့သို့ ဟုန်မူထံသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
“အရှင်... သက်ညှာပေးပါ..."
လော်မင်၏ တောင်းပန်သံသည် လီဟူ၏ လှုပ်ရှားမှုကို လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ဖြန်း...
ဒီတစ်ကြိမ် ပါးရိုက်သံမှာ ယခင်ထက်ပင် ပိုမိုပြင်းထန်သဖြင့် လော်မင်နှင့်အတူ ရောက်လာသူများပင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
လီဟူသည် ဟုန်မူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်ပြီး ထိုမျှနှင့် မရပ်သေးပေ။
ဟုန်မူ ခေါင်းမူးနေစဉ်မှာပင် ထပ်ကန်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ၅ မီတာ၊ ၆ မီတာခန့် လွင့်ထွက်သွားတော့သည်။
“သား......"
လော်မင်၏ နောက်မှ လိုက်လာသော ဟုန်ကန်းလည်း အလျင်အမြန် ပြေးသွားပြီး သားဖြစ်သူကို ထူလိုက်လေသည်။
သား၏ မျက်နှာနှင့် ကိုယ်ပေါ်ရှိ ဒဏ်ရာများကို စစ်ဆေးပြီးနောက် သူသည် လီဟူကို လှည့်ကြည့်လိုက်သည်။
သူ၏ မျက်နှာမှာ အလွန် ဒေါသထွက်နေသော်လည်း ချက်ချင်း မပေါက်ကွဲသေးဘဲ လေးနက်သော အသံဖြင့်သာ မေးလိုက်သည်။
“အရှင်… စကားနည်းနည်းလေးကြောင့် ဒီလောက်အထိ လက်လွန်ဖို့ လိုအပ်လို့လား..."
ဟုန်ကန်းကတော့ ထိုသို့ မေးရုံဖြင့် မိမိကိုယ်ကို အတော်လေး သည်းခံထားသည်ဟု ထင်နေလေသည်။
သို့သော် လီဟူ၏ အမြင်တွင် ထိုမေးခွန်းသည် သူ့ကို ပြင်းပြင်းထန်ထန် စိန်ခေါ်လိုက်ခြင်းနှင့် မခြားပေ။
“ပုရွက်ဆိတ်လို ကောင်ကများ... ငါ့ကို မေးခွန်းထုတ်ရဲတယ်ပေါ့..."
“အရှင်… စကားကို နည်းနည်းတော့ ဆင်ခြင်ပြောသင့်တယ် မဟုတ်လား... ကျွန်တော်တို့က ပုရွက်ဆိတ်တွေ ဖြစ်နေတယ်ဆိုရင်တောင် အသက်ကို စွန့်ပြီး အရှင်တို့နဲ့အတူ မိစ္ဆာလိုက်သတ်ပေးနေတာပဲ... ဒီလောက်အထိ စော်ကားဖို့ လိုအပ်လို့လား..."
ရှေ့တိုးလာသော လီဟူကို လော်မင်က ဝင်တားလိုက်သည်။
သူ၏ အသံမှာ နက်ရှိုင်းနေပြီး မျက်နှာအမူအရာမှာလည်း အလွန် မနှစ်သက်ကြောင်း ထင်ရှားနေလေသည်။
လီဟူ၏ ပါးစပ်မှ ပုရွက်ဆိတ် ဟူသော စကား ထွက်လာကတည်းက ဒီကိစ္စသည် အလွယ်တကူ ပြီးဆုံးနိုင်တော့မည် မဟုတ်ကြောင်း လော်မင် သိလိုက်ရခဲ့သည်။
တခြားသူသာ ဖြစ်နေပါက ဟုန်ကန်းကို သူ့မျက်နှာကို ထောက်ပြီး သည်းခံခိုင်းနိုင်သေးပေသည်။
သို့သော် ယခုကိစ္စတွင် ပါဝင်နေသူမှာ ဟုန်မူ ဖြစ်နေသည့်အပြင် လီဟူ၏ စကားသည်လည်း ဟုန်ကန်းကိုပါ စော်ကားလိုက်သဖြင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
ဟုန်မူ၏ စကားများသည် သူတစ်ယောက်တည်း၏ အတွေး မဟုတ်ပေ။ သူတို့ အဖွဲ့တစ်ခုလုံး ထိုအကြောင်းကို ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်သည်။
အဝတ်ဖြတ်မိစ္ဆာ ၄ ကြိမ်တိုင်တိုင် လွတ်မြောက်သွားပြီးနောက် လူတိုင်း၏ စိတ်ထဲတွင် ယန်နင်နှင့် လီဟူတို့အပေါ် မကျေနပ်ချက်များ ရှိနေပြီး လော်မင်ကိုယ်တိုင်ပင် ထိုအထဲတွင် ပါဝင်လေသည်။
ယခုလို အခြေအနေမျိုးတွင် သူသာ ရပ်တည်ချက် မပြတ်သားပါက ဒီယာယီ မဟာမိတ်အဖွဲ့သည် မကြာမီ ပြိုကွဲသွားလိမ့်ပေမည်။
လီဟူ နားလည်ပေးမည်၊ သရုပ်ဆောင်ပေးမည်ဟုတော့ သူ မမျှော်လင့်ထားပေ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လီဟူအပေါ် သူ၏ အမြင်မှာ တဖြည်းဖြည်း ဆိုးရွားလာခဲ့တော့သည်။
ဒီလူသည် အင်အားကြီးသော်လည်း စိတ်လိုက်မာန်ပါ လုပ်တတ်သည်၊ ဒေါသကြီးသည်၊ လုပ်ရပ်တိုင်းကို သေချာ မစဉ်းစားတတ်ပေ။
ထင်ထားသည့်အတိုင်း လီဟူသည် သူ၏ ရည်ရွယ်ချက်ကို လုံးဝ နားမလည်ပေ။
သူ့ကို ကိုယ်တိုင် စော်ကားခံလိုက်ရသည်ဟုသာ ထင်ကာ ဒေါသမှာ ပို၍ပင် ပြင်းထန်လာတော့သည်။
“တော်တော့... ဟူကျစ်... အရမ်း မလွန်နဲ့..."
ကံကောင်းစွာဖြင့် ယန်နင် ရောက်လာပြီး လီဟူကို တားလိုက်လေသည်။ ယန်နင်ကို မြင်လိုက်ရသည့်အခါ လော်မင်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
အမှန်တကယ်တွင် ယန်နင်နှင့် လီဟူတို့ ၂ ယောက်စလုံးသည် သူတို့ကို အထင်သေးနေကြလေသည်။
သူတို့နှင့် စကားပြောတိုင်း ကိုယ့်ကိုယ်ကို အထက်တန်းကျသည်ဟု ယူဆသော အရိပ်အယောင်များ အမြဲ ရှိနေခဲ့သည်။
သို့သော် နှိုင်းယှဉ်ကြည့်လျှင် ယန်နင်က ထိုအရာကို ပိုမို ဖုံးကွယ်တတ်ပြီး သူ၏ စရိုက်မှာ အေးဆေးပြီး လီဟူထက် အများကြီး ရင့်ကျက်ကာ ဆင်ခြင်တတ်ပေသည်။
အစောပိုင်းက သူ ပြောခဲ့သော စကားများသည် လီဟူကို ရည်ရွယ်သလို ထင်ရသော်လည်း အမှန်တကယ် ရည်ရွယ်သူမှာ ယန်နင် ဖြစ်သည်။
ယန်နင်က သူ့အဓိပ္ပာယ်ကို သေချာပေါက် နားလည်မည်၊ သရုပ်ဆောင်ပြီး ဟုန်ကန်းတို့ဘက်ကို ငြိမ်သက်အောင် လုပ်ပေးမည်ဟု သူ ယုံကြည်ထားပေသည်။
သို့သော် ယန်နင်က ပူးပေါင်းပေးခဲ့သော်လည်း လော်မင်သည် ဟုန်ကန်း၏ ရင်ထဲတွင် ရက်ပေါင်းများစွာ စုပုံနေသော ဒေါသကို လျှော့တွက်ထားခဲ့လေသည်။
သားဖြစ်သူ၏ ဒဏ်ရာများကို ကြည့်ပြီးနောက် ဟုန်ကန်းသည် နောက်ဆုံးတွင် ရှေ့တိုးလာတော့သည်။
လော်မင်ကို လက်သီးဆုပ် အရိုအသေပေးပြီး လေးနက်စွာ ပြောလိုက်သည်။
“တော်ပါပြီ... ခေါင်းဆောင်လော်... ထပ်မပြောတော့ပါဘူး... ကျွန်တော်တို့ တာချွမ်စခန်းက လူတွေက အသုံးမကျတဲ့ အမှိုက်တွေပဲ မဟုတ်လား...”
“ဒီမှာ ဆက်နေရင်လည်း အရှင် ၂ ယောက်ကိုပဲ ထပ်ပြီး စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်... ဒီနေရာကနေ ကျွန်တော်တို့ ထွက်သွားတော့မယ်..."
ပို၍ ဆိုးသွားသည်မှာ ဟုန်ကန်း စကားပြောပြီးသည်နှင့် ဟွမ်ယုံ၊ လုဟဲနှင့် ချန်ယင်းတို့ပါ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့လည်း အတူတူပါပဲ... ခေါင်းဆောင်လော် ခွင့်လွှတ်ပေးပါ..."
“အဝတ်ဖြတ်မိစ္ဆာကလည်း ထပ်ပေါ်လာမယ့်ပုံ မရှိတော့ဘူး... ပေါ်လာရင်တောင် ကျွန်တော်တို့ သတ်နိုင်မှာလည်း မဟုတ်ဘူး... ဒီမှာ ဆက်နေတာ အချိန်ဖြုန်းတာပဲ... ခေါင်းဆောင်လော် ကျွန်တော်လည်း လူတွေကို ခေါ်ပြီး ပြန်တော့မယ်..."
“ကျွန်တော်လည်း ဒီအတိုင်းပဲ တွေးတယ် ခေါင်းဆောင်လော်... ဟွမ်ကျောက်စခန်းလည်း ဒီနေရာကနေ နှုတ်ဆက်ပါတယ်..."
မနေ့ကမှ အသည်းအသန် စုစည်းထားရသော စခန်း ၄ ခုစလုံး ထွက်ခွာမည်ဟု တစ်ပြိုင်တည်း ပြောလာကြသည်ကို မြင်လိုက်ရသဖြင့် လော်မင်၏ ခေါင်းမှာ ကိုက်ခဲလာတော့သည်။
သူသည် လူတိုင်းကို ဆက်နေရန် ဖျောင်းဖျချင်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
လီဟူ၏ လုပ်ရပ်များကြောင့်လည်း ပို၍ပင် စိတ်ရှုပ်လာခဲ့တော့သည်။
“အဲဒီမှာ ဘယ်သူလဲ... ပုန်းမနေနဲ့... ထွက်လာခဲ့..."
အားလုံး တိတ်ဆိတ်စွာ တင်းမာနေကြသည့် အချိန်တွင် ယန်နင်သည် ရုတ်တရက် အရှေ့ဘက်သို့ လှည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
ကျန်သူများကတော့ အဝတ်ဖြတ်မိစ္ဆာ ပေါ်လာပြီဟု ထင်ကာ အားလုံး ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သို့သော် ကြည့်လိုက်သည့်အခါ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရလေသည်။
ခန္ဓာကိုယ် ကြံ့ခိုင်သော လူငယ်တစ်ဦးသည် သစ်ပင်တစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး သူတို့နှင့် ၁၀ မီတာကျော် အကွာတွင် ရပ်လိုက်လေသည်။
ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် လက်သီးဆုပ် အရိုအသေပေးကာ အရေးတကြီး အမူအရာဖြင့် အသံနက်နက်ဖြင့် ပြောလိုက်တော့သည်။
“ကျွန်တော်က မဟာရှစခန်း ခေါင်းဆောင် ရှဟုန်ပါ... ဒီနေရာမှာ ဘယ်သူက ခေါင်းဆောင် လော်မင်လဲ ဆိုတာ မေးချင်ပါတယ်... သူ့ကို အရေးကြီးတဲ့ သတင်းတစ်ခု အမြန် အစီရင်ခံစရာ ရှိပါတယ်..."