← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အခန်း (၅၃) - အကြောင်းမဲ့ ရန်လိုမှု

ရှဟုန် အရင်က ပြောခဲ့သလိုပင်၊ ရိုဂယ်စခန်း၏ နယ်မြေသည် ရက်ဝုဒ်တောင်ကြော အပြင်ဘက်အလွှာ၏ ၁,၀၀၀ မီတာ အချင်းဝက်အတွင်းသာ ရှိနေသဖြင့်၊ ထိုအကွာအဝေးအတွင်း လူ ၅၀ မှ ၆၀ ခန့်ပါသော အဖွဲ့တစ်ဖွဲ့ကို ရှာတွေ့ရန်မှာ မခက်ခဲလှပေ။

၁,၀၀၀ မီတာ နယ်နိမိတ်ကို ဖြတ်ကျော်တော့မည့်အချိန်တွင် ရှဟုန်က ထိုအဖွဲ့ကို တွေ့လိုက်ရလေသည်။

သို့သော် ထိုအဖွဲ့ကို တွေ့တွေ့ချင်းမှာပင် တစ်စုံတစ်ရာ မမှန်ကန်သည့် အခြေအနေကို ရှဟုန် ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ရသဖြင့် ချက်ချင်း အောက်သို့ ဆင်းမသွားခဲ့ပေ။

တစ်ဖက်က သူ့ကို ဖော်ထုတ်ခေါ်လိုက်ပြီးဖြစ်သဖြင့်၊ သူလည်း ဆက်ဖုံးကွယ်မနေတော့ဘဲ ချက်ချင်း ထွက်ပေါ်လာလိုက်တော့သည်။

လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်၊ ရှဟုန်က သူ့ကို လှမ်းခေါ်လိုက်သူနှင့် ထိုသူ၏ဘေးတွင် ရပ်နေသူမှာ ယန်နင်နှင့် လီဟူ ဖြစ်ရမည်ဟု ချက်ချင်း ခန့်မှန်းလိုက်လေသည်။

အခြားအကြောင်းမရှိပေ.... ထိုလူ ၂ ယောက်၏ ဝတ်စားဆင်ယင်ပုံက အလွန်ပင် ထင်ရှားလွန်းနေသောကြောင့်သာ ဖြစ်ပေသည်။

အညိုရောင် သားရဲအရေခွံအင်္ကျီတစ်ထည်...

ရေခဲသားရဲ၏ အမြီးဖြင့် ပြုလုပ်ထားကြောင်း သိသာထင်ရှားသည့် ဖြူနုချောမွေ့သည့် သားမွေးလည်ပတ်တစ်ခု....

ထို့အပြင် တောက်ပြောင်နေသော အနက်ရောင် သားရဲအရေခွံဖိနပ်တစ်ရံ....

သူတို့ ၂ ယောက်နှင့် ယှဉ်လိုက်လျှင် ရှဟုန် အပါအဝင် ကျန်လူအားလုံးသည် သူတောင်းစားများနှင့်ပင် တူနေတော့လေသည်။

ရှဟုန်၏ မှတ်ဉာဏ်ထဲတွင် ဇိမ်ခံဝတ်စုံမျိုးစုံကို မရေမတွက်နိုင်အောင် မြင်ဖူးခဲ့သော်လည်း၊ ထိုလူ ၂ ယောက်၏ အပြည့်အစုံဝတ်စုံကို မြင်လိုက်ရချိန်တွင် မနာလိုစိတ် အနည်းငယ် ဖြစ်မိဆဲပင်။

သားရဲအရေခွံစကပ်ကို ၄ လတိုင်တိုင် ဝတ်လာပြီးနောက်၊ အဝတ်အစား အပြည့်အစုံတစ်စုံကို သူ မည်မျှတောင့်တနေခဲ့သည်ကို ဘုရားသာ အသိဆုံး ဖြစ်ပေလိမ့်မည်။

ရှဟုန်က လူအုပ်ကို အကဲခတ်နေစဉ် လော်မင်လည်း ရှေ့သို့ တိုးလာပြီး၊ ရှဟုန်ကို ခဏမျှ စိုက်ကြည့်ကာ စဉ်းစားလိုက်ပြီးနောက် ခန့်မှန်းသံပါသော မျက်နှာထားဖြင့် မေးလိုက်သည်။

“ရှဟုန်.... မင်းက အဘိုးကြီးတင်းရဲ့သားလား..."

ရှဟုန် ခေါင်းညိတ်လိုက်သည်ကို မြင်သည်နှင့် လော်မင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အစောပိုင်းက သူသည် မဟာရှစခန်းမှာ သစ်သားရုပ်သေးမိစ္ဆာ၏ လက်ထဲ ကျရောက်သွားပြီဟု ထင်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ ယခုထိ ကျန်ရှိနေဆဲ ဖြစ်လေသည်။

ရှဟုန် အစောပိုင်းက ပြောခဲ့သည့် စကားကို ပြန်သတိရလိုက်ပြီးနောက်၊ သူက အလျင်အမြန် ဆက်ပြောလိုက်သည်။

“ငါက လော်မင်... မင်းမှာ ဘာအရေးတကြီး ကိစ္စရှိလို့ ငါ့ကို အသိပေးချင်တာလဲ..."

အခြေအနေ မမှန်ကန်ကြောင်း ခံစားမိနေသော်လည်း၊ ကိစ္စက အလွန်အရေးကြီးနေသဖြင့် ရှဟုန်လည်း အထွေအထူး မစဉ်းစားတော့ဘဲ တိုက်ရိုက် ပြောလိုက်သည်။

“ခေါင်းဆောင်လော်၊ ဒီတစ်ခေါက် ခင်ဗျားတို့ အပြင်ထွက်လာတဲ့ လမ်းတစ်လျှောက်လုံး သစ်သားရုပ်သေးမိစ္ဆာ လုံးဝ မပေါ်လာခဲ့ဘူး မဟုတ်လား... သစ်သားရုပ်သေးမိစ္ဆာက ခင်ဗျားတို့ ရိုဂယ်စခန်းထဲကို စိမ့်ဝင်သွားပြီး ဖြစ်နိုင်ခြေ အရမ်းများတယ်..."

ရှဟုန်က အကြောင်းအရင်း အကျိုးဆက်ကို မရှင်းပြချင်၍ မဟုတ်ပေ။

သို့သော် အချိန်က အလွန်အရေးကြီးနေသဖြင့် စကားအပို မဖြုန်းချင်ဘဲ၊ ထိုလူများကို ရိုဂယ်စခန်းသို့ အမြန်ဆုံး ပြန်ခေါ်သွားချင်ရုံသာ ဖြစ်သည်။

သူတို့ စခန်းသို့ မြန်မြန်ပြန်ရောက်လေ၊ အသက်ရှင်နိုင်မည့် လူဦးရေ ပိုများလေ ဖြစ်နိုင်ပေသည်။

ထို့ကြောင့် သူက အတိုချုံးသာ ပြောဆိုရန် ရွေးချယ်လိုက်သည်။

သို့သော် ထင်ထားသည့်အတိုင်း လူအုပ်က သူ့စကားကို ချက်ချင်း မယုံကြည်ခဲ့ပေ။

လော်မင်ပင်လျှင် သစ်သားရုပ်သေးမိစ္ဆာ ရိုဂယ်စခန်းထဲ ဝင်သွားနိုင်သည်ဟု ကြားလိုက်ချိန်တွင် ခန္ဓာကိုယ် တင်းမာသွားခဲ့သော်လည်း၊ ချက်ချင်းပင် ရှဟုန်ကို သံသယအပြည့်ဖြင့် မျက်မှောင်ကြုတ်ကြည့်လာခဲ့ကြသည်။

ဖူး...

လူအုပ်၏ အမူအရာကို မြင်လိုက်သည်နှင့် ရှဟုန်က သူတို့ မယုံကြည်ကြောင်း နားလည်သွားလေသည်။

သူသည် အရိုးဝီစီကို အရင်မှုတ်ကာ ရှချွမ်နှင့် အခြားသူများကို ခေါ်လိုက်ပြီး၊ ထို့နောက် ရှီချင်း၊ ရှီတုန်းနှင့် တာရှီစခန်း ပျက်စီးသွားသည့် ဖြစ်စဉ်ကို တိုတိုရှင်းရှင်း အမြန်ဆုံး ပြန်ပြောပြလိုက်တော့သည်။

ရှချွမ်၊ ယွမ်ချန်နှင့် ကျန် ၆ ယောက် ရောက်လာချိန်တွင် ရှဟုန်၏ ရှင်းပြမှုမှာ အခြေခံအားဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

လော်မင်၏ အလွန်လေးနက်နေသော မျက်နှာထားကို မြင်လိုက်ရသဖြင့် ရှဟုန်က အလောတကြီး ဆက်ပြောလိုက်တော့သည်။

“မမျှော်လင့်ထားတဲ့ အဖြစ်အပျက်သာ မရှိဘူးဆိုရင်၊ အရင် ၄ ကြိမ်လုံးမှာ သစ်သားရုပ်သေးမိစ္ဆာက ခင်ဗျားတို့ကို တမင် လှည့်စားနေခဲ့တာပဲ... အဲဒါက ရှီတုန်းကို ထိန်းချုပ်ပြီး ရိုဂယ်စခန်းထဲ စိမ့်ဝင်ခိုင်းခဲ့တယ်... ပြီးတော့ ရှီချင်းကို ခေါ်ပြီး တာရှီစခန်း မသွားခင်မှာလည်း ထောင်ချောက်တစ်ခု ချန်ထားခဲ့တာ ဖြစ်နိုင်တယ်...”

“တာရှီစခန်းမှာ လူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီ... အဲဒါရဲ့ အင်အားလည်း အများကြီး တိုးလာနေခဲ့ပြီးသား ဖြစ်နေပြီ... အခု ရိုဂယ်စခန်းမှာ သာမန်လူတွေက ပိုများနေတော့၊ အဲဒါသာ ဆက်ပြီး သတ်ဖြတ်နေမယ်ဆိုရင် ထိန်းနိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်တော့ဘူး....”

"ခေါင်းဆောင်လော်၊ လူတွေကို ချက်ချင်းခေါ်ပြီး စခန်းကို ပြန်စစ်ဆေးပါ....

မဟုတ်ရင် အကျိုးဆက်က မတွေးဝံ့စရာ ဖြစ်သွားနိုင်တယ်..."

ရှဟုန်၏ အာရုံတစ်ခုလုံးသည် လော်မင်ကို စခန်းသို့ အမြန်ပြန်စေရန်သာ အာရုံစိုက်နေသဖြင့်၊ အရင် ၄ ကြိမ်လုံး သစ်သားရုပ်သေးမိစ္ဆာက သူတို့ကို လှည့်စားခဲ့သည်ဟု ပြောလိုက်သည့်အချိန်တွင် လီဟူ၏ မူလကတည်းက မနှစ်သက်ဟန်ရှိနေသော မျက်နှာထားမှာ ပို၍ပင် အုံ့မှိုင်းသွားသည်ကိုပင် သတိမထားမိခဲ့ပေ။

ယခုလေးတင် ဟုန်မူက အရင် ၄ ကြိမ် အပြင်ထွက်ခဲ့စဉ်က သစ်သားရုပ်သေးမိစ္ဆာ၏ လှည့်စားခြင်းကို ခံခဲ့ရကြောင်း ပြောလိုက်သဖြင့် လီဟူ ဒေါသထွက်ခဲ့ရလေသည်။

ယခု ရှဟုန်က ထွက်လာပြီး ထိုစကားကို ထပ်ပြောလိုက်သဖြင့်၊ ရင်ထဲတွင် မပေါက်ကွဲရသေးသော ဒေါသများကို တစ်ဖန် ပြန်လည် မီးထိုးပေးလိုက်သလို ဖြစ်သွားတော့သည်။

“ရိုဂယ်စခန်းကနေ ထွက်လာတာ ၂ နာရီကျော်ကျော်ပဲ ရှိသေးတယ်... သစ်သားရုပ်သေးမိစ္ဆာ တကယ် စခန်းထဲ စိမ့်ဝင်ခဲ့ရင် ငါတို့က ဘယ်လိုလုပ် မသတိထားမိဘဲ နေမှာလဲ.... ပြီးတော့ မင်းပြောတဲ့အတိုင်း ရှီတုန်းက အတုဆိုရင်၊ သူက ဘာလို့ ရိုဂယ်စခန်းထဲမှာ မနေဘဲ ရှီချင်းနဲ့အတူ ထွက်သွားရတာလဲ... ယုတ္တိမရှိတဲ့ စကားတွေ လျှောက်ပြောနေတဲ့ သောက်ရူး..."

ရှဟုန်မှာ အကြောင်းမဲ့ အဆူခံလိုက်ရသဖြင့် မျက်နှာထား ချက်ချင်း တင်းမာသွားတော့သည်။

သို့သော် သူက ချက်ချင်း ပြန်မတုံ့ပြန်ခဲ့ပေ။

ထိုအစား လီဟူကို လေးနက်သော မျက်နှာထားဖြင့် စိုက်ကြည့်ရင်း၊ ဤလူက သူ့အပေါ် ဘာကြောင့် ရန်လိုနေရသည်ကို စဉ်းစားနေခဲ့လေသည်။

ရှဟုန်က စိတ်ကို ထိန်းထားနိုင်သော်လည်း၊ အနားသို့ ရောက်လာခါစ ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများကတော့ သည်းမခံနိုင်တော့ပေ။

မဟာရှစခန်းရှိ လူတိုင်း၏ စိတ်ထဲတွင် ရှဟုန်သည် အကြွင်းမဲ့ စိတ်ဓာတ်တိုင်မဏ္ဍိုင် ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

အချိန်အတော်ကြာ ရှဟုန်နောက် လိုက်ကာ အပြင်ထွက်ခဲ့သူများဆိုလျှင် သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်လေးစားနေခဲ့ကြသည်။

ထိုသို့သော အခြေအနေတွင် အပြင်လူတစ်ယောက်က ရှဟုန်ကို သူတို့ရှေ့မှာ စော်ကားပြောဆိုနေသည်ကို မည်သို့ သည်းခံနိုင်မည်နည်း....

“ဒီသောက်ရူးက ဘယ်ကပေါ်လာပြီး ငါတို့ခေါင်းဆောင်ကို လာအော်ဟစ်နေတာလဲ..."

“ဒီလောက် ရှင်းရှင်းလင်းလင်း ပြောထားတာတောင် အပေါက်ရှာနေသေးရင်၊ နားမကောင်းတာ မဟုတ်ရင် ဦးနှောက်မှာ ပြဿနာရှိနေတာပဲ..."

“ရုပ်ကတော့ ကြည့်ကောင်းသားနဲ့၊ ပါးစပ်ဖွင့်လိုက်တာနဲ့ အညစ်အကြေးတွေပဲ ထွက်လာတယ်..."

…

“တော်တော့..."

ရှချွမ်တို့၏ စကားများက ပို၍ပို၍ ပြင်းထန်လာပြီး၊ လီဟူ၏ မျက်နှာလည်း သိသိသာသာ နီမြန်းလာသည်ကို မြင်လိုက်သဖြင့် ရှဟုန်က အမြန် တားလိုက်လေသည်။

သေချာသည်မှာ ရှဟုန်က သူတို့ ပြောတာ မှားသည်ဟု မထင်ပေ။ တစ်ဖက်နှင့် ပဋိပက္ခ ဖြစ်သွားမည်ကိုသာ မလိုလား၍ တားလိုက်ခြင်းသာ ဖြစ်ပေသည်။

တစ်ဖက်ရှိ လီဟူမှာ ရင်ဘတ် အတက်အကျ ပြင်းထန်နေပြီး၊ အချိန်မရွေး ပေါက်ကွဲတော့မည့် ပုံစံ ဖြစ်နေခဲ့ရသည်။

သူ ဒေါသပေါက်ကွဲလိုက်လျှင် အချိန်ပိုကုန်သွားမည်ကို စိုးရိမ်သဖြင့်၊ ရှဟုန်က လော်မင်ကို လေးနက်သော လေသံဖြင့် အမြန် ပြောလိုက်လေသည်။

“ခေါင်းဆောင်လော်၊ ကျွန်တော်တို့အားလုံး ရက်ဝုဒ်တောင်ကြောပတ်ဝန်းကျင်မှာ အသက်ရှင်ဖို့ ရုန်းကန်နေကြတာပါ... ရိုဂယ်စခန်းက လူအများကြီး သေဆုံးသွားတာကို မမြင်ချင်လို့သာ အန္တရာယ်ကို စွန့်စားပြီး လာအသိပေးတာပါ.... ကူညီပေးဖို့တောင် အဆင်သင့်ပါပဲ....”

“ခင်ဗျား ကျွန်တော့်စကားကို မယုံရင်တောင်၊ စခန်းထဲက လူ ၁,၀၀၀ ကျော်ရဲ့ အသက်ကို အရင်ဦးစားပေးပြီး ပြန်သွားကြည့်လိုက်ပါ... ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် လူတိုင်း ဝမ်းသာရမှာပါ... အဲဒီအချိန်ကျရင် ကျွန်တော်ကိုယ်တိုင် ခင်ဗျားကို တောင်းပန်ပါ့မယ်.... အဲဒါဆို ရပြီလား..."

ထိုစကားက လော်မင်ကို နောက်ဆုံးတွင် အသိဝင်သွားစေခဲ့လေသည်။

သူသည် ခေါင်းကို အမြန်မော့လိုက်ပြီး ပြဿနာ၏ အဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

ရှဟုန် လိမ်နေသည်ဖြစ်စေ၊ မလိမ်သည်ဖြစ်စေ၊ သူ့အတွက် အရေးမကြီးပေ။

အရေးကြီးဆုံးမှာ စခန်းထဲရှိ လူ ၁,၀၀၀ ကျော်၏ အသက်များသာ ဖြစ်ပေသည်။

“အားလုံးပဲ၊ စခန်းကို ပြန်ပြီး သွားစစ်ကြမယ်.... တကယ်သာ ဖြစ်နေခဲ့ရင်...”

လော်မင် စဉ်းစားလေလေ စိတ်ပူလေလေ ဖြစ်လာတော့သည်။

စကားတစ်ခွန်းကိုပင် အဆုံးမသတ်နိုင်တော့ဘဲ၊ စခန်းသားအားလုံးကို အကြည့်တစ်ချက်ပေးကာ စခန်းဘက်သို့ ဦးဆောင် ပြေးသွားတော့သည်။

ရှဟုန်ကလည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။ သစ်သားရုပ်သေးမိစ္ဆာသည် ရိုဂယ်စခန်းထဲတွင် ရှိနေသည်ဟု ၉၀ ရာခိုင်နှုန်း သေချာနေသဖြင့်၊ ရှချွမ်၊ ယွမ်ချန်နှင့် အခြားသူများကို စုစည်းကာ လော်မင်နောက်မှ အမြန်လိုက်သွားတော့လေသည်။

ဟုန်ကန်း၊ ဟွမ်ယုံ၊ လုဟဲနှင့် ချန်ယင်းတို့ ၄ ယောက်မှာ မူလက ထွက်သွားရန် စီစဉ်ထားကြသော်လည်း၊ ရှဟုန်၏ လုပ်ရပ်ကို မြင်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ၊ နောက်ဆုံးတွင် လော်မင်နောက်မှ ရိုဂယ်စခန်းသို့ ပြန်လိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

သူတို့သည် ယန်နင်နှင့် လီဟူအပေါ် မကျေနပ်ချက်များ ရှိသော်လည်း၊ လော်မင်ကိုတော့ စိတ်ထဲက လေးစားနေဆဲ ဖြစ်ပေသည်။

ရိုဂယ်စခန်းမှာ တကယ် တစ်ခုခု ဖြစ်နေခဲ့လျှင်၊ သူတို့လည်း လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ကူညီနိုင်သည်ဖြစ်စေ၊ မကူညီနိုင်သည်ဖြစ်စေ၊ အနည်းဆုံးတော့ သွားကြည့်ရမည် ဖြစ်သည်။

မကြာမီတွင် ထိုနေရာ၌ ယန်နင်နှင့် လီဟူ ၂ ယောက်သာ ကျန်ရစ်တော့သည်။

“အစ်ကို၊ အခုလေးတင် အဲဒီကောင်လေးတွေ ကျွန်တော့်ကို မလေးမစား ပြောနေတာကို ဘာလို့ တားခဲ့တာလဲ... အဲဒီ အသိဉာဏ်မရှိတဲ့ တောသားတွေကို နည်းနည်း သတ်ပစ်မှ သင်ခန်းစာ ရမှာ..."

လီဟူက အလွန်မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။

အစောပိုင်းက သူ မလှုပ်ရှားခဲ့ခြင်းမှာ ယန်နင်က တားထားသောကြောင့်သာ ဖြစ်ပေသည်။

ယန်နင်က ခေါင်းငုံ့ကာ ခဏမျှ စဉ်းစားနေပြီးမှ ခေါင်းမော့၍ လီဟူကို ကြည့်ကာ ပြောလိုက်သည်။

“အဲဒီ ရှဟုန်ကို လျှော့မတွက်နဲ့... သူ့ရဲ့ အင်အားက မင်းထက် သိပ်အားနည်းမယ်လို့ မထင်ဘူး..."

ထိုစကားကို ကြားလိုက်ရသဖြင့် လီဟူက မထီမဲ့မြင် အပြုံးဖြင့် ပြောလိုက်သည်။

“အစ်ကို၊ သူက ဘေးမှာ ပုန်းနေလို့ ကျွန်တော် မသတိထားမိတာကို ပြောနေတာလား... ကောင်းပြီ၊ သူ့မှာ ကိုယ့်ရှိန်ကို ဖုံးကွယ်တဲ့ နည်းလမ်းလေးတော့ ရှိကောင်းရှိလိမ့်မယ်...ဒါပေမဲ့ သစ်ပင်ပေါ်က ဆင်းလာတဲ့အချိန်မှာ သူ့ရဲ့ ခွန်အားလှိုင်းတွေကို ကျွန်တော် သေချာ ကြည့်ခဲ့တယ်...”

“သူ့ရဲ့ အင်အားက ပေါင် ၁၀,၀၀၀ ကို နည်းနည်းလေးပဲ ကျော်တာ... ကျွန်တော့်နဲ့ ယှဉ်ချင်သေးရင် အများကြီး လိုပါသေးတယ်..."

ယန်နင်က ခေါင်းညိတ်လိုက်ပြီး ငြင်းခုံမနေတော့ပေ။

“သွားကြည့်ကြတာပေါ့... တကယ်ဆိုရင် သစ်သားရုပ်သေးမိစ္ဆာက ရိုဂယ်စခန်းထဲမှာ ရှိနေနိုင်တယ်... မဟုတ်ရင်လည်း ထားလိုက်တော့... ငါတို့ ပြန်ကြမယ်..."

“ကောင်းပြီ။ ဒါပေမဲ့ မပြန်ခင် အဲဒီကောင်လေးတွေကိုတော့ သင်ခန်းစာ ကောင်းကောင်း ပေးရမယ်..."

All Chapters