အခန်း ၁၀၈
Vol. 8 Ch. 108
အပိုင်း (၁၀၈)
စူးလီက တိမ်လွှာကြေးမုံကို ပြန်သိမ်းထားလိုက်ပြီး အကြောဆန့်လိုက်တယ်။
သုံးရက်လောက် အနားယူပြီးပြီဆိုတော့ စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်ဖို့ ဖရဲသီးစားရမဲ့အချိန်ရောက်ပြီ။
သူမက ကိုယ်ကို ဖြည်းဖြည်းချင်းလှည့်လိုက်ပြီး အိပ်ရာပေါ်ကထွက်လိုက်တယ်။ ခြံဝင်းထဲမှာ နေပူစာလှုံရင်း ချန်ထျန်းဂိုဏ်းက ဖရဲသီးတချို့ကိုစားသောက်ဖို့ ရှာဖွေလိုက်တယ်။
သူမက ခြံဝင်းထဲကို ထွက်လာတာနဲ့ချက်ချင်း အပြင်းအထန် တရားထိုင်နေတဲ့ လင်ကျောင်းကို တွေ့လိုက်ရတယ်။ အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်ကျောင်းက ထရပ်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း လေးစားမှုယုံကြည်မှုအပြည်တွေနဲ့ "မမ"
သူမက လင်မိသားစုအိမ်တော်ထဲမှာ စူးလီကို ပထမဦးဆုံးတွေ့တဲ့အချိန်မှာပဲ စူးလီက သူမ ယုံကြည်နိုင်တဲ့ တစ်စုံတစ်ယောက်ဆိုတာ သူမ ခံစားမိလိုက်တယ်။
သူမက သူမရဲ့ ထိုးထွင်းဉာဏ်ကိုယုံကြည့်တယ်။ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ သူမက သူမရဲ့ထိုးထွင်းဉာဏ်ကို အသုံးချပြီး မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို ရှောင်ရှားလာခဲ့တယ်။ ဒါကြောင့်လည်း သူမက လူအုပ်ထဲမှာရှိတဲ့ စူးလီရဲ့အင်္ကျီလက်ကို ဖမ်းဆုပ်ခဲ့တာပဲ။
နောက်ပြီးတော့ သူမရဲ့မမက အရင်တုန်းက သူမ မြင်ခဲ့တဲ့ကျင့်ကြံသူတွေအားလုံးနဲ့ လုံးဝမတူဘူး။
သူမက သူမပတ်ဝန်းကျင်ကလူတွေကို ပိုပြီးကံကောင်းလာအောင် လုပ်နိုင်တယ်ဆိုတာသိပေမဲ့လည်း သူမရဲ့အစ်မကတော့ တခြားသူတွေကို ကံကောင်းခြင်းကို ရနိုင်မဲ့ ဝိညာဉ်ရတနာတစ်ခုလို သူမကို ဘယ်တော့မှ မဆက်ဆံခဲ့ဘူး။ သူမကိစ္စနဲ့ပတ်သက်ပြီး ဘယ်တော့မှလည်း ဂရုမစိုက်ခဲ့ဖူးဘူး။ အစ်မက သူမကိုအမြဲတမ်းလေးစားပြီး ကာကွယ်ပေးပြီး တစ်စုံတစ်ယောက်က သူမကိုထိခိုက်နာကျင်မှာကို ခွင့်မပြုသလို သူမကိုလည်း အသုံးမချခဲ့ဘူး။
ဒါကြောင့် သူမကလည်း သူမရဲ့ကံကောင်းခြင်းတွေကို သိမ်းဆည်းထားချင်ပြီး သူမရဲ့အစ်မကိုပဲ ပေးချင်တာလေ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သူမဆီကိုလာတဲ့ ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေကို လျစ်လျူရှူထားလိုက်တယ်။ သူမက သူတို့ကို စကားတစ်ခွန်းလောက် ပြောလိုက်တာနဲ့ သူမအစ်မရဲ့ကံကောင်းခြင်းတွေကို ခွဲဝေပေးလိုက်ရမှာ စိုးလို့လေ။
စူးလီက သူမဆီကို ရောက်လာပြီး သူမရဲ့စဥ်းလဲပေမဲ့ ယုံကြည်လို့ရတဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး သူမရဲ့ဆံပင်တွေကို ပျင်းရိလေးတွဲစွာနဲ့ ပွတ်သပ်ပေးလိုက်တယ်။
"လေ့ကျင့်နေတာလား"
လင်ကျောင်းက အားတက်သရော ခေါင်းညိတ်ပြတယ်။
"သမီးလည်း အစ်မလို အကောင်းဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ်လေ"
ဒီတစ်ကြိမ်မှာတော့ သူမက သိမ်ငယ်စိတ်တချို့နဲ့ ခေါင်းငုံထားလိုက်တယ်။
"ဒါပေမဲ့ သမီးက အရမ်းတုံးအတာပဲ၊ ခန္ဓာကိုယ်ထဲက ချီဓာတ်ကို ဘယ်လိုဆွဲထုတ်ရမယ်မှန်း မသင်ယူတတ်သေးဘူး"
သူမရဲ့စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက မသိမသာ မျက်မှောင်ကျုံ့လိုက်တယ်။
"ခန္ဓာကိုယ်ထဲကို ချီဆွဲထည့်တာ... ဒါက ဒီအကြောင်းကို စဥ်းစားလိုက်ရုံနဲ့ အောင်မြင်သွားနိုင်တယ် မဟုတ်လား"
ကောင်းကင်တာအိုတစ်ယောက်အနေနဲ့ သူမက လေ့ကျင့်စရာ လုံးဝမလိုအပ်ဘူးလေ။ သူမက ဘယ်လို ကျင့်ကြံရမယ်ဆိုတာတောင် မသိဘူး။
သူမရဲ့စိတ်ထဲမှာတော့ လေ့ကျင့်တယ်ဆိုတာက ရေသောက် အစာစားပြီး ဖရဲသီးစားသလောက် လွယ်ကူတယ်လို့ပဲ ထင်တယ်။
ဒီအချိန်မှာပဲ ဘာမှလုပ်စရာမရှိဘဲ ယွမ်ချီတောင်ထွတ်မှာ ပတ်ပြီးလမ်းလျှောက်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီး ကျန်းမုံလင်က နောက်ဆုံးတော့ ဒီအတိုင်း ထိုင်မနေနိုင်တော့ဘူး။ သူက ခြံဝင်းထဲကို အလောတကြီး ခပ်သွက်သွက် လမ်းလျှောက်လာပြီး စူးလီရဲ့ စကားတစ်ခွန်းနှစ်ခွန်းက လင်ကျောင်းကို လမ်းလွဲသွားအောင်လုပ်မှာ စိုးရိမ်မိသွားတယ်။
"ခန္ဓာကိုယ်ထဲကို ချီဓာတ်ဆွဲထည့်တယ်ဆိုတာ အဲ့လောက်အထိ ရိုးစင်းတာ မဟုတ်ဘူး"
သူက လင်ကျောင်းကို လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
"မင်းက သက်ဆိုင်ရာသင်ရိုးတွေကိုလည်း သင်ယူဖို့လိုသေးတယ်။ မင်းက ခန္ဓာကိုယ်ထဲကို ချီဓာတ် ဆွဲထည့်နေတဲ့အချိန်မှာ မင်းကို စောင့်ကြည့်ပေးမဲ့ ကျင့်ကြံသူတွေရှိရလိမ့်မယ်"
"ပထမအချက်က မင်းက.."
စူးလီက ကျန်းမုံ့လင်ရဲ့ ရှည်လျားပြီး အပြောအဟောကောင်းတဲ့ ညွှန်ကြားချက်တွေကိုနားထောင်ရင်း တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
တစ်နည်းပြောရရင်တော့ ငါတို့တွေက လင်ကျောင်းကို ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ သင်ကြားပေးမဲ့ လူတစ်ယောက်ကို ရှာပေးသင့်တာပဲ။
ဆရာဖြစ်လာမဲ့ သူတစ်ယောက်အနေနဲ့ကတော့လား...
သူမက ခေါင်းကို လှည့်လိုက်ပြီး ကျန်းမုံ့လင်ကို ကြည့်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ မျက်နှာသေနဲ့ ပြန်လှည့်လာခဲ့တယ်။ ထားလိုက်ပါတော့လေ။ ငါ ကောင်းကင်စာအုပ်ထဲကပဲ ဖြည်းဖြည်းချင်း ရွေးပေးပါတော့မယ်။
ပြီးခဲ့တဲ့အခေါက်တုန်းက ရှန်ချန်းဟန်အတွက် ဆရာတစ်ယောက် ရှာပေးခဲ့တဲ့ အတွေ့အကြုံ ရှိပြီးတဲ့နောက်မှာ သူမက ဒီလုပ်ငန်းစဥ်နဲ့ ရင်းနှီးလာခဲ့တယ်။
ဒိအချိန်မှာပဲ စိုးရိမ်စိတ်ဖြစ်နေပေမဲ့ ထိန်းချုပ်မရတဲ့အံ့သြဟန်နဲ့ အသံတစ်ခုက သိပ်မဝေးလှတဲ့နေရာကနေ ရုတ်တရက် ပေါ်လာခဲ့တယ်။
"ဂိုဏ်းချုပ်ကြီး မြို့ထဲကချန်ထျန်းဂိုဏ်းရဲ့ အစီအရင်ဆိုင်က ဖျက်ဆီးခံလိုက်ရတယ်။ ဂိုဏ်းချုပ်ကြီး တစ်ချက်လောက် သွားကြည့်ပါအုံး"
ဒုတိယတပည့်ရဲ့ စကားကိုကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်းမုံ့လင်ရဲ့မျက်လုံးတွေက ဇဝေဇဝါ အရိပ်အယောင် ဖြစ်သွားတယ်။ ချန်ထျန်းဂိုဏ်းက မြို့ထဲမှာအစီအရင်ဆိုင်တစ်ခု ရှိသတဲ့လား။
အဲ့ဒီနောက်မှာတော့ သူကတစ်ခုခုကို စဥ်းစားမိသွားတဲ့ပုံပဲ။ သူ့မျက်လုံးထဲမှာ ရုတ်တရက်ဆိုသလို မျက်စိကျိန်းမတတ် လင်းလက်တဲ့ အရောင်တစ်ခု ပေါက်ထွက်လာတော့တယ်။
ဒါက ခုနှစ်နှစ် ရှစ်နှစ်လောက်ကတည်းက အရှုံးပေါ်နေတဲ့ အစီအရင်ဆိုင်တစ်ခုပဲ။ နှစ်တိုင်း ဝိညာဥ်ကျောက်တုံးရာချီ ဆုံရှူံးနေတာလေ။ အခုအချိန်ထိ အစီအရင်တစ်ခုလေးတောင် ရောင်းမထွက်သေးဘူး။ စာချုပ်ကြောင့် ဒီအတိုင်းကြီး ပိတ်ချဖို့လည်း နည်းလမ်းကမရှိဘူးလေ။
အခုကျတော့ဆိုင်က ဖျက်စီးခံလိုက်ရပြီတဲ့လား။ ဒီလိုဆိုရင်တော့ သူက စာချုပ်ပါစည်းမျဥ်းကို မဖောက်ဖျက်ခဲ့တဲ့အပြင် လျော်ကြေးအနေနဲ့ ဝိညာဥ်ကျောက်တုံး ပမာဏတစ်ခုကိုလည်း ရနိုင်သေးတာပဲ။
လင်ကျောင်းကတကယ်ပဲ ကံကောင်းတဲ့ငါးလေး ဖြစ်ထိုက်ပါပေတယ်။
သူကသူမကို စကားလေး တစ်ခွန်းနှစ်ခွန်းပဲ ပြောရသေးတယ်။ ကောင်းကင်ဘုံကနေ ဒီလိုပိုင်မုန့်ကြီးတစ်ခု ရုတ်တရက် ကျလာသတဲ့။
ဒီလိုစဥ်းစားလိုက်ပြီး သူက ရုတ်တရက်ဆိုသလို ခေါင်းကိုလှည့်လိုက်ပြီး သူ့အသံထဲမှာလည်း ထိန်းချုပ်မရတဲ့ အံ့သြမှုတွေ အပြည့်ပါသွားတယ်။
"တကယ်လား"
သူရဲ့တုံ့ပြန်ပုံက မှားယွင်းနေတာကို သတိထားမိလိုက်တဲ့အခါ သူက မြန်မြန်ရှေ့ထွက်ရပ်လိုက်ပြီး လေးနက်တဲ့မျက်နှာတစ်ခုနဲ့ ချောင်းနှစ်ချက်ဟန့်လိုက်တယ်။
"ဒီဂိုဏ်းချုပ်ကြီး ပြောချင်တာက ချန်းထျန်းမြို့က ဒီလိုမကောင်းတဲ့ ကိစ္စတွေရှိသတဲ့လား။ ဒီဂိုဏ်းချုပ်ကြီးက သွားပြီးတော့ အဲ့ဒီလူနဲ့ ဆွေးနွေးလိုက်ပါမယ်”
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက ခေါင်းကိုလှည့်လိုက်ပြီး ရင်နှီးဖောရွေတဲ့ မျက်နှာတစ်ခုနဲ့ လင်ကျောင်းကို နှုတ်ဆက်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ အစီအရင်ဆိုင်ကို သွားဖို့ သူရဲ့ဒုတိယတပည့်ကိုဆွဲခေါ်လိုက်ပြီး ယွင်ချီတောင်ထွတ်ကို ပျံထွက်သွားခဲ့တယ်။ သူသာ နောက်ကျသွားရင် ကောင်းကင်ပေါ်ကကျလာတဲ့ ကံကောင်းခြင်းနဲ့ လွဲချော်သွားမှာစိုးရိမ်လို့ ရန်သူရှိတဲ့ဖက်ကို အပြေးအလွှားသွားလိုက်တော့တယ်။
အစီအရင်ဆိုင်ဘေးမှာတော့...
ကျက်သရေရှိလှတဲ့ အဝတ်အစားနဲ့ ခေါင်းပေါ်မှာလည်း ရွှေဆံထိုးတစ်ခု ထိုးထားတဲ့ လူငယ်လေးတစ်ယောက်က အဲ့ဒီနေရာမှာ ပျင်းရိပျင်းတွဲနဲ့ရပ်နေပြီး ဝမ်းသာအားရဖြစ်နေတဲ့ သူ့ဘေးက မီးသားရဲကို ပွတ်သပ်ပေးနေတယ်။
သူက မီးသားရဲကို စိတ်ဝင်စားနေလိုက်တာများ ပျက်စီးသွားတဲ့ အစီအရင်ဆိုင်ကိုတောင် ဂရုမစိုက်လေဘူး။
သူက ချန်ထျန်းမြို့က ချီမိသားစုရဲ့ အရည်အချင်းအရှိဆုံး ဆက်ခံသူလေ။ သူ့အဖေက မိသားစုသခင်ကြီးပေါ့။ ချီမိသားစုက ချန်းထျန်းမြို့ထဲက ချန်ထျန်းဂိုဏ်းအတွက် နှစ်ခုမရှိတဲ့ မိသားစုပေါ့။ ဒါကသူရဲ့အဖိုးမဖြတ်နိုင်တဲ့ ဝိညာဥ်သားရဲက ဆိုင်လေးတစ်ဆိုင်ကို ဖျက်ဆီးခဲ့လိုက်ရုံပဲလေ။ သူက ဆိုင်တစ်ခုလုံးကို ဖျက်ဆီးပစ်တယ်ဆိုရင်တောင် ဘယ်သူက သူ့ကို ဘာလုပ်ရဲမှာလဲ။ သူ့ပတ်ဝန်းကျင်မှာ အခင်းဖြစ်တဲ့နေရာကို စိတ်ဝင်စားစွာကြည့်နေတဲ့ ကျင့်ကြံသူတွေ အများကြီးရှိနေတယ်။ ချီရွှမ်းရဲ့ မောက်မာထောင်လွှားတဲ့ ရုပ်သွင်ကို မြင်လိုက်ရတဲ့အခါ သူတို့တွေက ခေါင်းမခါဘဲ မနေနိုင်အောင်ဖြစ်သွားကြပြီး သူတို့စိတ်ထဲမှာလည်း ဆိုင်ပိုင်ရှင်အတွက် ကြိတ်ပြီး စိတ်မကောင်း ဖြစ်သွားတော့တယ်။
ဆိုင်ရဲ့ယိုယွင်းပျက်စီးနေတဲ့ အသွင်အပြင်ကိုကြည့်လိုက်ပြီး ဆိုင်ရှင်ကတော့ ဘာနောက်ခံမှမရှိတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်မယ်လို့ ခန့်မှန်းလိုက်ကြတယ်။
သူသာ အပြေးအလွှား ရောက်လာမယ်ဆိုရင် လျော်ကြေးငွေမပြောနဲ့ ချီရွှမ်းရဲ့လက်ထဲကနေ လွတ်မြောက်ဖို့တောင် ခက်ခဲလိမ့်မယ်။
သူ့ပတ်ဝန်းကျင်ရဲ့ ကျင့်ကြံသူတွေရဲ့အမူအရာကလည်း ထိုနည်းတူပဲ။ သူတို့အားလုံးက မကျေနပ်ဖြစ်နေကြပေမဲ့လည်း ဘာမှမတတ်နိုင်ဘဲ သူတို့ရဲ့ဒေါသတွေကို မျိုသိပ်ယုံသာ တတ်နိုင်တော့တယ်။
ချီရွှမ်းက ချန်ထျန်းမြို့ထဲမှာ မကောင်းတာ ဘာမှမလုပ်ထားပေမဲ့လည်း သူက အမြဲတမ်းလိုလို အင်မတန်မှ မောက်မာထောင်လွှားတယ်။ ကျင့်ကြံသူတွေက သူရဲ့ရန်စခြင်းခံရတဲ့အခါ ချီမိသားစုရဲ့ အင်အားကြောင့် အလျှော့ပေးဖို့ပဲ တတ်နိုင်ခဲ့တယ်။
ချီရွှမ်းကသူရဲ့ မီးသားရဲကို ငြိမ်သွားအောင် ထိန်းပြီးလိုက်တဲ့အချိန်မှာ အဲ့ဒီသားရဲကောင်နဲ့ထွက်သွားဖို့ ပြင်လိုက်ပေမဲ့ သူရဲ့အစ်မဖြစ်သူ ချီရော့ယင်းက ရုတ်တရက် ရောက်လာခဲ့တယ်။
ချီရော့ယင်းက မီးသားရဲကောင် ဖျက်ဆီးတာ ခံလိုက်ရတဲ့ အစီအရင်ဆိုင်ကို ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူမက ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူမရဲ့အသံက သိမ်သိမ်မွေ့မွေ့လေး ထွက်လာတုန်းပဲ။
"ချီရွှမ်း နင် မီးသားရဲကောင်ကို အလိုလိုက်ပြီးတော့ မကောင်းတာတွေ လုပ်နေပြန်ပြီလား"
"အဆင့်ခြောက် ယဥ်ပါးအောင်မလုပ်ရသေးတဲ့ ဝိညာဥ်သားရဲကောင်တွေကို ချန်ထျန်းမြို့ထဲက လမ်းပေါ်မှာ သွားလာခွင့်မပေးထားဘူး။ နင်က ချီမိသားစုရဲ့ စည်းကမ်းထိန်းသိမ်းရေးခန်းမထဲကို ဝင်ချင်နေတာလား"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီရွှမ်းက အထင်သေးတဲ့ပုံနဲ့ သူမကို လှမ်းကြည့်လိုက်တယ်။
"ချီမိသားစုစည်းကမ်းထိန်းသိမ်းရေးဋ္ဌာန ဟုတ်လား။ ချီရော့ယင်း နင် ငါ့ကို လာနောက်နေတာလား"
"ငါက အခုဆိုရင် ချီမိသားစုရဲ့ အရည်အချင်းအရှိဆုံး အမွေဆက်ခံသူပဲ။ ငါက နင်တို့လို နှစ်နှစ်ရာအထိ ရွှေအမြုတေအဆင့်မှာပဲ ရှိနေသေးတဲ့ အလကားလူတွေနဲ့ မတူဘူး"
သူကသူ့ဘေးက မီးသားရဲကောင်ကို ပုတ်ပေးလိုက်ပြီး ကြွားလုံးထုတ်လိုက်တယ်။
"အန်းမင်က အဖေက ငါ့အတွက်ကြိုးစားပြီးတော့ ဖမ်းပေးထားတဲ့ ငါ့အဖေဆီက မွေးနေ့လက်ဆောင်ပဲ။ ငါ အပြင်ထွက်လာတုန်းက အဖေကတောင် ဘာမှမပြောဘူး။ နင်က ဒီနေရာမှာ တစ်ခုခုပြောဖို့ အရည်အချင်းရှိလို့လား”
သူ့အစ်မအကြီးဆုံးက အမြဲတမ်း ဝါဂွမ်းလေးတစ်လုံးလို နူးညံ့သိမ်မွေ့တယ်ဆိုတာ သူသိသားပဲ။ တခြားသူတွေဘာပဲလုပ်လုပ် သူမက တစ်ယောက်တည်း ကိုယ့်ဟာကို စိတ်ကောက်နေတက်ပြီး သူ့ကို ဘယ်တုန်းကမှ ဘာမှလုပ်တတ်တာ မဟုတ်ဘူး။
ချီမိသားစုထဲက အစေခံတွေကတောင် လူရှေ့မှာဆိုရင် သူ့စကားကို ပုံမှန်နားထောင်တတ်ပေမဲ့ ကွယ်ရာမှာဆိုရင်တော့ မလိုက်နာကြဘူးလေ။
ဒါကြောင့်မလို့လည်း သူက နားလည်တဲ့အရွယ်ကတည်းက ဘယ်တုန်းကမှ ချီရော့ယင်းကို အလေးမထားခဲ့ဖူးဘူး။ ချီရော့ယင်းရဲ့မျက်နှာက သူ့ရဲ့လှောင်ပြောင်သရော်နေတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ နီရဲသွားပေမဲ့ သူမက နောက်ဆုံးတော့ သုန်မှုန်နေတဲ့မျက်နှာတစ်ခုနဲ့ပဲ ဒေါသထွက်ထွက်နဲ့ ပြောလိုက်တော့တယ်။
"ချီရွှမ်း မီးသားရဲက ဒီဆိုင်ကိုဖျက်ဆီးပစ်လိုက်ပြီ။ အနည်းဆုံးတော့ နင်ကဒီမှာနေခဲ့ပြီး ဆိုင်ပိုင်ရှင်ကို တောင်းပန်သင့်တာပေါ့"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီရွှမ်းက မီးလောင်သွားပြီးတဲ့နောက်မှာတောင် အပျက်အစီးတွေ ကျန်သေးတဲ့ အစီအရင်ဆိုင်ကို လှမ်းကြည့်လိုက်ပြီး လှောင်ရယ်သလို ပြောလိုက်တယ်။
"သူက ငါ့ကို တောင်းပန်ခိုင်းရလောက်အောင် တန်လို့လား"
"နင်က အရမ်းအားနေတယ်ဆိုတော့ ခဏနေကျရင် နှိမ့်နှိမ့်ချချနဲ့ တောင်းပန်ပေးလိုက်ပေါ့" ...
သူ့စကားမဆုံးခင်မှာဘဲ သူရှေ့ကိုအပြေးအလွှားရောက်လာတဲ့ ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရတယ်။
ချန်းထျန်းဂိုဏ်းချုပ် ကျန်းမုံ့လင်က ချီရွှမ်းပြောလိုက်တဲ့စကားကို ကြားခဲ့ရပြီး သူ့ဆီကို တစ်လှမ်းချင်းလျှောက်လာခဲ့တယ်။
"ကြည့်ရတာ ဒီကဂိုဏ်းချုပ်ကြီးကို တောင်းပန်ခိုင်းဖို့ မထိုက်တန်ဘူးပေါ့နော်"
ချီရွှမ်းက ရုတ်တရက်ဆိုသလို နေရာမှာတင် ရပ်တန့်သွားတော့တယ်။
"ကျန်း..."
"ဂိုဏ်းချုပ်ကြီးလား"
"ဒါက ဂိုဏ်းချုပ်ကြီးရဲ့ဆိုင်လား"
"ဘာဖြစ်လို့လဲ သခင်လေးချီက ဒီဂိုဏ်းချုပ်ကြီးရဲ့ အစီအရင်ဆိုင်ကို ဖျက်ဆီးလိုက်ပြီးတော့ ဒီဂိုဏ်းချုပ်ကြီးက ဒီနေရာမှာ မရှိသင့်ဘူးလို့ သခင်လေးက ထင်နေတာလား"
ကျန်းမုံ့လင်ရဲ့အမူအရာက ဒေါသမပါဘဲ ခြိမ်းခြောက်နေဟန်ဖြစ်နေပြီး သူ့စကားလုံးတွေကလည်း ခေါင်းဆောင်တစ်ယောက်ရဲ့ ခံ့ညားထည့်ဝါမှုတွေကို သယ်ဆောင်ထားတယ်။
ချီရွှမ်းက ကျန်းမုံ့လင်ကိုကြည့်လိုက်ပြီး သူ့မျက်နှာကလည်း ရုတ်တရက် ဖြူဆုတ်သွားတော့တယ်။
သူက ဝါဂွမ်းလုံးတွေကို ကန်ကျောက်နေကြဆိုပေမဲ့လည်း ဒီလိုသံပြားကြီးကို ကန်ကျောက်မိတာ ပထမဦးဆုံးအကြိမ်ပဲ။ သူက ချီတုံချတုံဖြစ်နေပြီး ဘယ်လိုပြန်ဖြေရမယ်ဆိုတာကို မသိတဲ့အချိန်မှာဘဲ သတင်းကိုကြားလိုက်တဲ့ ချီမိသားစုသခင်ကြီးက အပြေးအလွှားရောက်လာတော့တယ်။ သူက ကျန်းမုံ့လင်ကို အရိုအသေပေးလိုက်ပြီး တောင်းပန်တဲ့ ဟန်အပြည့်နဲ့ ပြောလိုက်တယ်။
"ဂိုဏ်းချုပ်ကြီးကျန်း ခင်ဗျာ ဒါ ကျွန်တော့် အမှားပါ၊ ကျွန်တော်က ကျွန်တော့်ကလေးတွေကို ကောင်းကောင်းမဆုံးမခဲ့မိပါဘူး။ သူတို့တွေက ဒီလိုမကောင်းတဲ့ကိစ္စတွေ လုပ်နေမယ်လို့ ကျွန်တော် တကယ်မသိခဲ့ဘူး။ ဂိုဏ်းချုပ်ကြီးကို ရယ်စရာဖြစ်အောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျန်းမုံ့လင်ရဲ့မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်။ သူတို့တွေကတဲ့လား...
"အစီအရင်ဆိုင်ကို ဖျက်ဆီးခဲ့တာ ချီရွှမ်းပဲ မဟုတ်ဘူးလား"
ချီမိသားစုသခင်ကြီးက ကျန်းမုံ့လင်ကို တောင်းပန်လိုက်ပြီးတဲ့နောက်မှာ သူက အေးတိအေးစက် မျက်နှာထားတစ်ခုနဲ့ ပြန်လှည့်သွားပြီး လေးနက်တဲ့အသံတစ်ခုနဲ့ ချီရွှမ်းနဲ့ ချီရော့ယင်းတို့ကို ပြောလိုက်တယ်။
"နင်တို့နှစ်ယောက် လာပြီးတော့ ကျန်းဂိုဏ်းချုပ်ကြီးကို ဘာလို့မတောင်းပန်သေးတာလဲ"
ကျန်းမုံ့လင်က မျက်မှောင်ကျုံ့သွားတယ်။
"ချီမိသားစုသခင်ကြီး ချန်းထျန်းဂိုဏ်းရဲ့ဆိုင်ကို ဖျက်ဆီးခဲ့တဲ့သူက ချီရွှမ်းတစ်ယောက်တည်းပါ ခင်ဗျားက..."
"အစ်မအကြီးဆုံးအနေနဲ့ နင်က ကိုယ်မောင်ငယ်လေးကို သေချာမစောင့်ရှောက်နိုင်ခဲ့ဘဲ ဒီလောက်ကြီးမားတဲ့ အမှားတစ်ခုကို လုပ်ခွင့်ပေးထားတယ်။ ငါက နင့်ကို ဂိုဏ်းချုပ်ကြီးကို တောင်းပန်ခိုင်းသင့်တာ သဘာဝပဲပေါ့"
ချီမိသားစုသခင်ကြီးက အကြောင်းအရင်းကိုပြောရင်း သူပြောခဲတဲ့စကားက လုံးဝမှားယွင်းတယ်လို့ မထင်ခဲ့ဘူး။
ချီရော့ယင်းက သူ့စကားကိုကြားလိုက်ရတဲ့အခါ သူမရဲ့လက်တွေကို ဖြည်းဖြည်းချင်း တင်းနေအောင် ဆုပ်ထားလိုက်တယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူမက ဘာတစ်ခွန်းမှမပြောဘဲ နှုတ်ပိတ်ပြီး ခေါင်းငုံ့ထားလိုက်တော့တယ်။
သူမက ရေဓာတ်ဝိညာဥ်စွမ်းအင် အရင်းအမြစ်တစ်ခုလေ။ သူမရဲ့အကျင့်စရိုက်က သိမ်မွေ့တယ်။ သူမရဲ့အမေကလည်း တခြားသူတွေအပေါ်ကြင်နာတတ်ပြီး ဘယ်တော့မှ ပြဿနာမရှာဖို့ နေ့တိုင်း သင်ကြားပေးနေတယ်။
နောက်ပိုင်းကျတော့ သူမရဲ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်မှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့အတွက် သူမက မိဘတွေအတွက် တန်ဖိုးနိမ့်ကျလာခဲ့တယ်။ နောက်ပိုင်းကျတော့ သူမအပေါ် သူမမိဘတွေရဲ့ ညွှန်ကြားပြသမှုကသူမရဲ့အရည်အချင်းရှိတဲ့ မောင်လေးဖြစ်သူ ချီရွှမ်းကို စောင့်ရှောက်ပေးဖို့ပဲ။
ဒီလိုနဲ့သူမက ပိုပိုပြီးတော့ စကားနည်းလာခဲ့တယ်။
အချိန်ကြာလာတဲ့အခါ သူမကအခုလို ခေါင်းငုံခံတတ်တဲ့ လူတစ်ယောက်ဖြစ်လာတယ်။
ဒိအချိန်မှာပဲ ပွဲကို အတူတူလာကြည့်တဲ့ စူးလီက ချီမိသားစုသခင်ကြီးကို မြင်လိုက်တဲ့အချိန်မှာ မနေနိုင်ဘဲ မျက်မှောက်ကျုံ့မိသားတယ်။ ချီမိသားစုသခင်ကြီးက သူ့ကိုပေါ်တင်ကြီး မျက်နှာလိုက်နေတာပဲ။
[ရောင်းရင်းကြီးရယ် သူ့ကိုအဲ့လောက်အထိတောင် မျက်နှာလိုက်ပေးနိုင်ရသလား။ ကြည့်လိုက်ပါအုံးမယ်။ ချီရော့ယင်းက မွေးစားသမီးမလို့များလား]
ကောင်းကင်ကလာတဲ့အသံကို ကြားနိုင်ကြတဲ့အားလုံးက နားစွန့်ထားလိုက်ကြတယ်။
[ဒီတော့ သူမကသမီးအရင်းပဲ]
[ချီရော့ယင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်လို့ သူမကိုဘယ်တုန်းကမှ အလေးမထားခဲ့ကြတာပဲ။ သူမကနေ့တိုင်း လျစ်လျူရှူခံထားရတဲ့အပြင် မကြာခဏဆိုသလို ချီရွှမ်းအတွက်လည်း အပြစ်ဒဏ်ကို ခံယူပေးရသတဲ့လား]
[ဟို ဟယ် သူကနေ့တိုင်း အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေရပြီး သူမကို လုံးဝအလေးမထားကြတဲ့ အစေခံတွေ အိမ်တော်ထိန်းတွေနဲ့ ဆက်ဆံရင်းအလုပ်များနေရတာပဲ]
စူးလီက နားမလည်နိုင်တဲ့ရုပ်ဖြစ်သွားတယ်။
[တကယ်တော်တဲ့ ရွှေအမြုတေကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီးဒီလောက် အနစ်နာခံပြီး နေနိုင်ရတာလဲ]
[ဟင် ချီရော့ယင်းက ရေဓာတ်ဝိညာဥ်စွမ်းအင်အမြစ် ပိုင်ဆိုင်ထားတဲ့သူပဲ။ သူရဲ့အရည်အချင်းက ကျင့်ကြံရေးလောကထဲမှာ ထိပ်ဆုံးကလူတွေထဲက တစ်ယောက်လို့တောင် ပြောလို့ရတယ်။ သူက သူမရဲ့တုံးအလှတဲ့ မောင်လေးထက် မနိမ့်ပါဘူး]
[သူက ဘာဖြစ်လို့များ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်မှာ ဒီလောက်အကြာကြီး ပိတ်ဆို့နေရတာလဲ]
ချီရော့ယင်းက ကောင်းကင်ကလာတဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ ရှက်ရှက်နဲ့ ခေါင်းကို ငုံ့ထားလိုက်တော့တယ်။
သူမကလည်း ဘာလို့ဒီလိုဖြစ်နေတယ်ဆိုတာ မသိပါဘူး။ သူမက အရမ်းကိုအရည်အချင်းရှိတာလည်း သိသာပါတယ်။ ဒါပေမဲ့ကျင့်ကြံရေးမှာ သူမရဲ့တိုးတက်နှုန်းက အရမ်းကို နှေးနေတယ်။ နှေးလိုက်တာများ သူမထက်အရည်အချင်းမရှိတဲ့ အဲ့ဒီကျင့်ကြံသူတွေထက်တောင် ပိုပြီးတော့နှေးနေသေးတယ်။
အခုတော့သူမရဲ့ ကျင့်ကြံခြင်းက အရမ်းကို ဖြည်းဖြည်းချင်း တိုးတက်နေလိုက်တာ ပိတ်ဆို့လုနီးပါးပါပဲ။
သူမကနေ့ရောညပါ ဘယ်လိုပဲကျင့်ကြံနေပါစေ ဘာတိုးတက်မှုမှ မပြုလုပ်နိုင်ခဲ့ဘူး။
တစ်ခါတစ်လေကျရင် သူမက ဒီလောက်ကောင်းမွန်တဲ့ ဝိညာဥ်စွမ်းအင်အမြစ်တစ်ခုနဲ့ ထိုက်တန်ရဲ့လားလို့တောင် ရုတ်တရက် သံသယဖြစ်လာမိတယ်။
ဒါကြောင့်မို့လို့လည်း ...
ဒီအချိန်မှာပဲ ကောင်းကင်ကလာတဲ့အသံက ထပ်ထွက်လာတယ်။
[အော်ဒီလိုဖြစ်နေတာကိုး]
[ရေတံခွန်တစ်ခုကို ရေသေတစ်ခုလို သဘောထားနေမယ်ဆိုရင် ကျင့်ကြံရေးက မပိတ်ဆို့ရင်တောင် ထူးဆန်းနေအုံးမယ်]
[ရေစွမ်းအင်အမြစ်တွေကို ရေလို သိမ်မွေ့အောင်နေရမယ်လို့ ဘယ်သူကပြောတာလဲ]
[ချီရော့ယင်းရဲ့ ရေဓာတ်စွမ်းအင်အမြစ်တွေက ပြင်းထန်ကြမ်းတမ်းတဲ့ ရေတံခွန်တစ်ခုလိုပဲ။ တလိမ့်လိမ့်တက်နေတဲ့ ရေလှိုင်းတွေရှိနေတဲ့ သမုဒ္ဒရာတစ်ခုလို့ပဲ။ တကယ်လို့ ရေတံခွန်တစ်ခုကို နေ့တိုင်း နည်းနည်းလေးပဲ အစက်ချပေးမယ်ဆိုရင် ဒါက အရမ်းကို စိတ်ရှုပ်စရာကောင်းတာပေါ့]
[ငါ့ကိုသာ လာမေးရင်တော့ ချီရော့ယင်းက အခုဆိုရင် ရူးတောင်သွားအုံးမယ်။ သူမရဲ့ကျင့်ကြံခြင်းက နောက်တစ်ကြိမ်ကျရင် မြန်မြန်ကြီးကို တိုးတက်သွားမှာပဲ]
အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီရော့ယင်းက ရုတ်တရက် နေရာမှာတင် အေးခဲသွားတော့တယ်။
ဒီအချိန်မှာပဲ သူမက ရုတ်တရက်ဆိုသလို ရူးသွပ်တဲ့အတွေးတွေ အများကြီး စဥ်းစားမိလာတယ်။ ဒီအတွေးတွေ နိုးထလာတဲ့အချိန်မှာတော့ သူမရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ နွေးထွေးတဲ့လှိုင်းတစ်ခုကို ခံစားလိုက်ရတယ်။
ပြင်းထန်တဲ့ဝိညာဥ်စွမ်းအင် အစွမ်းတစ်ခုက သူမရဲ့စွမ်းအင်ဗဟိုချက်ထဲမှာ ကြမ်းကြမ်းတမ်းတမ်း လှည့်ပတ်နေလေတယ်။
ကျင့်ကြံရေးလောကထဲမှာ သူတို့ရဲ့ကျင့်ကြံခြင်းတွေ တိုးတက်ဖို့အတွက် မက်လုံးတွေကို ဘယ်ကျင့်ကြံသူကမှ တွန်းလှန်နိုင်မှာ မဟုတ်ဘူး။ ဒီ့အပြင် ဒါကလည်း လူ့ကျင့်ဝတ်နဲ့ ဆန့်ကျင်မနေဘူးလေ။ ဒါက ဒီအတိုင်း ရူးသွပ်သွားရုံပဲ...
ဒီလိုစဥ်စားလိုက်ပြီး သူမက ခေါင်းမော့လိုက်တယ်။ သူမရဲ့နှလုံးသားထဲမှာ ပိတ်လှောင်ခံထားရတဲ့ သားရဲက ရုတ်တရက် လွတ်ထွက်သွားတဲ့ပုံပဲ။
"အဖေ အဖေပြောတာမှန်ပါတယ်"
"သမီး အခုအချိန်ကစပြီး မောင်လေးကို ကောင်းကောင်း သွန်သင်ဆုံးမပါ့မယ်"
…