အခန်း ၁၁၂
Vol. 8 Ch. 112
အပိုင်း (၁၁၂)
ကြီးမြတ်သူလင်းယွမ်က သူ ဒီနေ့ မလွတ်မြောက်နိုင်တော့ဘူးဆိုတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်နှာပေါ်မှာ ရူးသွပ်တဲ့အကြည့်တစ်ခုနဲ့ ခေါင်းကို မော့ထားလိုက်တယ်။
"ဟုတ်တယ်၊ အဲဒီအဆင့်ကိုးဝိညာဥ်သားရဲနှစ်ကောင်နဲ့ တွေ့အောင်လုပ်ပေးခဲ့တာ ငါပဲ။ မင်းရဲ့အရက်ထဲမှာ အဆိပ်ခတ်ခဲ့တာလဲ ငါပဲ"
"ဘာဖြစ်လို့လဲ ဟုတ်လား။ ဒါပေါ့ မင်းသာရှိနေသရွေ့ ဘယ်သူကမှ ငါ့ကို မြင်နိုင်မှာ မဟုတ်ဘူးလေ"
"ငါတို့နှစ်ယောက်စလုံးက မင်ထျန်းရွာက ဖြစ်ရဲ့သားနဲ့၊ မင်းက ငါ့ထက်နည်းနည်းလေး အရည်အချင်းပိုရှိရုံနဲ့ ငါ့ကို နေရာတိုင်းမှာ ဖိနှိပ်ထားခဲ့တယ်။ မင်း ချန်ထျန်းဂိုဏ်းကို ဝင်တုန်းကလည်း အတူတူပဲ။ မင်းက ဂိုဏ်းထဲကိုဝင်ဝင်ချင်းပဲ ဂိုဏ်းချုပ်ကြီးရဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့ရတယ်။ တကယ်တမ်းတော့ ငါက ဂိုဏ်းချုပ်ကြီးကို အရင်တွေ့တာ ဖြစ်ရဲ့သားနဲ့"
"မင်းသာ ဒီမှာရှိနေတယ်ဆိုရင် ဝိညာဥ်ရတနာတွေက မင်းရဲ့ဟာတွေပဲ ဖြစ်လိမ့်မယ်။ အခွင့်အရေးကလည်း မင်းရဲ့ဟာတွေပဲ။ အားလုံးရဲ့ မျက်လုံးထဲမှာလည်း မင်းပဲ ရှိတယ်။ ငါက မင်းရဲ့နောက်မှာပဲနေရပြီး မင်းရဲ့အကျိုးဆောင်မှုတွေကိုပဲ စောင့်ဆိုင်းနေရတယ်"
မဟာအကြီးအကဲက သူ့နှလုံးသားကို ပစ်ပေါက်နေသလို သူ့ရဲ့စွပ်စွဲချက်တွေကို နားထောင်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဘာဒေါသမှမရှိတော့ဘဲ နားမလည်တဲ့ အရိပ်အယောင်တစ်ခုသာ ကျန်ခဲ့တော့တယ်။
"ဒီတော့ မင်းက မင်းရဲ့ညံ့ဖျင်းတဲ့ အရည်အချင်း၊ ညံ့ဖျင်းတဲ့ ကျင့်ကြံရေး၊ မကောင်းတဲ့ကံတရားတွေ အားလုံးက ငါ့ကြောင့်လို့ ထင်နေတာလား"
ခဏလောက် စဥ်းစားပြီးတဲ့နောက်မှာ သူက ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။
"ငါ့ အကူအညီသာ မရဘူးဆိုရင် မင်းက အခုအချိန်မှာရှိနေတဲ့ မင်းရဲ့ပုံစံထက်တောင် ပိုပြီးဆိုးရွားသွားလိမ့်အုံးမယ်"
ကြီးမြတ်သူလင်းယွမ်က ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ နီရဲသွားတော့တယ်။
"မဟုတ်ဘူး ငါ တွေ့ကြုံခဲ့တဲ့အရာတွေ အားလုံးက မင်းကြောင့်ပဲ"
"ငါ့ဘေးမှာ အမြဲတမ်းရှိနေပြီးတော့ ငါ့ရဲ့အလင်းရောင်တွေ အားလုံးကို ပိတ်ဆို့ထားပြီး အားလုံးက မင်းတစ်ယောက်တည်းကိုပဲ ကြည့်အောင်လုပ်ထားတာ"
"မင်းက ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ တပည့်အရင်းဆိုတဲ့ ငါ့ရဲ့နေရာကို ခိုးယူသွားတာ။ မင်းက ငါ့ဆီက အရာအားလုံးကို ခိုးယူသွားခဲ့တာ"
မဟာအကြီးအကဲက သူ့ဆီကို တစ်လှမ်းချင်းလျှောက်လာပြီး သူ့လက်ကို ဝေ့ယမ်းလိုက်ကာ သူရဲ့ဝိညာဥ်အရင်းအမြစ်ကို ဖျက်ဆီးလိုက်တော့တယ်။
"ဘယ်သူကမှ မင်းကို ချည်နှောင်မထားဘူး။ မင်း ဆန္ဒရှိတယ်ဆိုရင် အချိန်မရွေး ထွက်သွားလို့ရတယ်"
"နောက်ပြီးတော့..."
သူက သူ့ရဲ့လက်ကို တစ်ဖန်ဝေ့ယမ်းလိုက်ပြီး ကြီးမြတ်သူလင်းယွမ်ရဲ့ စိတ်ဝိညာဥ်ကို ပိတ်ဆို့ထားလိုက်ကာ ဆက်ပြီးပြောလိုက်တယ်။
"ငါအရာအားလုံးကိုရနိုင်တယ်ဆိုတာက ငါကဒါနဲ့ထိုက်တန်လို့ပဲ"
"ကျင့်ကြံရေးလောကထဲမှာ မင်းထက်ပိုပြီးကောင်းမွန်တဲ့ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်း ငါ့ကို ပစ်မှတ်ထားတယ်ဆိုတာကလည်း ငါက မင်းအပေါ် ဘာသတိမှ မထားတဲ့သူ ဖြစ်နေလို့ပဲ"
"မင်း ဘယ်လောက်ပဲပြောပြော မင်းက အသုံးမဝင်ဘူးဆိုတာ သက်သေပြနေတာပဲ"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက သိပ်မဝေးလှတဲ့နေရာမှာ ရှိနေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို လက်ဝေ့ယမ်းလိုက်ကာ ပြောလိုက်တယ်။
"ငါ ဒီလူကို မင်း လက်ထဲလွှဲခဲ့လိုက်ပြီ။ သူ့လုပ်ခဲ့တဲ့ တခြားမကောင်းတဲ့ကိစ္စတွေကိုလည်း စစ်ဆေးလိုက်"
ဒီအချိန်မှာတော့ သူက မျက်လုံးထဲမှာ ရှုပ်ထွေးသွားတဲ့ ခံစားချက်တစ်ခုနဲ့ ရုပ်သွင်ပြင်နဲ့ ဂုဏ်သတင်းကိုပဲ အမြဲတမ်းအာရုံစိုက်နေတဲ့ မြေကြီးပေါ်က သူငယ်ချင်းဆိုတဲ့လူကို ကြည့်လိုက်တယ်။ သူကတော့ ကျင့်ကြံရေးလောကထဲမှာ သူ့ကို အကောင်းဆုံး သူငယ်ချင်းလို့ တကယ်ပဲ သတ်မှတ်ထားခဲ့တာ။
ကံဆိုးချင်တော့ ...
သူက ရုတ်တရက် ခေါင်းကိုလှည့်လိုက်ပြီး တစ်လှမ်းချင်းအဝေးကို လျှောက်ထွက်သွားလိုက်ကာ သူရဲ့ရှည်လျားတဲ့ ငွေရောင်ဆံပင်တွေက သူ့ခြေလှမ်းနဲ့အတူ အနည်းငယ် လွင့်ပါးနေတော့တယ်။
ဒီအချိန်မှာတော့ သူ့ရဲ့ပုံစံက နှစ်ထောင်ပေါင်းများစွာ အနည်ထိုင်နေတဲ့သူတစ်ယောက်နဲ့ တူနေတော့တယ်။ သူက အရင်တုန်းကလို စိတ်လိုက်မာန်ပါလုပ်တာမျိုး ဒေါသထွက်လွယ်တာမျိုး လုံးဝမရှိတော့ဘူး။
"ပြီးရင် သူ့ရဲ့အပြစ်တွေနဲ့ ပတ်သက်ပြီး ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေ အားလုံးကို ပြောလိုက်။ ဒါမှအားလုံးက ဒီကိစ္စကနေပြီးတော့ သင်ခန်းစာယူတတ်မှာ"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကြီးမြတ်သူလင်းယွမ်ရဲ့ မျက်လုံးတွေထဲမှာ ကြောက်လန့်သွားတဲ့ အရိပ်အယောင်အပြည့် ဖြစ်သွားတယ်။ သူ့လုပ်ခဲ့တဲ့အရာတွေကို တခြားကျင့်ကြံသူတွေသာ သိသွားခဲ့ရင် နှစ်နှစ်ထောင်လုံးလုံး ကျင့်ကြံရေးလောကထဲက သူရဲ့ဂုဏ်သတင်းကတော့...
ရွှီရန်ကျစ်က သူ့ကိုအလွတ်မပေးဘဲ သတ်လိမ့်မယ်ဆိုတာ သူ သိသားပဲ။ ဒါပေမဲ့ သူက သူ့ရဲ့နာမည်ကိုမှ ဘာဖြစ်လို့ ဖျက်ဆီးချင်ခဲ့တာလဲ။
"ရွှီရန်ကျစ် တကယ်တည်း မင်းမှာ..."
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူက မူမမှန်ဘူးဆိုတာကို တွေ့လိုက်ရတဲ့အခါ သူ့ကို လက်ဝါးတစ်ချက်တည်းနဲ့ မြေကြီးပေါ်ကို ချက်ချင်းရိုက်ချလိုက်ပြီး သူ့ဘေးက တောင်ထွတ်သခင်တွေကို လေးနက်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
"စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတွေကို စည်းကမ်းထိန်းသိမ်းရေးခန်းမထဲကို ခေါ်လိုက်"
ခဏအကြာမှာတော့ ချန်ထျန်းဂိုဏ်းက အဆင့်မြင့်ခေါင်းဆောင်တွေ အားလုံးက ဒီနေရာကနေ ထွက်ခွာသွားတော့တယ်။
ခဏအတွင်းမှာပဲ ပွဲကို တိတ်တိတ်လေး စောင့်ကြည့်နေကြတဲ့ အတွင်းစည်းတပည့်တစ်ဖွဲ့ကပဲ ရှန့်ဟော်တောင်ထွတ်မှာ ကျန်ခဲ့တော့တယ်။
"ကြီးမြတ်သူလင်းယွမ်က ဒီလို လူဆိုးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး"
"ဟုတ်ပါ့ သူက အမြင်ကျဥ်းတဲ့အပြင် မကောင်းတဲ့ကိစ္စတွေကိုလည်း အများကြီးလု ပ်ထားခဲ့သေးတယ်။ သူက ငါတို့ ချန်ထျန်းဂိုဏ်းကို ဖျက်ဆီးချင်နေတာပဲ"
"သူက အပေါ်ယံမှာတော့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားပေမဲ့ နောက်ကွယ်မှာတော့ အရမ်းကို ရက်စက်တဲ့လူပဲ"
"တစ်ချိန်က ငါ သူ့ကို လေးစားအားကျခဲ့ဖူးတဲ့ အကြောင်းကို စဥ်းစားမိလိုက်ရင် ငါ့တစ်ကိုယ်လုံး သက်တောင့်သက်သာ မဖြစ်တော့သလိုမျိုး ခံစားရတယ်။ ငါ့ရဲ့ညစ်ညမ်းတဲ့ စိတ်နှလုံးကို ဆေးကြောချင်စိတ်တောင် ဖြစ်သွားတယ်"
အတွင်းစည်းတပည့်တွေထဲက တစ်ယောက်စီတိုင်းက မကျေမနပ် ဒေါသဖြစ်သွားကြတယ်။ ကြီးမြတ်သူလင်းယွမ်ကို ခဏလောက် ပြစ်တင်ရှုတ်ချပြီးတဲ့နောက်မှာတော့ သူတို့တွေက နောက်ဆုံးတော့ သူတို့ရဲ့ဒေါသကို တည်ငြိမ်အောင် လုပ်သွားနိုင်ခဲ့တယ်။
တပည့်တော်တော်များများကတော့ အချင်းချင်း ကြည့်လိုက်ကြပြီး နောက်ဆုံးတော့ ခေါင်းဆောင်ချောင်ချွမ်းက ချောင်းဟန့်လိုက်ကာ အရင်ဆုံး ထုတ်ပြောလိုက်တယ်။
"အစ်ကိုအစ်မတို့ နောက်ထပ်ရော ဘာအရေးကြီးကိစ္စတွေ ရှိသေးလဲ"
ဖာထေးရာအပြည့်နဲ့ ဂိုဏ်းရဲ့တပည့်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ တပည့်တစ်ယောက်က ပျင်းပျင်းရိရိနဲ့ လက်ကို ဆန့်ထုတ်လိုက်ပြီး ပျင်းရိလေးတွဲတဲ့ လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အစ်ကို ကျွန်တော်ကတော့ ဒီနေ့ အရမ်းပင်ပန်းသွားပြီ။ ကျွန်တော် ပြန်သွားပြီးတော့ အိပ်လိုက်အုံးမယ်"
ခေါင်းပေါ်မှာ သစ်သားဆံထိုးတစ်ခုကိုသာ ထိုးထားတဲ့တပည့်တစ်ယောက်ကလည်း ရိုးရိုးရှင်းရှင်းနဲ့ ပြောလိုက်တယ်။
"ငါကတော့ သွားပြီး လေ့ကျင့်လိုက်အုံးမယ်"
အင်မတန်မှ ရိုးရှင်းတဲ့ရုပ်နဲ့ တပည့်တစ်ယောက်တော့ ကျီစယ်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"သော့ပေါင်းခန်းမမှာ အဆင့်ခုနှစ် မှော်လက်နက်တစ်ခုရှိတယ်လို့ ငါကြားထားတယ်..."
တပည့်တွေအားလုံးက သူ့ကိုတစ်ပြိုင်တည်း ကြည့်လိုက်ကြတယ်။ သူက သူ့ကိုဖျတ်ခနဲလှမ်းကြည့်လိုက်ပြီး အသံတိတ်နေခဲ့တဲ့တပည့်က စကားရဲ့ နောက်တစ်ဝက်ကို ထပ်ဖြည့်ပြောလိုက်တယ်။
"ငါကတော့ အမြင်ကျယ်သွားအောင် တစ်ချက်လောက် သွားကြည့်လိုက်အုံးမယ်"
ဒီစကားကို ကြားလိုက်တဲ့အခါ ချောင်ချွမ်းက သူ့ပခုံးကို အသာအယာ ပုတ်ပေးလိုက်ပြီး သူ့ရဲ့အသံထဲမှာလည်း ခါးသက်တဲ့ အရိပ်အယောင်တစ်ခု ပါနေခဲ့တယ်။
"အဝေးကနေပဲ ကြည့်ဖို့ မှတ်ထားနော်"
ဒီတပည့်က အတွေ့အကြုံရှိတဲ့လူတစ်ယောက်ရဲ့ မျက်နှာထားတစ်ခု လုပ်ထားတယ်။
"စိတ်မပူပါနဲ့၊ ဒုတိယအစ်ကို ကျွန်တော်က မျက်လုံးကောင်းပါတယ်။ မီတာနှစ်ဆယ် အကွာအဝေးကနေတောင် မှော်လက်နက်ရဲ့ ရုပ်အသွင်ကိုမြင်နိုင်တယ်"
ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ချောင်ချွမ်းက စိတ်အေးသွားသလို ခေါင်းညိတ်ပြလိုက်တယ်။
"အရမ်းကောင်းတယ်"
စူးလီက အကြောင်းအရာတစ်ခုလုံးကို နားထောင်ပြီးတဲ့နောက်မှာ တပည့်တွေက တစ်ယောက်ပြီး တစ်ယောက် ထွက်သွားတာကို မြင်လိုက်တဲ့အချိန်မှာ သူမရဲ့မျက်နှာပေါ်မှာ နားမလည်နိုင်တဲ့ ရုပ်တစ်ခုနဲ့ ထွက်မသွားသေးတဲ့ချောင်ချွမ်းကို တကယ်ပဲ မနေနိုင်တော့ဘဲ ပြောလိုက်တော့တယ်။
"နင်... တာဝန်လေးတချို့ယူပြီး ဝိညာဥ်ကျောက်တုံးတွေ ရှာဖွေချင်တဲ့ တပည့်တွေ လုံးဝမရှိတော့ဘူးလား"
သူ မနားမလည်တာလဲ မဆန်းဘူးလေ။ ခုနတုန်းက တပည့်တွေအားလုံးက အရမ်းကို ရိုးရှင်းကြပြီး လူတွေကို ဝမ်းနည်းအောင် တကယ်ပဲ လုပ်နိုင်တယ်။ သူတို့တွေက တိုးတက်အောင်လုပ်ဖို့ စိတ်အားထက်သန်မှု လုံးဝမရှိတဲ့ပုံ ဘာဖြစ်လို့ပေါက်နေပါလိမ့်။
အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချောင်ချွမ်းက တအံ့တသြနဲ့ ခေါင်းကို လှည့်ကြည့်လိုက်တယ်။ စူးလီရဲ့ဟန်ပန်ကို မြင်လိုက်ရပြီးတဲ့နောက်မှာ နားလည်သွားတဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲလက်သွားတယ်။ သူက သက်ပြင်းချပြီး ပြောလိုက်တယ်။
"မိတ်ဆွေစူး မင်းချန်ထျန်းဂိုဏ်းမှာ နည်းနည်းလေးပိုပြီး ကြာကြာနေလာရင် နားလည်သွားပါလိမ့်မယ်"
သူ့အဖြေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ချန်ထျန်းဂိုဏ်းနဲ့ပတ်သက်ပြီး သူမ ကြားထားတဲ့ ထူးဆန်းတဲ့ကိစ္စတွေ အားလုံးကို စဥ်းစားမိလိုက်တယ်။ သူမက တစ်ခုခုကို နားလည်သွားတဲ့ပုံနဲ့ စဥ်းစဥ်းစားစားလေး ပြောလိုက်တယ်။
"ဒါဆို နင်တို့ အတွင်းစည်းတပည့်တွေ အားလုံးက ...အလကား နေနေကြတာလား"
သူမရဲ့ဖွင့်ဆိုချက်ကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချောင်ချွမ်းက ခဏလောက် မှင်သက်အံ့သြသွားပြီး စိတ်ပျက်သွားတဲ့ အပြုံးတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီအချိန်မှာတော့ စူးလီက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သူမရဲ့အသံထဲမှာ အနည်းငယ် ထူးဆန်းတဲ့ အရိပ်အယောင်တစ်ခုပါသွားတယ်။
"ဒါဆိုရင် နင်တို့ရဲ့ဂိုဏ်းချုပ်ကြီး၊ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကလည်း..."
ဒီစကားကို ကြားလိုက်ရတဲ့အခါ ချောင်ချွမ်းရဲ့အသံက အနည်းငယ် ချိတုံချတုံ ဖြစ်သွားတယ်။
"ဂိုဏ်းချုပ်ကြီးနဲ့ အကြီးအကဲတွေကတော့ ငါတို့လို တပည့်တွေထက် ပိုပြီးတော့ အလုပ်ကြိုးစားတာက သဘာဝပါပဲ...အဟမ်း အဟမ်း"
"ဥပမာ...ဥပမာ...ဥပမာ"
သူက အရှည်ကြီး ပြောလိုက်တယ်။ နောက်ဆုံးတော့ ဖျတ်ကနဲ ဉာဏ်ကွန့်မြူးသွားတဲ့ အတွေးတစ်ခုက ပေါ်လာပြီး သူအသံက အများကြီး ပိုပြီးကျယ်လောင်လာတော့တယ်။
"ဥပမာ အကြီးအကဲ လဲ့ယောင်းပေါ့"
"အကြီးအကဲလဲ့ယောင်းက နောက်ဆုံးအဆင့်မှာ ပိတ်ဆို့နေတဲ့ ကျင့်ကြံသူအမျိုးမျိုးအတွက် ဆရာတစ်ယောက် အဖြစ်လုပ်ကိုင်ပေးနေတာလေ။ သူတို့တွေကို နောက်ဆုံးအဆင့်ကျော်ဖြတ်နိုင်အောင် လမ်းညွှန်ပြသပေးတယ်။ သူတို့တွေရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အဆင့်တစ်ဆင့် ပိုပြီးမြင့်မားသွားတယ်"
သူ့စကားဆုံးသွားတာနဲ့ချက်ချင်း သိပ်မဝေးလှတဲ့ ဝိညာဥ်တောင်ထွတ်ပေါ်က အော်ဟစ်လိုက်တဲ့ ပဲ့တင်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
"အကြီးအကဲလဲ့ယောင်း ကျွန်မ ရှင့်ကို သဘောကျတယ်"
စူးလီက အသံကို ကြားလိုက်ပြီးတဲ့နောက်မှာ အူကြောင်ကြောင်နဲ့ ခေါင်းကို လှည့်ကြည်လိုက်တယ်။
"ရှင့်ရဲ့အကြီးအကဲလဲ့ယောင်းက ယောက်ျားတစ်ယောက်လား"
ချောင်ချွမ်းက သတိပြန်ဝင်လာပြီး အလန့်တကြားနဲ့ အပြင်းအထန် ခေါင်းခါပြတယ်။
"ကျွန်တော်တို့ရဲ့ အကြီးအကဲလဲ့ယောင်းက အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ပါ..."
"ဒါပေမဲ့ခုနတုန်းကအသံက... မိန်းကလေးတစ်ယောက်အသံလို့ ထင်ရလို့လား"
စူးလီက ရုတ်တရက်ဆိုသလို အားအင်တက်ကြွသွားတော့တယ်။ သူမရဲ့ မျက်လုံးထဲမှာလည်း အတင်းအဖျင်းကို သိချင်စိတ်က တဖျတ်ဖျတ် လက်နေခဲ့တယ်။ လျှပ်တပြက်အတွင်းမှာပဲ သူမက အခုလေးတင် အသံပေါ်ထွက်လာတဲ့နေရာမှာ ပေါ်လာခဲ့တယ်။
ဒီအချိန်မှာတော့ စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေကြတဲ့ ချန်ထျန်းဂိုဏ်းက တပည့်တွေ အများကြီးကလည်း ဝန်းရံလာခဲတယ်။
လူအုပ်ကြီးရဲ့အလယ်မှာ လှပချောမောပြီး ကျက်သရေရှိလှတဲ့ အမျိုးသမီးတစ်ယောက်က ရပ်နေတယ်။
သူမရဲ့တောက်ပတဲ့ ဗာဒံစေ့မျက်လုံးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ ရှက်ရွံ့မှုနဲ့ မျှော်လင့်ချက်တွေ ပါဝင်နေတယ်။ သူမရဲ့ရှေ့က လူကို အမြတ်တနိုးနဲ့ ကြည့်နေတယ်။
သူမရှေ့က လူကတော့ စုတ်ပြဲနေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ရိုးရှင်းတဲ့အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ့မျက်နှာက ကပိုကယိုဖြစ်နေပြီး ချဥ်စုတ်စုတ်... အနံ့သဲ့သဲ့လေးတစ်ခု ရှိနေတဲ့ပုံပဲ။
ကျင့်ကြံရေးလောကထဲမှာ လူတစ်ယောက်က ဖုန်မှုန့်သန့်စင်ခြင်း နည်းလမ်းတစ်ခုတည်းနဲ့တင် ကိုယ်လက်သန့်ရှင်းမှုကို ဆက်ပြီးထိန်းသိမ်းထားနိုင်တယ်။ အရမ်းကို ရက်စက်နိုင်ကြတဲ့ ကျင့်ကြံသူတွေကလည်း အများကြီးပဲ။ သူက တကယ့်ကို အရည်အချင်းတစ်ခု ရှိပါပေတယ်။
စူးလီက မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ မြင်ကွင်းကို ကြည့်နေမိတယ်။ ဒီကျင့်ကြံသူက ... အကြီးအကဲလဲ့ယောင်းတဲ့လား။
အားလုံးစိုက်ကြည့်တာခံနေရတဲ့ အကြီးအကဲလဲ့ယောင်းက သူမရဲ့မျက်လုံးထဲမှာ လျှံထွက်လာတော့မတတ် စိတ်ပျက်အားလျော့မှုတစ်ခု ရှိနေတယ်။ သူမက သူမရဲ့မျက်စောင်းထိုးက ချီရှီကို ကြည့်လိုက်ပြီး သူမရဲ့အသံကလည်း တုန်ယင်နေတယ်။
"ကျွန်မက တစ်ချိန်လုံး ဒီမျက်နှာနဲ့ရှင့်ကို သင်ကြားပေးလာခဲ့တာ။ အစကနေအဆုံးအထိ ကျွန်မ ကျင့်ကြံရေးကိစ္စနဲ့ ပတ်သက်ပြီး တခြားအကြောင်းအရာတွေကို ရှင်နဲ့ စကားမပြောခဲ့ဖူးဘူး။ တကယ်ပါပဲ၊ ရှင်က ကျွန်မနဲ့ပတ်သက်ပြီး ဘာကိုကြိုက်နေတာလဲ"
ချီရှီက တုံ့ဆိုင်းမနေဘဲ ပြောလိုက်တယ်။
"ကျွန်မက ရှင့်ရဲ့ မြင့်မြတ်တဲ့စိတ်ဝိညာဥ်နဲ့ ရှင့်ရဲ့အစွမ်းထက်တဲ့ကျင့်ကြံခြင်းကို သဘောကျတယ်။ ကျွန်မက ရှင့်ရဲ့ ရုပ်သွင်ပြင်ကို လုံးဝဂရုမစိုက်ပါဘူး။ ကျွန်မက ရှင့်ကို လူတစ်ယောက်အနေနဲ့ပဲ ဂရုစိုက်တာပါ"
သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ အကြီးအကဲလဲ့ယောင်းရဲ့ ပိုပြီးစိတ်ပျက်သွားတဲ့ ခံစားချက်အပြည့် ဖြစ်သွားတယ်။
"ဒါက ရှင့်ရဲ့စိတ်ထင်ယောင်ထင်မှား ဖြစ်တာတွေပဲလေ။ ငါက လုံးဝမြင့်မြတ်တဲ့သူ မဟုတ်ဘူး။ ငါက လုံးဝလည်း အင်အားမကြီးဘူး"
သူမရဲ့အသံက ရှင်းမပြတတ်အောင် ရင်းနှီးနေတယ်။ သူမက ဒီစကားကို အကြိမ်ပေါင်းများစွာ ပြောခဲ့တဲ့ပုံပဲ။
နင်အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး။ ကျင့်ကြံသူတစ်ယောက်ရဲ့ ရှည်လျားတဲ့ဘဝခရီးက အခုမှစမှာ နောက်ပိုင်းကျရင် ဒီနေ့ နင် ငါ့အပေါ်ထားခဲ့တဲ့ ခံစားချက်တွေက ထင်ယောင်ထင်မှားတစ်ခုပဲဆိုတာကို တွေ့ရလာလိမ့်မယ်"
"မဟုတ်ဘူး၊ နင် အခုပြန်ပြီးတော့ သွားအိပ်လိုက်အုံး၊ တံခါးကို ဆယ်နှစ်လောက်ပိတ်ထားလိုက်"
စူးလီက သူတို့ရဲ့စကားဝိုင်းကို ကြားလိုက်ပြီးတဲ့နောက်မှာ သူမရဲ့နှလုံးသားထဲမှာ သိလိုစိတ်ကို မတွန်းလှန်နိုင်တော့ဘဲ သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။
[အလိုလေး... မျက်လုံးနဲ့ မမြင်ရရင် တကယ်သိမှာ မဟုတ်ဘူးဆိုတာ အမှန်ပဲ။ တကယ် ထိတ်လန့်စရာ ကောင်းပါပေတယ်]
[ကြီးမြတ်သူလဲ့ယောင်းက ကျင့်ကြံသူဆယ်ယောက်ကျော်ရဲ့ ဆရာဖြစ်လာခဲ့တယ်။ ဒါပေမဲ့လည်း သူက အကြိမ်နှစ်ဆယ်တောင် ဖွင့်ဟဝန်ခံစကားပြောခံခဲ့ရတယ်တဲ့]
[ဟားဟားဟား ဒါက ရာဇဝင်တွင်မဲ့ ဆရာတပည့် ဆက်ဆံရေးထဲက ဆရာတစ်ယောက်ရဲ့ဘဝပဲ]
အဟွတ် အဟွတ်...
ကောင်းကင်ကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ဒီနေရာမှာရောက်နေကြတဲ့ တပည့်တွေက မနေနိုင်ဘဲ ချောင်းဟန့်လိုက်မိကြတယ်။ ခဏအတွင်းမှာပဲ ဝိညာဥ်တောင်ထွတ်ပေါ်မှာ ချောင်းဟန့်သံတစ်ခုပြီးတစ်ခု ထွက်လာတော့တယ်။
[ထင်တောင်မထားဘူး အကြီးအကဲလဲ့ယောင်းကို တပည့်တွေအားလုံးက အရမ်းကို... လှိုက်လှိုက်လဲလဲ ကြိုဆိုကြတာပဲ]
[ကြည့်လိုက်ပါအုံးမယ်၊ သူ ပထမဦးဆုံး ဖွင့်ပြောခံရတာက ဘယ်အချိန်လဲ။ သူမကတော့ ဒါက သူမရဲ့ဝတ်စားဆင်ယင်ပုံကြောင့်လို့စဥ်းစားတယ်။ ဒါကြောင့် ကိုယ့်ဟာကို ဖရိုဖရဲဖြစ်အောင် လုပ်ထားရတယ်...]
[နောက်ပိုင်းကျတော့ သူမရဲ့ ဖရိုဖရဲဖြစ်နေတဲ့ရုပ်နဲ့ပဲ နောက်ထပ် ဖွင့်ပြောခံရပြန်တယ်။ ဒါက သူမရဲ့သိမ်သိမ်မွေ့မွေ့ သင်ကြားပေးတဲ့ နည်းလမ်းကြောင့်လို့ သူမက ထင်တယ်။ ဒါကြောင့် သူမက သင်ကြားတဲ့အချိန်ကျရင် ဆရာကြီးမြဲ့ကျွယ်လို ရုပ်တည်ကြီးနဲ့ သင်ကြားပေးတတ်တယ်...]
[ဟား ဟား ဒါလည်းအလုပ် မဖြစ်သေးဘူး။ နောက်ဆုံးတော့ ယောကျာ်းလေးတပည့်တွေက ဖွင့်ပြောကြတာဆိုတော့ မိန်းကလေးတပည့်တွေဆိုရင် အဆင်ပြေလိမ့်မယ်လို့ သူမက ထင်တယ်။ ဒီတော့သူမက မိန်းကလေးတပည့်တွေကိုပဲ စတင်ပြီးသင်ကြားပေးတော့တယ်...]
[ဟား ဟား ဟား ဒီချီရှီက သူမကို ဖွင့်ပြောခဲ့တဲ့ တတိယမြောက် မိန်းကလေးတပည့်ပဲ]
အကြီးအကဲလဲ့ယောင်းရဲ့ မျက်နှာက ဆွံ့အသွားခဲ့တယ်။
သူမက တကယ့်ကို နားမလည်နိုင်တော့ပါဘူး။ သူမက စာပဲသင်ပေးတာပါ။ သူတို့တွေက ရုတ်တရက်ကြီး ဘာဖြစ်လို့များ တစ်ယောက်ပြီးတစ်ယောက် သူမကို ချစ်ကြိုက်သွားတာလဲကို မသိဘူး။
သူမက အဲ့လောက်အထိ ဖရိုဖရဲနဲ့ သူတောင်းစားရုပ်နဲ့တောင် တူနေပြီ။
ဧကန္တ ဒါက အမှန်ပဲဖြစ်နေမလား။ ကောင်းကင်ကလာနဲ့အသံ ပြောလိုက်တဲ့ စကားအတိုင်းပဲ၊ သူမက ဆရာတပည့်ဆက်ဆံရေးထဲမှာ ရောက်နေတဲ့ ဆရာ...
ကောင်းကင်ကလာတဲ့အသံက ဆက်ပြောတယ်။
[ဟား ဟား ဟား ဖြစ်ချင်တော့ တပည့်တစ်ယောက်က သူမကို ဖွင့်ဟဝန်ခံတဲ့အကြိမ်တိုင်း သူမက ဝိညာဥ်ကျောက်တုံးတစ်တုံးတောင် မရှာနိုင်ခဲ့တဲ့အပြင် တပည့်တွေရဲ့ မိဘတွေကိုလည်း လျော်ကြေးပေးရသေးတယ်...]
[ဟား ဟား ဟား ဒါကြီးက ဘယ်လိုတောင် သနားစရာကောင်းနေပါလိမ့်]
[သူက စုစုပေါင်း တပည့်ဆယ်ယောက်ကျော်ကို သင်ပေးခဲ့တယ်။ သူမက ဝိညာဥ်ကျောက်တုံးတစ်တုံး မရှာနိုင်ဘူးဆိုရင်လည်း ထားပါတော့၊ ဒါပေမဲ့ ဝိညာဥ်ကျောက်တုံး တစ်သောင်းနီးပါးတောင် ဆုံးရှုံးခဲ့ရပြီးပြီတဲ့ ဟားဟားဟား...]
[ကြည့်လိုက်ပါအုံးမယ်၊ ချီရှီရဲ့မိဘတွေက ဒီကိုလာတဲ့လမ်းပေါ်တောင် ရောက်နေပြီ၊ ချန်ထျန်းဂိုဏ်းကို မကြာခင်ရောက်လာတော့မယ်]
ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့စကား ပြီးသွားတဲ့အချိန်မှာပဲ ချီရှီရဲ့မိဘတွေက အပြေးအလွှား ရောက်လာတော့တယ်။
အရည်အချင်းပြည့်ဝပြီး ရင်ကွဲမတတ် လွန်ဆွဲပွဲအပြီးမှာတော့ လဲ့ယောင်းက ဝိညာဥ်ကျောက်တုံးတစ်ထောင်ကို ထုတ်ပေးလိုက်ရပြီး ချီရှီနဲ့ သူမရဲ့မိဘတွေကို နှိမ့်နှိမ့်ချချ စိတ်ပျက်လက်ပျက်နဲ့ ပြန်ပို့ပေးလိုက်ရတော့တယ်။
ဆွံ့အနေတဲ့မျက်နှာတစ်ခုနဲ့ အကြီးအကဲလဲ့ယောင်းက ကျန်ခဲ့တဲ့အချိန်မှာပဲ ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေတဲ့ ချောင်ချွမ်းက စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။
"အကြီးအကဲနောက်ဆိုရင် ... တပည့်တစ်ယောက်ကို လက်ခံအုံးမှာလား"
အကြီးအကဲလဲ့ယောင်းက တည်ကြည်တဲ့ အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားတဲ့ဟန်နဲ့
"လက်မခံတော့ဘူး"
အကြီးအကဲချင်းယရဲ့ နည်းလမ်းက မှန်တယ်။ အခုချိန်ကစပြီး သူမက ဝိညာဥ်တောင်ထွတ်ပေါ်မှာပဲ ရိုးရိုးသားသား နေထိုင်ပြီးတော့ ဝိညာဥ်ကျောက်တုံးတစ်တုံးကို ထပ်ပြီးရှာဖွေဖို့ ဘယ်တော့မှ အရင်ဆုံး မလှုပ်ရှားတော့ဘူး။
...
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကြီးမြတ်သူလင်းယွမ်ကို မေးခွန်းတွေ မေးမြန်းလိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ စိတ်သက်သာရာရသွားတဲ့ဟန် အပြည့်ဖြစ်သွားတယ်။
အပြင်လောကကလာတဲ့အသံကြောင့်သာ မဟုတ်ရင် ကြီးမြတ်သူလင်းယွမ်ရဲ့ လုပ်ရပ်တွေကို ဘယ်သူကမှ ဖော်ထုတ်နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီလိုဆိုရင်တော့ မဟာအကြီးအကဲက...
အဓိက ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာ ဂိုဏ်းတစ်ခုချင်းဆီမှာ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကာအကွယ်တွေ ရှိကြတယ်။ မဟာအကြီးအကဲက အခုအချိန်မှာ မဟာယနကျင့်ကြံခြင်းအဆင့်ပဲ ရောက်သေးပေမဲ့လည်း အကြီးအကဲမှာ မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်ရှိပြီး အင်မတန်မှလည်း ပါရမီရှိလှတယ်။ သူက ဘယ်အခွင့်အရေးမှာမဆို အတိဒုက္ခဖြတ်ကျော်ခြင်း ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်သွားနိုင်တယ်။
သူက ချန်ထျန်းဂိုဏ်းမှာ ရှိနေသရွေ့ သူ့ကို ကြောက်ရွံ့ကြလိမ့်မယ်။
တကယ်လို့များ မဟာအကြီးအကဲမှာ တစ်ခုခုဖြစ်သွားရင် ချန်ထျန်းဂိုဏ်းကလည်း...
ဒီလိုစဥ်းစားလိုက်ပြီး သူကကောင်းကင်ကလာတဲ့အသံကို ပိုပြီး ကျေးဇူးတင်စိတ်တွေ ဖြစ်သွားတယ်။
သူ့ကို ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခုကို ပြသပေးခဲ့တာ ကောင်းကင်ကလာတဲ့အသံပဲ။ သူက ချန်ထျန်းဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီးတဲ့နောက်မှာ အကြီးမားဆုံးကပ်ဘေးဒုက္ခကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်ခဲ့တာလည်း သူ့ကြောင့်ပဲ။
ကောင်းကင်ကလာတဲ့အသံကြောင့်သာမဟုတ်ရင် သူက တခြားဂိုဏ်းတွေအပေါ် တင်နေတဲ့ဝိညာဥ်ကျောက်တုံးတွေ အများကြီးကို အထိခိုက်မရှိဘဲ ရှောင်ပြေးလို့ရနိုင်မှာလဲ။
ဒီနေ့ သူမက ချန်ထျန်းဂိုဏ်းကို ကူညီပြီး ကြီးမြတ်သူလင်းယွမ်ရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ပေးခဲ့ပြီး သူတို့ရဲ့မဟာအကြီးအကဲကိုလည်း ကယ်တင်ပေးခဲ့တယ်။
ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကလည်း ပြောတယ်။ ကောင်းကင်ကလာတဲ့အသံက နတ်ဆိုးတစ်ကောင်တဲ့ ဒါပေမဲ့ သူမက အတိတ်နိမိတ်ကောင်းတဲ့ လက္ခဏာတစ်ခုဆိုတာ ရှင်းလင်းနေတာပဲ။
ဒီအချိန်မှာတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ စွပ်စွဲနေတာကိုခံနေရတဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာက ဝမ်းနည်းမှုအပြည့် ဖြစ်သွားတယ်။ သူက သူ့လိုပဲ တူညီတဲ့မျက်နှာထားတစ်ခုနဲ့ ဘေးမှာထိုင်နေတဲ့ ရှဲ့ယွမ်ကို ကြည့်လိုက်ပြီး ဝမ်းနည်းတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"သူက ထင်ထားတဲ့အတိုင်းပဲ ... ထင်ထားတဲ့အတိုင်းပဲ..."
သူက ပေါများကြွယ်ဝတဲ့ကံတရား ပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်ရှိတဲ့ ကျင့်ကြံသူနဲ့ ဆုံတွေ့ပြီးကတည်းက ကောင်းကင်ကလာတဲ့လေသံက နည်းနည်းလေး မူမမှန်ဘူးလို့ ခံစားမိနေတယ်။ သူ ဝမ့်ကျန့်ဂိုဏ်းမှာ ရှိနေတုန်းကထက်တောင် အများကြီးပိုပြီး ပျော်ရွှင်နေတဲ့ပုံပဲ။
ဒါပေမဲ့လည်း အဲဒီတုန်းက သူ့မှာမျှော်လင့်ချက် ရေးရေးလေးကို ဆွဲကိုင်ထားသေးတာပေါ့။ ကောင်းကင်ကလာတဲ့အသံက ချန်ထျန်းဂိုဏ်းမှာဖြစ်သွားခဲ့တဲ့ ခဏတာ အထူးအဆန်းကိစ္စတွေကိုပဲ စိတ်ဝင်စားတာလို့ စဥ်းစားလာခဲ့တာ...
ဒီလိုစဥ်းစားမိလိုက်ပြီး သူ့အသံက မနေနိုင်တော့ဘဲ မျက်ရည်ဝဲတဲ့အသံ ဖြစ်သွားတော့တယ်။
"မင်းက လူသစ်တွေရဲ့ ရယ်မောသံကိုပဲ နားထောင်ပြီး လူဟောင်းတွေရဲ့ငိုသံကိုတော့ ဘယ်တော့မှ နားမထောင်ဘူးပဲ..."
…