အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) ချန်မုန့်ကျေးရွာ ထုတ်လုပ်ရေးအဖွဲ့ရုံး
ထိုသူနှစ်ယောက်ကို သတိပေးကာ ရိုင်းစိုင်းသောစကားများ ပြောဆိုပြီးနောက် မုန့်သဲက ထွက်သွားသည်။
လျူဟိုင်သည် သူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။
"သူက ကြွားလုံးထုတ်နေတာ သိသာကြီးကို ငါတို့က ကြွားနေတယ်လို့ ပြောရသေးတယ်... တကယ် အရှက်မရှိတဲ့ကောင်ပဲ..."
"သူ အရှက်မရှိလည်း ဂရုစိုက်စရာမလိုပါဘူး... သူတို့ဆီမှာ ဖန်လုံအိမ်နည်းပညာ မရှိဘူးဆိုတဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ပဲ လိုတာ..."
လျူအာကျူးက လှောင်ပြောင်လိုက်သည်။
"ရိုးရိုးသားသားပြောရရင် ညွှန်ကြားရေးမှူးနဲ့ အတွင်းရေးမှူးကို ကိုယ်တိုင် သွားကြည့်ခိုင်းလိုက်ရင် အဆင်ပြေသွားမှာ မဟုတ်ဘူးလား..."
လျူဟိုင်သည် နားမလည်နိုင်ဖြစ်နေပြီး လျူအာကျူးက အဘယ်ကြောင့် ဤအကြံအစည်ကို စောစောက မပြောခဲ့သနည်းဟု တွေးတောနေမိသည်။
လျူအာကျူးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလေသည်။
"ဦးလေးဟိုင်... လိမ်ညာတဲ့နေရာမှာ ဆရာကျတဲ့ မုန့်သဲလို မြေခွေးအိုကြီးက ဒီလောက် သေးငယ်တဲ့ကိစ္စလေးနဲ့ အမိခံပါ့မလား..."
"ယုံချင်ယုံ မယုံချင်နေ... ကျွန်တော်တို့က ညွှန်ကြားရေးမှူးနဲ့ အတွင်းရေးမှူးကို သွားဖို့ တိုက်တွန်းရဲရင် သူက မြေရိုင်းတစ်ကွက်ကို လက်ညှိုးထိုးပြပြီး သူ့ရဲ့ဖန်လုံအိမ်ပါလို့ ပြောရဲတယ်... ပြီးရင် သူတို့ကို သေချာ ဧည့်ခံကျွေးမွေးလိုက်ဦးမှာ... သူ သံသယဝင်ခံရရင်တောင်မှ အံကြိတ်ပြီး တစ်လလောက် ဆက်လိမ်နေဦးမှာပဲ..."
လျူဟိုင်သည် စဉ်းစားကြည့်လိုက်ရာ သူသိထားသော မုန့်သဲ၏ အကျင့်စရိုက်အရ ထိုလူသည် ဤသို့သော အလုပ်မျိုးကို တကယ်လုပ်နိုင်ကြောင်း သဘောပေါက်သွားသည်။
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ... သူ့ကို ဘယ်လို ဖော်ထုတ်ရမလဲ..."
လျူဟိုင်သည် ဤကိစ္စမှာ အလွန်ခက်ခဲရှုပ်ထွေးသည်ဟု ခံစားလိုက်ရပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
လျူအာကျူးတွင်လည်း လတ်တလော၌ ကောင်းမွန်သော ဖြေရှင်းနည်း မရှိသေးသဖြင့် ချန်မုန့်ကျေးရွာသို့ အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်တန်လျှင်တော့ ဖြေရှင်းရန် နည်းလမ်းတစ်ခုခု ရလာနိုင်မည်ဟု သူ တွေးလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် အိမ်ပြန်နှင့်ကြပါ... ကျွန်တော် ချန်မုန့်ကျေးရွာကို တစ်ခေါက်သွားကြည့်လိုက်ဦးမယ်..."
လျူအာကျူးက လျူဟိုင်ကို ပြောလိုက်သည်။
လျူဟိုင်မှာ အနည်းငယ် စိုးရိမ်သွားပြီး နွားလှည်းကို ဆွဲလာသော လျူရှို့လင်ကလည်း ဝင်ပြောလာသည်။
"ကျူးဇီ... မင်း ဘာလုပ်မလို့လဲ... ငါတို့ပါ လိုက်ခဲ့ရမလား..."
အတူသွားမည်ဟု ပြောနေစဉ်မှာပင် လျူရှို့လင်၏ မျက်လုံးများက မော်တော်ဆိုင်ကယ်ဆီသို့ တဖျပ်ဖျပ် ကြည့်နေကာ သူသည် ဆိုင်ကယ်စီးပြီး အပျော်စီးထွက်ချင်နေကြောင်း သိသာလှပေသည်။
လျူအာကျူးက ခေါင်းယမ်းလိုက်၏။
"မလိုပါဘူး... ဒီကိစ္စကို ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်... ပြဿနာတစ်ခုခုဖြစ်လာရင် ကျွန်တော်တစ်ယောက်တည်းဆို လွတ်အောင်ပြေးဖို့ ပိုလွယ်တယ်... ခင်ဗျားတို့ကိုပါ ခေါ်သွားရင် ပိုပြီး ခက်ခဲလိမ့်မယ်..."
လျူအာကျူး၏ သိုင်းပညာစွမ်းရည်ဖြင့်ဆိုလျှင် တစ်ရွာလုံးကို မနိုင်လျှင်တောင်မှ လွတ်အောင်ပြေးရန် ပြဿနာ မရှိနိုင်ပေ။
သို့သော် ဝန်ထုပ်ဝန်ပိုးများ ပါလာပါက ဤမျှ လွယ်ကူမည် မဟုတ်ချေ။
လျူအာကျူးသည် မော်တော်ဆိုင်ကယ်ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ဆယ်မိနစ်ခန့် အချိန်ယူကာ စက်နှိုးပြီးနောက် ချန်မုန့်ကျေးရွာဆီသို့ တိုက်ရိုက် မောင်းနှင်သွားလေသည်။
ထိုအချိန်တွင် မုန့်သဲသည်လည်း သူ၏ စက်ဘီးဖြင့် အပြင်သို့ ထွက်လာချိန်ဖြစ်၏။
မော်တော်ဆိုင်ကယ်အသံကို ကြားလိုက်ရသဖြင့် သူသည် မသိစိတ်၏ စေ့ဆော်မှုကြောင့် လှည့်ကြည့်လိုက်မိသည်။
သူသည် နောက်ကျမှ ရောက်လာခဲ့သောကြောင့် မော်တော်ဆိုင်ကယ်ကို အရင်က မမြင်ခဲ့ဖူးဘဲ လျူအာကျူးတွင် ဤမျှကောင်းမွန်သော အရာရှိနေမှန်း မသိခဲ့ပေ။
ယခုအခါ လျူအာကျူး မော်တော်ဆိုင်ကယ် စီးလာသည်ကို မြင်လိုက်ရသဖြင့် မုန့်သဲ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
"မင်း အဲဒီမော်တော်ဆိုင်ကယ်ကို ဘယ်ကရလာတာလဲ..."
လျူအာကျူးက မုန့်သဲကို တစ်ချက်ကြည့်ကာ အော်ပြောလိုက်သည်။
"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ... ခင်ဗျားရဲ့စက်ဘီးကိုပဲ ဖြည်းဖြည်း နင်းသွားစမ်းပါ..."
မုန့်သဲမှာ အလွန်အမင်း ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်သည်။
"ခွေးကောင်..."
ဝူး... ဝူး... ဝူး…
လျူအာကျူးက အင်ဂျင်ကို အားကုန်ဖွင့်လိုက်ရာ ကြီးမားလှသော ဟိန်းထွက်သံကြီးက မုန့်သဲ၏ ဆဲဆိုသံများကို လုံးဝ လွှမ်းမိုးသွားပြီး သူသည် လျင်မြန်စွာ မောင်းနှင်ထွက်ပြေးသွားတော့သည်။
မုန့်သဲသည် ဒေါသတကြီးဖြင့် ဆဲရေးတိုင်းထွာကာ ညည်းညူနေသော်လည်း များမကြာမီတွင် လျူအာကျူး သွားနေသော ဦးတည်ရာမှာ မှားယွင်းနေကြောင်း သတိထားမိသွားသည်။
လျူကျေးရွာမှာ ထိုဘက်တွင် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ချန်မုန့်ကျေးရွာသာ ထိုဦးတည်ရာတွင် ရှိနေခြင်းဖြစ်သည်။
ဤကောင်လေးက သူ၏ရွာသို့ ဖန်လုံအိမ်များ သွားရောက်စစ်ဆေးရန် တကယ်သွားနေခြင်းလောဟု သူ တွေးမိသွားသည်။
မုန့်သဲမှာ လန့်ဖြန့်သွား၏။ လျူအာကျူးကို သူ့ရွာသို့ လုံးဝ အသွားခံ၍ မဖြစ်ကြောင်း သူ သိထားသည်။ ဖန်လုံအိမ်များမှာ နှစ်ဖက်စလုံးအတွက် အတုဖြစ်သော်လည်း လျူအာကျူးသည် ချန်မုန့်ကျေးရွာတွင် အခြားအရာတစ်ခုခုကို ရှာမတွေ့နိုင်ဘူးဟု အာမမခံနိုင်ပေ။
သူသည် စက်ဘီးကို အစွမ်းကုန် နင်းတော့ရာ မည်မျှပင် အမီလိုက်ရန် ကြိုးစားစေကာမူ စက်ဘီးကြိုးမှ မီးခိုးထွက်မတတ် ဖြစ်လာသည့်တိုင်အောင် မော်တော်ဆိုင်ကယ်ကို မမီနိုင်တော့ဘဲ လျူအာကျူး အဝေးသို့ ပျောက်ကွယ်သွားသည်ကို လက်ပိုက်ကာသာ ကြည့်နေနိုင်တော့သည်။
လျူအာကျူးသည် ချန်မုန့်ကျေးရွာသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ရွာထဲသို့ မဝင်မီ သူသည် မော်တော်ဆိုင်ကယ်ကို သူ၏ နေရာလွတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
နောက်ပိုင်းတွင် လူမိသွားမည်ကို သူ စိုးရိမ်မိသည်။ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ခက်ခဲမည်ဖြစ်ပြီး အကယ်၍ သူသာ ဝိုင်းရံခံရပါက လူများကို ကားဖြင့် တိုက်ပစ်၍ မဖြစ်နိုင်ပေ မဟုတ်ပါလော။
အကယ်၍ သူ ထိုသို့လုပ်ခဲ့ပါက မုန့်သဲတွင် ပြောစရာ စကားဖြစ်လာမည်ဖြစ်ပြီး သူသည် တမင်တကာ ရိုက်နှက်တိုက်ခိုက်မှုဖြင့် ထောင်ကျသွားနိုင်ပေသည်။
ချန်မုန့်ကျေးရွာမှာ မသေးငယ်ပေ။ ၎င်းတွင် လျူကျေးရွာထက် အိမ်ခြေ ပိုများသော်လည်း ပို၍ ဆင်းရဲလေသည်။
အဘယ်ကြောင့်ဆိုသော် မုန့်သဲသည် အထွက်နှုန်းများကို လိမ်လည်တင်ပြရသည်ကို နှစ်သက်ပြီး တကယ့်အထွက်နှုန်းမှာ လျော့နည်းသွားသောအခါ ရွာသူရွာသားများကို သူတို့၏ ကောက်ပဲသီးနှံများ ပေးအပ်ရန် အတင်းအကျပ် ခိုင်းစေသောကြောင့်ဖြစ်သည်။
သူသည် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရွာ၏ ငွေကြေး၊ ကောက်ပဲသီးနှံနှင့် အလုပ်ရမှတ်များကို တာဝန်ယူထားကာ လုံခြုံရေးအဖွဲ့၏ ထောက်ခံမှုလည်း ရှိလေသည်။ ထို့ပြင် သူ၏လက်ထဲတွင် သေနတ်တစ်လက်ပင် ရှိသေးသည်။ သူသည် အခြေခံအားဖြင့် ဒေသခံ အာဏာရှင်တစ်ဦးဖြစ်ပြီး ရွာထဲတွင် မည်သူကမျှ သူ့ကို မဆန့်ကျင်ရဲကြပေ။
သူ့ကို အထက်လူကြီးများထံ တိုင်ကြားခြင်းနှင့် ပတ်သက်၍ ပြောရလျှင် မည်သို့ရှိမည်နည်း။
မုန့်သဲတွင် ခရိုင်၌ အဆက်အသွယ်များရှိပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့ကလည်း အလွန်အမင်း ဝင်မစွက်ဖက်လိုပေ။ လူတစ်ယောက်မှ သေဆုံးခြင်း မရှိသရွေ့ ပြည်သူ့ကွန်မြူနစ်အဖွဲ့သည် အဓိကအားဖြင့် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုသာ အာရုံစိုက်သည်။
လူသေဆုံးမှု ရှိခဲ့လျှင်ပင် မုန့်သဲသည် ရွာရှိ ခြေဗလာဆရာဝန်နှင့် ပူးပေါင်းနိုင်ပြီး သို့မဟုတ် သဘာဝအတိုင်း သေဆုံးခြင်းဖြစ်ကြောင်း သတ်မှတ်ရန် ခရိုင်ဆေးရုံကိုပင် လာဘ်ထိုးနိုင်သည်။
ပျက်စီးဟောင်းနွမ်းနေသော အိမ်များကို ကြည့်ရင်း လျူအာကျူး၏ မျက်နှာမှာ တင်းမာသွားသည်။
တကယ်တော့ ချန်မုန့်ကျေးရွာသည် လျူကျေးရွာထက်စာလျှင် ဖန်လုံအိမ်စိုက်ပျိုးရေးကို မြှင့်တင်ရန် ပိုမိုသင့်လျော်လေသည်။ အကြောင်းမှာ ဤနေရာတွင် ဖန်လုံအိမ်များအဖြစ် ပြောင်းလဲနိုင်သော လွတ်နေသည့် အိမ်များစွာ ရှိနေသောကြောင့် ဖြစ်သည်။ သဘာဝအတိုင်းပင် သူတို့သည် ပိုမိုစိုက်ပျိုးနိုင်ပြီး အထွက်နှုန်း နည်းမည်မဟုတ်ဘဲ လူများလည်း ဗိုက်ဝအောင် စားနိုင်မည်ဖြစ်သည်။
သို့သော် မုန့်သဲ၏ ကြွားလုံးထုတ်မှုကြောင့် ဤအစီအစဉ်မှာ နှောင့်နှေးသွားခဲ့ရသည်။ ဤလူသည် တမင်တကာ ပြဿနာရှာနေသောကြောင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့က ပြဿနာများကို ကြောက်ရွံ့ပြီး ယင်းအစီအစဉ်ကို မမြှင့်တင်လိုတော့သည်အထိပင် ဖြစ်လာနိုင်ချေ ရှိသည်။
မဖြစ်သေးပေ။ မုန့်သဲကို ဖြုတ်ချပစ်ရမည်သာ ဖြစ်သည်။
လျူအာကျူးသည် ရွာထဲတွင် လှည့်လည်သွားလာနေသော်လည်း ဖန်လုံအိမ်တစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။
ဤအချက်ကို သူသည် အစောကြီးကတည်းက ခန့်မှန်းထားပြီးဖြစ်သော်လည်း ယင်းကို အတည်ပြုရန် လိုအပ်သေးသည်။ တကယ်လို့များ ရှိနေခဲ့လျှင်ကောဟု သူတွေးမိသည်။
လျူအာကျူး၏ အကြီးမားဆုံး အားသာချက်မှာ သူသည် သူ၏ရန်သူကို မည်သည့်အခါမျှ အထင်မသေးတတ်ခြင်းပင် ဖြစ်သည်။ ထို့ပြင် သူသည် ကျွမ်းကျင်မှုအချို့ ရှိနေရုံမျှဖြင့် မဆင်မခြင် ပြုမူလေ့မရှိပေ။
ရွာ၏ ဆင်းရဲနွမ်းပါးမှုနှင့် ဖန်လုံအိမ်နည်းပညာ လုံးဝမရှိခြင်းကို အတည်ပြုပြီးနောက် လျူအာကျူးသည် ချန်မုန့်ကျေးရွာ ထုတ်လုပ်ရေးအဖွဲ့ရုံးကိုလည်း ရှာတွေ့သွားလေသည်။
ဤအဆောက်အအုံမှာ တကယ်တော့ အုတ်နီများဖြင့် တည်ဆောက်ထားပြီး ရွာသူရွာသားများ၏ ရွှံ့အုတ်အိမ်များနှင့် ယှဉ်လိုက်လျှင် အတော်လေး ခန့်ညားထည်ဝါနေသည်။
ဤအိမ်ကို ကြည့်ရုံမျှဖြင့် မုန့်သဲသည် ငွေအမြောက်အမြားကို သေချာပေါက် အလွဲသုံးစားလုပ်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများသည် ရံဖန်ရံခါ လာရောက်လည်ပတ်တတ်သော်လည်း မည်သူကမျှ ဤအကြောင်းကို မပြောကြပေ။ သူတို့သည် လာဘ်ထိုးခံထားရသည်မှာ သေချာလှသည်။
လျူအာကျူးသည် ဤအချက်ကို မှတ်သားထားလိုက်၏။ နောက်ပိုင်းတွင် မုန့်သဲ၏ လိမ်လည်မှုများကို သူ တိုင်ကြားသောအခါ လာဘ်စားထားသော ပြည်သူ့ကွန်မြူနစ်အဖွဲ့ ဝန်ထမ်းများ ပြဿနာမရှာနိုင်စေရန် သူ တားဆီးရမည်ဖြစ်သည်။
သူသည် ရွာ၏အခြေအနေကို မေးမြန်းရန် တစ်စုံတစ်ယောက်ကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ရေးအဖွဲ့ရုံးထဲသို့ ဝင်သွားကာ မုန့်သဲကို ဆန့်ကျင်၍ ထွက်ဆိုပေးမည့်သူ သို့မဟုတ် သူ့ထံသို့ တိုင်ကြားစာများ ပေးမည့်သူ ရှိမရှိ စူးစမ်းရန် ကြိုးစားလိုက်သည်။
ဥပမာအားဖြင့် မုန့်သဲ၏ အလွဲသုံးစားလုပ်ထားသည့် သက်သေအထောက်အထားများ ဖြစ်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ သူ ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ဆေးလိပ်ငွေ့များဖြင့် နံစော်နေသည်ကို တွေ့လိုက်ရသည်။ လူမိုက်ဆန်ဆန် လူတစ်စုက မာကျောက်စားပွဲသုံးခု၏ ပတ်လည်တွင် စုဝေးနေကြပြီး ဆေးလိပ်သောက်ကာ အော်ဟစ်နေကြပြီး စားပွဲများပေါ်တွင် ငွေများပင် ရှိနေသည်။
လျူအာကျူးမှာ မှင်သက်သွားပြီး မသိစိတ်၏ စေ့ဆော်မှုကြောင့် အပြင်သို့ ပြန်ထွက်ကာ စစ်ဆေးကြည့်လိုက်ရာ ထုတ်လုပ်ရေးအဖွဲ့ရုံးဟူသော ဆိုင်းဘုတ်မှာ ထိုနေရာတွင် ချိတ်ဆွဲထားဆဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သို့သော် ဤရုံးခန်းက ဘယ်လို အဖွဲ့ရုံးမျိုးလဲ။ ဤနေရာမှာ သိသိသာသာကို ကျိန်စာသင့် လောင်းကစားရုံကြီး ဖြစ်နေသည်။
ဤရုံးခန်းသည် မုန့်သဲ၏ ဓားပြပုန်းခိုရာ နေရာတစ်ခု ဖြစ်လာပုံရပြီး ယင်းကို လုံးဝ ယုံကြည်၍ မရနိုင်ပေ။
လျူအာကျူး ထွက်ခွာတော့မည့်အချိန်တွင် အဝေး၌ သော့ခတ်ထားသော သံဗီရိုတစ်ခုကို သတိထားမိလိုက်သည်။
ဤအခန်းထဲရှိ ဖိုင်တွဲများ၊ မှတ်တမ်းများနှင့် စာရွက်စာတမ်းအားလုံးမှာ ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲ ပြန့်ကျဲနေကြောင်း သိထားသင့်သည်။ အချို့လူများသည် နှပ်ညှစ်ရန်အတွက် စာရွက်များကိုပင် ပေါ့ပေါ့ဆဆ ဆုတ်ဖြဲနေကြသည်။
သူတို့သည် ထိုအရေးကြီးသော စာရွက်စာတမ်းများကို အလွန်အမင်း လျစ်လျူရှုထားကြသော်လည်း ထိုဗီရိုတစ်လုံးကိုမူ သော့ခတ်ထားသည်။ ယင်းအထဲတွင် အရှုပ်တော်ပုံများ ရှိနေမည်မှာ သေချာလှပေသည်။
သို့သော် ဗီရိုကို သော့ခတ်ထားပြီး သော့မပါဘဲ ဖွင့်ရန် ခက်ခဲပေလိမ့်မည်။
လျူအာကျူးသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မာကျောက်စားပွဲများထဲမှ တစ်ခုပေါ်တွင် ကြိုးနီတစ်ခုဖြင့် သီထားသော သော့တစ်ချောင်းကို များမကြာမီ သတိပြုမိသွားသည်။
အခန်းထဲတွင် ထိုသော့ခလောက်တစ်ခုတည်းသာ ရှိပြီး သော့တစ်ချောင်းတည်းသာ ရှိလေရာ ယင်းမှာ ထိုသော့ပင် ဖြစ်နိုင်ချေ အလွန်များသည်။
သို့သော် ၎င်းကို သူ မည်သို့ ရယူနိုင်မည်နည်း။
လျူအာကျူး တစ်စုံတစ်ရာကို စဉ်းစားနေစဉ် အဝေးမှ တစ်စုံတစ်ယောက်က သူ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
"ဟေ့... ဟေ့... ဟိုကကောင်... ဒီကိုလာပြီး ငါ့အတွက် ရေလာငဲ့စမ်း... သောက်ကျိုးနည်း... မင်းက သိပ်အလိုက်ကမ်းဆိုး မသိပါလား..."
“ငါ့ကို ရေလာငဲ့ခိုင်းနေတာလား”
လျူအာကျူး လှောင်ပြုံးပြုံးလိုက်သော်လည်း သူ၏စိတ်ထဲတွင် အကြံတစ်ခု ရုတ်တရက် ပေါ်လာသည်။
သူသည် အလျင်အမြန် လျှောက်သွားကာ ဓာတ်ဘူးကို ကောက်ကိုင်လိုက်ပြီး ထိုလူများအတွက် ရေငဲ့ပေးရန် မာကျောက်စားပွဲများဆီသို့ ချဉ်းကပ်သွားလေသည်။
ရေငဲ့ပေးနေရင်း သူသည် သော့ရှိရာသို့ တဖြည်းဖြည်း တိုးကပ်သွားတော့၏။