အခန်း ၁၁၅
Vol. 8 Ch. 115
အပိုင်း (၁၁၅)
အကြီးအကဲချုံးမင်က သူ့မျက်လုံးထဲမှာ တစ်ခါမှမဖြစ်တဲ့ အေးစက်မှုတစ်ခုနဲ့ ကျီယွမ်ရှန်းကို ကြည့်လိုက်တယ်။
ကျီယွမ်ရှန်းက သူရဲ့တစ်ဦးတည်းသော တပည့်အရင်းလေ။ သူက သူသိသမျှ အရာအားလုံးကို ကျီယွမ်ရှန်းကို သင်ထားပေးခဲ့တာ။ သူ့ကို နောက်ထပ်ကလေးအရင်းတစ်ယောက်လို သဘောထားခဲ့သေးတာ။ သူက ဘာဖြစ်လို့ ဒီလိုလုပ်တာတဲ့လဲ။
ကျီယွမ်ရှန်းက အနည်းငယ် တုန်ယင်သွားတော့တယ်။ ဒါပေမဲ့လည်း သူက ခုခံတဲ့စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။
သူ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဒီအတိုင်း သာမန်ကာလျှံကာ ပြောခဲ့တဲ့ သွေးထိုးစကားတွေကို အပြင်လောကကအသံက သိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။
ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောတယ်။
[အလို ကျီယွမ်ရှန်းရဲ့လုပ်ရပ်တွေက တစ်ချက်ကြည့်လိုက်ရုံနဲ့ တကယ် အဆင်ပြေတယ်လို့ ထင်ရတာပဲ၊ ဒါပေမဲ့ အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေကို ဆံပင်ထောင်သွားအောင် လုပ်နိုင်တယ်]
[အကြီးအကဲချုံးမင်နဲ့ ကျီစစ်ယိတို့ရဲ့ အကျင့်စရိုက်တွေကို နားလည်သွားပြီးတဲ့နောက်မှာ သူက ကျီစစ်ယိ အသက် ငါးနှစ်ခြောက်၊ နှစ်လောက်အရွယ်မှာပဲ သူက လုပ်ကြံဇာတ်လမ်းတွေ ထွင်တော့တယ်]
[မကြာခဏဆိုသလို သူက ကျီစစ်ယိကို ပြောတတ်တယ်လေ။ ကြီးမြတ်သူချုံးမင်က သူရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နဲ့ ဝိညာဥ်အရင်းအမြစ်တွေကို သဘောမကျဘူးတဲ့... တစ်ခါက ကြီးမြတ်သူချုံးမင်က ဒဏ်ရာရပြီးတဲ့နောက်မှာ ကျင့်ကြံရေးက သူ့ထက် ပိုပြီးအရေးကြီးတယ်လို့ ပြောခဲ့ဖူးတယ်လေ။ ဒီလိုနဲ့ အကြီးအကဲချုံးမင်ကလည်း သူ့ကို အကြာကြီး လာမတွေ့တော့ဘူးတဲ့]
[သူက ကျီစစ်ယိရဲ့ရှေ့မှာ မတော်တဆ လျှို့ဝှက်ချက်ကို ထုတ်ပြောမိချင်ဟန်ဆောင်ခဲ့ရင်တောင် အကြီးအကဲချုံးမင်က သူ့ကို စောင့်ကြည့်နေတာလို့ပဲ ပြောတတ်တယ်...]
[ကျီယွမ်ရှန်းက ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် အစွမ်းရှိနေတာပါလိမ့်။ ကျီစစ်ယိကိစ္စမှာဆိုရင် အကြီးအကဲချုံးမင်က သူ့ကို စောင့်ကြည့်နေရင် သူက ကျီစစ်ယိရဲ့ အကြိုက်နဲ့ မကြိုက်တာတွေကို ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ။ သူက သူ့ရဲ့ကျင့်ကြံရေးအဆင့်မှာ ပိတ်ဆို့နေတာကို ရင်ဆိုင်နေရတဲ့အချိန် ဒါမှမဟုတ် သူဒဏ်ရာရတဲ့အချိန်ကို ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ]
[ကျွတ်ကျွတ် အဲ့လိုမှမဟုတ်ဘူးဆိုရင် အကြီးအကဲချုံးမင်က သူ့ကို စောင့်ကြည့်နေတဲ့ကိစ္စ ကျီစစ်ယိက ဘာဖြစ်လို့ အဲ့လောက်အထိ ရွံမုန်းနေမှာလဲ]
[သူကလည်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ သူကိုပိုပြီးတော့ စိတ်ဆိုးရစေတာက အကြီးအကဲချုံးမင်က သူ့ကို စောင့်ကြည်နေတယ်ဆိုပြီးတော့ သူ ဒဏ်ရာရ ထိခိုက်သွားတာကို သိတဲ့တိုင်အောင် ဘာတစ်ခုမှ မမေးတဲ့အတွက်ကြောင့်ပဲ]
[သနားစရာအကြီးအကဲချုံးမင်ကတော့ ဆယ်စုနှစ်အထိ အပြစ်တင်တာကို သည်းခံလာခဲ့ရတယ်တဲ့]
ချန်ထျန်းဂိုဏ်းကလူတွေက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ အားလုံးက မျက်မှောင်ကျုံ့သွားကြတယ်။ ရိုးသားပြီး ကြိုးစားတဲ့ရုပ်ပေါက်တဲ့ ကျီယွမ်ရှန်းက တကယ်တော့ နောက်ကွယ်မှာ ဒီလိုပုန်းလျှိုးကွယ်လျှိုး ယုတ်မာမှုတွေကို အသုံးချနေမယ်လို့ သူတို့က ထင်မထားခဲ့ကြဘူးလေ။
အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကား ပြီးတဲ့နောက်မှာတော့ အကြီးအကဲချုံးမင်က ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ ကျီယွမ်ရှန်းကို ပါးရိုက်လိုက်တော့တယ်။
"ငါနဲ့ ယိအာကြားက ဆက်ဆံရေးကို သွေးထိုးလှုံဆော်နေခဲ့တာ မင်းပဲပေါ့"
ကျီယွမ်ရှန်းက မီတာ၁၂မီတာ အကွာအဝေးအထိ လွှင့်ထွက်သွားပြီး သူ့ရင်ဘတ်ကို အုပ်ထားရင်း တောင်းပန်တိုးလျှိုးတဲ့ရုပ်တစ်ခုနဲ့ ကြီးမြတ်သူချုံးမင်ကို ကြည့်လိုက်တယ်။
"ဆရာကြီး ကျေးဇူးပြုပြီးတော့ ကျွန်တော် ရှင်းပြတာကို နားထောင်ပေးပါအုံး ကျွန်တော်က ဒီအတိုင်း..."
စူးလီက ကျီယွမ်ရှန်းရဲ့ သနားစရာရုပ်သွင်ကိုကြည့်လိုက်ပြီး မျက်ခုံးပင့်ထားလိုက်မိတယ်။
[ဆရာကြီးချုံးမင်က ကျီယွမ်ရှန်းရဲ့ ရှင်းပြတာတွေကို နားထောင်ပြီး ပြဿနာကို တကယ်ပဲ ရှာတွေ့သွားတာတဲ့လား။ အရင်တုန်းက ရှင်က ဘာတွေလုပ်နေခဲ့တာလဲ]
[ကျွတ်ကျွတ် ကျီယွမ်ရှန်းက ရှင်နဲ့ ကျီစစ်ယိကြားက ဆက်ဆံရေးကို သွေးထိုးလှုံဆော်ချင်ရုံ ဘယ်ကမလဲ... သူက ကျီစစ်ယိကိုပါ ဖျက်ဆီးဖို့ ကြံရွယ်ထားတာ]
[ရှင်က ကျီစစ်ယိကို ရှင့်ရဲ့ဆက်ခံသူ မဖြစ်စေချင်ဘူးလို့ ကျီစစ်ယိရှေ့မှာ သူက တမင်တကာ ပြောခဲ့တာလေ။ ဒီတော့ ကျီစစ်ယိကလည်း ဝိညာဥ်စွမ်းအင်အမြစ်တွေ အများကြီးရှိတဲ့ကြားက သူ့ကျင့်ကြံရေးနဲ့ မကိုက်ညီတဲ့ သစ်သားဝိညာဥ်အမြစ်ကို ရူးရူးမိုက်မိုက်နဲ့ ရွေးချယ်ခဲ့တော့တာပဲ]
[ကျီယွမ်ရှန်းက ရှင် သူရဲ့ကျင့်ကြံရေးကို ချီးကျူးတဲ့အကြောင်း ရှင် သူ့ကို စိတ်ပူပေးတဲ့အကြောင်း ကျီစစ်ယိရှေ့မှာ မထင်ရင်မထင်သလို အကြိမ်ကြိမ် ကြွားလုံးထုတ်ခဲ့တယ်လေ။ ဒီတော့ ကျီစစ်ယိကလည်း သူရဲ့ကျင့်ကြံရေးအဆင့်ကို တိုးမြင့်ဖို့အရမ်းကို ကြိုးစားရတော့တာပေါ့။ ဒါက သင့်တော်တယ် မသင့်တော်ဘူးဆိုတာ ဂရုမစိုက်နေနိုင်တော့ဘူးလေ]
[ဒီတစ်ကြိမ် ယွမ်ယင်းရဲ့ တိုက်ခိုက်မှုကလည်း ကျီယွမ်ရှန်းက သူ့ရှေ့မှာလာပြီး ကြွားဝါနေလို့ပဲပေါ့။ ကြီးမြတ်သူချုံးမင်က ကျီစစ်ယိကို ဖြစ်နိုင်ရင် ယွမ်ယင်းကို မြန်မြန် ကျော်ဖြတ်စေချင်တယ်လို့ သူက ပြောခဲ့တယ်လေ]
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အကြီးအကဲချုံးမင်ရဲ့မျက်လုံးတွေက ဒေါသတွေအပြည့် ဖြစ်သွားတော့တယ်။ သူက ကျီယွမ်ရှန်းကို ထပ်ပြီးခပ်ပြင်းပြင်း ပါးချတော့တယ်။
"မင်းက အတင့်ရဲလို့ ဒီလိုကိစ္စတွေ လုပ်ရဲရသလား"
ဒီတစ်ကြိမ်မှာတော့ သူက ထပ်ပြီးသည်းမခံတော့ဘဲ ကျီယွမ်ရှန်းကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တော့တယ်။
[ရှင်တို့နှစ်ယောက်က တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။ ကျီစစ်ယိကလည်း ယွမ်ယင်းရဲ့ တိုက်ခိုက်မှုက လုံးဝမအောင်မြင်နိုင်ဘူးဆိုတာကို သိရဲ့သားနဲ့ သူက လုပ်သေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူက ရှင့်ရဲ့ချီးကျူးတာကို လိုချင်လို့ပေါ့။ သူက ယွမ်ယင်းကို တိုက်ခိုက်ပြီး ကျရှုံးသွားတဲ့ နောက်တစ်နေ့မှာပဲ ရှင်က မက်မွန်ပွင့်ဟင်းရည်တစ်ပန်းကန်နဲ့ သူ့ဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...]
[ရှင်က မက်မွန်ပွင့်ဟင်းရည်ကို သုံးပြီး သူ့ကို ဆုံးမချင်တယ်လို့ ထင်သွားတာပေါ့။ ဒါကြောင့်မို့လို့ သူက မငြင်းခုံဘူးဆိုရင် ထူးဆန်းနေအုံးမယ်]
ကြီးမြတ်သူချုံးမင်က သူ လုပ်နေတဲ့အရာကို ရုတ်တရက် ရပ်တန့်ထားလိုက်ပြီး နေရာမှာတင် တောင့်တောင့်တင်းတင်း ရပ်နေလိုက်ကာ ကျီစစ်ယိကို ပြန်မကြည့်ရဲအောင် ဖြစ်သွားတော့တယ်။
သူက သူ့ဘေးမှာ မြေခွေးတစ်ကောင်ကို ထားမိမှန်း တကယ်ထင်မထားမိဘူးလေ။ ဒါက သူတို့တွေကို...
မဟုတ်ဘူး။ တကယ်တမ်းကျတော့ အဓိကအကြောင်းအရင်းက သူပဲ။ သူက တခြားသူတွေကို အရမ်းကို ယုံကြည်မိခဲ့ပြီး ယိအာရဲ့အတွေးတွေကို လျစ်လျူရှုထားခဲ့မိတာလေ။ ယိအာက တကယ်တမ်း ဘာကြိုက်တတ်တယ်ဆိုတာကိုတောင် နှစ်ပေါင်းများစွာကြာတဲ့အထိ သူ မသိခဲ့မိဘူးလေ။
အကြီးအကဲချုံးမင်က မောပန်းနွမ်းနယ်မှုတချို့နဲ့ သူ့လက်ကို ပြန်ချထားလိုက်ပြီး သူ့ကျောပြင်ကလည်း အများကြီး အိုမင်းသွားတော့တယ်။
ဒီအချိန်မှာတော့ ကောင်းကင်ကလာတဲ့အသံက ဆက်ပြောတယ်။
[အကြီးအကဲချုံးမင်ကလည်း တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ]
[ကျီစစ်ယိက သူ့ကို အရမ်းစောင့်ကြည့်နေတာ မကြိုက်ဘူးလို့ ကြားလိုက်တာနဲ့ပဲ သူက သူ့ကို ရူးရူးမိုက်မိုက်နဲ့ တကယ်ပဲ စောင့်ကြည့်နေတာကို ရပ်လိုက်တယ်တဲ့လေ။ ကျီစစ်ယိက ဘာကို ကြိုက်တတ်တယ်၊ သူ အရင်တုန်းက ဘာနဲ့ကစားရတာ ကြိုက်တယ်ဆိုတာ တိတ်တိတ်လေး ဆက်ပြီး စောင့်မကြည့်နေတော့ဘူးတဲ့]
[ဒီတော့ ကျီစစ်ယိရဲ့အကြိုက်ကို သူ့ရဲ့တပည့်ကောင်းလေး ကျီယွမ်ရှန်းဆီကပဲ လာတော့တာပေါ့]
[သူက စိတ်အခြေအနေကောင်းနေတယ်လို့ ပြောလိုက်ရင် ကျီစစ်ယိနဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းလောက် ပြောလိုက်ပြီးတဲ့အကြိမ်တိုင်း စကားများကြတော့တာပဲ။ တကယ်လို့ စိတ်အခြေအနေမကောင်းဘူးလို့ ပြောတယ်ဆိုရင် တစ်နာရီ၊ နှစ်နာရီလောက်ပဲ နောင်တရသွားပြီး သူက မက်မွန်ပွင့်ဟင်းရည်ကို သွားလုပ်တော့တာပဲ]
[ဟားဟားဟား ဒါပေမဲ့ သူက မက်မွန်ပွင့်ဟင်းရည်ကို ပို့လိုက်တဲ့အကြိမ်တိုင်းမှာ သူက မီးထဲ လောင်စာ လောင်းထည့်နေတာကို မသိလိုက်ဘူးလေ]
ကျီစစ်ယိကလည်း ဒါကို ကြားလိုက်တဲ့အချိန်မှာ ရုတ်တရက် ဝင်ပြောလိုက်တယ်။
"အဖေက ကျွန်တော့်ကို တစ်ချိန်လုံးစောင့်ကြည့်လာခဲ့ပြီးတော့ ကျွန်တော် ဒဏ်ရာရသွားတဲ့အချိန်မှာ ကျွန်တော့်ကို အရှက်ကွဲစေချင်နေတာလို့ ထင်ခဲ့တာ။ ကျွန်တော် အဖေ့ကို နားလည်မှုလွဲခဲ့တာပဲ"
သူ့အဖေက သူ့ကို မချစ်ဘူးလို့ ထင်ထားခဲ့တာလေ။ သူရဲ့ ညံ့ဖျင်းတဲ့ ကိုယ်ဟာကို လေးစားမှုအတွက်ကြောင့် သူက သူ့ရဲ့အဖေအပေါ် လေးစားအားကျမှုတွေကို ဂရုတစိုက်နဲ့ ဖုံးကွယ်ထားခဲ့ပြီး သူ့အဖေကို လုံးဝဂရုမစိုက်တဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်နေခဲ့ပြီး သူ့အဖေနဲ့ ရန်ဖြစ်နေချင်ခဲ့တာ။ သူ့အဖေက သူ့ဒဏ်ရာကိစ္စကို သိနေတယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူ မထင်ထားခဲ့တာက ...
သူက အရှုံးကို ဒီအတိုင်းဝန်မခံချင်ခဲ့တာပဲ။
"ဒါက အဖေ့အမှားပါကွာ"
အကြီးအကဲချုံးမင်က တုန်တုန်ယင်ယင်နဲ့ ကိုယ်ကိုလှည့်လာပြီး သူ့မျက်လုံးထဲမှာလည်း မျက်ရည်ဝဲသွားတော့တယ်။
"အဖေက မင်းကို အရမ်းကြီး လျစ်လျူရှုထားခဲ့မိပြီး မင်း ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကို မသိခဲ့ဘူး"
ဒီအကြိမ်မှာတော့ မြေကြီးပေါ်ကိုလဲကျသွားတဲ့ ကျီယွမ်ရှန်းက သားအဖနှစ်ယောက်ကြားက နက်ရှိုင်းတဲ့ အချစ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ မနာလိုစိတ်တွေ ပေါ်လာတော့တယ်။
ဆရာက အားလုံးကို သိသွားပြီးပြီဆိုတော့ ဖုံးကွယ်စရာ ဘာမှမရှိတော့ဘူးလေ။
"ဆရာ ဒီမှာကြည့်ပါ "
သူက မြေကြီးပေါ်မှာ လှဲလှောင်းနေပြီး သူခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေက သူ့ကိုထိန်းမရအောင် တွန့်လိမ်သွားစေတော့တယ်။ သူက မဲ့ရွဲ့ပြီးတော့ ပြောလိုက်တယ်။
"ဆရာက တပည့်ငယ်လေး ရှိလာတဲ့အချိန်မှာ ဆရာက ဆရာ့ရဲ့တပည့်ကိုတောင်မှာ ဒီအတိုင်းလှည့် မကြည့်တော့ဘူးလေ"
“လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာတုန်းက ဆရာက ဒီတပည့်တစ်ယောက်ပဲ ရှိတယ်။ ဆရာက တပည့်ကို မမောမပန်း သင်ကြားပေးခဲ့တယ်။ အဲ့ဒီတုန်းက တပည့်က ဆရာကို အဖေတစ်ယောက်လို တလေးတစားနဲ့ သဘောထားခဲ့တာ”
သူ့အသံက အနည်းငယ် ရူးသွပ်လို့နေတယ်။
"ဒါပေမဲ့ ကျီစစ်ယိကို မွေးဖွားလာပြီးနောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်လေ"
"ဆရာက ဆရာရဲ့အချိန်အားလုံးကို ကျီစစ်ယိကိုပဲ ပေးခဲ့တာ၊ ဆရာက တပည့်နဲ့ စကားပြောတဲ့အချိန်တိုင်း ကျီစစ်ယိ ဘာတွေကြိုက်တတ်တယ် ကျီစစ်ယိ ဘယ်လိုနေလဲဆိုတာပဲ တပည့်ကို မေးလာခဲ့တယ်..."
[သူက ဘာဖြစ်လို့များ ကိုယ့်ဟာကိုအရမ်းကို နစ်နာရပါတယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာလဲ]
စူးလီက ကျီယွမ်ရှန်းရဲ့ စကားလုံးတွေကို နားထောင်လိုက်ပြီး သူ့ရဲ့မျက်လုံးထဲမှာလည်း နားမလည်နိုင်တဲ့ရုပ်တစ်ခုနဲ့ ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်တယ်။
သူမ အမြင်မှားခဲ့တာများလား။
[နင့်ရဲ့ဆရာက နင့်ကို ရတနာတွေအများကြီး ပေးထားခဲ့တယ်။ ကျီစစ်ယိ မမွေးခင်တုန်းကတောင် သူက နင့်ကို အများကြီး သင်ကြားပြသပေးခဲ့ပြီး အခြေတည်စဝိညာဥ်ကျင့်ကြံခြင်း ရောက်အောင် ကူညီပေးခဲ့သေးတယ်...]
[ကျွတ်ကျွတ် နင့်ခါးပေါ်က ကျောက်စိမ်းပိုးထည်ကလည်း နင့်ဆရာက ပြီးတဲ့နှစ်ရက်တုန်းက နင့်အတွက် သွားရှာပေးခဲ့တဲ့ဟာပဲ မဟုတ်လား]
[ဒါပေမဲ့ နင်က သူ့စေတနာတွေကိုတော့ လုံးဝအမှတ်မရဘဲ သူ့သားအရင်းအပေါ်ထားတဲ့ သူ့ရဲ့စေတနာတွေကိုပဲ သတိရနေတာတဲ့လား]
[ဒါက ထမင်းအများကြီးစားထားပြီး ထမင်းနည်းနည်းလေးအတွက် မဟာကျေးဇူးတရားကို ဖော်ပြတာတဲ့လား]
ကျီယွမ်ရှန်းရဲ့ မျက်နှာပေါ်က ဒေါသထွက်ပြီး ရူးသွပ်နေတဲ့ မျက်နှာအမူအရာက ရုတ်တရက်ဆိုသလို အေးခဲသွားတော့တယ်။
သူ့စိတ်အတွင်းထဲမှာတော့ သူ့ဆရာက သူ့အပေါ် ကောင်းမွန်တယ်ဆိုတာကို တကယ် သိထားပါတယ်။ ဒါပေမဲ့လည်း သူ့ဆရာက တခြားသူတွေနဲ့ သူရဲ့မေတ္တာစေတနာတွေကို မျှဝေပေးနေတာကိုပဲ လက်မခံနိုင်တာ။
ဆရာကို့ ဘာဖြစ်လို့ သူ တစ်ယောက်တည်းကပဲ မပိုင်ဆိုင်ရပါလိမ့်။ ဘာဖြစ်လို့ သူတစ်ယောက်တည်းကပဲ တပည့် မဖြစ်ရတာလဲ။
စူးလီက ကျီယွမ်ရှန်းရဲ့ စိတ်ခံစားချက်တွေကို လုံးဝဂရုမစိုက်လေဘူး။ သူမက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကို ကြည့်လိုက်ပြီး သူမရဲ့အသံကလည်း အနည်းငယ် တည်ကြည်လာတော့တယ်။
[လွန်ခဲ့တဲ့ နှစ်၇၀တုန်းက အကြီးအကဲချုံးမင်က ဒုတိယတပည့် တစ်ယောက်ကို တကယ်ပဲ လက်ခံမယ်လို့ စဥ်းစားခဲ့တယ်]
[တိုက်တိုက်ဆိုင်ဆိုင်နဲ့ သူက ဒီစိတ်ကူးကို ထုတ်ပြောလိုက်ပြီးတာနဲ့ သိပ်မကြာဘူး အဲဒီတပည့်က ချက်ချင်းကို မတော်တဆ သေဆုံးသွားတော့တာပဲ...]
[ကျီယွမ်ရှန်းက ဒီနေရာမှာတော့ တကယ်တော်တာ၊ သူက အကြီးအကဲချုံးမင်ကို လိမ်လည်ထားတဲ့အပြင် ချန်ထျန်းဂိုဏ်း တစ်ခုလုံးကိုလည်း လှည့်စားထားခဲ့တာပဲ]
ဒီအချိန်မှာတော့ တစ်ချိန်လုံး ဖရဲသီးစားလာတဲ့ ချောင်ချွမ်းက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ခြေနှစ်လှမ်းကို ရှေ့ကိုလှမ်းလာခဲ့တော့တယ်။
"ကြည့်ရတာ ဂိုဏ်းတူညီလေးမင်ကလည်း ကျီယွမ်ရှန်းနဲ့ ပြောပြီးတဲ့နောက်မှာပဲ တောနက်ထဲကိုသွားဖို့ စိတ်ကူးရသွားတာပဲ ဖြစ်လိမ့်မယ်။ အခုဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ ကျီယွမ်ရှန်းက မနာလို ဖြစ်နေတာ ဖြစ်မယ်။ ဒါကြောင့်..."
ကြီးမြတ်သူချုံးမင်က အဲ့ဒီတပည့်လေးကို သတိရသွားတယ်။ သူ့မျက်လုံးတွေထဲမှာလည်း ဒေါသနဲ့ အပြစ်ရှိတဲ့ဟန်တွေ ရောယှက်သွားတော့တယ်။
"မင်းက ငါ့ကို တပည့်လက်မခံစေချင်တာနဲ့ပဲ မင်းက တခြားတပည့်တွေကိုလည်း တိတ်တိတ်လေး အန္တရာယ်ပေးရဲခဲ့တယ်"
ခုနတုန်းကတော့ ကျီယွမ်ရှန်းက ရူးရူးသွပ်သွပ် ပြုမူခဲ့တယ်ဆိုရင်တောင် ဆရာဖြစ်သူက သူ့ကို ဆယ်စုနှစ်တစ်ခုလောက်ပဲ အကျယ်ချုပ်ထားပြီး အလွန်ဆုံးဂိုဏ်းကနေ နှင်ထုတ်ရုံပဲဆိုတာကို စိတ်ထဲမှာသိထားခဲ့တယ်။
ဒါပေမဲ့လည်း ချန်ထျန်းဂိုဏ်းရဲ့ တပည့်တွေအပေါ် သူရဲ့လျှို့ဝှက်လူသတ်မှုကို ထုတ်ဖော်ခံလိုက်ရတဲ့အချိန်မှာ ဆရာက သူ့ကို အလွတ်မပေးတော့မဲ့အပြင် ချန်ထျန်းဂိုဏ်းကလည်း သူ့ကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး။
ဒီလိုစဥ်းစားလိုက်ပြီး သူက ကြီးမြတ်သူချုံးမင်ဆီကို လေးဖက်ထောက်သွားဖို့ ရုန်းကန်လိုက်တယ်။
"ဆရာ ကျွန်တော် အခိုက်တန့် ရူးသွပ်သွားတာပါ။ ကျွန်တော် နောက်တစ်ခါ ဒီလိုမလုပ်တော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ"
" ဒီနေရာမှာ ငါက မင်းလို စိတ်ပျက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ကို သည်းမခံနိုင်ဘူး"
ကြီးမြတ်သူချုံးမင်က သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး ပင်ပန်းနေတဲ့လေသံတစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တော့တယ်။
"ဒီလူကို ဂိုဏ်းကပဲ ဖြေရှင်းလိုက်ပါ"
"ဆရာ ဆရာ ကျွန်တော်က ဆရာရဲ့တစ်ဦးတည်းသောတပည့်လေ။ ဆရာ ကျွန်တော့်ခန္ဓာကိုယ်ထဲ ချီဓာတ်ဆွဲထည့်နည်း သင်ပေးခဲ့တာကို မေ့သွားပြီလား။ ဆရာကိုယ်တိုင်..."
ကျန်းမုန့်လင်က သူ့လက်ကိုဝေ့ယမ်းလိုက်ပြီး ကျီယွမ်ရှန်းရဲ့ နှုတ်ပိတ်သွားစေတဲ့ သွေးကြောအမှတ်ကို ပိတ်ထားလိုက်တယ်။ အဲ့ဒီနောက်မှာတော့ စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့်တစ်ယောက်က သူ့ကို စည်းကမ်းထိန်းသိမ်းရေးခန်းမဆီကို ခေါ်ဆောင်သွားတော့တယ်။
ကျီယွမ်ရှန်း ထွက်သွားပြီးတဲ့နောက်မှာ သူက သူ့ရဲ့ဒုတိယတပည့်ကို လှမ်းကြည့်လိုက်တယ်။ ချောင်ချွမ်းကလည်း ဒါကို နားလည်သွားတယ်။ လက်ဖက်ရည်ခွက်တစ်ဝက်စာ မကုန်ခင်သေးမှာဘဲ သူက စူးလီအပါအဝင် တပည့်တွေအားလုံးကို တောင်ပေါ်ကနေ ခေါ်ဆင်းသွားခဲ့တယ်။
ကျန်းမုန့်လင်က သူ့ပတ်ဝန်းကျင်က ချန်ထျန်းဂိုဏ်းခေါင်းဆောင်တွေကို ကြည့်လိုက်ပြီး ကြီးမြတ်သူချုံးမင်ကို ပြောလိုက်တယ်။
"ဘာဖြစ်လို့လဲဆိုတာတော့ ငါ မသိဘူး။ တကယ်လို့ ချန်ထျန်းဂိုဏ်းက အခုလတ်တလောမှာ ကိစ္စတွေအများကြီး ဖြစ်သွားတဲ့ပုံပဲ"
ကြီးမြတ်သူချုံးမင်က သူ့သားကို လှမ်းကြည့်လိုက်ပြီး ကျန်းမုန့်လင်ကို လျစ်လျူရှုထားလိုက်တယ်။ ဘေးမှာရပ်နေတဲ့ အကြီးအကဲလဲ့ယောင်းကလည်း ချန်ထျန်းဂိုဏ်းချုပ်ကြီး ပြောတဲ့စကားကို နားလည်သွားပြီး သူ့စကားကို ဆက်ပြောလိုက်တယ်။
"ဟုတ်တယ်၊ အထူးသဖြင့် ချန်ထျန်းဂိုဏ်းရဲ့အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေကြားမှာပေါ့"
အကြောင်းတချို့ကြောင့် သူတို့ရှာထားခဲ့တဲ့ ဝိညာဥ်ကျောက်တုံးတွေက အမြဲတမ်းဆုံးရှုံးနေရတယ်...
သူတို့နှစ်ယောက်က အချိန်အကြာကြီး အပြန်အလှန် ပြောဆိုလိုက်ကြတယ်။ ဒါပေမဲ့လည်း သူတို့တွေက သူတို့ကြားချင်တဲ့စကားသံကိုတော့ လုံးဝမကြားလိုက်ရဘူး။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက မနေနိုင်တော့ဘဲ ကောင်းကင်ကို မော့ကြည့်လိုက်တော့တယ်။
သူ အခု ထွက်သွားပြီတဲ့လား။ သူက အခုလေးတင်မှာ အကြီးအကဲချုံးမင်ရဲ့ လျှို့ဝှက်ချက်တွေကို ဖတ်ထားပြီးတာလေ။ သူက ဘာဖြစ်လို့များ လက်ဖက်ရည်လေးတစ်ခွက် သောက်စာချိန်လေးကို မနေခဲ့တာလဲ...
အရမ်းကို မြန်လှချည်လား။
ချောင်ချွမ်းရဲ့ တောင်အောက်ကို ခေါ်သွားခံလိုက်ရတဲ့ စူးလီက မျက်နှာပေါ်မှာ တွေးတောနေတဲ့ အမူအရာတစ်ခုဖြစ်နေတယ်။ သူမက တစ်ခုခုကို မေ့နေတယ်လို့ ဘာဖြစ်လို့ ခံစားမိနေပါလိမ့်။
ထားလိုက်ပါလေ။ စူးလီက သူမရဲ့လက်ကို ပျင်းပျင်းရိရိ ဝေ့ယမ်းလိုက်တယ်။ ဪ။ တကယ်လို့ သူမက သတိမရဘူးဆိုရင် ဒီကိစ္စက အရေးမကြီးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
အရေးကြီးတဲ့ကိစ္စတွေက အနှေးနဲ့အမြန် သတိရလာတာပဲလေ။ ဒီလိုစဥ်စားလိုက်ပြီး သူမက အကြောဆန့်လိုက်ပြီး တောင်အောက်ကို ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းသွားတော့တယ်။ ကိုင်း။ ဖရဲသီးစားလို့လည်းဝသွားပြီး ပြန်အိပ်ရမဲ့အချိန်ပဲ။ တစ်ချိန်တည်းမှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ဘေးကအကြီးအကဲနဲ့ တောင်ထွတ်သခင်တွေကို ကြည့်လိုက်ပြီး တည်ကြည်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
"သူဘာ ကြိုက်တတ်တယ်ဆိုတာကို ငါတို့အားလုံး သိပါတယ်လေ"
"အရင်ဆုံးလှုပ်ရှားပြီး အပြင်လောကကအသံကို လျှို့ဝှက်ချက်တွေ ပြောလာအောင်လုပ်ဖို့ပဲ"
"ဒါပေမဲ့ ဒီတစ်ယောက်က..."
ကြီးမြတ်သူချုံးမင်ကတော့ လုံးဝကို သင့်တော်တဲ့သူ မဟုတ်ဘူး။ အကြီးအကဲလဲ့ယောင်းရဲ့ လျှို့ဝှက်ချက်ကရော... အဟွတ်အဟွတ်... ဖတ်ပြီးသွားပြီလေ။
တခြားသူတွေကရော...
ဒီလူတွေရဲ့လျှို့ဝှက်ချက်က အပြင်လောကကလာတဲ့အသံကို ဆွဲဆောင်နိုင်မှာ မဟုတ်လောက်ဘူး။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ ကြီးမြတ်သူယွမ်ကျင်းက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ငယ်ရွယ်ပြီးတော့ တက်ကြွတဲ့အချိန်လေ။ အဲ့ဒီတုန်းက သူက တစ်ခုခုကို ဖြစ်သွားခဲ့တဲ့ပုံပဲ... အချစ်အတွက်နဲ့ လောကကြီးကို ဖျက်ဆီးချင်စိတ် ဖြစ်သွားစေတဲ့ အကြောင်းအရာတစ်ခုပေါ့...
…