← Chapters

အခန်း ၁၀၉

Vol. 8 Ch. 109

အခန်း ၁၀၉

Vol. 8 Ch. 109

အပိုင်း (၁၀၉)

ချီမိသားစုသခင်ကြီးက ကောင်းကင်က လာတဲ့စကားသံကို ကြားလိုက်ပြီးတဲ့နောက် သတိပြန်ဝင်လာတဲ့အချိန် ဘာမှမပြောရသေးခင်မှာပဲ ချီရော့ယင်း ပြောလိုက်တဲ့စကားကို ကြားလိုက်ရတယ်။

သူက ကြင်နာသနားမှုအပြည့်ဖြစ်နေတဲ့ မျက်နှာတစ်ခုနဲ့ သမီးဖြစ်သူကို လှမ်းကြည့်လိုက်တယ်။ အကြောင်းတစ်ခုခုကြောင့် ရုတ်တရက်ဆိုသလို သူ့စိတ်ထဲမှာ မကောင်းတဲ့နိမိတ်တစ်ခု ရလာခဲ့တယ်။

သူက ပါးစပ်ဖွင့်လိုက်တယ်။ ဒါပေမဲ့ သူက ဘာမှမပြောရသေးခင်မှာပဲ ရေအလျင်လို အမြဲတမ်း သိမ်သိမ်မွေ့မွေ့ရှိလှတဲ့ သူရဲ့သမီးက ဖျတ်ခနဲဆိုသလို ချီရွှမ်းရှေ့ကို ရောက်သွားပြီး သူ့ပါးကို ခပ်နာနာလေး ရိုက်ပလိုက်တော့တယ်။

နောက်တစ်စက္ကန့်မှာပဲ ချီရွှမ်းက အရိုက်ခံပြီး လွင့်ထွက်သွားခဲ့တယ်။ အခုလေးတင် ကျွတ်ထွက်သွားတဲ့ သွားတချို့ကို လေထဲမှာ မသဲမကွဲမြင်လိုက်ရတယ်။

ချီရော့ယင်းက လှုပ်ရှားမှုတစ်ခု လုပ်လိုက်တဲ့အချိန်မှာပဲ သူမရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်ဗဟိုချက်အားလုံးက ပွင့်သွားသလို ခံစားလိုက်ရပြီး သူမရဲ့ပိတ်ဆို့နေတဲ့ ဝိညာဥ်စွမ်းအင်တွေကလည်း ရုတ်တရက် ထိုးထွက်လာခဲ့တယ်။

ဒီနှစ်အတွင်းမှာ သူမ ခံစားခဲ့ရတဲ့ နစ်နာမှုတွေအကုန်လုံးက ရုတ်တရက်ဆိုသလို ထွက်ပေါက်တစ်ခု ရှာတွေ့သွားသလို အသဲအသန် တိုးထွက်လာတော့တယ်။

ဒီတော့ ဒါက ရူးသွပ်မှုဆိုတဲ့အရာမျိုးပေါ့။

ခံစားလို့ကောင်းလိုက်တာ။

ဒီအချိန်မှာပဲ အရိုက်ခံရပြီး မြေကြီးပေါ်လဲကျသွားတဲ့ ချီရွှမ်းက နောက်ဆုံးတော့ သတိပြန်ဝင်လာခဲ့တယ်။ သူက မယုံမကြည်နဲ့ ချီရော့ယင်းကို ကြည့်လိုက်တယ်။

ချီရော့ယင်းက နာမည်အရသာ အစ်မ ဖြစ်ပေမဲ့လည်း သူမက တကယ်တမ်းကျတော့ သူ့အစေခံနဲ့ လုံးဝ မခြားပေဘူး။ ပုံမှန်နေ့တွေမှာဆိုရင် သူကသူမကို ရိုက်နှက်ပြီး ကြိမ်းမောင်းဆဲဆိုတယ်။ သူမက သူ့ရဲ့အရှုပ်ထုတ်တွေကို ရှင်းပေးဖို့ သူ့နောက်လိုက်လာရတယ်။

ဒီနေ့ကျတော့ သူမက သူကိုတကယ်ပဲ ရိုက်နှက်နေသတဲ့လား။

"ချီရော့ယင်း နင်ရူးသွားပြီလား"

"နင်က အမြီးလေးတနှံ့နှံ့နဲ့ အော်ပြဖို့ပဲ တတ်နိုင်တဲ့မိသားစုရဲ့ အပယ်ခံတစ်ယောက်ပဲ။ နင်ကငါကိုများ တိုက်ခိုက်ရဲရတယ်လို့ ငါအထင်နင်က..."

ချီရော့ယင်းက ဘာမှဂရုမစိုက်သလို ခေါင်းမော့ထားလိုက်တယ်။ သူမက ချီရွှမ်းရဲ့ဒီစကားလုံးတွေကို အကြိမ်ရာထောင်ချီအောင် ကြားခဲ့ပြီးပြီလေ။ အရင်တုန်းကဆိုရင်တော့ သူမက ကိုယ့်ဟာကို ထိန်းချုပ်ထားဖို့ ဖိအားပေးမိမှာပဲ။ ဒါပေမဲ့ အခုတော့ ...

သူမခန္ဓာကိုယ်ထဲက လှိုက်တက်လာတဲ့ ဝိညာဥ်စွမ်းအားတွေက သူမရဲ့လက်ချောင်းတွေကို ဖြတ်သန်းသွားပြီး သူမရဲ့ကြွက်သားအရိုးတွေအထိ ဖြတ်သန်းသွားသလို ခံစားလိုက်ရတယ်။

အဲ့ဒီနောက်မှာတော့ အားလုံးရဲ့ အထိတ်တလန့်ဖြစ်နေတဲ့ မျက်လုံးတွေကြားမှာပဲ သူမက ချီရွှမ်းဆီကို တစ်လှမ်းချင်းတစ်လှမ်း လျှောက်သွားလိုက်တယ်။ ဒီအချိန်မှာတော့ ချီရွှမ်းဘေးက မီးသားရဲက တစ်ခုခုကို ခံစားမိသွားတဲ့ပုံပဲ။ သူရဲ့ခြေလေးချောင်းက တိတ်တဆိတ် နောက်ကိုဆုတ်သွားတော့တယ်။

ချီရော့ယင်းက မြေကြီးပေါ်မှာရှိနေတဲ့ ချီရွှမ်းကိုကြည့်လိုက်ပြီး သူ့ကိုအသာအယာ ပြုံးပြလိုက်တယ်။

သူမရဲ့လှုပ်ရှားနေတဲ့ လက်ပုံစံက သူမရဲ့အပြုံးနဲ့ လုံးဝ လိုက်ဖက်မှု မရှိလေဘူး။ သူမက သူမရဲ့ ဝိညာဥ်စွမ်းအားတွေကို လက်သီးတစ်ခု အသွင်ပြောင်းလဲလိုက်ပြီး ချီရွှမ်းရဲ့ရင်ဘတ်ကို ခပ်ပြင်းပြင်း ထိုးနှက်လိုက်တယ်။ ဒါပေမဲ့လည်း သူမရဲ့အသံကတော့ အရင်တုန်းကလိုပဲ နူးညံ့သိမ်မွေ့နေတုန်းပဲ။

"ချစ်ရတဲ့မောင်လေး နင်ခုနက ပြောလိုက်တဲ့စကားကို ငါ မကြားလိုက်ဘူး၊ ကျေးဇူးပြုပြီးတော့ ထပ်ပြောပေးပါအုံး"

ချီရွှမ်းက နာကျင်မှုကြောင့် ကိုယ်ကိုကွေးထားလိုက်တယ်။ ဒါပေမဲ့လည်း ကြောက်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေတုန်းပဲ။

"ချီရော့ယင်း နင် ငါ့ကို ဒီလိုလုပ်ရဲတယ်နော်။ အမေက နင့်ကို သေချာပေါက် ဆုံးမလိမ့်မယ်။ သီးခြားအခန်းကျဥ်းထဲမှာသာ နေဖို့စောင့်နေလိုက်တော့"

"ချစ်ဖို့ကောင်းလိုက်တဲ့မောင်လေးရယ် နင် ဘာတွေဖြစ်နေတာလဲ။ နင့်အသံက အရမ်းကို တိုးလွန်းလို့ ငါ လုံးဝကို ရှင်းရှင်းလင်းလင်း မကြားရဘူး"

ချီရော့ယင်းက ရှေ့ကို တစ်လှမ်း တိုးလိုက်ပြီး ခြေတစ်ဖက်နဲ့ ချီရွှမ်းရဲ့လက်ကို တည်တည်ငြိမ်ငြိမ် နင်းထားလိုက်တယ်။

"အား... "

သူ့မခြေထောက်အောက်က ထွက်လာတဲ့ အရိုးကျိုးသွားတဲ့အသံကို ကြားလိုက်တဲ့အခါ သူမရဲ့အသံက ပိုပြီးတော့ သိမ်မွေ့ညင်သာလာခဲ့တယ်။

"မောင်လေး ကျေးဇူးပြုပြီးတော့ ထပ်ပြောပေးပါအုံး"

ပြောနေရင်းကပဲ သူမရဲ့လက်ထဲမှာ ဝိညာဥ်စွမ်းအင်တွေကိုလည်း စုစည်းထားလိုက်တယ်။

ချီရွှမ်းက သူ့ခန္ဓာကိုယ်ထဲမှာ နာကျင်မှုတွေကို ခံစားလိုက်ရပြီး အရင်တုန်းကလို ဆက်ပြီး မထောင်လွှားနိုင်တော့ဘူး။ သူက လက်တွေ၊ ခြေတွေနဲ့ ချီရော့ယင်းရဲ့ ထိန်းချုပ်မှုအောက်ကနေ လေးဖက်ထောက်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။ သူ ဘယ်လိုပဲလုပ်လုပ် မလွတ်မြောက်နိုင်ဘူးဆိုတာကို တွေ့လိုက်ရတဲ့အခါ သူက သိပ်မဝေးလှတဲ့ နေရာမှာ ရှိနေတဲ့ ချီမိသားစုသခင်ကြီးကို မြန်မြန်အကူအညီ လှမ်းတောင်းရတော့တယ်။

"အဖေ ကျွန်တော့်ကို ကယ်ပါအုံး။ ချီရော့ယင်း ရူးသွားပြီ"

ချီမိသားစုသခင်ကြီးက သူရဲ့အင်မတန်မှ အရည်အချင်းရှိတဲ့သားကို အမြဲတမ်း အမြတ်တနိုး ရှိလာခဲ့တာလေ။ သူ့ရဲ့ငိုယိုပြီး အကူအညီတောင်းတဲ့အသံကို ကြားလိုက်ရတဲ့နောက်မှာ သူ့မှာ ဘာမှမတတ်နိုင်တော့ဘူး။ သူက ရှေ့ကို ခြေနှစ်လှမ်းတက်လိုက်ပြီး အော်ငေါက်လိုက်တော့တယ်။

"ချီရော့ယင်း မလုပ်နဲ့၊ ရပ်လိုက်"

"ချီရွှမ်းက နင့်မောင် အရင်းလေ။ နင်က နင့်မောင်ကို လူရှေ့မှာတကယ်ပဲ ဒီလိုလုပ်ရ..."

သူ့စကားမဆုံးခင်မှာဘဲ ချီရော့ယင်းရဲ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေက ရုတ်တရက် တိုးထွက်လာတာကို ခံစားလိုက်ရတယ်။ ဝိညာဥ်စွမ်းအားတွေပါနေတဲ့ ရေငွေ့တော်တော်များများ သူမရဲ့ဘေးကနေ လွင့်ပျံထွက်လာပြီး သူ့မျက်နှာနဲ့ခေါင်းကို မတော်တဆ သွားစဉ်တော့တယ်။

အခိုက်တန့်မှာပဲ ပြင်ဆင်မထားတဲ့ ချီမိသားစုသခင်ကြီးကို ဝိညာဥ်စွမ်းအင်က ရိုက်ပုတ်မိသွားတယ်။ သူ့မျက်နှာက အပြာတွေ ခရမ်းတွေဖြစ်သွားပြီး သူ့ခေါင်းက ဆံပင်တွေကလည်း ပြတ်ထွက်သွားကာ ချောမွတ်နေတဲ့ ဦးရေပြားတစ်ခုသာ ကျန်တော့တယ်။

ငေးကြောင်ကြောင်နဲ့ နေရာမှာတင်ရပ်နေမိပြီး ချောမွတ်နေတဲ့ဦးရေပြားနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ ဇဝေဇဝါဖြစ်နေတဲ့မျက်လုံးတွေက ပိုပြီးတော့ ရယ်စရာကောင်းနေတော့တယ်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ပြင်ဆင်မထားဘူးဆိုရင်တောင် ချီရော့ယင်းက ရွှေအမြုတေ ကနဦးအဆင့်ပဲ ရှိသေးတာပဲ။ သူမက ဘယ်လိုလုပ်ပြီး ပေါင်းစပ်ကျင့်ကြံသူတစ်ယောက်ရဲ့ အကာအကွယ်ကို ချိုးဖျက်နိုင်သွားတာလဲ။

ဧကန္တ သူ့ရဲ့ရေဓာတ်စွမ်းအင်အမြစ်က ဒီလောက်ကြီးမားတဲ့ စွမ်းအင် ရောက်သွားအောင် တကယ်ပဲလုပ်ပေးနိုင်တာလား။

သူက နားမလည်နိုင်အောင် ဖြစ်ချိန်မှာပဲ ရုတ်တရက်ဆိုသလို ဝါးလုံးကွဲရယ်သံတစ်ခုကို ကြားလိုက်ရတယ်။

"အဟိ..."

ချန်ထျန်းဂိုဏ်းချုပ်ကြီး ကျန်းမုန့်လင်က ချီမိသားစုသခင်ကြီးရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ကြည့်လိုက်ပြီး အော်မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားတော့တယ်။

အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီမိသားစုသခင်ကြီးက ညိုမည်းနေတဲ့မျက်နှာနဲ့ ခေါင်းကိုလှည့်ကြည့်လိုက်တယ်။

ကျန်းမုန့်လင်က စူးရှတဲ့အကြည့်ကို သတိထားမိသွားပြီး သူ့မျက်နှာပေါ်ကအပြုံးကို မြန်မြန် ပြန်ရုတ်သိမ်းထားလိုက်ပြိး ရုပ်တည်နဲ့ပြောလိုက်တယ်။

"ဒီက ဂိုဏ်းချုပ်ကြီးက အခုလေးတင်ပဲ ရယ်စရာကောင်းတဲ့ ဟာတစ်ခုကို စဥ်းစားမိသွားလို့ပါ"

"လုံးဝမဟုတ်..."

သူက ချီမိသားစုသခင်ကြီးရဲ့ ရှက်ရွံ့နေတဲ့ရုပ်ကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေက ရယ်ချင်စိတ်ကို ကြိုးစားပြီး ထိန်းထားရတာကြောင့် တုန်နေတော့တယ်။

"ချီမိသားစုသခင်ကြီးရဲ့ ရုပ်အသွင်ကြောင့် လုံးဝမဟုတ်ရပါဘူး"

ချီမိသားစုက သူ့ဆင်ခြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဘာလုပ်ရမယ်မှန်းမသိဘဲ ဖြစ်သွားတယ်။ သူ့မျက်နှာကလည်း ပိုပြီးတော့ ညိုမည်းလာတော့တယ်။

ဒီအချိန်မှာပဲ သိပ်မဝေးလှတဲ့နေရာမှာ ချီရွှမ်းကိုရိုက်နှက်နေတဲ့ ချီရော့ယင်းက ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်း တစ်ခုကို ပွင့်ထွက်လာတော့တယ်။

ချီမိသားစုသခင်ကြီးက ဘာကိုမှဆက်ပြီး ဂရုမစိုက်နိုင်တော့ဘူး။ သူက ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး မယုံမကြည်နဲ့ ချီရော့ယင်းကို ကြည့်လိုက်မိတယ်။

သူ့သမီးက ရွှေအမြုတေကျင့်ကြံရေး နောက်ဆုံးအဆင့်ကို ရောက်သွားပြီးတဲ့လား။

အားလုံးလည်း သိကြသားပဲ သူက ရွှေအမြုတေ အလယ်အလတ်အဆင့်မှာ နှစ်နှစ်ရာနီးပါး ပိတ်ဆိုးနေခဲ့တာလေ။

ချီမိသားစုသခင်ကြီးက ချီရွှမ်းကို သူရဲ့ထူးခြားတဲ့ အရည်အချင်းကြောင့် မျက်နှာသာပေးခဲ့တာ။ ဒါပေမဲ့ အခုကျတော့ ချီရော့ယင်းရဲ့အရည်အချင်းက ချီရွှမ်းထက်ကို သိသိသာသာ ပိုပြီးတော့ကောင်းနေတယ်။

ဒီလိုစဥ်းစားလိုက်ပြီး သူက ချီရွှမ်းကို ဒုက္ခရောက်နေရာက ကယ်ဖို့စိတ်ကူး လုံးဝမရှိတော့ဘူး။

ဘာပဲဖြစ်ဖြစ်လေ ချီရော့ယင်းက ချီရွှမ်းကို သေအောင်တော့ ရိုက်နှက်ပစ်မှာ မဟုတ်ပါဘူး။ ဒါက အပေါ်ယံအသားကို ထိသွားတဲ့ ဒဏ်ရာတစ်ခုပဲ ဖြစ်မှာပါ။ နောက်ကျမှ သူက ဆေးလိမ်းပေးလိုက်ပါ့မယ်။

ဒီအချိန်မှာတော့ ချီရွှမ်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရပြီးပြီ မနာကျင်တဲ့နေရာဆိုလို တစ်နေရာမှ မရှိတော့ဘူး။ ဒီလောက်အကြာကြီး ဖြစ်နေတာတောင် သူ့အဖေက ရောက်မလာတာကို မြင်လိုက်ရပြီး ချီရော့ယင်းရဲ့ ကျင့်ကြံရေးကလည်း အများကြီး တိုးတက်လာတာ မြင်လိုက်ရတဲ့အခါ သူက မြန်မြန်ငိုပြီး အသနားခံ တောင်းပန်တော့တယ်။

"အစ်မ ငါ မှားသွားပါတယ်။ ငါ မှားသွားတာ သိပါပြီ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ချီရော့ယင်းက အသနားခံ တောင်းပန်တာကို ကြားလိုက်တယ်။ သူ့ကို နှစ်ခါလောက်ဆက်ပြီး ရိုက်နှက်ပြီးတဲ့နောက်မှာတော့ သူမက အေးအေးဆေးဆေးပဲ ရပ်ပေးလိုက်တယ်။

သူမက သူမရဲ့လှုပ်ရှားမှုကြောင့် အနည်းငယ်ရှုပ်ပွသွားတဲ့ သူမရဲ့အပေါ်ဝတ်ရုံကို ခေါင်းငုံပြီး ပြန်ပြင်လိုက်တယ်။ အဲ့ဒီနောက်မှာ ခေါင်းပြန်မော့ပြီး သိမ်သိမ်မွေ့မွေ့လေး ပြောလိုက်ပြန်တယ်။

"နင် ဘာ အမှားလုပ်ခဲ့တာလဲ"

ချီရွှမ်းက မေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားတယ်။ ဒါပေမဲ့လည်း ချီရော့ယင်းက သူမရဲ့အင်္ကျီလက်ကို ထပ်ပြီးလိပ်တင်နေတာကို တွေ့လိုက်ရတဲ့အခါ သူက အလောတကြီး ပြောလိုက်ရတော့တယ်။

"ငါက အစ်မကို မလေးမစားလုပ်ခဲ့သင့်ပါဘူး"

"ငါ နင့်စကားကို နားထောင်ခဲ့သင့်တာပါ။ အခုချိန်ကစပြီး နင်ပြောသမျှ ငါ အကုန်လုပ်ပါ့မယ်။ အစ်မက ငါ့ကို အရှေ့ဘက်သွားဆိုရင် ငါဘယ်တော့မှ အနောက်ဘက် မသွားပါဘူး"

ချီရော့ယင်းက ပြုံးပြီးတော့ ဆက်မေးလိုက်တယ်။

"နောက်ပြီးတော့ရော"

"နောက်ပြီးတော့..."

ချီရွှမ်းက ဘေးမှာရှိနေတဲ့ ပျက်စီးသွားတဲ့ အစီအရင်ဆိုင်ကို အမှတ်တမဲ့ ကြည့်လိုက်ပြီး သူက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ အလောတကြီး ပြောလိုက်တယ်။

"ငါက မီးသားရဲကို တခြားကျင့်ကြံသူတွေရဲ့ ဆိုင်တွေကို မဖျက်ဆီးခိုင်းသင့်ပါဘူး။ ငါက အခုပဲ တောင်းပန်ပြီးတော့ ပြန်ပြင်လိုက်ပါမယ်"

ချီရော့ယင်းက ဒီစကားကို ကြားလိုက်တဲ့အခါ မသိမသာ ခေါင်းညိတ်လိုက်တယ်။

"နောက်ပြီးတော့ရော"

ချီရွှမ်းက သူ့ကို ကြောင်တောင်တောင်နဲ့ ကြည့်နေမိတယ်။ နောက်ဆုံးတော့ သူမရဲ့ သိမ်မွေ့ပြီး ရင်းနှီးဖော်ရွေလှတဲ့ မျက်လုံးအောက်မှာ တုန်တုန်ယင်ယင်နဲ့ သူ့အရင်က လုပ်ခဲ့တဲ့ မကောင်းမှုတွေအားလုံးကို ဝန်ခံလိုက်တော့တယ်။

အမွှေးတိုင်တစ်တိုင်စာ ကုန်သွားပြီးတဲ့နောက်မှာ ချီရွှမ်းက သူ့အပြစ်တွေအားလုံးကို ဝန်ခံပြီးတဲ့အခါ ချီရော့ယင်းက ပွဲကိုစောင့်ကြည့်နေကြတဲ့ ကျင့်ကြံသူတွေကို ဦးညွှတ်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့တယ်။

"အခုဒီနေရာမှာရှိနေတဲ့ လူအားလုံးက ဒါကို မျက်မြင်တွေ့ခဲ့ရလိမ့်မယ်။ ဒီနေ့ကစပြီး ချီရွှမ်း ဒုက္ခပေးတာ ခံခဲ့ရတဲ့ ဘယ်ကျင့်ကြံသူမဆို ကျွန်မတို့ ချီအိမ်တော်မှာ လျော်ကြေးငွေကို လာရောက် တောင်းယူလို့ရပါတယ်"

"ကျွန်မက ချီရွှမ်းကိုလည်း ကိုယ်တိုင်တောင်းပန်ခိုင်းပါမယ်"

ဒီကျင့်ကြံသူတွေထဲက လူတော်တော်များများ ချီရွှမ်းအပေါ် အငြိုးအတေးတွေ ရှိကြတယ်။ ချီရော့ယင်းရဲ့စကားသံကို ကြားလိုက်ရတဲ့အခါ သူတို့ရဲ့အသံတွေက မနေနိုင်တော့ဘဲ အနည်းငယ် စိတ်လှုပ်ရှားလာကြတော့တယ်။

"သခင်မလေးချီက ဉာဏ်ပညာထက်မြက်လှပါပေတယ်"

ကျင့်ကြံသူတွေအားလုံးကို နှစ်သိမ့်ပေးပြီးနောက်မှာ ချီရော့ယင်းက မြေကြီးပေါ်မှာရှိနေတဲ့ ချီရွှမ်းကို လုံးဝလှည့်မကြည့်တော့ဘဲ ခေါင်းကို လှည့်လိုက်ကာ ချီမိသားစုသခင်ကြီးကို ကြည့်လိုက်တယ်။

ချီမိသားစုသခင်ကြီးရဲ့ လက်ရှိအခြေအနေကို မြင်လိုက်ရတဲ့အခါ သူမက တအံ့တသြရုပ်နဲ့ ပြောလိုက်တယ်။

"အဖေ အဖေဘာလုပ်နေတာ..."

သူမက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ လေသံပျော့ပျော့လေးနဲ့ ပြောလိုက်တော့တယ်။

"အဖေ ကျွန်မဒီနေ့ ကိုယ်ပိုင်ဖြစ်ချင်တဲ့ဆန္ဒကို ခံစားမိလိုက်ပြီး ကျွန်မရဲ့ကျင့်ကြံရေး တိုးတက်မဲ့နည်းလမ်းတချို့ကို ရှာတွေ့ခဲ့တယ်။ ဒါကြောင့် သူက နောက်ဆိုရင် အရေးကြီးတဲ့ကိစ္စတွေကို သိတော့မှာ မဟုတ်ဘူး"

"အဖေက အဖေ့သားသမီးတွေရဲ့ ကျင့်ကြံရေးအဆင့်အတန်းကို တန်ဖိုးထားတဲ့အတွက် စိတ်ဆိုးမှာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား"

ချီမိသားစုသခင်ကြီးက ရွှေအမြုတေကျင့်ကြံခြင်း နောက်ဆုံးအဆင့် ရောက်သွားပြီဖြစ်တဲ့ သူ့သမီးကို ကြည့်လိုက်တယ်။ သူမရဲ့ကျင့်ကြံခြင်းအဆင့်က သူ့ထက် မသိမသာပဲ နိမ့်တော့တယ်။ သူမက ဒီအခိုက်အတန့်မှာ သူ့ကို တလေးတစားနဲ့ ကြည့်နေပေမဲ့ အခုလေးတင် သူမ လုပ်ခဲ့တဲ့ အရာတွေကို စဥ်းစားမိလိုက်တဲ့အခါ သူ့စိတ်ထဲမှာ အေးစက်သွားတဲ့ခံစားချက်တစ်ခုကို အမှတ်တမဲ့ ခံစားလိုက်ရတယ်။

တကယ်လို့များ သူမသာ ထပ်ပြီးတော့ ရူးသွပ်သွားမယ်ဆိုရင် အဲဒီအခါ...

ဒီလိုစဥ်းစားလိုက်ပြီး သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ ပြောလိုက်တော့တယ်။

"စိတ်မဆိုးပါဘူး"

သူ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချီရော့ယင်းက ဘာမှထပ်မမေးတော့ဘဲ ခပ်တိုးတိုးနဲ့ မေးလိုက်တော့တယ်။

"ဒါဆိုရင် ဒီနေ့ ကျွန်မက မောင်လေးကို ဆုံးမတာအပေါ် အဖေ ဘယ်လိုမြင်လဲ"

ဒီစကားကို ကြားလိုက်ရတဲ့အခါ ချီမိသားစုသခင်ကြီးက မြေကြီးပေါ်မှာလဲလျောင်းနေတဲ့ ချီရွှမ်းကို အမှတ်တမဲ့ ကြည့်လိုက်ပြီး ဝက်ခေါင်းတစ်ခုလို ယောင်ကိုင်းနေတဲ့ သူ့မျက်နှာကို ကြည့်မိလိုက်တယ်။ သူက အခိုက်တန့် နှုတ်ဆိတ်မိသွားတော့တယ်။

ဒါပေမဲ့လည်း သမီးဖြစ်သူရဲ့ သိမ်မွေ့ပြီးတော့ အတိုင်းအတာတစ်ခုအထိ ကြက်သီးထဖွယ်ကောင်းတဲ့ အကြည့်ကို ခံစားလိုက်ရတဲ့အခါ နောက်ဆုံးတော့ လေသံတစ်ခုနဲ့ပဲ ပြောလိုက်ရတော့တယ်။

"ဆုံးမတာ ... အရမ်းကောင်းပါတယ်"

သူက သမီးဖြစ်သူကို လုံးဝနားမလည်နိုင်တော့သယောင် ရုတ်တရက် ခံစားလိုက်ရတယ်။

အပြင်လောကက လာတဲ့အသံရဲ့ သာမန်မှတ်ချက်လေးတစ်ခုက ချီရော့ယင်းကို ဒီလောက် သိသိသာသာကြီး ပြောင်းလဲသွားအောင် လုပ်ပေးနိုင်သတဲ့လား။

ချီရော့ယင်းက အနည်းငယ် ပြုံးပြလိုက်ပြီး "ဒီနေ့အဖေရဲ့ သတိပေးချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ဘူးဆိုရင် ရော့ယင်းက သမီးအကြီးဆုံးအနေနဲ့ ကိုယ်ရဲ့တာဝန်ကို သတိရမိမှာ မဟုတ်ဘူး"

"ကျွန်မက အရင်တုန်းက ဒါကို လျစ်လျူရှုခဲ့မိတယ်"

ဒီအချိန်မှာတော့ သူမက မြေကြီးပေါ်က ချီရွှမ်းကို ပေါ့ပေါ့ပါးပါးနဲ့ လှမ်းကြည့်လိုက်ပြီး

"အဖေစိတ်မပူပါနဲ့ နောက်ဆိုရင် သမီးက မောင်လေးကို ဇွဲလုံ့လရှိရှိနဲ့ ဆုံးမပေးပြီးတော့ နောက်ထပ် ပြဿနာရှာခွင့် ပေးတော့မှာ မဟုတ်ဘူး"

ချီရွှမ်းက သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ အမှတ်တမဲ့ တုန်လှုပ်သွားခဲ့တယ်။

ချီရော့ယင်းက ချီမိသားစုသခင်ကြီးအဖြေကို စောင့်မနေတော့ဘဲ ကိုယ်ကိုလှည့်လိုက်ပြီး အဝေးကနေပွဲကို စောင့်ကြည့်နေတဲ့ ကျန်းမုန့်လင်ကို ဦးညွှတ်လိုက်တယ်။

"ဂိုဏ်းချုပ်ကြီးကျန်း ချီရွှမ်းက ဂိုဏ်းချုပ်ကြီးရဲ့ အစီအရင်ရောင်းတဲ့ဆိုင်ကို ပြာကျသွားအောင်လုပ်ဖို့ မီးသားရဲကို အလိုလိုက်ထားခဲ့တယ်။ ကျွန်မအဖေကလည်း အရမ်းကို အပြစ်ရှိသလို ခံစားနေရပါပြီ"

"အဖေက အမှားတွေကို ပြင်ဆင်ပေးဖို့အတွက် သူနှစ်ပေါင်းများစွာ တန်ဖိုးထားလာတဲ့ ဝိညာဥ်ရတနာတွေကို ဂိုဏ်းချုပ်ကြီးကို ပေးဖို့ ဆန္ဒရှိပါတယ်တဲ့"

"ပုံရိပ်ရောင်ချပ်ဝတ် ၊ ခုနှစ်ရောင်ခြယ် လီရှကျောက်စိမ်း ၊ အရွက်ငါးခုအဆင့်ရှိတဲ့ ကြာပွင့်...”

ချီရော့ယင်းက ဝိညာဥ်ရတနာတွေရဲ့ ဆယ်နှစ်မျိုးကျော်သောနာမည်တွေကိုထုတ်ပြောလိုက်တယ်။ သူမက တစ်ခုပြောလိုက်တိုင်း ချီမိသားစုသခင်ကြီးရဲ့မျက်နှာက တစ်ခါ ဖြူဆုတ်သွားတော့တယ်။

ဒီဝိညာဥ်ရတနာတွေက သူ့ရတနာတွေဆိုပေမဲ့လည်း သူတို့တစ်ခုချင်းစီက အဆင့်တွေကလည်း ကောင်းမွန်ကြပြီး အင်မတန်မှ ရှားပါးတယ်လေ။

ဒါပေမဲ့ ဒီနေ့ကျတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဒီကိုရောက်နေတယ်။ သူက ချီရော့ယင်းရဲ့စကားတွေကို သူ့ရှေ့မှာ ငြင်းပယ်လိုက်ပြီး သူက ဒီပစ္စည်းတွေအတွက် လျော်ကြေးမပေးနိုင်ပါဘူးလို့ ပြောနိုင်ပါအုံးမလား။

ဒါက အစကတည်းက ချီရွှမ်းရဲ့အမှားလေ။ ချီမိသားစုက လျော်ကြေးပေးသင့်တာ သဘာဝပဲပေါ့။ ဒါပေမဲ့...

သူက လျော်ကြေးပေးဖို့ ဝိညာဥ်ရတနာတွေကို သုံးမှဖြစ်မှာတဲ့လား။ သူက ဝိညာဥ်ကျောက်တုံးတွေနဲ့ လျော်ကြေးပေးလို့ မရဘူးတဲ့လား။

ချီရော့ယင်းက အိပ်မက်ဆိုးနတ်သမီး လင်ဇီးမှိုနာမည်ကို ရွတ်ပြလိုက်တဲ့အခါ သူ့နှလုံးထဲမှာ သွေးထွက်သွားသလို ခံစားလိုက်ရတော့တယ်။ သူက ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့ဘဲ ပြောလိုက်တော့တယ်။

"ယင်းအာ နင် အမှတ်မှားနေပါပြီ၊ ဟုတ်တယ်မလား။ နင့်အဖေမှာ ဘယ်လိုလုပ်ပြီးတော့ ... အိပ်မက်ဆိုးနတ်သမီး လင်ဇီးမှို က ရှိနိုင်မှာလဲ"

"တကယ်လား"

ချီရော့ယင်းက ချီမိသားစုသခင်ကြီးက သူမရဲ့အတွေးကို လုံးဝ ဂရုမစိုက်ခဲ့တဲ့ပုံကို သတိရမိသွားပြီး သူမရဲ့ပစ္စည်းတွေကို တခြားသူတွေကို ပေးဖို့ သာမန်ကာလျှံကာ ကတိပေးခဲ့တဲ့အကြောင်းကိုလည်း သတိရသွားတယ်။ သူမက သူ့ကို ပြုံးပြလိုက်ပြီး ပြောလိုက်တယ်။

"အဲ့ဒီနေ့တုန်းကလေ အဖေကလက်ထဲမှာ အဲ့ဒီပစ္စည်းနဲ့ ကစားနေတာ သမီး တွေ့ခဲ့သားပဲ... ဧကန္တ သမီးက အမြင်မှားမိတာလား"

"ဧကန္တ အဲ့ဒီတုန်းက အဖေ့လက်ထဲမှာရှိခဲ့တဲ့ပစ္စည်းက ညကောင်းကင် အိပ်မက်ဆိုး လင်ဇီးမှို လား"

ချီရော့ယင်းက အိပ်မက်ဆိုးနတ်သမီး လင်ဇီးမှိုကို ပိုပြီးအဆင့်မြင့်တဲ့အဆင့်ထိ တိုးလိုက်တဲ့အခါ သူက ကြိတ်ပြီးတံတွေး မျိုချလိုက်ပြီး ရုပ်တည်နဲ့ ပြောလိုက်ရတော့တယ်။

"ယင်းအာ သမီး မှတ်မိတာ မှန်ပါတယ်။ အဲ့ဒါက အိပ်မက်ဆိုးနတ်သမီး လင်ဇီးမှို ပါပဲ"

"အဖေ အမှတ်မှားသွားတာ၊ အဖေ အမှတ်မှားသွား"

အဲ့လိုပြောလိုက်ပြီးတဲ့နောက်မှာ သူက ချီရော့ယင်းကို စကားထပ်ပြောခွင့်မပေးတော့ဘဲ ကျန်းမုန့်လင်ဖက်ကို မြန်မြန်လှည့်လိုက်တယ်။

"ဂိုဏ်းချုပ်ကြီးကျန်း ဒီလျော်ကြေးငွေနဲ့ဆိုရင် ဂိုဏ်းချုပ်ကြီးက ကျေနပ်ပါရဲ့လား"

...

All Chapters