← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (၂၀၂) အကူအညီတောင်းခြင်း

လျူအာကျူးသည် ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ရာ တကယ်ကို အရသာရှိလှကြောင်း တွေ့လိုက်ရသည်။

ဤမျှကောင်းမွန်သော လက်ဖက်ရည်ကို ထုတ်တိုက်သည်ဆိုကတည်းက ညွှန်ကြားရေးမှူးဟောင်တွင် အကူအညီတောင်းစရာ တစ်ခုခုရှိနေနိုင်ကြောင်း သူ နားလည်လိုက်၏။

လျူဟိုင်သည် ကောင်းမွန်သောအရာများကို မမြည်းစမ်းဖူးခဲ့ပေ။ သူသည် အရသာကွဲပြားမှုကို မခွဲခြားတတ်သော်လည်း ဤလက်ဖက်ခြောက်များမှာ သူပုံမှန်သောက်နေကျ အမှုန့်အဖတ်များကဲ့သို့မဟုတ်ဘဲ အတော်လေး အပွင့်လိုက် အဖတ်လိုက်ဖြ စ်နေကြောင်းကိုတော့ သိရှိသည်။

"ညွှန်ကြားရေးမှူးဟောင်... လက်ဖက်ရည်က အရမ်းကောင်းတာပဲ..."

လျူအာကျူးက ချီးကျူးလိုက်သည်။

"ရဲဘော်လေးကလည်း လက်ဖက်ရည်ကောင်းကို ခံစားတတ်ပုံရတယ်... ပြီးရင် မင်းကို နှစ်ဘူးလောက် ထည့်ပေးလိုက်မယ်..."

ညွှန်ကြားရေးမှူးဟောင်က ပြုံးရွှင်စွာဖြင့် ပြောလေသည်။

"အဲဒါက အလောတကြီးမဟုတ်ပါဘူး... ခင်ဗျားမှာ ပြောစရာရှိရင် တိုက်ရိုက်သာပြောပါ... စကားကို လှည့်ပတ်မနေပါနဲ့..."

ညွှန်ကြားရေးမှူးဟောင် အချိန်ဆွဲနေသေးသည်ကို မြင်သောအခါ လျူအာကျူးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

လျူအာကျူးက သူ၏ရည်ရွယ်ချက်ကို ရိပ်မိသွားသည်ကို မြင်သောအခါ ညွှန်ကြားရေးမှူးဟောင်က ဆက်လက်၍ မဖုံးကွယ်ထားတော့ပေ။ သူ၏မျက်နှာပေါ်တွင် တောင်းပန်ဟန်များ ပေါ်လာပြီး ပြောလိုက်သည်။

"ရဲဘော်အာကျူး... ငါ့သမီးက စီးပွားရေးဗျူရိုက ဒုတိယညွှန်ကြားရေးမှူးကို ပြစ်မှားမိသွားလို့လေ... အဲဒီ

ဒုတိယညွှန်ကြားရေးမှူးက ငါ့အပေါ် အရမ်းမကျေမနပ်ဖြစ်နေပြီး ငါ့ကို အစားထိုးချင်နေတယ်... မင်းနဲ့ ဌာနမှူးချန်က ဆက်ဆံရေးကောင်းတယ် မဟုတ်လား... ငါ့အတွက် ကောင်းရာကောင်းကျိုးလေး ပြောပေးဖို့ သူ့ကို အကူအညီတောင်းပေးလို့ ရမလား... အဲ့ကိစ္စသာ ဖြေရှင်းပြီးသွားရင် နောက်ပိုင်း မင်းလိုချင်တဲ့ အရိုးကြေတွေ အားလုံးကို အခမဲ့ ပေးပါ့မယ်... အသားဝယ်ချင်တယ်ဆိုရင်တောင် မင်းအတွက် အထူးအခွင့်အရေး စီစဉ်ပေးလို့ရတယ်..."

ထိုအရိုးကြီးများအတွက် သီးသန့်ရောင်းချရမည့်နေရာများ ရှိသော်လည်း ကျိုးကြေနေသော အရိုးကြေများကိုမူ မည်သူမျှ မလိုချင်ကြပေ။ လျူအာကျူးက ထိုအရာများကို လိုအပ်ပါက ညွှန်ကြားရေးမှူးဟောင်၏ စကားတစ်ခွန်းဖြင့်ပင် အလွယ်တကူ ပေးနိုင်သည်။

အစိုးရဌာနများအတွင်း၌ မှန်ကန်သော အကွက်ချလှုပ်ရှားမှုများရှိပါက ယွမ်သန်းထောင်ချီ တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုကိုပင် တစ်ယွမ်တည်းဖြင့် ရောင်းချနိုင်သည်။ ဤအရိုးပုံလောက်ကိုများ ဘာကြောက်စရာရှိမည်နည်း။

အရိုးကြေများကို အခမဲ့ရမည်ဟု ကြားလိုက်ရသောအခါ လျူဟိုင်၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားသည်။ ဤသည်မှာ အလွန်ကြီးမားသော အမြတ်ပင်ဖြစ်၏။

သို့သော် ဤကိစ္စတွင် စီးပွားရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး ပါဝင်ပတ်သက်နေသောကြောင့် သူ တစ်ခွန်းမျှ ဝင်မပြောရဲပေ။ ထိုသို့သော အရေးပါသူတစ်ယောက်မှာ သူ ဝေဖန်နိုင်သောသူ မဟုတ်သလို ဤကဲ့သို့သော ကိစ္စမျိုးမှာလည်း သူလို တပ်မဟာခေါင်းဆောင် သာမန်တစ်ယောက်အနေဖြင့် အကြံပြုချက် ပေးနိုင်သောအရာမျိုး မဟုတ်ပေ။

အာကျူးဇီမှာ တကယ့်ကို အထင်ကြီးစရာပင်။ သားသတ်ရုံ၏ ညွှန်ကြားရေးမှူးကပင် သူ့ကို အကူအညီ တောင်းနေရသည်အထိပင်။

လျူဟိုင်သည် လျူအာကျူးအား မနာလိုအားကျမှုအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

တကယ်တော့ လျူအာကျူးသည် လွန်ခဲ့သောအကြိမ်က ချန်ဟုန်ယွင်ထံမှ ဤအကြောင်းကို ကြားခဲ့ဖူးသည်။

ညွှန်ကြားရေးမှူးဟောင်၏ သမီးကို ဒုတိယညွှန်ကြားရေးမှူး၏ သားက မျက်စိကျခဲ့သော်လည်း ကောင်မလေးက သူ၏ မသန်စွမ်းမှုကို မနှစ်သက်သဖြင့် လက်ခံရန် ငြင်းဆန်ခဲ့ရာမှ အဆုံးတွင် ဒုတိယညွှန်ကြားရေးမှူးကို ဒေါသထွက်စေခဲ့ခြင်းဖြစ်သည်။

သားသတ်ရုံမှာ စီးပွားရေးဗျူရို၏ အုပ်ချုပ်မှုအောက်တွင် ရှိလေသည်။ နိုင်ငံပိုင်လုပ်ငန်းခွင်မှ လူတစ်ယောက်ကို တိုက်ရိုက်ထုတ်ပစ်ရန် မလွယ်ကူသော်လည်း ရာထူးပြောင်းရွှေ့ရန်တော့ သေချာပေါက် လုပ်နိုင်သည်။

သူတို့သည် သင့်ကို ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်နိုင်သလို တစ်သက်လုံး ရာထူးမတက်ဘဲ အေးစက်စက်ခုံပေါ်တွင်သာ ထိုင်နေစေရန်လည်း လုပ်နိုင်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ကမှ

သူ၏သမီးကို စီးပွားရေးဗျူရိုထဲသို့ သွင်းရန် ကြံစည်နေခဲ့သော ညွှန်ကြားရေးမှူးဟောင်သည် ယခုအခါ သူ၏ ကိုယ်ပိုင်အလုပ်ကိုပါ ဆုံးရှုံးရမည့်အခြေအနေသို့ ရောက်နေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

"အဲ့ကိစ္စနဲ့ပတ်သက်ပြီး အခြားသူတွေကို ဘာလို့ အကူအညီမတောင်းတာလဲ... တခြားဌာနတွေမှာ ခင်ဗျားမိတ်ဆွေတွေ အများကြီးရှိတယ် မဟုတ်လား... အပြင်မှာ ခင်ဗျားကို တွေ့ချင်လို့ တန်းစီနေတဲ့ လူအုပ်ကြီးကိုပဲ ကြည့်ပါဦး..."

လျူအာကျူးက မေးလိုက်သည်။

ညွှန်ကြားရေးမှူးဟောင်က ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"သူတို့က အားကိုးလို့ မရပါဘူးကွာ..."

တကယ်တော့ သူသည် သူ၏မိတ်ဆွေများကို အကူအညီမတောင်းဘဲနေခဲ့ခြင်း မဟုတ်ပေ။

သူ့အပေါ် အမြဲတမ်း ဂရုစိုက်ပြီး အလွန်အမင်း ရိုသေလေးစားဟန်ပြတတ်သော စက်ရုံမှူးများ၊ ဌာနမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများသည်ပင် ညွှန်ကြားရေးမှူးဟောင်က စီးပွားရေးဗျူရို၏ ခေါင်းဆောင်တစ်ဦးကို ပြစ်မှားမိကြောင်း ကြားလိုက်ရသောအခါ သူတို့၏ တက်ကြွမှုများပျောက်ကွယ်သွားပြီး ဟန်ဆောင်ကာ ရှောင်ဖယ်သွားကြသည်။

လူအများက သူ့ကို ရိုသေကြခြင်းမှာ အဓိကအားဖြင့် အသားအနည်းငယ် ရလိုသောကြောင့်ပင် ဖြစ်သည်။

အကယ်၍ သူတို့သာ စီးပွားရေးဗျူရိုမှ ခေါင်းဆောင်တစ်ဦးကို ပြစ်မှားမိပါက အသားမရနိုင်တော့သည့်အပြင် အခြားပစ္စည်းများ ဝယ်ယူရန်ပင် ခက်ခဲသွားနိုင်သည်။

ထို့ကြောင့် ညွှန်ကြားရေးမှူးဟောင်သည် ပုံမှန်အားဖြင့် အာဏာရှိသူတစ်ဦးကဲ့သို့ ထင်ရသော်လည်း အရေးကြီးသောအချိန်သို့ ရောက်သောအခါ မည်သူ့ကိုမျှ အားကိုး၍မရနိုင်ခဲ့ပေ။ ဟိုဟိုဒီဒီ လှည့်ပတ်သွားပြီးနောက် အဆုံးတွင် လျူအာကျူးထံသို့သာ လာရောက်တောင်းပန်နိုင်တော့သည်။

ညွှန်ကြားရေးမှူးဟောင်၏ စိတ်သောကရောက်နေသော ပုံစံကိုကြည့်ရင်း လျူအာကျူးက သူ၏စိတ်ထဲတွင် အကျိုးအပြစ်များကို တိတ်တဆိတ် ချိန်ဆနေသည်။

ရိုးရိုးသားသားပြောရလျှင် ချန်ဟုန်ယွင်နှင့် ဆက်ဆံရေးရှိသောကြောင့် မည်သူပင် ညွှန်ကြားရေးမှူးဖြစ်လာစေကာမူ သူသည် အရိုးကြေများကို ဝယ်ယူနိုင်သေးသည်။

အကယ်၍ သူသည် ဤကိစ္စတွင် ညွှန်ကြားရေးမှူးဟောင်ကို မကူညီခဲ့လျှင်တောင် ညွှန်ကြားရေးမှူးဟောင်က သူ့ကို အရိုးကြေများ မရောင်းဘဲနေရန် ရဲမည်မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် ပို၍ပင် မြန်မြန်ဆန်ဆန် ထုတ်ပယ်ခံရမည်သာ ဖြစ်သည်။

ဤသို့တွေးမိသောအခါ လျူအာကျူးသည် ဤပြဿနာများသော ကိစ္စထဲတွင် ဝင်မပါချင်တော့ပေ။

ထိုသူမှာ စီးပွားရေးဗျူရို၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သည်။ ချန်ဟုန်ယွင်သည် သူနှင့် ဆက်ဆံရေးကောင်းမွန်ပြီး ရာထူးတိုးရန် အရေးကြီးသောကာလတွင် ရှိနေသည်ဖြစ်ရာ ဤအချိန်၌ ပြဿနာသွားရှာရန် တကယ့်ကို မလိုအပ်ပေ။

"ညွှန်ကြားရေးမှူးဟောင်... ကျွန်တော် မကူညီချင်တာ မဟုတ်ပါဘူး... တကယ်တော့ ကျွန်တော့်ရာထူးက နိမ့်ကျပြီး ကျွန်တော့်စကားတွေက အလေးအနက်မရှိလို့ပါ..."

"ကျွန်တော် ဌာနမှူးချန်နဲ့ အတူတူ သောက်စားလေ့ရှိတာကို ကြည့်ပြီး အထင်မလွဲပါနဲ့... ကျွန်တော်တို့က သောက်ဖော်သောက်ဖက်တွေလောက်ပါပဲ... တကယ်တော့ အခုဆို ကျွန်တော်က သူ့ရဲ့ လက်အောက်ငယ်သားတောင် ဖြစ်နေပြီ... ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားအတွက် ကူညီပြောပေးနိုင်မှာလဲ..”

လျူအာကျူးက လက်ကိုဖြန့်ကာ ငြင်းဆိုလိုက်သည်။

ညွှန်ကြားရေးမှူးဟောင်သည် လျူအာကျူး၏ စကားများကို လုံးဝ မယုံကြည်ပေ။ သူ စုံစမ်းပြီးဖြစ်လေသည်။ လျူအာကျူးသည် ချန်ဟုန်ယွင် ဖခင်ဖြစ်သူ၏ ရောဂါကို ကုသပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သောအကြိမ်က ရုံးခန်းထဲတွင် လျူအာကျူးအပေါ်ထားရှိသော ချန်ဟုန်ယွင်၏ သဘောထားမှာ သိသိသာသာ ကွာခြားနေခဲ့သည်။

ဤသည်မှာ ဝင်မပါချင်သောကြောင့် လျူအာကျူး ပေးသော ဆင်ခြေမှန်း သိသာလှသည်။

ညွှန်ကြားရေးမှူးဟောင်က အနည်းငယ် နာကြည်းမိသွားသည်။ ဤလူများသည် ပုံမှန်အားဖြင့် သူ့အပေါ် လေးစားမှု၊ ယဉ်ကျေးမှုနှင့် ဖားယားမှုများဖြင့် ဆက်ဆံလေ့ရှိကြသည်။

ယခု သူ တကယ် အကူအညီလိုအပ်နေချိန်တွင်တော့ သူတို့အားလုံးက ကျောခိုင်းသွားကြပြီး သူ့ကို မသိချင်ယောင် ဆောင်နေကြလေပြီ။

သူသည် လျူအာကျူးကို အရိုးကြေများ မရောင်းဘဲ ငြင်းပယ်ပစ်လိုက်ချင်စိတ်ဖြင့် သွားကို တင်းတင်းကြိတ်ထားမိလေသည်။

သို့သော် လျူအာကျူး၏ အနောက်မှ ချန်ဟုန်ယွင်ကို သူ မပြစ်မှားရဲကြောင်း သတိရလိုက်ကာ ဒေါသကို အတင်းအကျပ် မျိုသိပ်လိုက်ပြီး သွားကိုကြိတ်ကာ ပြုံးပြလိုက်သည်။

“ကောင်းပါပြီ... ဒါဆို အရိုးတွေဝယ်ဖို့ ကိစ္စကိုပဲ ဆွေးနွေးကြတာပေါ့... တစ်ကျင်းကို ငါးဖန်ဆို အဆင်ပြေမလား..."

"ပြဿနာမရှိပါဘူး..."

လျူအာကျူးက အလွယ်တကူ သဘောတူလိုက်သည်။

ဤဈေးနှုန်းမှာ အလွန်မျှတလှသည်။

လျူဟိုင်က တွက်ချက်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် သူတို့ အရိုးကြေ တစ်ထောင်ကျင်း ဝယ်မည်ဆိုပါက ယွမ် ၅၀ဆိုလျှင် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

သူက ငွေများကို ကမန်းကတန်း ထုတ်ယူကာ ကမ်းပေးလိုက်သည်။

ညွှန်ကြားရေးမှူးဟောင်က လက်ကာပြလိုက်သည်။ ဤငွေများကို စာရင်းကိုင်ထံသို့ ပေးရမည် ဖြစ်သည်။

သူသည် ထိုနှစ်ယောက်ကို အရိုးကြေများ သွားယူရန် ခေါ်ဆောင်သွားရန် မတ်တတ်ထရပ်လိုက်စဉ်မှာပင် ရုံးခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။ ချိုင်းထောက်ကို အားပြုကာ အတော်လေး အားနည်းပုံရသော လူငယ်တစ်ယောက် ဝင်လာလေသည်။ သူက ညွှန်ကြားရေးမှူးဟောင်ကို ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျား စဉ်းစားပြီးပြီလား... ခင်ဗျားသမီးက ကျုပ်နဲ့ တွဲမှာလား မတွဲဘူးလား... ခင်ဗျား ဒီအလုပ်ကို လိုချင်သေးရဲ့လား..."

လျူအာကျူးသည် ထိုလူငယ်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ ဤသူမှာ စီးပွားရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး၏ သားဖြစ်မည်မှာ သေချာသည်။

ကောင်မလေးက သူနှင့် တွဲရန် ဆန္ဒမရှိသည်မှာလည်း အံ့သြစရာတော့ မဟုတ်ပေ။

ခြေထောက် မသန်စွမ်းသည်က တစ်ကဏ္ဍ၊ ရုပ်ဆိုးသည်က တစ်ကဏ္ဍ ဖြစ်ပြီး မသန်စွမ်းမှုနှင့် ရုပ်ဆိုးခြင်းတို့မှာ မွေးရာပါဖြစ်သောကြောင့် မည်သူမျှ ထိန်းချုပ်၍မရနိုင်ပေ။

သို့သော် ဤကောင် စကားပြောဆိုသည့် အမူအရာကို ကြည့်ရုံဖြင့် သူသည် လူကောင်းတစ်ယောက် မဟုတ်ကြောင်း သိသာနိုင်သည်။

မာနထောင်လွှားပြီး အထင်သေးတတ်သော အမူအရာက သူ၏ အနိုင်ကျင့်တတ်သော သဘာဝကို အပြည့်အဝ ဖော်ပြနေသည်။ သူသည် ညွှန်ကြားရေးမှူးဟောင်၏ သမီးနှင့် တွဲချင်သည်မှာ သိသာသော်လည်း မှန်ကန်သော နည်းလမ်းများကို အသုံးမပြုဘဲ ကောင်မလေး၏ အလုပ်အကိုင်ကို ပိတ်ပင်ရန်နှင့် သူမ၏ ဖခင်ဖြစ်သူကိုပါ ခြိမ်းခြောက်ရန် ကြိုးစားနေခြင်းဖြစ်သည်။

ညွှန်ကြားရေးမှူးဟောင်သည် ဤကောင်လေး ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ဒေါသကို မြိုသိပ်ကာ ပြောလိုက်သည်။

"ရဲဘော်လင်း... နောက်ပိုင်း မလာတာပဲ ကောင်းလိမ့်မယ်... ငါ့သမီးမှာ ရည်းစားရှိနေပြီ..."

"ရည်းစားရှိနေပြီလား..."

ထိုစကားကို ကြားသောအခါ လူငယ်လေးမှာ ချက်ချင်းပင် ဒေါသတကြီး ဖြစ်သွားလေသည်။

"ဘယ်သူလဲ... အဲဒါက ဘယ်သူလဲဆိုတာ ငါ့ကိုပြောစမ်း... ဒီခရိုင်ထဲမှာ ငါ မျက်စိကျထားတဲ့လူကို ဘယ်သူကများ လုရဲတာလဲ..."

ထိုသို့ပြောပြီးနောက် လူငယ်လေးက သူ့အာရုံကို လျူအာကျူးထံသို့ ရုတ်တရက် ပြောင်းလိုက်ပြီး ခြိမ်းခြောက်သည့်လေသံဖြင့် မေးလိုက်သည်။

“အဲဒါက မင်းလားကွ..."

လျူအာကျူးသည် သူ၏ အထောက်အထားမရှိ စွပ်စွဲမှုများကို မကျေမနပ်ဖြစ်သွားသော်လည်း ရှင်းပြလိုက်သည်။

"ကျွန်တော် မဟုတ်ပါဘူး..."

"မင်း မဟုတ်ဘူးဆိုရင်လည်း ထွက်သွားစမ်း... ငါ ဒီနေရာမှာ စီးပွားရေးအကြောင်း ဆွေးနွေးနေတာကို မတွေ့ဘူးလား... ငါ ဘယ်သူလဲဆိုတာ မင်း သိလား... စီးပွားရေးဗျူရိုက ဒုတိယညွှန်ကြားရေးမှူး လင်းမုန့်ကို သိလား... အဲဒါက ငါ့ရဲ့ အဖေအရင်းပဲကွ..."

လူငယ်လေးက ဆဲရေးတိုင်းထွာကာ သူ၏ အဆင့်အတန်းကို ကြွားလုံးထုတ်သည်။

ထိုစကားကို ကြားသောအခါ လျူဟိုင်က ထွက်သွားရန်အတွက် လျူအာကျူးကို ကမန်းကတန်း ဆွဲခေါ်လိုက်သည်။

ထိုသို့သော အရေးပါသူတစ်ယောက်မှာ သူတို့ ရန်စနိုင်သောသူ မဟုတ်ပေ။

လျူအာကျူးသည် လူငယ်လေး၏ မာနထောင်လွှားမှုကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း မသန်စွမ်းသူတစ်ယောက်နှင့် အငြင်းပွားရန် အချိန်မဖြုန်းချင်ပေ။

"ညွှန်ကြားရေးမှူးဟောင်... ဒါဆို ကျွန်တော် အရင်သွားပြီး ပစ္စည်းတွေ သွားယူလိုက်ပါဦးမယ်..."

"ငါလည်း မင်းနဲ့လိုက်ခဲ့မယ်..."

ညွှန်ကြားရေးမှူးဟောင်ကလည်း ထိုလူငယ်လေးနှင့် စကားများများမပြောချင်တော့သဖြင့် နောက်မှ လိုက်လာခဲ့သည်။

"ဟေး... ခင်ဗျား မသွားနဲ့လေ... ကျုပ် စကားပြောလို့ မပြီးသေးဘူး..."

လူငယ်လေးက အလိုအလျောက်ပင် ညွှန်ကြားရေးမှူးဟောင်ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သည်။

သို့သော် တောင့်တင်းခိုင်မာသော ညွှန်ကြားရေးမှူးဟောင်က အနည်းငယ် တွန်းဖယ်လိုက်ရာ လူငယ်လေးမှာ ဟန်ချက်ပျက်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျကာ မျက်နှာနှင့် မြေကြီး မိတ်ဆက်သွားလေတော့သည်။

မျက်နှာပေါ်တွင် ဖုန်များပေကျံနေပြီး ရှေ့သွားတစ်ချောင်း ကျိုးထွက်သွားသော လူငယ်လေးကို ကြည့်ကာ လျူအာကျူးမှာ အသံထွက်၍ပင် မရယ်ဘဲ မနေနိုင်တော့ပေ။

All Chapters