အခန်း ၂၀၆
Vol. 21 Ch. 206
အခန်း (၂၀၆) လျူဟိုင်သည်လည်း ကျဆုံးသွားလေပြီလော
မူလက လျူအာကျူးသည် ဤနေရာသို့ ဟင်းသီးဟင်းရွက်အချို့ လာပို့ရုံဖြင့် ကိစ္စပြီးပြတ်သွားပြီဟု ထင်မှတ်ထားခဲ့သည်။
သို့သော် အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့က သူ့အား လျူဟိုင်နှင့်အတူ ရုံးခန်းထဲသို့ ဖိတ်ခေါ်ကာ ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာကို ဖြန့်ဖြူးမည့် အစီအစဉ်များ ဆွေးနွေးကြလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ပေ။
လျူဟိုင်နှင့် လျူရှို့လင်တို့က ဤကိစ္စကို ရာခိုင်နှုန်းပြည့် သဘောတူထောက်ခံကြသည်။
သူတို့၏ သဘောတူညီမှုကို မြင်သောအခါ လျူအာကျူးကမူ ကွဲပြားသော အတွေးအမြင်များ ရှိနေခဲ့၏။
အဘယ်ကြောင့်ဆိုသော် ဤကာလ၌ လူတို့၏ စိတ်နေသဘောထားများမှာ အလွန်ရှုပ်ထွေးလှသောကြောင့် ဖြစ်သည်။
အချို့လူများသည် ထမင်းဝဝလင်လင် မစားရမှန်း သိသာသော်လည်း ဂုဏ်သိက္ခာကို မြတ်နိုးကြကာ မိမိတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို နိုင်ငံတော်အတွက် ပေးဆပ်ချင်ကြသည်။
အချို့ကမူ အဆုံးအစမဲ့ လောဘကြီးကြပြီး အရာအားလုံးကို မိမိတို့အိတ်ကပ်ထဲသို့သာ ထည့်ချင်ကြ၏။
အခြားသူများကမူ အရည်အချင်းရှိသူများကို မနာလိုဖြစ်ကြကာ မိမိတို့ထက် အနည်းငယ် ပို၍ အခြေအနေကောင်းနေသူများကိုပင် မကြည့်ရက်နိုင်ကြပေ။
ဤအစီအစဉ်ကို ကျေးရွာအတွင်း ဖြန့်ဖြူးမည်ဆိုပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ကြောင်း လျူအာကျူးက အာမခံနိုင်သည်။
သို့သော် အပြင်ဘက်သို့ ဖြန့်ဖြူးမည့်ကိစ္စနှင့် ပတ်သက်၍မူ သူ၏ ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာ ပျံ့နှံ့သွားပါက မည်သို့သော တုံ့ပြန်မှုမျိုး ကြုံတွေ့ရမည်ကို လျူအာကျူး သေချာမသိနိုင်ပေ။
ထိုလူများသည် မနာလိုစိတ်ဖြင့် ပြဿနာရှာကာ သူ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးကြမည်လား ဆိုသည်ကိုပင် စိုးရိမ်မိသည်။
သူ၏ ရှေ့မှောက်ရှိ ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့သည် ဤကိစ္စအတွက် သူ့ထက်ပို၍ စိုးရိမ်နေကြမည်ကို လျူအာကျူး သိထားသဖြင့် သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ပြောလိုက်သည်။
အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သော ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးသည် ဤစကားကို ကြားသောအခါ မျက်မှောင်အနည်းငယ် ကျုံ့သွားပြီး ပြောလိုက်သည်။
"မင်းက တစ်ယောက်ယောက် ဖြန့်ဖြူးရေးလုပ်ငန်းကို ဖျက်ဆီးပစ်မှာ စိုးရိမ်နေတာလား..."
လျူအာကျူးက ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်..."
ညွှန်ကြားရေးမှူးက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"အဲဒီလို ဖြစ်လာမှာမဟုတ်ပါဘူး... ဒါဟာ ရွာသားတွေကို ထမင်းဝစေပြီး လူ့အဖွဲ့အစည်းကို ကောင်းကောင်း အကျိုးပြုနိုင်တဲ့ ကောင်းမွန်လှတဲ့ ကိစ္စရပ်တစ်ခုပဲ... ဘယ်သူကများ ဆန့်ကျင်ရဲလို့လဲ... အဲဒီလိုလုပ်တာက သူတို့ကိုယ်သူတို့ ကွန်မြူနစ်ဝါဒရဲ့ ရန်သူအဖြစ် ခံယူလိုက်တာပဲပေါ့..."
ညွှန်ကြားရေးမှူး မည်မျှရိုးအလှကြောင်းကို ကြားလိုက်ရသောအခါ လျူအာကျူးက သူ၏အမြင်ကို အလေးမထားတော့ဘဲ လေလည်လိုက်သကဲ့သို့ ဘယ်နားဝင် ညာနားထွက် သဘောထားကာ အတွင်းရေးမှူး၏ စကားများကိုသာ နားထောင်ရန် ဆုံးဖြတ်လိုက်သည်။
အတွင်းရေးမှူးသည် ညွှန်ကြားရေးမှူးကဲ့သို့ ရိုးအမနေပေ။ သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ရဲဘော်လျူအာကျူးရဲ့ စိုးရိမ်မှုက အကြောင်းမဲ့တော့ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် လူကောင်းတွေရှိသလို လူဆိုးတွေလည်း ရှိစမြဲပဲလေ... ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးအတွက် ငါတို့ ကြိုတင်ပြင်ဆင်ထားရမယ်..."
ညွှန်ကြားရေးမှူးက ရုတ်တရက် သဘောပေါက်သွားသည့် အမူအရာဖြင့် ပြောလာသည်။
"အတွင်းရေးမှူးရဲ့ စကားတွေက အဓိပ္ပာယ်ရှိလှပါတယ်... ကျွန်တော် စဉ်းစားတာ အရမ်းရိုးရှင်းလွန်းသွားတယ်... ထင်တဲ့အတိုင်းပါပဲ ခင်ဗျားရဲ့ လမ်းညွှန်မှုကို မှီခိုနေရတုန်းပဲ..."
လျူအာကျူးမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အလျင်အမြန် သဘောပေါက်သွားသည်။
သူသည် အတွေ့အကြုံ နုနယ်လွန်းနေသေးသည်ပင်။
ညွှန်ကြားရေးမှူးသည် လျူအာကျူး မှန်ကန်ကြောင်းကို ရှင်းလင်းစွာ သိရှိသော်လည်း ၎င်းကို ထုတ်ဖော်မပြဘဲ သူ၏ 'ရိုးအမှု' ကို အသုံးပြုကာ အတွင်းရေးမှူး၏ ဥာဏ်ပညာကြီးမားမှုကို ပေါ်လွင်စေရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဤလုပ်ရပ်သည် အတွင်းရေးမှူး၏ မျက်နှာကို များစွာပင့်တင်ပေးလိုက်ပြီး သူ၏ သစ္စာရှိမှုကိုလည်း ဖော်ပြလိုက်ခြင်းပင်ဖြစ်၏။
သူသည် မြှောက်ပင့်ဖားယားရာတွင် အမှန်တကယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သို့သော် ညွှန်ကြားရေးမှူး၏ ရာထူးသည် အတွင်းရေးမှူးထက် နိမ့်ကျနေလျှင်တောင်မှ ဤမျှအထိ နှိမ့်ချနေရန် မလိုအပ်ပေ။
ဤအတွင်းရေးမှူး၏ ဩဇာလွှမ်းမိုးမှုက အတော်လေး ကြီးမားပုံရသည်။
အတိတ်က ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အုပ်စုတွင်းသို့ ဝင်ရောက်ရန် အတွင်းရေးမှူးက သူ့အား မည်သို့ ဖိအားပေးခဲ့ကြောင်းကို ပြန်လည်သတိရလိုက်သောအခါ သူ့နောက်ကွယ်မှ ကျောထောက်နောက်ခံပြုပေးနေသူမှာ ရာထူးကြီးမားသူဖြစ်ကြောင်း ရှင်းလင်းသွားသည်။
ညွှန်ကြားရေးမှူးသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။
“အတွင်းရေးမှူးက ကျွန်တော် လေ့လာသင်ယူဖို့အတွက် နောက်ထပ် ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ညွှန်ပြပေးလိုက်ပြန်ပြီ... ဒါပေမဲ့ ကျွန်တော့်ရဲ့ အပေါင်းအသင်း စက်ဝိုင်းက အရမ်းကျဉ်းမြောင်းလွန်းတယ်... အဲဒီလူတွေက ခင်ဗျားရဲ့ မိတ်ဆွေတွေနဲ့ယှဉ်ရင် အများကြီး နိမ့်ကျနေသေးတယ်... ကျွန်တော်လည်း တိုးတက်မှုအချို့ ရရှိနိုင်အောင် နောက်ကျရင် ခင်ဗျားရဲ့ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးရမယ်နော်..."
လျူအာကျူး၏ ရင်ထဲတွင်မူ ညွှန်ကြားရေးမှူးအပေါ် လေးစားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မြှောက်ပင့်ခံလိုက်ရသောကြောင့် အတွင်းရေးမှူးမှာ အမှန်တကယ်ပင် အလွန်ပျော်ရွှင်သွားသည်။
"ဟားဟားဟား... အဲဒါက စီစဉ်ရလွယ်ကူပါတယ်... ဒါပေမဲ့ ဒီကနေ့တော့ အဲဒီအကြောင်းတွေ မပြောကြသေးဘဲ ဖြန့်ဖြူးရေးကိစ္စကိုပဲ အရင်ပြောကြရအောင်..."
ထိုအခါ သူတို့သုံးယောက်စလုံး ချက်ချင်းပင် လေးနက်သွားကြကာ အာရုံစိုက်၍ နားထောင်နေကြသည်။
အတွင်းရေးမှူးသည် အပြုံးကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ပြီး လျူအာကျူးအား လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်။
"ဖန်လုံအိမ်စီမံကိန်းဆိုတာ အနာဂတ်မှာ ပြည်သူ့ကွန်မြူနစ်အဖွဲ့က ထောက်ပံ့ပေးမယ့် အဓိကစီမံကိန်းတစ်ခုပဲ... မင်းက ဒီစီမံကိန်းအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်... မင်းကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို ပြည်သူ့ကွန်မြူနစ်အဖွဲ့ကို ဆန့်ကျင်တာ ခရိုင်ကို ဆန့်ကျင်တာနဲ့ ပြည်သူလူထုကို ဆန့်ကျင်တာပဲ..."
*သူက ငါ့ကို ရာထူးပေးနေတာလား…*
လျူအာကျူးက စိတ်ထဲမှ တွေးလိုက်၏။
လျူဟိုင်နှင့် လျူရှို့လင်တို့သည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။ လျူအာကျူးသည် အရာရှိတစ်ဦး ဖြစ်လာရုံသာမက ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အဓိကစီမံကိန်းအဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လေပြီ။ သူသည် အာဏာအတော်လေး ရရှိသွားပြီဟု ထင်မှတ်ရလေသည်။
လျူအာကျူးက မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော့်မှာ တိကျတဲ့ အာဏာပိုင်ခွင့်တွေ ရှိလာပြီပေါ့..."
ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးက ပြတ်သားစွာ ပြောလိုက်သည်။
"သေချာတာပေါ့... ဖန်လုံအိမ်စိုက်ပျိုးရေး စီမံကိန်းကို ဖျက်ဆီးမယ့် လူဆိုးတွေကို ဖမ်းမိခဲ့ရင် သူတို့ကို မသတ်သရွေ့ အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းမှာ အာဏာအပြည့်အဝရှိတယ်..."
ဤစီမံကိန်းဖြန့်ဖြူးရေး၏ အရေးပါမှုကို သူ သိရှိထားသောကြောင့် မည်သူ့ကိုမျှ ပြဿနာရှာခွင့် ပြုမည်မဟုတ်ပေ။
လျူဟိုင်နှင့် လျူရှို့လင်တို့မှာ ဤစကားကို ကြားသောအခါ အသက်ရှူမှားသွားကြသည်။
'အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် အာဏာအပြည့်အဝရှိသည်' ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။
၎င်း၏ အဓိပ္ပာယ်မှာ လျူအာကျူးသည် သူ့အား ဆန့်ကျင်သူနှင့် ကြုံတွေ့ရပါက သူအလိုရှိလျှင် ထိုသူကို သီးသန့်အကျဉ်းချထားနိုင်ပြီး အကယ်၍ သူသာအလိုရှိပါက လမ်းမများပေါ်တွင် လှည့်လည်အရှက်ခွဲနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤအာဏာသည် ကြီးမားပုံမရသော်လည်း ကျေးလက်ဒေသမှ အမျိုးသားများအဖို့မူ အလွန်ထိတ်လန့်ဖွယ်ရာ ဖြစ်နေခဲ့ပြီဖြစ်၏။
စဉ်းစားကြည့်ပါ။ သီးသန့်အကျဉ်းချခံရပြီးနောက် ထိုသူသည် အလုပ်မလုပ်နိုင်တော့ဘဲ အလုပ်ရမှတ်များလည်း ရရှိတော့မည် မဟုတ်ပေ။ အကယ်၍ လမ်းတစ်လျှောက် လှည့်လည်အရှက်ခွဲခံရပါက ကျေးရွာအတွင်း၌ မိသားစုတစ်စုလုံး မျက်နှာပျက်ရမည်ဖြစ်ကာ မည်သူကမျှ သူတို့အနီးသို့ ကပ်ချင်မည် မဟုတ်တော့ပေ။ ထိုအခါ သူတို့၏ ဂုဏ်သိက္ခာများ လုံးဝပျက်စီးသွားမည် ဖြစ်သည်။
အထီးကျန်ဆန်စွာ ဖယ်ဉ်ခံရခြင်းမှာ အကြောက်မက်ဖွယ်အကောင်းဆုံးအရာပင် ဖြစ်သည်။
ဤအာဏာအပေါ် လျူအာကျူးမှာ အနည်းငယ် ကျေနပ်သွားသော်လည်း သူက စိုးရိမ်နေသေးကာ ပြောလိုက်သည်။
"တကယ်လို့ ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့လုံးက ကျွန်တော့်ကို ဝိုင်းဝန်းဆန့်ကျင်ပြီး စကားနားမထောင်ရင်ကော ဘယ်လိုလုပ်မလဲ..."
အတွင်းရေးမှူးက ဩရှရှအသံဖြင့် ပြောလိုက်သည်။
"အဲဒီအခါကျရင် ငါ့ဆီလာခဲ့လှည့်... ငါက ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ကိုတောင် မကိုင်တွယ်နိုင်ဘူးလို့ မင်း ထင်နေတာလား..."
ညွှန်ကြားရေးမှူးကလည်း ကမန်းကတန်း ဝင်ပြောလိုက်သည်။
"မင်း ငါ့ဆီကို အရင်လာနိုင်ပါတယ်... ကိစ္စသေးသေးလေးတိုင်းအတွက် အတွင်းရေးမှူးကို အနှောင့်အယှက် မပေးပါနဲ့... အဲဒီထုတ်လုပ်ရေးအဖွဲ့တွေက အတွင်းရေးမှူးရဲ့ ဆန္ဒကို ဆန့်ကျင်ရဲရင် ငါ သူတို့ကို ရှင်းပစ်လို့ရတယ်..."
ထိုသူနှစ်ယောက် ပြောဆိုသည်ကို ကြည့်ပြီး လျူအာကျူးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်လည်း သဘောတူတယ်ဗျာ..."
နောက်ဆုံးတွင် သူက ဤတာဝန်ကိုယူရန် သဘောတူလိုက်သည်ကို မြင်သောအခါ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့မှာလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် အတွင်းရေးမှူးက နောက်ထပ် စီမံကိန်းတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။
"မွေးမြူရေးအစီအစဉ် တိုးတက်မှု အခြေအနေကရော ဘယ်လိုရှိလဲ..."
လျူအာကျူးက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်လေသည်။
"တိုးတက်မှုရှိပါတယ်... ဝက်မျိုးစိတ် ကန့်သတ်ချက်တွေကြောင့် အမြန်ဆုံး မွေးမြူရေးနည်းလမ်းသစ်တွေနဲ့တောင်မှ ဝက်တွေကို ဈေးကွက်တင်ပို့နိုင်ဖို့ အချိန် နှစ်လပဲ လျှော့ချနိုင်ပါသေးတယ်..."
သို့သော် သူ၏စကားကြောင့် ဘေးနားရှိလူများမှာ အလွန်အမင်း တအံ့တဩ ဖြစ်သွားကြသည်။
ဈေးကွက်တင်ပို့ရန် အချိန် နှစ်လတိတိ လျှော့ချနိုင်သည် ဟုတ်လား။
အချိန်နှစ်လဆိုသည်မှာ မည်မျှကြာရှည်ကြောင်း သိထားသင့်ပေသည်။
တိုတောင်းလှသော နှစ်လဟု သဘောမထားသင့်ပေ။ အကယ်၍ ၎င်းကိုသာ ဖြန့်ဖြူးနိုင်ပါက ရရှိလာမည့် အပိုအမြတ်အစွန်းများမှာ အလွန်ကို အံ့မခန်းဖြစ်လာမည် ဖြစ်သည်။
အတွင်းရေးမှူးသည် လျူအာကျူးအား စိုက်ကြည့်နေရင်း သူ၏ အသက်ရှူသံများပင် မြန်ဆန်လာခဲ့လေသည်။
"တကယ်လား... မင်း သေချာရဲ့လား..."
လျူအာကျူးသည် တိုက်ရိုက်အာမခံချက် မပေးဝံ့ဘဲ ပြောလိုက်သည်။
"တိကျတဲ့ အချက်အလက်တွေကိုတော့ သေချာမပြောနိုင်သေးပါဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဝက်တွေက ဈေးကွက်ထဲ မရောက်သေးဘူးလေ..."
အတွင်းရေးမှူး၏ မျက်နှာအမူအရာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို မြင်သောအခါ လျူဟိုင်က အလျင်အမြန် ဖြည့်စွက်ပြောလိုက်သည်။
"အတွင်းရေးမှူး... ကျူးဇီက အချိန်မတိုင်ခင် ဂုဏ်ယူဝင့်ကြွားတာမျိုး မလုပ်ချင်ရုံပါ... ကျွန်တော်တို့က သူ့ရဲ့နည်းလမ်းကို အသုံးပြုပြီး ဝက်မွေးမြူနေတာ တစ်လကျော်သွားပြီဆိုတော့ ရလဒ်တွေက အရမ်းကောင်းပါတယ်... အဲဒီဝက်ပေါက်လေးတွေက အရင်နည်းလမ်းထက် အများကြီး ပိုမြန်မြန်ကြီးထွားလာကြတယ်..."
အခြားသော တပ်မဟာခေါင်းဆောင် တစ်ယောက်ယောက်ကသာ ဤသို့ပြောလာပါက ထိုသူသည် ကြွားလုံးထုတ်နေသည်ဟုသာ အတွင်းရေးမှူးက ထင်မှတ်မည်ဖြစ်သည်။
သို့သော် ဤလူမှာ လျူဟိုင်ဖြစ်နေပါက မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။
အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး နှစ်ဦးစလုံးသည် လျူဟိုင်နှင့် ပတ်သက်၍ နက်ရှိုင်းသော အထင်ကြီးလေးစားမှု ရှိထားကြသည်။
အဘယ်ကြောင့်ဆိုသော် အခြားသော တပ်မဟာများက တစ်မူလျှင် အထွက်နှုန်း ကျင်းထောင်ပေါင်း သို့မဟုတ် သောင်းပေါင်းများစွာ ထွက်ရှိကြောင်း သတင်းပို့နေကြချိန်တွင် ဤလူတစ်ယောက်တည်းကသာ အထွက်နှုန်း ပိုမိုတင်ပြရန် ခေါင်းမာစွာ ငြင်းဆန်ခဲ့သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သောသူမျိုးသည် ယခင်က သူတို့အား ခေါင်းကိုက်စေခဲ့သော်လည်း ယခုအခါတွင်မူ သူတို့က သူ့ကို ရာခိုင်နှုန်းပြည့် ယုံကြည်နေကြပြီဖြစ်၏။
သူက တစ်မူလျှင် ထွက်ရှိသည့် အထွက်နှုန်းကိုပင် လိမ်လည်သတင်းပို့မည် မဟုတ်လျှင် ယခု သူပြောသော စကားများမှာ အမှန်တကယ်ပင် ဖြစ်ရမည်။
အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုများကို မြင်တွေ့လိုက်ကြသည်။
ညွှန်ကြားရေးမှူးက ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။
"ကောင်းပြီ... ဒါဆိုရင် မွေးမြူရေးကိစ္စအတွက် လောစရာမလိုတော့ဘူး... ရဲဘော်လျူအာကျူး မင်းက ဒီဖန်လုံအိမ်ကိစ္စကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းရမယ်... ဘာပဲလုပ်လုပ် အတွင်းရေးမှူးကိုတော့ စိတ်ပျက်အောင် မလုပ်နဲ့ပေါ့..."