အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) ခရိုင်ရုံးတွင် အဆက်အသွယ်ရှိခြင်း
ထိုစကားကြောင့် ခန်းမထဲရှိ လူအားလုံး အံ့အားသင့်သွားကြပြီး လှမ်းကြည့်လိုက်ကြသည်။
အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့ပင်လျှင် စကားပြောလိုက်သော တပ်မဟာခေါင်းဆောင်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
ထိုသူမှာ ချန်မုန့်ကျေးရွာ ထုတ်လုပ်ရေးအဖွဲ့မှ တပ်မဟာခေါင်းဆောင် မုန့်သဲပင် ဖြစ်လေသည်။
"ရဲဘော်မုန့်သဲ.. ခင်ဗျားတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့မှာလည်း ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာ ရှိတယ်လို့ ခုနက ပြောလိုက်တာလား... ဘယ်ကနေ ရလာတာလဲ..."
ညွှန်ကြားရေးမှူးက ဤသို့ပြောလိုက်ရင်း လျူအာကျူးကို တစ်ချက်ကြည့်လိုက်ကာ ကျေးရွာနှစ်ရွာ၏ ဆက်ဆံရေးကောင်းမွန်မှုကြောင့် လျူအာကျူးသည် ထိုနည်းပညာကို ထိုရွာသို့ ဖြန့်ဝေပေးခဲ့ပြီးဖြစ်မည်ဟု တွေးထင်လိုက်မိသည်။
သို့သော် ဤသည်မှာ မှန်ကန်သော လုပ်ရပ်မဟုတ်ပေ။ မည်သည့် ထုတ်လုပ်ရေးအဖွဲ့တွင်မဆို ဖြစ်ပေါ်နေသော အခြေအနေတိုင်းကို ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ အတည်ပြုပေးရန် လိုအပ်သည်။
ညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူးတို့သည် ဤကိစ္စကို အလေးထားဆုံးဖြစ်ကြောင်း လျူအာကျူး သိထားသဖြင့် ဤကိစ္စသည် သူ့အပေါ် သက်ဆိုင်မှုမရှိကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို သိမ်မွေ့စွာ ခါယမ်းပြလိုက်၏။
ထိုအခါ သူတို့နှစ်ယောက်သည် ချက်ချင်း သဘောပေါက်သွားကြပြီး မုန့်သဲကို ထပ်မံကြည့်လိုက်ကြသည်။
မုန့်သဲက တည်ကြည်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ပြောလာသည်။
"ကျွန်တော်တို့ဆီမှာ တကယ်ပဲ ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာ ရှိပါတယ်... ကျွန်တော်တို့က တစ်မူကို ကျင်းတစ်သိန်းအထိ ထွက်ရှိအောင် လုပ်နိုင်တယ်... ဆောင်းရာသီမှာ ဖရဲသီးကြီးတွေ၊ မက်မွန်သီးကြီးတွေ၊ တရုတ်ဆီးသီးတွေနဲ့ ဩဂုတ်ဗုံးသီးတွေကိုပါ စိုက်ပျိုးနိုင်တယ်..."
ဤစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူးတို့မှာ တွေဝေသွားကြသည်။
ရိုးသားစွာဆိုရလျှင် ယခင်ကသာဆိုပါက ထိုသူတို့သည် တစ်မူလျှင်ထွက်ရှိမှု ကျင်းတစ်ထောင် သို့မဟုတ် တစ်သောင်းဟု ပြောဆိုခဲ့လျှင် အထက်လူကြီးများကို လှည့်စားရန်သာ ဖြစ်မည်ဖြစ်၍ သူတို့နှစ်ယောက်စလုံး ယုံကြည်မည် မဟုတ်ပေ။
လယ်မစိုက်ဖူးသော ခရိုင်နှင့် မြို့မှ ငတုံးများသာလျှင် တစ်မူလျှင်ထွက်ရှိမှု ကျင်းတစ်ထောင်ကျော်နိုင်သည်ဟု ယုံကြည်ကြပေမည်။
ယခုလို ခေတ်ကာလတွင် တစ်မူလျှင် ကျင်းနှစ်ရာကျော်ရန်ပင် ခက်ခဲလှသည်။
အမှန်တကယ်တော့ လျူအာကျူးကသာ ဟင်းသီးဟင်းရွက်အားလုံးကို ယူဆောင်လာပြီး သူတို့၏ရှေ့တွင် လာချမပေးခဲ့လျှင် ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာသည် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတို့သည်လည်း ယုံကြည်ခဲ့ကြမည် မဟုတ်ပေ။
လျူအာကျူး၏ အောင်မြင်မှုသည် စံနမူနာတစ်ခု ဖြစ်ခဲ့သောကြောင့်သာ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးတို့သည် မုန့်သဲ၏ စကားများကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားကြခြင်း ဖြစ်သည်။
ထိုသူနှစ်ယောက် အမှန်တကယ် ယုံကြည်သွားသည်ကို လျူအာကျူးက မြင်လိုက်ရသောအခါ ရယ်မောခြင်းကို မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"တစ်မူကို ကျင်းတစ်သိန်း ထွက်တယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ စကားတွေပါပဲ..."
မုန့်သဲမှာ မကျေမနပ်ဖြစ်သွားပြီး တိုက်ရိုက် ပြန်လည်ချေပလေသည်။
"မင်းက တစ်မူကို ကျင်းတစ်သောင်းထွက်အောင် လုပ်နိုင်ရင် ငါက ဘာလို့ တစ်မူကို ကျင်းတစ်သိန်းထွက်အောင် မလုပ်နိုင်ရမှာလဲ... ဪ... မင်းတစ်ယောက်တည်းပဲ အစွမ်းထက်ခွင့်ရှိပြီး တခြားလူတွေက အရည်အချင်းရှိခွင့် မရှိဘူးလား... မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် အနိုင်ကျင့်ရတာလဲ..."
ဤမြေးမိုက်သည် တမင်သက်သက် ပြဿနာရှာနေခြင်းမဟုတ်ဘဲ အတိတ်ကတည်းက ကြွားလုံးထုတ်လေ့ရှိကာ သူ့ကိုလည်း ကြွားလုံးထုတ်သူဟု ထင်မြင်ထားသဖြင့် ဝင်ရောက်ကြွားဝါကာ အကျိုးအမြတ်အချို့ ရယူလိုခြင်းသာဖြစ်ကြောင်း လျူအာကျူး သိလိုက်သည်။
သို့ဆိုလျှင်လည်း ညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူးတို့ကိုသာ ဆုံးဖြတ်ခိုင်းလိုက်မည်ဟု သူ တွေးလိုက်၏။
ထိုနှစ်ယောက်သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် မည်သူကမျှ ထိုကိစ္စကို မငြင်းဆိုရဲကြပေ။
အမှန်ပင် လျူအာကျူး စိုက်ပျိုးနိုင်လျှင် အခြားသူများကကော အဘယ်ကြောင့် မစိုက်ပျိုးနိုင်ရမည်နည်း။
တစ်နိုင်ငံလုံးတွင် အရည်အချင်းရှိသူဟူ၍ တစ်ယောက်တည်းသာ ရှိနေနိုင်မည်လား။
တစ်မူလျှင်ထွက်ရှိမှု ကျင်းတစ်သောင်းဆိုသည်မှာ ၎င်းတို့ကိုယ်တိုင် ဖြစ်နိုင်ကြောင်း အတည်ပြုထားပြီးဖြစ်သဖြင့် တစ်မူလျှင်ထွက်ရှိမှု ကျင်းတစ်သိန်းအတွက်လည်း မျှော်လင့်ချက် ရှိနိုင်သည်မဟုတ်ပါလော။
မုန့်သဲပြောသည့်စကားသာ အမှန်ဖြစ်ခဲ့လျှင် ဤသည်မှာ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်လောက်သည့် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ အောင်မြင်မှုကြီးတစ်ခု အမှန်တကယ်ပင် ဖြစ်လာပေလိမ့်မည်။
အတွင်းရေးမှူးသည်လည်း ထိုသို့တွေးလိုက်မိပြီး မုန့်သဲကို လေးနက်စွာ ကြည့်လိုက်သည်။
"မင်းပြောတဲ့စကားက အမှန်ပဲဆိုတာကို အာမခံရဲလား..."
"အာမခံရဲတာပေါ့... အဲဒီကောင်လေးတောင် အာမခံရဲသေးတာ ကျွန်တော်က ဘာကိုကြောက်ပြီး အာမမခံရဲရမှာလဲ..."
မုန့်သဲက လည်ပင်းကို ဆန့်ကာ ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆို မင်းက တစ်မူကို ကျင်းတစ်သိန်းထွက်အောင်လုပ်ဖို့ အချိန်ဘယ်လောက် ယူမှာလဲ..."
အတွင်းရေးမှူးက ချက်ချင်းပင် ဖိအားပေး မေးမြန်းလိုက်၏။
မုန့်သဲမှာ ကြက်သေသေသွားသည်။ အချိန်ဘယ်လောက်ကြာမည်ကို သူက မည်သို့သိနိုင်မည်နည်း။ အတိတ်ကဆိုလျှင် သူကြွားလုံးထုတ်လိုက်ရုံဖြင့် ခေါင်းဆောင်များ ကျေနပ်သွားကြသည် မဟုတ်ပါလော။ ယနေ့မှ အဘယ်ကြောင့် တိကျသော အချိန်ကို တောင်းဆိုနေရသနည်း။
ဤအချက်က သူ၏ရင်ထဲတွင် ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုကို ဖြစ်ပေါ်လာစေသော်လည်း သူက အတင်းပြုံးကာ ပြောလိုက်သည်။
"အဲဒီကောင်လေးက အချိန်ဘယ်လောက် ယူခဲ့လို့လဲ..."
"သူက နှစ်လလောက် ယူခဲ့တာ..."
အတွင်းရေးမှူးက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ဒါဆိုရင် ကျွန်တော်က တစ်လအတွင်း လုပ်ပြမယ်... တစ်လအတွင်း တစ်မူကို ကျင်းတစ်သိန်းရစေရမယ်..."
မုန့်သဲက ပြင်းပြင်းထန်ထန် ကြေညာလိုက်သည်။
သူသည်လည်း ကြွားလုံးထုတ်နေကျ ဖြစ်လေသည်။ ဦးစွာ ကြွားဝါပြလိုက်ပြီး နောက်ပိုင်းတွင် အဆိုးဆုံးဖြစ်လာပါက ရွာသူရွာသားများကို ခါးပတ်ကျပ်ကျပ်စည်းခိုင်းကာ ကောက်ပဲသီးနှံအချို့ကို စုဆောင်းခိုင်းလိုက်မည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ ဤသို့လုပ်ခဲ့သည်မှာ ပထမဆုံးအကြိမ်မှ မဟုတ်ပေ။
အတွင်းရေးမှူးသည် ချက်ချင်းပင် စားပွဲကို ရိုက်ချလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် နောက်ထပ် တစ်လလောက် ထပ်စောင့်ကြတာပေါ့... မင်းရဲ့နည်းပညာက ရဲဘော်လျူအာကျူးရဲ့ နည်းပညာထက် ပိုကောင်းနေသရွေ့ မင်းက ဒီအဓိကစီမံကိန်းမြှင့်တင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာလိမ့်မယ်... အဲဒီအချိန်ကျရင် ငါတို့တင်မကဘဲ ပေကျင်းမြို့ကပါ မင်းကို ဂုဏ်ပြုချီးကျူးလိမ့်မယ်..."
မုန့်သဲသည် အစပိုင်းတွင် အနည်းငယ် စိုးရိမ်နေသော်လည်း ပေကျင်းမြို့က ဂုဏ်ပြုမည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် ဘဝင်မြင့်သွားလေတော့သည်။
အထူးသဖြင့် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ မနာလိုဝန်တိုဖြစ်နေသော မျက်လုံးများကို မြင်လိုက်ရသည့်အခါ သူသည် ခါးထောက်ကာ ရပ်လိုက်ပြီး ပို၍ပင် ဘဝင်မြင့်သွားလေ၏။ 'ငါ့ထက် ပိုအစွမ်းထက်တဲ့သူ ဘယ်သူရှိလို့လဲ' ဟု သူတွေးလိုက်မိသည်။
သူသည် လျူအာကျူးကိုပင် ရန်စလိုသော အကြည့်ဖြင့် ကြည့်လိုက်ကာ 'မင်းလို ကောင်စုတ်လေး တစ်ယောက်တည်းကပဲ ကြွားလုံးထုတ်နိုင်တယ် ထင်နေတာလား' ဟု တွေးလိုက်သည်။
ထို့အပြင် ကြွားတောင် မကြွားရဲလျှင် တစ်မူကို ကျင်းတစ်သောင်းဆိုသည်မှာ ဘာများ အထင်ကြီးစရာရှိမည်နည်း။ ယင်းမှာ သူ့အတွက် သတင်းဟောင်းတစ်ခုသာ ဖြစ်သည်။
ညွှန်ကြားရေးမှူးသည် မုန့်သဲ၏ ပုံစံကိုကြည့်ကာ အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်စိတ်ဝင်လာသည်။ အကြောင်းမှာ ဤသူသည် အတိတ်က ကြွားလုံးထုတ်မှု အများအပြား ပြုလုပ်ခဲ့ဖူးသောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် သူသည် ခဏမျှစဉ်းစားလိုက်ပြီးနောက် လျူအာကျူးကို ပြောလိုက်သည်။
"ရဲဘော် အာကျူးဇီ... မင်း အချိန်ရရင် ချန်မုန့်ကျေးရွာက ဖန်လုံအိမ်စိုက်ပျိုးမှုကို သွားပြီး လေ့လာစောင့်ကြည့်လိုက်ပါ... ချန်မုန့်ကျေးရွာရဲ့ အဆင့်မြင့်နည်းပညာဆီကနေ သင်ယူပေါ့... မင်းတို့နှစ်ယောက် အတူတကွ တိုးတက်လာနိုင်မယ်ဆိုရင် ပြည်သူ့ကွန်မြူနစ်အဖွဲ့အတွက် အများကြီး အကျိုးရှိမှာပဲ..."
လျူအာကျူးက ညွှန်ကြားရေးမှူးကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်မိသော်လည်း သူ မျက်စိမှိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ဤသည်မှာ ချန်မုန့်ကျေးရွာနှင့် ပတ်သက်သည့် အမှန်တရားကို စုံစမ်းရန် သူ့ကို တောင်းဆိုခြင်းဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။
ဤညွှန်ကြားရေးမှူးသည် အမှန်ပင် လည်ပတ်လှပြီး မုန့်သဲကို သိပ်မယုံကြည်ကြောင်း ထင်ရှားနေလေသည်။
"ကောင်းပါပြီ... ကျွန်တော် သွားပြီး သင်ယူလိုက်ပါ့မယ်..."
လျူအာကျူးက သဘောတူလိုက်၏။
အမှန်တကယ်တော့ သူသည်လည်း အလွန် စိတ်အနှောင့်အယှက်ဖြစ်မိသည်။ အကြောင်းမှာ သူ၏ ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာ မြှင့်တင်မှုသည် သူ့တစ်ကိုယ်ရည်အတွက်သာ မဟုတ်ဘဲ လူတိုင်း ဝဝလင်လင် စားသောက်နိုင်စေရန်နှင့် လူများ ငတ်မွတ်သေဆုံးခြင်းမှ ကာကွယ်ပေးရန်လည်း ဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေကာမူ နေ့စဉ်နှင့်အမျှ ပိန်ချုံးနေသော သာမန်ပြည်သူများကို မြင်တွေ့နေရခြင်းက သူ့ကို အလွန်ဝမ်းနည်းစေခဲ့သည်။
အထူးသဖြင့် လွန်ခဲ့သော တစ်လအတွင်း လျူအာကျူးသည် အိမ်၌ ဝမ်းဖောဝမ်းရောင်ရောဂါသည် အများအပြားကို ကုသပေးခဲ့ရလေသည်။
ထိုဝမ်းဖောဝမ်းရောင်ရောဂါများအားလုံးမှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
လမ်းဘေးတွင် အအေးဒဏ်ကြောင့် အေးခဲသေဆုံးနေသော မိန်းကလေးငယ်များကိုပင် သူ မြင်တွေ့ခဲ့ရဖူးသည်။
မိန်းကလေးငယ်များကို ကြိုဆိုလက်ခံမှု မရှိကြသော်ငြားလည်း အအေးဒဏ်ဖြင့် သေဆုံးစေရန် အပြင်သို့ လွှင့်ပစ်လိုက်ခြင်းမှာ ထိုမိသားစုတွင် အမှန်တကယ် စားစရာ မကျန်တော့သောကြောင့်လည်း ဖြစ်သည်။
သို့သော် ယခုအခါ ဤမုန့်သဲသည် သူ၏ မျက်နှာပန်းလှရေးသက်သက်အတွက် တမင်သက်သက် ပြဿနာရှာခဲ့ပြီး ဖန်လုံအိမ်စိုက်ပျိုးရေးနည်းပညာ ဖြန့်ဝေမှုကို နှောင့်နှေးစေကာ လူများကို ဝဝလင်လင် စားသောက်နိုင်ရန် အချိန်အကြာကြီး ထပ်မံ စောင့်ဆိုင်းရစေခဲ့လေပြီ။
ဤအချိန်အတွင်း မည်မျှလောက်များပြားသော လူများ ငတ်မွတ်သေဆုံးမည် သို့မဟုတ် ဖျားနာမည်ကို မည်သူကမျှ မသိနိုင်ပေ။
မျက်နှာပန်းလှရေးက ထိုမျှလောက်တောင် အရေးကြီးနေသလား။
လျူအာကျူးသည် မုန့်သဲကို ကြွားလုံးထုတ်ရန် အခွင့်အရေး မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ယနေ့ပင် ချန်မုန့်ကျေးရွာသို့ သွားရောက်ကာ သူ၏ အစစ်အမှန်သွင်ပြင်ကို ဖော်ထုတ်ပစ်တော့မည်ဖြစ်သည်။
အတွင်းရေးမှူးက မုန့်သဲကို နောက်ထပ် အကြိမ်အနည်းငယ် အားပေးစကားပြောကာ ဟင်းသီးဟင်းရွက် ကျင်းတစ်သိန်းကို အမြန်ဆုံး ပေးပို့ရန် ပြောကြားပြီးနောက် အစည်းအဝေး ပြီးဆုံးသွားသည်။
အစည်းအဝေးအပြီးတွင် ချန်မုန့်ကျေးရွာသို့ သွားရန် စိတ်အားထက်သန်နေသော လျူအာကျူးသည် ခပ်သွက်သွက် လျှောက်ထွက်သွားလေ၏။
သို့သော် မုန့်သဲသည် သူ၏ အတွေးများကို ရိပ်မိသွားကာ အမြန်လိုက်လာပြီး လျူအာကျူးနှင့် လျူဟိုင်တို့ကို ပိတ်ရပ်လိုက်ပြီးနောက် သူ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။
"မင်းလို ကောင်စုတ်လေးက ကြွားလုံးထုတ်တဲ့နေရာမှာ တကယ့်ကို တော်တာပဲ... နောက်ပြီး မင်း လျူဟိုင်... အရင်တုန်းက ငါတို့လို ရွာသားတွေကို မလိမ်ပါဘူးဆိုပြီး မောက်မာနေခဲ့တာ မဟုတ်ဘူးလား... ဘာလို့ မင်းလည်း အထွက်နှုန်းတွေကို လိမ်ပြီး သတင်းပို့ဖို့ စလုပ်နေရတာလဲ..."
"ငါ လိမ်ပြီး သတင်းမပို့ခဲ့ဘူး..."
လျူဟိုင်က ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်သည်။
"မင်းကသာ လိမ်ပြီး သတင်းပို့ခဲ့တာ မဟုတ်ဘူးလား..."
"တော်စမ်းပါ... မင်းက လိမ်ပြီး သတင်းမပို့ဘူး ဟုတ်လား... မင်းသာ လိမ်ပြီး သတင်းမပို့ခဲ့ဘူးဆိုရင် ငါ အခုချက်ချင်း ချေးစားပြမယ်..."
မုန့်သဲက လုံးဝ မယုံကြည်ဘဲ လှောင်ပြောင်လိုက်သည်။
လျူအာကျူးက မုန့်သဲကို အေးစက်စွာ ကြည့်လိုက်၏။
"ခင်ဗျားရဲ့ မျက်နှာပန်းလှရေးသက်သက်အတွက်နဲ့ အထွက်နှုန်း အများကြီးကို လိမ်ပြီး သတင်းပို့ခဲ့တာပဲ... ခင်ဗျားက ရွာသားတွေကို ကောက်ပဲသီးနှံတွေ အတင်းအကျပ် လာပေးဖို့ သေချာပေါက် လုပ်တော့မယ် မဟုတ်လား... အဲဒါတွေက ခင်ဗျားရဲ့ ရွာသူရွာသားတွေလေ... ခင်ဗျားက သူတို့ကို သေတဲ့အထိ ဖိအားပေးချင်လောက်အောင်ကို တကယ်ပဲ အကြင်နာတရား ကင်းမဲ့နေတာလား..."
"မင်းက ဘာတွေ လာဟန်ဆောင်နေတာလဲ... အတွင်းရေးမှူးနဲ့ ညွှန်ကြားရေးမှူးက ဒီမှာမှ မရှိတာ..."
မုန့်သဲသည် လျူအာကျူး၏ မြင့်မြတ်ဟန်ဆောင်နေသော ပုံစံကို သည်းမခံနိုင်တော့ဘဲ မထီမဲ့မြင် ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ကို ငါ သတိပေးလိုက်မယ်... အခု ငါတို့အားလုံးက လှေတစ်စင်းတည်း စီးနေကြတာပဲ... ငါ့ရဲ့ ကျင်းတစ်သိန်းက အတုဖြစ်သလို မင်းရဲ့ ကျင်းတစ်သောင်းကလည်း အတုပဲ... မင်းတို့နှစ်ယောက်သာ ငါ့ဆီလာပြီး ပြဿနာရှာရဲရင် ငါလည်း မင်းတို့နဲ့အတူတူ ဒုက္ခခံပြီး မင်းတို့ရဲ့ အထွက်နှုန်းလိမ်လည် သတင်းပို့ထားတာတွေကို ဖော်ထုတ်ပစ်မယ်..."
"ငါ သတိမပေးဘူးလို့ မပြောနဲ့နော်... ငါ့မှာ ခရိုင်ရုံးက အဆက်အသွယ်တွေ ရှိတယ်... ငါ့အကြောင်း ဖော်ထုတ်ခံရရင်တောင်မှ အတွင်းရေးမှူးနဲ့ ညွှန်ကြားရေးမှူးက အလွန်ဆုံး ငါ့ကို အပေါ်ယံလောက်ပဲ ဝေဖန်လိမ့်မယ်... ပြင်းပြင်းထန်ထန် အပြစ်ပေးမှာ မဟုတ်ဘူး..."
"ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ မတူဘူး... လျူဟိုင်... မင်းကတော့ သေချာပေါက် ရာထူးကနေ ထုတ်ပယ်ခံရမှာပဲ... ပြီးတော့ လျူအာကျူး... မင်းက ထောင်ကျမယ်... ယုံလား..."