အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) - အလောင်းများ ပြန့်ကျဲနေသော မြင်ကွင်း
လော်မင်က ရှဟုန်၏ စကားကို ယုံကြည်ကာ သူနှင့်အတူ စခန်းသို့ ပြန်လိုက်လာခြင်းသည်၊ အနည်းဆုံးတော့ ရှဟုန်အပေါ် ကနဦးယုံကြည်မှုတစ်ခု ရှိနေကြောင်း ပြသနေလေသည်။
ရှဟုန် လိုအပ်နေသည်မှာလည်း ထိုမျှသော ယုံကြည်မှုလေးသာ ဖြစ်သည်။
သူလိုချင်သည်မှာ လော်မင် စခန်းသို့ ပြန်သွားပြီး တစ်ချက်လောက် စစ်ဆေးကြည့်ရန်သာ ဖြစ်ပေသည်။
ရိုဂယ်စခန်းတွင် ဘာမှ မဖြစ်ခဲ့လျှင် အကောင်းဆုံးပင် ဖြစ်ပြီး၊ ရှဟုန်ကိုယ်တိုင်လည်း ထိုသို့သာ ဖြစ်စေလိုခဲ့သည်။
လမ်းတစ်လျှောက် အမြန်သွားနေစဉ် ရှဟုန်က လော်မင်ကို မေးခွန်းအချို့ မေးမြန်းခဲ့ပြီး၊ အသေးစိတ် သိရှိလာပြီးနောက် လီဟူ၏ ရန်လိုမှုသည် မည်သည့်နေရာမှ ဖြစ်ပေါ်လာသည်ကို နားလည်သွားခဲ့လေသည်။
အစောပိုင်းက ဟုန်မူ၏ ဆွေးနွေးပြောဆိုမှုများက လီဟူကို လူရိုက်ချင်လောက်အောင် ဒေါသထွက်စေခဲ့ပြီးသား ဖြစ်လေသည်။
ထိုအချိန်မှာပင် ရှဟုန်က သစ်သားရုပ်သေးမိစ္ဆာ၏ လှည့်စားခြင်းကို ၄ ကြိမ်တိုင်တိုင် ခံခဲ့ရကြောင်း ထပ်ပြောပြလိုက်သည်။
ထို့ကြောင့် သူ ပြောလိုက်သော စကားသည် လီဟူ၏ အနာပေါ် တုတ်ကျသွားသလို ဖြစ်သွားခဲ့ခြင်းပင်။
သို့သော်လည်း ရှဟုန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လီဟူအပေါ် အထင်သေးစိတ် အနည်းငယ် ဖြစ်မိခဲ့လေသည်။
ဒီကို မလာခင် ပေရှိုးမြို့တွင် လူဦးရေ ၁၀၀,၀၀၀ ရှိကြောင်း ကြားသိခဲ့ရသည့်အချိန်က၊ ထိုနေရာမှ လာခဲ့သော ယန်နင်နှင့် လီဟူအပေါ် သူ အနည်းငယ် မျှော်လင့်ထားခဲ့လေသည်။
အကြောင်းရင်းမှာ နေရာတစ်ခုတွင် အားကောင်းသူ များလေလေ၊ လူသားများ၏ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်က ပို၍ လုံခြုံလေလေ၊ ယဉ်ကျေးမှုအဆင့်လည်း ပို၍ မြင့်မားလေလေ ဖြစ်သင့်သောကြောင့်ပင်။
ရေခဲချောက်နက်ကဲ့သို့ ရက်စက်သော ကမ္ဘာတွင်၊ ထိုသို့သော နေရာမျိုးသည် လူသားများအတွက် မီးပြတိုက်တစ်ခုနှင့် တူညီသင့်သည်။
မီးပြတိုက်မှ ထွက်လာသူများလည်း မဆိုးဝါးသင့်ပေ။
သို့သော် လော်မင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်တော့ အမှန်တရားမှာ ထိုသို့ မဟုတ်ကြောင်း သိလိုက်ရတော့သည်။
လီဟူသည် စိတ်ကျဉ်းမြောင်းရုံသာမက ဒေါသကြီး၊ မောက်မာပြီး သူတစ်ပါးကို အထင်သေးတတ်သည့် အကျင့်ဆိုးများစွာ ရှိသူတစ်ယောက် ဖြစ်သည်။
ဟုတ်ပေသည်။ ရှဟုန်ကတော့ ပေရှိုးမြို့ရှိ လူတိုင်း ဒီလိုပဲဟု မထင်ပေ။
ဥပမာအားဖြင့် လော်မင်သည် ယန်နင်အပေါ် အမြင်ကောင်းရှိနေပြီး၊ သူ့ကို ချီးကျူးပြောဆိုသည့် စကားများလည်း ရှိနေခဲ့သည်။
ကမ္ဘာကြီးသာ မတူညီသွားပေမယ့် လူ့သဘာဝကတော့ အတူတူပင်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့် စကားက ဘယ်နေရာမှာမဆို မှန်ကန်နေဆဲ ဖြစ်လေသည်။
ပေရှိုးမြို့ကဲ့သို့ လူဦးရေ ၁၀၀,၀၀၀ ကျော်ရှိသော အခြေချနေထိုင်ရာကြီးတွင် လူကောင်းနှင့် လူဆိုး ရောနှောရှိနေခြင်းမှာ သာမန်ပင် ဖြစ်သည်။
ထိုအချက်ကြောင့်လည်း ရှဟုန်သည် ပေရှိုးမြို့အပေါ် ထားရှိခဲ့သော မျှော်လင့်ချက်များ အနည်းငယ် လျော့ပါးသွားခဲ့လေသည်။
“ခေါင်းဆောင်ရှ၊ ခင်ဗျားက မြေတူးသမားအဆင့်ကို ရောက်နေပြီလား..."
ဤစကားကို လော်မင်က အလွန်အံ့ဩသည့် လေသံဖြင့် မေးလိုက်ခြင်း ဖြစ်လေသည်။
နှင်းပြင်ပေါ်တွင် အချိန်အတော်ကြာ ပြေးလာပြီးမှ၊ သစ်ခုတ်သမားအဆင့်ရှိ အခြားသူများက နောက်တွင် မီတာ ၁၀၀ ခန့် ကွာဟနေကြချိန်၌ ရှဟုန်ကတော့ အစဉ်အမြဲ သူ့ဘေးတွင် လိုက်ပါနေခဲ့သည်ကို သတိထားမိလိုက်ခြင်း ဖြစ်ပေသည်။
အခြေခံခွန်အား တိုးတက်လာခြင်းသည် ကိုယ်ခန္ဓာ၏ စွမ်းရည်အားလုံးကို တစ်ပြိုင်နက် မြှင့်တင်ပေးနိုင်ပြီး၊ ခွန်အားကို ထိန်းချုပ်နိုင်စွမ်းလည်း သိသိသာသာ တိုးတက်လာစေခဲ့သည်။ ထို့ကြောင့် နှင်းပြင်ပေါ်တွင် ပြေးနိုင်သည့် အမြန်နှုန်းမှာလည်း သစ်ခုတ်သမားအဆင့်နှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
ရှဟုန်က သူ့နောက် အမှီလိုက်နိုင်နေခြင်းသည်၊ သူလည်း မြေတူးသမားအဆင့်ကို ကျော်ဖြတ်ထားပြီး ဖြစ်ကြောင်း သဘာဝကျကျ သက်သေပြနေခဲ့သည်။
ရှဟုန်ကလည်း ဖုံးကွယ်မထားဘဲ ခေါင်းကို အသာညိတ်ပြလိုက်သည်။
ရှဟုန်၏ ယုံနိုင်စရာမရှိလောက်အောင် ငယ်ရွယ်သော မျက်နှာကို ကြည့်ရင်း၊ လော်မင်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ရင်ထဲရှိ အံ့ဩမှုသည်ပင် သံသယအဖြစ် ပြောင်းလဲလာတော့သည်။
မြေတူးသမားအဆင့်ကို ရောက်နေသည့် ရှဟုန်လို အသက်အရွယ်မျိုးကို သူ မမြင်ဖူးသည်တော့ မဟုတ်ပေ။
အဝေးမှာ သွားရှာနေစရာတောင် မလို။ ယန်နင်နှင့် လီဟူတို့ ၂ ယောက်သည်ပင် အသက်ရှင်နေသော ဥပမာများ ဖြစ်သည်။
ပြဿနာမှာ ရက်ဝုဒ်တောင်ကြော ပတ်ဝန်းကျင်၊ အထူးသဖြင့် မဟာရှစခန်းကဲ့သို့ သေးငယ်သော စခန်းမျိုးတွင် ထိုသို့ ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်ခြင်း ဖြစ်သည်။
ရှဟုန်၏ ပါရမီ မည်မျှ ထူးချွန်နေပါစေ၊ ရေခဲသားရဲအသား မလုံလောက်သည့် အတားအဆီးကိုတော့ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ရိုဂယ်စခန်းတွင် နှစ်ပေါင်းများစွာ ရေခဲသားရဲအသားကို ပုံမှန် ရရှိနေခဲ့သော်လည်း၊ ရှဟုန်လောက် ငယ်ရွယ်သူတစ်ယောက်ကို မြေတူးသမားအဆင့်အထိ ပြုစုပျိုးထောင်ပေးနိုင်လောက်အောင် မလုံလောက်သေးပေ။
‘ဒီရှဟုန်က... သစ်သားရုပ်သေးမိစ္ဆာ အသွင်ယူထားတာများလား...’
ထိုအတွေးသည် လော်မင်၏ စိတ်ထဲတွင် ပေါ်လာတော့သည်။
သူက နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ရှချွမ်၊ ယွမ်ချန်နှင့် သစ်ခုတ်သမားအဆင့်ရှိ ကျန် ၆ ယောက်သည်လည်း မသင့်လျော်လောက်အောင် ငယ်ရွယ်နေကြသည်ကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် သူသည် ရှဟုန်ကို ပို၍ သတိထားသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်တော့သည်။
လော်မင်၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်လိုက်သည်နှင့်၊ ရှဟုန်က သူ ဘာတွေးနေသည်ကို ချက်ချင်း သဘောပေါက်သွားလေသည်။
ရင်ထဲတွင် အနည်းငယ် အားမလိုအားမရ ဖြစ်မိသော်လည်း၊ လော်မင်၏ ထိုသို့ သတိကြီးသော စရိုက်ကိုတော့ သူ သဘောကျမိဆဲ ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင်၊ အကယ်၍ သူတို့သာ မဟုတ်ဘဲ အခြားလူတစ်စု ဖြစ်ခဲ့လျှင်၊ လော်မင်က သစ်သားရုပ်သေးမိစ္ဆာကို သံသယဝင်နေခြင်းမှာ အဆင်အခြင်မဲ့ရာ မကျပေ။
“ခေါင်းဆောင်လော်၊ အတွေးလွန်မနေပါနဲ့.... စခန်းကို အရင်ပြန်ကြရအောင်.... ခင်ဗျားတို့ စခန်းမှာ ကံဆိုးတဲ့အဖြစ်တစ်ခု ဖြစ်နေပြီးသားဆိုတာ ကျွန်တော် ၉၀ ရာခိုင်နှုန်း သေချာတယ်...”
မမျှော်လင့်ထားသော အခြေအနေများ ထပ်မဖြစ်စေရန်၊ ရှဟုန်က ထိုစကားကို ထပ်ပြောလိုက်သည်။ ထိုစကားသည် လော်မင်ကို ကြိုတင် သတိပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
လော်မင်ကလည်း ရှဟုန်၏ အဓိပ္ပာယ်ကို သဘာဝကျကျ နားလည်လိုက်ပြီး၊ မျက်နှာအရောင် အနည်းငယ် ပြောင်းသွားကာ ခြေလှမ်းများကို သိသိသာသာ ပိုမြန်လိုက်လေသည်။
မကြာမီတွင် သူတို့ ၂ ယောက်သည် ကျန်လူများထက် အရင် ရိုဂယ်စခန်းရှိရာ ချိုင့်ဝှမ်းဝင်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။ နောက်မှ လိုက်လာသူများလည်း သိပ်မဝေးသဖြင့် မကြာခင်မှာပင် အမီလိုက်ရောက်လာကြလေသည်။
ချိုင့်ဝှမ်းဝင်ပေါက်ရှိ ကျောက်တုံးနှင့် သစ်သားအပုံမှာ သူတို့ ထွက်သွားစဉ်ကအတိုင်း မပြောင်းလဲသေးသည်ကို မြင်လိုက်ရသဖြင့်၊ လော်မင်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်တော့သည်။
သို့သော် ထိုသက်သာမှုသည် ခဏတာသာ ဖြစ်လေသည်။
လော်မင်က ကျောက်ပုံ၏ ဘယ်ဘက်သို့ အမြန်ပတ်သွားပြီး၊ ဆွေးမြေ့နေသော သစ်သားပုံကြားထဲမှ ဝင်ပေါက်ကို ပိတ်ထားသည့် သစ်လုံးကြီးကို တွေ့လိုက်ရသည်။
ထိုသစ်လုံးကြီးသည် အချင်း ၅ မီတာကျော်၊ အရှည် မီတာ ၅၀ ကျော်ရှိပြီး၊ အလေးဆုံးဖြစ်သော ရွှေကြေးခွံနှင်းပင်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
ပုံမှန်ဆိုလျှင် လူအများအပြား ပူးပေါင်းဆွဲမှသာ ရွှေ့နိုင်မည် ဖြစ်သော်လည်း၊ လော်မင်သည် မြေတူးသမားအဆင့် ဖြစ်နေပြီဖြစ်၍ တစ်ယောက်တည်းလည်း ဆွဲနိုင်ပေသည်။
သို့သော် လော်မင် အနည်းငယ် အားစိုက်နေရသည်ကို မြင်လိုက်ရသဖြင့်၊ ရှဟုန်က ရှေ့တိုးသွားပြီး သူနှင့်အတူ သစ်လုံးကို ဆွဲထုတ်ပေးလိုက်သည်။
ရိုဂယ်စခန်းမှ မြေတူးသမားအဆင့်ရှိ ကျန် ၃ ယောက်လည်း ချက်ချင်း ဝင်ကူလိုက်ကြလေသည်။
မြေတူးသမားအဆင့် ၅ ယောက် ပူးပေါင်းလိုက်သောအခါ၊ ထိုသစ်လုံးကြီးက မည်မျှပင် လေးနေပါစေ ပြဿနာ မဟုတ်တော့ပေ။
ဘုန်း...
သစ်လုံးကြီးသည် တည့်တည့်မတ်မတ် ဆွဲထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
သို့သော် ထိုအသံ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက်၊ ရှဟုန်၊ လော်မင်နှင့် ထိုနေရာရှိ လူအားလုံး၏ မျက်နှာအရောင် ချက်ချင်း ပြောင်းလဲသွားလေသည်။
အကြောင်းရင်းမှာ စခန်းဘက်သို့ မျက်နှာမူထားသော သစ်လုံး၏ အဆုံးတစ်ဖက်တွင် သွေးစွန်းနေသော လူ့လက် ၆ ဖက်ကို ချိတ်ဆွဲထားပြီး၊ ဘေးတွင်လည်း အသားစနှင့် သွေးအမြှုပ်များ ပြန့်ကျဲနေသောကြောင့်ပင်။
“မကောင်းတော့ဘူး... အားလုံး ငါနောက်ကို အမြန်လိုက်ခဲ့..."
ထိုစကားကို လော်မင်က ထိတ်လန့်မှုအပြည့်ဖြင့် အော်ဟစ်လိုက်ပြီး၊ တစ်ချက်တည်း ခုန်ဝင်ကာ ဝင်ပေါက်ထဲသို့ ပြေးဝင်သွားလေသည်။
သူ့နောက်မှ ရိုဂယ်စခန်းရှိ မြေတူးသမားအဆင့်နှင့် သစ်ခုတ်သမားအဆင့် စုစုပေါင်း ၂၈ ယောက်လုံးလည်း မျက်နှာအရောင် အကြီးအကျယ် ပြောင်းလဲသွားကာ ချက်ချင်း လိုက်ဝင်သွားကြတော့သည်။
ရှဟုန်၏ မျက်နှာလည်း သိသိသာသာ ပြောင်းလဲသွားသော်လည်း၊ သူက အလောတကြီး မဝင်ခဲ့ပေ။
ယင်းအစား ရင်ခွင်ထဲမှ ရင့်ခဲမီးဆီ တစ်တုံးကို ထုတ်ယူပြီး ရှချွမ်ထံ လှမ်းပေးလိုက်သည်။
“ချွမ်၊ မင်း မဝင်နဲ့... ရင့်ခဲမီးဆီကို ဝင်ပေါက်အပြင်ဘက် တစ်လျှောက်လုံး သုတ်ထားလိုက်... ကျန်တာကို ကိုင်ထားပြီး ဒီမှာပဲ စောင့်နေ... ဘယ်သူပဲ ထွက်လာထွက်လာ၊ မျက်နှာကို တန်းပစ်လိုက်..."
“နားလည်ပါတယ်၊ ခေါင်းဆောင်..."
“ကျန်တဲ့သူတွေ၊ ငါနောက်ကို အမြန်လိုက်ခဲ့..."
ထိုစကားပြောပြီးသည်နှင့် ရှဟုန်လည်း ယွမ်ချန်၊ ယွီဖုန်းနှင့် ကျန် ၅ ယောက်ကို ခေါ်ကာ အမြန် ဝင်ပြေးသွားလေသည်။
တကယ်တော့ ထိုသွေးစွန်းနေသော လူ့လက် ၆ ဖက်ကို မြင်လိုက်ကတည်းက၊ စခန်းအတွင်း၌ မည်သို့သော ကြေကွဲဖွယ်မြင်ကွင်း ရှိနေမည်ကို ရှဟုန် စိတ်ထဲတွင် ခန့်မှန်းထားပြီးသား ဖြစ်သည်။
သို့သော် ရိုဂယ်စခန်း အတွင်းသို့ အမှန်တကယ် ခြေချလိုက်သည့်အချိန်တွင်တော့ သူ၏ ဦးရေပြားပင် ထုံကျဉ်သွားမိတော့သည်။
မြေတစ်ပြင်လုံးတွင် အလောင်းများ ပြန့်ကျဲနေသည်...
မျက်စိတစ်ဆုံး ကြည့်လိုက်သမျှ နေရာတိုင်းတွင် အလောင်းများသာ ရှိနေပြီး၊ ခြေလှမ်းတိုင်း၌ သွေးများ စွန်းထင်းနေသည်...
ပြင်းထန်လွန်းသော သွေးညှီနံ့သည် မြူခိုးတစ်ခုအလား ချိုင့်ဝှမ်းတစ်လျှောက် လွင့်မျောနေသည်...
ပြတ်တောက်နေသော လက်ခြေများ နေရာအနှံ့ ပြန့်ကျဲနေပြီး၊ အသားစများကိုလည်း နေရာတိုင်းတွင် မြင်တွေ့နိုင်သည်...
မြေပြင်ပေါ် လဲကျနေသော အလောင်းများမှာ တစ်လောင်းမှပင် အကောင်းပကတိ မကျန်တော့ပေ။
အချို့မှာ ခေါင်းတစ်ဝက် ခုတ်ဖြတ်ခံထားရသည်။ အချို့မှာ ခါးမှ နှစ်ပိုင်းပြတ်သွားခဲ့သည်။ အချို့မှာ ခြေထောက်များ ဖြတ်တောက်ခံထားရသော်လည်း မြေပြင်ပေါ်တွင် အသည်းအသန် ရုန်းကန်နေဆဲ ဖြစ်သည်။
ထိုလူများထဲတွင် အသက်အရွယ်မျိုးစုံ ပါဝင်ပြီး၊ နို့စို့အရွယ် ကလေးငယ်များပင် မလွတ်မြောက်ခဲ့ပေ။ သို့သော် ကလေးငယ်များ၏ အသက်ရှင်လိုစိတ်မှာ လူကြီးများလောက် မပြင်းထန်သဖြင့်၊ အချို့မှာ အသားတုံးအဖြစ် ရိုက်ချေခံထားရပြီး၊ အချို့မှာ ထက်မြက်သော လက်နက်ဖြင့် အပိုင်းပိုင်း ခုတ်ဖြတ်ခံထားရလေသည်။
ချိုင့်ဝှမ်းတစ်ခုလုံးတွင် အားပျော့သော ငိုကြွေးသံများနှင့် ညည်းတွားတွားသံများသာ ပြည့်နှက်နေပြီး၊ မြေပြင်ပေါ်၌ အကောင်းပကတိ အသက်ရှင်နေသူ တစ်ယောက်တစ်လေမျှ မတွေ့ရတော့ပေ။
“အားးးးးးးးးးးးးးးးးးးးးးးးးးးးး...”
ထိတ်လန့်မှု... ဝမ်းနည်းမှု... ဒေါသ… နောင်တ…
ရူးသွပ်မှု... မယုံကြည်နိုင်မှု...
ခံစားချက်ပေါင်းများစွာ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာပြီး၊ လော်မင်၏ စူးရှလွန်းသော အော်ဟစ်သံသည် ချိုင့်ဝှမ်းတစ်ခုလုံးကို ထိုးဖောက်ကာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားတော့သည်။
ရှဟုန်လည်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး၊ ရှေ့ရှိ လော်မင်နှင့် အခြားသူများကို ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် စာနာမှု အရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားလေသည်။
လော်မင်၏ အော်ဟစ်သံထဲမှ အခြားသူများသည် များစွာ မကြားနိုင်ကြပေ။
သို့သော် ရှဟုန် ကြားလိုက်ရသည်မှာ ထူထဲလေးလံလွန်းသော ဝေဒနာနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့သာ ဖြစ်တော့သည်။
ယခင်က မိမိ၏ စခန်းတစ်ခုလုံး အသတ်ခံရသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသော ရှီချင်းနှင့် တစ်ထပ်တည်းပင် ဖြစ်ပေသည်။