အခန်း ၂၁၃
Vol. 21 Ch. 213
အခန်း (၂၁၃) ကျေးရွာသားများရှေ့တွင် ဒူးထောက်လိုက်ရခြင်း
လျူအာကျူး တကယ်ပင် ပြန်လာရဲလိမ့်မည်ဟု မထင်မှတ်ထားသော မုန့်သဲသည် ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။
"မင်းက တကယ် သေချာပေါက် အလကားနေရင်း သေချာပေါက် အသေဆိုးနဲ့ သေချင်နေတာပဲ… အဲ့လောက်တောင် အသက်ထွက်ချင်နေရင် လာခဲ့စမ်းကွာ…"
"ဘယ်ကို လာရမှာလဲ… မင်းအမေနဲ့ စောင်ခြုံထဲ အတူဝင်ဖို့လား… ဒါမှမဟုတ် မင်းရဲ့ဇနီးနဲ့ ကလေးယူဖို့ လာရမှာလား…"
လျူအာကျူးက ပြုံးစစဖြင့် လှောင်ပြောင်းပြောဆိုလိုက်သည်။
"ခွေးကောင်…"
မုန့်သဲမှာ အလွန်အမင်း ဒေါသထွက်သွားကာ မျက်နှာပျက်ယွင်းသွားသည်။ သူသည် လက်ထဲတွင် ကိုင်ထားသော လက်လုပ်သေနတ်ကို မြှောက်ကာ လျူအာကျူးဘက်သို့ ပစ်ခတ်လိုက်၏။
သို့သော်လည်း ဆက်တိုက် သုံးချက်တိတိ ပစ်ခတ်ခဲ့သော်လည်း လျူအာကျူး၏ ဆံတစ်ပင်ကိုမျှ ထိခိုက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
လျူအာကျူး ပုန်းအောင်းနေသည့် နေရာမှာ လုံးဝ လုံခြုံစိတ်ချရသော နေရာဖြစ်သည်။
မုန့်သဲ ပစ်ခတ်သည်ကို မြင်သောအခါတွင် လျူအာကျူးမှာ ထွက်ပြေးခြင်းမရှိဘဲ ပြန်လည်လှောင်ပြောင်းလိုက်သည်။
"မင်းရဲ့ပစ်ခတ်မှုက အရမ်းညံ့ဖျင်းလွနတယ် မင်းလိုလူမျိုးက ဘယ်လိုလုပ်ပြီး တပ်မဟာခေါင်းဆောင် ဖြစ်လာရတာလဲ… ရှေ့မုန့်ကျေးရွာက ရွာသူရွာသားတို့ ကိုယ့်အတွက်ကိုယ် ရပ်တည်ကြပါတော့… ဒီလိုလူ့စုတ်လူ့နာမျိုးကို လက်တွဲပြီး ဝိုင်းလုပ်လိုက်ရင် ချက်ချင်းကို လဲကျသွားလိမ့်မယ်…"
ရွာသားအများစုသည် မုန့်သဲကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ အချို့ဆိုလျှင် ရှေ့သို့ ခြေနှစ်လှမ်းခန့် တိုးလာကြကာ တစ်စုံတစ်ရာ လုပ်ဆောင်ရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။
ဤအခြေအနေကို မြင်သောအခါ မုန့်သဲ၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်သွားရသည်။ သူသည် ရွာသားများကို မျက်စောင်းထိုးကာ အသံကုန် အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာလုပ်ကြမလို့လဲ… ဘာတွေ လုပ်ချင်နေကြတာလဲ… နောင်နှစ်မှာ အလုပ်ရမှတ်တွေ မရချင်ကြတော့ဘူးလား… အားလုံးပဲ အငတ်ဘေးနဲ့ သေချင်နေကြတာလား…"
အလုပ်ရမှတ်များနှင့် ပတ်သက်၍ ခြိမ်းခြိမ်းခြောက်ခြောက် ပြောဆိုလိုက်မှုကို ကြားလိုက်ရသောအခါ ရွာသားများမှာ နောက်ဆုတ်သွားကြပြန်ပြီး မည်သည့်အရာကိုမျှ ဆက်လက် မလုပ်ရဲကြတော့ပေ။
လျူအာကျူးက နှုတ်ခမ်းကို စူလိုက်ပြီး ထပ်မံ အော်ဟစ်လိုက်သည်။
"အလုပ်ရမှတ်တွေ ဟုတ်လား… အလုပ်ရမှတ်တွေ ရရင်ရော ဒီရွာထဲမှာ ဝမ်းဝအောင် စားနိုင်တဲ့လူ ဘယ်နှစ်ယောက်များ ရှိလို့လဲ… ရွာသားတွေကို မင်းတို့ ဘယ်လိုအငတ်ထားခဲ့လဲဆိုတာ ကြည့်ကြစမ်းပါဦး… လူတော်တော်များများတောင် သေကုန်ကြပြီ မဟုတ်ဘူးလား…"
"ဒါဆိုရင် ငါတို့လျူကျေးရွာဘက်ကို ကြည့်ကြစမ်းပါဦး… ငါတို့တပ်မဟာခေါင်းဆောင်က ကောင်းမွန်ပြီး ရွာသားတွေကို ဘယ်တော့မှ မနှိပ်စက်တတ်တဲ့အတွက် အိမ်တိုင်းမှာ စားစရာတွေ ရှိနေတာပဲ မဟုတ်လား…"
"အဲ့ဒီလိုမှ မဟုတ်ရင်လည်း ဒီကောင့်ကို အားလုံးပေါင်းပြီး ရှင်းထုတ်ပစ်လိုက်ကြပါတော့လား… ပြီးတော့ ယုံကြည်စိတ်ချရတဲ့ တပ်မဟာခေါင်းဆောင် တစ်ယောက်ကို အစားထိုး ရွေးချယ်ကြပါတော့လား…"
မုန့်သဲမှာ အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် အတင်းပြေးသွားပါက လျူအာကျူးမှာ တစ်ဖန် ပြန်လည်ထွက်ပြေးသွားမည်ကို ကောင်းစွာ သိရှိထားသည်။
ထို့ကြောင့် သူသည် မျက်စိစုံမှိတ်ကာ သူ၏နောက်လိုက်ညီအစ်ကို နှစ်ယောက်ကိုသာ အရိပ်အပြ ကာပြလိုက်ရတော့သည်။ သူတို့၏ ရည်ရွယ်ချက်ကို နားလည်သွားကြသောကြောင့် ထိုလူနှစ်ယောက်သည် လူအုပ်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားကြပြီး တောင်ပေါ်သို့ လမ်းပတ်ကာ လျူအာကျူးကို နောက်မှနေ၍ ချဉ်းကပ်ရန် ကြံစည်ထားကြသည်။
ထိုအချိန်တွင် မုန့်သဲလည်း တစ်နေရာတည်းတွင် ငြိမ်မနေဘဲ ရွာသားများကို အပြစ်တင် ကြိမ်းဝါးလိုက်သည်။
"မင်းတို့အားလုံး ဒီမှာ ဘာရပ်လုပ်နေကြတာလဲ… အိမ်တွေကို အမြန်ပြန်ကြစမ်း…"
လျူအာကျူးအနေဖြင့် သူ့ကို ဤကဲ့သို့ လွယ်လွယ်ကူကူ ဆက်လက်လုပ်ဆောင်ခွင့် ပေးမည်မဟုတ်ပေ။ သူသည် မီးလောင်ရာ လေတိုက်ဆိုသလို ပိုမိုလှုံ့ဆော်လိုက်သည်။
"ရွာသားတို့… မြင်ကြရဲ့လား… ဒီမြေးကောင်က ငါ့ကို ဘာမှမလုပ်နိုင်ဘူး ငါ့အသက်က အခုမှ ဆယ့်ငါးနှစ်ပဲ ရှိသေးပေမယ့် ဒီလိုမြေးမျိုးကို လက်တစ်လုံးခြားနဲ့ ကစားနေနိုင်သေးတယ်… မင်းတို့တွေက လူအင်အား အများကြီးနဲ့ လူကြီးတွေ ဖြစ်ပါလျက်နဲ့ ဘာလို့ သူ့ကို ကြောက်နေကြတာလဲ…"
ဤကဲ့သို့ လှုံ့ဆော်စကားများကို ကြားလိုက်ရသောအခါ ရွာသားများလည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားလာကြရသည်။ မုန့်သဲဆိုသည်မှာလည်း ထိုမျှလောက်အထိ ကြောက်စရာမကောင်းပါတကားဟုပင် တွေးတောလာကြတော့သည်။
မုန့်သဲသည် ရွာသားများ တကယ်တမ်း ပြန်လည် ရပ်တည်လာကြသည်ကို မြင်သောအခါ ရုတ်တရက် အနည်းငယ် စိုးရိမ်ထိတ်လန့်လာခဲ့သည်။
အကြောင်းမှာ လူအင်အားများစွာနှင့် ပူးပေါင်းလာကြပါက သူသည် လုံးဝ ယှဉ်ပြိုင်နိုင်မည် မဟုတ်ကြောင်းကို ကောင်းစွာ သိရှိထားသောကြောင့်ပင်တည်း။
သူသည် လက်ထဲတွင် ကိုင်ထားသော လက်လုပ်သေနတ်ကို ချက်ချင်း မြှောက်လိုက်ပြီး ဆဲဆိုလိုက်သည်။
"လူအင်အား များနေရုံနဲ့ ကိုယ့်ကိုကိုယ် ထူးချွန်လှပြီလို့ ထင်နေတာလား… ငါ့မှာ သေနတ်ရှိတယ်လေ…"
လူအုပ်ကြီးမှာ တကယ်ပင် ကြောက်ရွံ့သွားကြပြီး အတန်ငယ် အမြန်ဆုံး နောက်ဆုတ်သွားကြသည်။
ဤအခြေအနေကို မြင်သောအခါ လျူအာကျူးသည်လည်း ရိုင်ဖယ်သေနတ် တစ်လက်ကို ချက်ချင်း ထုတ်ယူလိုက်သည်။ ၎င်းမှာ အမျိုးအစား ၅၃ ကာဘိုင် ရိုင်ဖယ်သေနတ် ဖြစ်သည်။
ယခုနှစ်တွင် ဤသေနတ်အမျိုးအစားများကို လူစားလဲတော့မည် ဖြစ်သောကြောင့် ရဲစခန်းမှလည်း သူသေနတ်ကြိုက်သည်ကို သိရှိထားသဖြင့် တစ်လက် ရှာဖွေပေးထားခြင်း ဖြစ်ပေသည်။
ထိရောက်သော ပစ်ခတ်နိုင်စွမ်း အကွာအဝေး မီတာလေးရာ ရှိသောကြောင့် ထိုလက်လုပ်သေနတ်ထက် ပိုမိုဝေးကွာသော နေရာအထိ ရောက်ရှိနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ လျူအာကျူး၏ ပစ္စတိုသေနတ်မှာ အကွာအဝေး တိုတောင်းလှပြီး အမျိုးအစား ၁၁ အပေါ့စားစက်သေနတ်ကြီးကို ဆွဲကာ ပြေးလွှားနေ၍လည်း မဖြစ်ပေ။
ယခုအခါ သူသည် ရိုင်ဖယ်သေနတ်ကို မြှောက်လိုက်ကာ မုန့်သဲ၏လက်ထဲရှိ လက်လုပ်သေနတ်ကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်သည်။
“ဒိုင်း..”
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည်။
မုန့်သဲမှာ အလန့်တကြား အော်ဟစ်လိုက်၏။ သူ၏လက်ထဲတွင် ကိုင်ထားသော သေနတ်မှာ လွင့်စင်သွားခဲ့ပြီး မြေကြီးပေါ်သို့ ကျရောက်သွားချိန်တွင် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
အကယ်၍ ပြန်လည်ပြုပြင်ပါက အနည်းငယ် ဆက်သုံးနိုင်ကောင်း သုံးနိုင်မည်ဖြစ်သော်လည်း မည်သူမျှ သူ၏မျက်နှာရှေ့တွင် ပေါက်ကွဲမသွားရန် အာမခံချက် မပေးနိုင်ပေ။
လက်ထဲမှ လွင့်စင်သွားသော သေနတ်ကို ငေးကြည့်ရင်း မုန့်သဲမှာ တုန်လှုပ်ချောက်ချားသွားကာ ဒေါသတကြီးဖြင့် ဝေးလံသော နေရာမှ လျူအာကျူးကို စိုက်ကြည့်နေမိတော့သည်။
လျူအာကျူးက ဆက်လက်၍ မရပ်တန့်ဘဲ နောက်ထပ် သေနတ်ကျည်ဆန်များကို ဆက်တိုက် ပစ်ခတ်လိုက်ရာ ထိုလူဆိုးများ၏ လက်ထဲတွင် ရှိနေသော လက်လုပ်သေနတ်များနှင့် ရှော့ဂန်းသေနတ် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သူသည် မုန့်သဲ၏ လက်သည်းခြေသည်းများကို ချွတ်ပစ်လိုသည့်အတွက် ရွာသားများအနေဖြင့်လည်း ယခုကဲ့သို့ အလွန်အမင်း မကြောက်ရွံ့တော့ရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။
"ရွာသားတို့… အဲ့ဒါက သေနတ်တစ်လက်ပါပဲ.. ဘယ်သူ့မှာမှ မရှိတာကျလို့”
"အခုဆိုရင် မုန့်သဲရဲ့လက်ထဲမှာ သေနတ် မရှိတော့ပါဘူး မင်းတို့တွေ သူ့ကို ဆက်ပြီး ကြောက်စရာ မလိုတော့ပါဘူး”
"သူ မင်းတို့ကို ဘယ်လိုပုံစံနဲ့ ပုံမှန်နှိပ်စက်နေလဲဆိုတာ စဉ်းစားကြည့်ကြစမ်းပါ… ပိုက်ဆံတွေကို လိမ်လည်ယူတာ မင်းတို့ရဲ့ဇနီးတွေကို မမှန်မကန် လုပ်တာ မိသားစုဝင်တွေကို ရိုက်နှက်တာတွေလေ"
"တပ်မဟာရုံးချုပ်မှာ ရှိနေတဲ့ အနီရောင်အုတ်ခဲနဲ့ ကြွေပြားအိမ်တွေကို ကြည့်ကြစမ်းပါ ပြီးတော့ မုန့်သဲရဲ့အိမ်မှာ အဆုံးအမရှိတဲ့ စပါးတွေနဲ့ အသားတွေကိုပါ ကြည့်ကြစမ်းပါ..”
"မင်းတို့ သိကြရဲ့လား… ဒီမြေးကောင် ခရိုင်မြို့မှာ စားသောက်နေတာကို ငါကိုယ်တိုင် တွေ့ခဲ့ရတယ် တစ်နပ်စားလိုက်ရင် လေးငါးယွမ်တောင် ကုန်ကျတယ် တစ်ဘူးကို တစ်ယွမ်တန်တဲ့ စီးကရက်တွေကို သောက်တယ် တစ်ပုလင်းကို လေးယွမ်တန်တဲ့ အရက်တွေကို သောက်တယ် အခု မင်းတို့ကိုယ်မင်းတို့ ပြန်စဉ်းစားကြည့်ကြစမ်း"
လျူအာကျူးသည် မုန့်သဲ၏ လုပ်ရပ်များကို အမှန်တရားနှင့် အလိမ်အညာများ ရောနှောကာ ရွာသားများ၏ ပြည်သူ့ဒေါသကို ပိုမိုလှုံ့ဆော်ပေးရန် ရည်ရွယ်ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
တကယ်တမ်း ပြောရမည်ဆိုလျှင် မုန့်သဲ၏ ဘဝနေထိုင်မှုပုံစံမှာ အခြားသူများထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်နေခဲ့ပေသည်။ လူအများစုမှာ သူ့အိမ်မှ ထွက်ပေါ်လာသော အသားနံ့များကို မကြာခဏဆိုသလို ရရှိနေကြရသဖြင့် ကြားလေလေ ပိုမိုမနာလိုဖြစ်လေလေ ဖြစ်လာကြတော့သည်။
ယခုအခါ မုန့်သဲတွင် သေနတ်မရှိတော့သည်ကို တွေ့ရပြီး ရွာသားများ၏ ဒေါသထွက်နေသော မျက်နှာများကို မြင်လိုက်ရသောအခါ သူက အလွန်အမင်း စိုးရိမ်လာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဝေးလံသော တောင်ပေါ်တွင် သူ၏နောက်လိုက်များမှာ လျူအာကျူးထံသို့ တိတ်တဆိတ် ချဉ်းကပ်လာကြပြီ ဖြစ်ကြောင်းကို သူ မြင်လိုက်ရသည်။
သူတို့သည် လျူအာကျူး၏ မလှမ်းမကမ်း နောက်ဘက်သို့ ရောက်ရှိလာကြပြီဖြစ်ပြီး လက်ထဲတွင်လည်း လက်လုပ်သေနတ် တစ်လက်ကို ကိုင်ဆောင်ထားကြသည်။
မုန့်သဲမှာ ဝမ်းသာအားရ ဖြစ်သွားရတော့သည်။ လျူအာကျူးကိုသာ ဖမ်းဆီးနိုင်မည်ဆိုပါက ထိုသုံးဘီးဆိုင်ကယ်ကိုပါ သူ ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး ရွာသားများလည်း သူ့ကို ဆက်လက် ကြောက်ရွံ့နေဦးမည် မဟုတ်ပါလော။
သို့သော်လည်း လျူအာကျူးမှာ ထိုနောက်လိုက်နှစ်ယောက် တိတ်တဆိတ် ထွက်သွားသည်ကို အစောပိုင်းကတည်းက မြင်တွေ့ထားခဲ့ပြီးဖြစ်ကာ သူတို့၏ ကြံစည်မှုကိုလည်း ခန့်မှန်းမိပြီးသား ဖြစ်နေပေသည်။
ယခုအခါ မုန့်သဲ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ ထိုနောက်လိုက်နှစ်ယောက် ရောက်ရှိလာပြီ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိလိုက်သည်။
သို့သော်လည်း မုန့်သဲအနေဖြင့် သူ့ကို လူအများရှေ့တွင် တကယ်တမ်း အသေသတ်ရဲမည် မဟုတ်ကြောင်းကို ယုံကြည်ထားသည့်အတွက် သူ မသိဟန်ဆောင်နေလိုက်သည်။ လျူအာကျူး ကိုယ်တိုင်လည်း မုန့်သဲကို တကယ်အသေသတ်ရန် ဝံ့ရဲခြင်း မရှိပေ။
လူအများရှေ့တွင် လူသတ်မည်ဆိုပါက ပြည်သူ့ကွန်မြူနစ်အဖွဲ့ကဖြစ်စေ၊ ပြည်သူ့လုံခြုံရေးကဖြစ်စေ လူသတ်သမားကို လွတ်မြောက်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ထင်သည့်အတိုင်းပင် ထိုနောက်လိုက်နှစ်ယောက်မှာ သေနတ်ကို ကိုင်ဆောင်ထားကြသော်လည်း ပစ်ခတ်ဝံ့ခြင်း မရှိကြပေ။ ယင်းအစား လျူအာကျူး၏ နောက်ဘက်သို့ တိတ်တဆိတ် ချဉ်းကပ်လာကြပြီး သေနတ်ပြောင်းဝဖြင့် သူ၏ခေါင်းကို ထောက်ထားလိုက်ကာ
"မလှုပ်နဲ့” ဟု အော်ပြောလိုက်သည်။
နောက်လိုက်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော လျူအာကျူးကို မြင်လိုက်ရသောအခါ မုန့်သဲမှာ ပျော်ရွှင်လွန်းအားကြီး၍ ထခုန်မတတ် ဖြစ်သွားရသည်။
"ဟားဟားဟား မင်းလို အကောင်စုတ်လေး ဆက်ပြီး မောက်မာပြနေပါဦး ဆက်ပြီး ရဲတင်းပြနေပါဦးလား… နောက်ဆုံးတော့ ငါ့လက်ထဲကို ရောက်လာတာပဲ မဟုတ်လား…"
"ဒီကနေ့ မင်းကို သေးပုံးထဲ ပစ်ထည့်ပြီး ဝမ်းဝအောင် မကျွေးရရင် ငါ့နာမည်ကို မုန့်လို့ မခေါ်တော့ဘူး..”
သူသည် ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် တောင်ပေါ်သို့ ပြေးတက်လာစဉ်မှာပင် လျူအာကျူးသည် သူ၏သေနတ်ကို အောက်သို့ချလိုက်ကာ ဖြည်းညင်းစွာဖြင့် နောက်သို့ လှည့်လိုက်ပြီးမှ ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ သူ့ကို ချိန်ရွယ်ထားသော သေနတ်ကို အပြင်းအထန် ရိုက်ချလိုက်သည်။
သူသည် ရုတ်တရက် အားကောင်းမောင်းသန်ဖြင့် အသုံးပြုလိုက်ခြင်း ဖြစ်ပေသည်။ ရိုက်ခတ်မှု အရှိန်အဟုန်ကြောင့် သေနတ်ပြောင်းဝမှ လက်ကိုင်ဘုအထိ ပျံ့နှံ့သွားကာ နောက်လိုက်မှာ သေနတ်ကို ချက်ချင်း လက်လွှတ် ဆုံးရှုံးသွားရတော့သည်။
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် လျူအာကျူးသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ခုန်ဝင်လိုက်ကာ ထိုနောက်လိုက်၏ လက်ကို ဦးစွာ လိမ်ချိုးလိုက်ပြီး လက်လုပ်သေနတ်ကို ဆွဲယူကာ တစ်ဖက်သို့ ပစ်ချလိုက်သည်။ ထို့နောက် ဓားကိုင်ထားသော နောက်လိုက်ကိုပါ ခြေဖြင့် ကန်ထုတ်လိုက်သည်။
သူသည် ထိုကန်ချက်တွင် မည်သည့်သနားကြင်နာမှုကိုမျှ မထားရှိခဲ့ဘဲ ထိုလူ၏ နံရိုးနှစ်ချောင်းကို တိုက်ရိုက် ကျိုးပဲ့သွားစေခဲ့သည်။
နောက်လိုက် တစ်ယောက်မှာ ရင်ဘတ်ကို ဖိထားပြီး တစ်ယောက်မှာ လက်ကို ကိုင်ကာ မြေကြီးပေါ်တွင် နာကျင်စွာဖြင့် အော်ဟစ်နေကြတော့သည်။
အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြေးလာနေသော မုန့်သဲသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အတန်ငယ် တုန်လှုပ်သွားကာ အမြန်ဆုံး ရပ်တန့်လိုက်ရသည်။
လျူအာကျူးမှာ သူ့ကို ကြောက်လန့်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ သူသည် ယခုတလော ပစ်ချလိုက်သော လက်လုပ်သေနတ်ကို ချက်ချင်း ကောက်ယူလိုက်ပြီး တောင်အောက်သို့ ပြေးဆင်းသွားကာ အော်ဟစ်လိုက်သည်။
"မင်း ငါ့ကို သတ်ချင်နေတာ မဟုတ်လား… ဒီကနေ့ ငါ မင်းရဲ့အရေးကိစ္စတွေကို ရှင်းပစ်မယ် မုန့်ဆိုတဲ့ ခွေးမသား…”
မုန့်သဲအနေဖြင့် လျူအာကျူး တကယ်တမ်း ပစ်ခတ်မည် မဟုတ်ကြောင်းကို မသိရှိထားပေ။ သူကိုယ်တိုင်ကလည်း လူဆိုးလူမိုက်တစ်ဦးဖြစ်သောကြောင့် လျူအာကျူးမှာလည်း သူကဲ့သို့ပင် ရစရာမရှိအောင် ရက်စက်လိမ့်မည်ဟု တွေးတောနေခဲ့သည်။ သူ အပြေးအလွှား လိုက်လာသည်ကို မြင်သောအခါ အလွန်အမင်း ကြောက်လန့်သွားကာ ထွက်ပြေးတိမ်းရှောင်တော့သည်။
တောင်ပေါ်မှနေ၍ ပြေးဆင်းသွားသည်ကို ကြည့်ရင်း လျူအာကျူးက အကျယ်ကြီး ရယ်မောလိုက်သည်။
"မလှုပ်နဲ့… မဟုတ်ရင် ငါ ပစ်မယ်”
"မပစ်နဲ့… ငါမလှုပ်တော့ဘူး.. ကျေးဇူးပြုပြီး မပစ်ပါနဲ့"
မုန့်သဲမှာ အလွန်အမင်း ကြောက်လန့်သွားကာ လက်များကို မြင့်မားစွာ မြှောက်ထားလိုက်ပြီး လုံးဝ မလှုပ်ရဲတော့ပေ။
လျူအာကျူးက အသံကုန် အော်ဟစ်လိုက်သည်။
"ဒါဆိုရင် ဒူးထောက်လိုက်စမ်း… ရွာသားတွေရှေ့မှာ ဒူးထောက်လိုက်"
"ဟင်"
မုန့်သဲမှာ ဝန်လေးနေသည့်ပုံစံဖြင့် ကြည့်လိုက်သည်။
"မဒူးထောက်ဘူးလား… ဒါဆိုရင် ငါပစ်ပြီ အဆိုးဆုံး ဖြစ်သွားရင်တောင် ထောင်ထဲပဲ ဝင်ရမှာပေါ့"
လျူအာကျူးက လှောင်ပြောင်းပြောဆိုလိုက်သည်။
"ငါ ဒူးထောက်မယ်… ဒူးထောက်ပါ့မယ်”
မုန့်သဲမှာ ကြောက်လန့်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်မတတ် ဖြစ်သွားရသည်။ ဘုန်းခနဲ အသံကြီးနှင့်အတူ ရွာသားများ၏ ရှေ့တွင် ဒူးထောက်ချလိုက်လေတော့သည်။