အခန်း ၁၁၆
Vol. 8 Ch. 116
အပိုင်း (၁၁၆)
စူးလီက ချန်ထျန်းဂိုဏ်းရဲ့ရှုခင်းတွေကိုခံစားရင်း ယွင်ချီတောင်ထွတ်ကို ဖြည်းဖြည်းချင်းပြန်လာခဲ့တယ်။
ခြံဝင်းထဲမှာတော့ လင်ကျောင်းက ခုံတန်းရှည်လေးတစ်ခုပေါ်မှာထိုင်ပြီး လက်ထဲမှာ သူမ အရပ်တစ်ဝက်နီးပါးရှိတဲ့ မှော်စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး စာမျက်နှာတိုင်းကလည်း သိပ်သည်းတဲ့ မှော်အက္ခရာစာလုံးတွေနဲ့ အပြည့်ပဲ။
သူက စာအုပ်ထဲကစာလုံးတွေကို ကောင်းကောင်းကြီး နားမလည်ပေမဲ့လည်း အားရပါးရ ဖတ်ရှုနေသေးတယ်။
စူးလီက ခြံဝင်းတံခါးကို ဖွင့်လိုက်တာနဲ့ချက်ချင်း သူမကိုစောင့်ရင်း စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့ လင်ကျောင်းကို တွေ့လိုက်ရတယ်။
သူမ ထွက်သွားတုန်းက မြင်ကွင်းကိုပဲ ပြန်တွေ့လိုက်ရတဲ့အတွက် အခိုက်တန့် မှင်တက်အံသြသွားပြီး သူမက ဘာမှမတတ်နိုင်တော့သလို ခေါင်းခါပြလိုက်တော့တယ်။
"အချိန်အကြာကြီး စာဖတ်နေရတာ မပင်ပန်းဘူးလား"
လင်ကျောင်းက သူမရဲ့အသံကို ကြားလိုက်ရတဲ့အခါ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးထဲမှာလည်း တလက်လက်အပြုံးတွေနဲ့ ပြည့်နှက်လို့နေတယ်။ သူမကစူးလီဆီကို ပြေးသွားပြီး အားပါးတရခေါင်းခါပြလိုက်တယ်။
"မပင်ပန်းပါဘူး"
ကျင့်ကြံခြင်းအလုပ်က ဘယ်လိုလုပ်ပြီးတော့ ပင်ပန်းမှာလဲ။
သူမရဲ့အစ်မဖြစ်သူကို စောင့်ဆိုင်းရခြင်းက ဒီအကြောင်းကို စဥ်းစားတာနဲ့တင်ကို သူမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာ ဖြစ်နေတယ်လေ။
အရင်တုန်းကဆိုရင် ဒီလိုလုပ်ဖို့တောင်မှ အိပ်မက်မမက်ရဲခဲ့ဘူးလေ။ လေ့ကျင့်ရင်း အရေးအကြီးဆုံး လူတစ်ယောက်ကို စောင့်ဆိုင်းနေမယ်လို့ပေါ့။
စူးလီက သူမရဲ့ခေါင်းကို အနည်းငယ်စောင်းထားပြီး လင်ကျောင်းကို ကြည့်လိုက်တယ်။ သူမရဲ့မျက်နှာပေါ်မှာလည်း အပျော်တစ်ခုနဲ့ စိတ်ကျေနပ်သွားတဲ့ပုံပဲ။ လက်ကိုလှမ်းလိုက်ပြီး သူမရဲ့ဆံပင်လေးကို သပ်ပေးလိုက်တော့တယ်။
"နင် မပင်ပန်းဘူးဆိုရင်တောင် ခဏလောက် သွားနားလိုက်ပါအုံး။ နေ့လယ်လောက်မှ ဆက်ပြီးလေ့ကျင့်ပေါ့"
လင်ကျောင်းက သူမရဲ့စကားကို ကြားလိုက်ရတဲ့အခါ စဥ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်တော့တယ်။
"ကောင်းပါပြီ"
"အစ်မ အခု ညီမ သွားအနားယူလိုက်တော့မယ်နော်"
သူမက ကျွတ်ဆတ်ဆတ်လေး လှမ်းပြောလိုက်ပြီး ယုံကြည်မှုနဲ့ မှီခိုအားထားမှုအပြည့်ပါတဲ့ အပြုံးတစ်ခုနဲ့ စူးလီကို ပြုံးပြလိုက်တယ်။
"ပြီးတော့ အစ်မလည်း ကောင်းကောင်းလေး အနားယူသင့်တယ်"
စူးလီက လင်ကျောင်းရဲ့ကျောပြင်ကို ကြည့်လိုက်ပြီး ဧရာမ မန္တာန်စာအုပ်တစ်ခုနဲ့ သူမရဲ့အခန်းဆီကို ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့တယ်။ လက်တစ်ဖက်ကတော့ တွေးတွေးဆဆနဲ့ သူမရဲ့မေးစေ့ကိုထောက်ထားလေတယ်။
လင်ကျောင်းအတွက် ဆရာတစ်ယောက် ရွေးချယ်ပေးရမဲ့ကိစ္စကို ဆက်ပြီးအချိန်ဆွဲထားလို့ မရတော့ဘူး။
သူမလည်း ဒီနေ့ဖရဲသီးတွေအားလုံးကို စားပြီးသလောက်ရှိသွားပြီဆိုတော့ ကောင်းကင်စာအုပ်ကနေတစ်ဆင့် လင်ကျောင်းအတွက် သင့်တော်တဲ့ဆရာတစ်ယောက်ကို ရွေးချယ်ပေးဖို့ အချိန်ကျပြီ။
သူမက ပျင်းပျင်းရိရိနဲ့ သမ်းဝေလိုက်ပြီး ဆရာအလောင်းအလျာတစ်ယောက်ကို ဖြည်းဖြည်းချင်း ရှာဖွေပေးဖို့ သူမရဲ့အခန်းကို ပြန်သွားတော့မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ သိပ်မဝေးလှတဲ့နေရာမှာ စကားပြောနေကြတဲ့ တပည့်နှစ်ယောက်အသံကို ရုတ်တရက် ကြားလိုက်ရတယ်။
"ကြီးမြတ်သူလင်းယွမ်က တကယ့်လူဆိုးတစ်ယောက်ပဲ။ သူက မဟာအကြီးအကဲကို အကြိမ်မရေမတွက်နိုင်အောင် သတ်ခဲ့တယ်တဲ့။ မဟာအကြီးအကဲက သူ့အပေါ်အဲ့လောက်ကောင်းတဲ့ဟာကို"
"ကြီးမြတ်သူလင်းယွမ်မှာ စိတ်နှလုံးကောင်း မရှိဘူးဆိုတာကို ငါသိသားပဲ၊ သူက ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ကြီးမြတ်သူယွမ်ကျင်းနဲ့ ယှဥ်လို့ရမှာလဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ရဲ့ကြီးမြတ်သူယွမ်ကျင်းက ပြိုင်ဖက်ကင်းတဲ့ ကျင့်ကြံရေးအဆင့်ရှိတဲ့အပြင် လူတစ်သန်းမှာ တစ်ယောက်ပဲပိုင်ဆိုင်ထားတဲ့ ရုပ်ရည်နဲ့ စိတ်နေသဘောထားလည်းရှိတယ်လေ။ ငါ ချန်ထျန်းဂိုဏ်းကို ပထမဦးဆုံးဝင်လာတုန်းက ကြီးမြတ်သူနဲ့ တစ်ခါလောက် တွေ့ခဲ့ဖူးတယ်။ အဲ့ဒီမြင်ကွင်းက တကယ့်ကို မေ့ရက်နိုင်စရာကို မရှိဘူး"
"စကားမစပ် ကြီးမြတ်သူယွမ်ကျင်းဆီမှာ ဖြစ်သွားတဲ့ကိစ္စကိုသိရဲ့လား"
"ဘာလဲ ကြီးမြတ်သူယွမ်ကျင်းက ... သူရဲ့ချစ်သူအတွက် ကျင့်ကြံရေးတစ်လောကလုံးနဲ့ ရန်သူဖြစ်လာဖို့ ဆန္ဒရှိတယ်ဆိုတဲ့အကြောင်း ပြောနေတာလား"
"ဒီတော့ နင်လည်း ဒီအကြောင်းကို သိနေတယ်ပေါ့၊ အဲ့ဒီအချိန်တုန်းက ကြီးမြတ်သူယွမ်ကျင်းက အခြေတည်စဝိညာဥ် ကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့လည်း သူရဲ့ချစ်သူအတွက် ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေအားလုံးကို စိန်ခေါ်ဖို့ ဆန္ဒရှိခဲ့တယ်တဲ့"
"အို ဘုရားရေ.. ကြီးမြတ်သူယွမ်ကျင်းက မြင့်မားတဲ့ကျင့်ကြံရေးအဆင့်တစ်ခုလည်း ရှိတဲ့အပြင် ဒီလိုလည်း အရမ်းကိုချစ်တတ်တယ်တဲ့လား"
"နှမြောစရာကောင်းတာက ကြီးမြတ်သူယွမ်ကျင်းက အခုအချိန်အထိ တာအိုလက်တွဲဖော် မရှိသေးဘူးလေ။ အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိပါဘူး"
"ဒီတော့ အခုအချိန်မှာ ကြီးမြတ်သူယွမ်ကျင်း ဘာတွေလုပ်နေမလဲလို့ ခန့်မှန်းကြည့်စမ်း။ သူက သူရဲ့ဆုံးရှုံးသွားတဲ့ချစ်သူနဲ့ပတ်သက်ပြီး ပြန်လည်တမ်းတနေမလား..."
စူးလီက မျက်နှာပေါ်မှာ ထူးဆန်းတဲ့အမူအရာတစ်ခုနဲ့ တဖြည်းဖြည်းဝေးကွာသွားတဲ့ စကားဝိုင်းကို နားထောင်လိုက်တယ်။
အချစ်အတွက်နဲ့ ကျင့်ကြံရေးတစ်လောကလုံးကို ဆန့်ကျင်သတဲ့လား။ နောက်တစ်ဆင့်က အချစ်အတွက် ကျင့်ကြံရေးလောကကို ဖျက်ဆီးတော့မယ်လို့ ဘာလို့များ ထင်နေမိပါလိမ့်။ ဒါက ကောင်းကင်တာအိုတစ်ယောက်အတွက် တကယ်ပဲ ရှင်းမပြတတ်အောင် နားဝင်မချိုလှပါလား။ ဒါပေမဲ့လည်း သူမက သိလိုစိတ်နဲ့ ခေါင်းလေးကို ဆန့်ထုတ်ကြည့်လိုက်သေးတယ်။
စူးလီက အိပ်ခန်းဆီကို လျှောက်လာရင်း စိတ်ထဲမှာတော့ နက်နက်နဲနဲ တွေးတောနေမိတယ်။ မဟုတ်မှလွဲရော ကြီးမြတ်သူယွမ်ကျင်းရဲ့ ချစ်ရတဲ့သူဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်တုန်းက ချန်ထျန်းဂိုဏ်းရဲ့ ကံကြမ္မာဆိုးရွားနေတဲ့အချိန်တုန်းက ထွက်လာခဲ့ကြတဲ့ မကောင်းတဲ့မက်မွန်ပွင့် တစ်ပွင့်များလား။
ဒီလိုစဥ်းစားမိလိုက်ပြီး သူမက အခန်းဆီကို မြန်မြန်လမ်းလျှောက်သွားလိုက်ပြီး လက်ဝေ့ယမ်းလိုက်ကာ တိမ်လွှာကြေးမုံကို ဖွင့်လိုက်တော့တယ်။
ဒါပေါ့။ ဒီလိုဖရဲသီးမျိုးက လက်ရှိအချိန်မှာ ပါဝင်ပတ်သက်နေတဲ့သူနဲ့ အတူတူဖရဲသီးစားရတာက ပိုပြီးဝမ်းသာစရာကောင်းတယ်လေ။
မင်ယောင်းတောင်ထွတ်။
ကြီးမြတ်သူယွမ်ကျင်းက တောင်ထွတ်ပေါ်မှာ သူ့ဆီကိုအလည်လာကြတဲ့ လူပေါင်းဆယ်နှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း အံသြတဲ့အရိပ်အယောင် ဖျတ်ခနဲလက်သွားတော့တယ်။
သူက ထရပ်လိုက်ပြီး ဘာမှမဖြစ်သလိုဟန်ပန်နဲ့ အားလုံးကိုကြည့်လိုက်တယ်။
သူ့မျက်ခုံးတွေကတော့ ဝေးကွာလှတဲ့ တောင်တန်းကြီးတွေလိုပဲ။ သူရဲ့အမူအရာကလည်း တည်ငြိမ်နေပြီး သူရဲ့ကိုယ်နေဟန်ထားကလည်း နှစ်ပေါင်းထောင်ချီအောင် စုစည်းလာခဲ့တဲ့ဟန်ရှိတဲ့ စိတ်နေသဘောထားတစ်ခုနဲ့ ပြည့်နှက်နေတယ်။ လူတွေက သူ့ကို တွေ့လိုက်တဲ့အခါ သူတို့တွေက တည်ငြိမ်သွားသလို ခံစားလိုက်ရတယ်။
"ခင်ဗျားတို့တွေက ကျွန်တော့်ကို ဘာအတွက် တွေ့ချင်ကြတာလဲ"
ကြီးမြတ်သူယွမ်ကျင်းရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးက အနည်းငယ် မလုံမလဲဖြစ်သွားတယ်ဆိုတာထက် ပိုပြီးတော့ အထိတ်တလန့်ဖြစ်သွားသလို ခံစားလိုက်ရတယ်။
နောက်ဆုံး ကြီးမြတ်သူယွမ်ကျင်းက မြင့်မားတဲ့ကျင့်ကြံခြင်းအဆင့်ရှိတဲ့ မဟာယန ကျင့်ကြံသူတစ်ယောက်လေ။ ကြီးမြတ်သူမှာ ကောင်းမွန်တဲ့စိတ်သဘောထား တစ်ခုရှိတယ်ဆိုရင်တောင်... သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးဖြစ်တယ်ဆိုရင်တောင်... ဒီတစ်ကြိမ် သူရောက်လာရတဲ့ ရည်ရွယ်ချက်ကိုသာ သိသွားခဲ့မယ်ဆိုရင် သူက တော့သေချာပေါက် အရိုက်ခံရတော့မှာပဲ။
ဒါပေမဲ့လည်း တကယ်ပါ။ သူ့မှာ တခြားရွေးစရာမရှိတော့ဘူးလေ။ ချန်ထျန်းဂိုဏ်းမှာ အဆင့်မြင့်ခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ချက်တွေအများကြီး ရှိတယ်ဆိုပေမဲ့လည်း ကောင်းကင်တာအိုအမျိုးသမီးရဲ့ စိတ်ဝင်စားမှုကို နိုးဆွနိုင်အောင်လုပ်နိုင်တာက လုံးဝကိုမရှိသလောက်ပဲလေ။
နောက်ပြီးတော့ ဒါက လျှို့ဝှက်ချက်တစ်ခုဖြစ်နေမှတော့ သူက ဒါကို မသိနိုင်ဘူးလို့ စဥ်းစားလို့ရတာပဲ။ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီတုန်းက ကြီးမြတ်သူယွမ်ကျင်းဆီမှာ ဖြစ်သွားခဲ့တဲ့ အကြောင်းအရာတချို့ပဲ သိထားခဲ့တာလေ။
ဒီလို စဥ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက စိတ်ကိုတင်းထားလိုက်ပြီး ကြီးမြတ်သူယွမ်ကျင်းကို ဦးညွှတ်ကာပြောလိုက်တော့တယ်။
"အကြီးအကဲခင်ဗျာ ကျွန်တော်တို့မှာလည်း တကယ်ပဲ တခြားရွေးစရာမရှိတော့လို့ အကြီးအကဲကို အကူအညီ လာတောင်းရတာပါ"
ကြီးမြတ်သူယွမ်ကျင်းက မျက်မှောင်ကျုံ့ထားလိုက်ပြီး သူ့မျက်လုံးထဲမှာလည်း တည်ကြည်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
"ဂိုဏ်းထဲမှာ ဘာဖြစ်သွားလို့လဲ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူရဲ့ရည်ရွယ်ချက်ကို အကြမ်းဖျင်း ရှင်းပြတော့မဲ့ဆဲဆဲမှာပဲ ကောင်းကင်ကလာတဲ့ ရင်းနှီးတဲ့အသံတစ်ခုကို ကြားလိုက်ရတော့တယ်။
[ဒါက အချစ်အတွက်နဲ့ ကျင့်ကြံရေးလောကကို ဆန့်ကျင်မယ်ဆိုတဲ့ အထင်ကရ ကြီးမြတ်သူယွမ်ကျင်းတဲ့လား]
[ဟားဟားဟား ဒီလိုနတ်သားပုံစံအသွင်ပြင်နဲ့ဆိုတော့ ငါ့မှာ တကယ်တောင် မပြောတတ်တော့ဘူး...]
ကြီးမြတ်သူယွမ်ကျင်းကလည်း အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့တယ်။
သူ့မျက်နှာက ရုတ်ခြည်းဆိုသလို သွေးဆုတ်ဖြူဖျော့သွားပြီး မျက်လုံးထဲမှာလည်း အရိုးစိမ့်မတတ် အအေးဓာတ်တစ်ခုနဲ့ ကျန်းမုန့်လင်ကို ကြည့်လိုက်တယ်။
အတင့်ရဲလို့များ မင်းက လူကို အရင်သတ်ပြီးမှ သတင်းလာပို့ရသလား။
ကျန်းမုန့်လင်ကလည်း မြန်မြန် ခေါင်းခါပြလိုက်တယ်။ သူ့မှာပြင်ဆင်ချိန်တောင် မရလိုက်ဘူးလေ။
အလွန်ဆုံး သူက သူရဲ့ဒုတိယတပည့်လေးကို အရိပ်အမြွက်လေးပဲ ပြောခဲ့တာပါ။ သူ ဒါကို မိုးနတ်မင်းကို ကျိန်ရဲပါတယ်။
တစ်ဖက်မှာတော့ စူးလီက တိမ်လွှာကြေးမုံထဲမှာ ကြီးမြတ်သူယွမ်ကျင်းရဲ့ရုပ်ရည်ကို တစ်ချက်ပဲ ကြည့်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ အချစ်အတွက်နဲ့ ကျင့်ကြံရေးလောကကြီးကို သူက ဘယ်လိုဆန့်ကျင်မယ်ဆိုတာကို သိချင်စိတ်နဲ့ ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ မစောင့်နိုင်ဘဲ ဖြစ်သွားတယ်။
[လွန်ခဲ့တဲ့နှစ်တစ်ထောင်က ချန်ထျန်းဂိုဏ်းကလူတွေရဲ့ အချစ်၊ အမုန်းနဲ့ လက်တုံ့ပြန်ခြင်းတဲ့။ ဒါက တကယ် စိတ်လှုပ်ရှားဖို့ကောင်းတာပဲ]
[သုံးဘဝ သုံးကမ္ဘာ။ အချစ်နဲ့အမုန်း။ ဆရာနဲ့တပည့် အချစ်တွေ...]
[အဲ့ဒီအချိန်တုန်းက ဆုံးပါးသွားခဲ့တဲ့ မဟာအကြီးအကဲကတောင် ကျိုးပျက်နေပြီးသား ဝိညာဥ်တစ်ခုကိုပဲ ချန်ထားခဲ့ပြီး ထွက်မသွားနိုင်သေးဘူးတဲ့။ နှစ်တစ်ထောင်ကြာပြီးတဲ့နောက်မှာတော့ ပျက်စီးနေတဲ့မက်မွန်ပွင့်က ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးရဲ့ ခေါင်းပေါ်မှာ တစ်ဖန်လာပြီးတော့ ပွင့်သတဲ့]
[အဲ့ဒီတုန်းက ကြီးမြတ်သူယွမ်ကျင်းဆီမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ငါ ကြည့်လိုက်ပါအုံးမယ်...]
ကြီးမြတ်သူယွမ်ကျင်းက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်နှာပေါ်မှာ သွေးဆုတ်တာတွေ ဘာမှမကျန်တော့ဘဲ ဖြူဆုတ်သွားပြီး ပြာနှမ်းလာတော့တယ်။ သူ့မျက်လုံးထဲမှာလည်း လုံးဝမသိသာတဲ့ ကြောက်လန့်မှုတစ်ခု ဖြစ်သွားတယ်။
ဒီနေရာကို ရောက်လာကြတဲ့ ချန်ထျန်းဂိုဏ်းက တခြားလူတွေကတော့ နားစွင့်ထားကြလေရဲ့။
လွန်ခဲ့တဲ့နှစ်တစ်ထောင်က အစွမ်းထက်လှတဲ့ ကြီးမြတ်သူတွေရဲ့ကိစ္စကို အချိန်အကြာကြီး တားမြစ်လာခဲ့တာလေ။ သူတို့တွေက မဖြစ်စလောက်လေးပဲ သိကြတာပေါ့။
ဒါပေမဲ့လည်း အတိတ်အကြောင်းကို ပိုပြီးသိလာလေလေ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာလေပဲပေါ့။
[ဟားဟားဟား ကြီးမြတ်သူယွမ်ကျင်းက အဲ့ဒီတုန်းက အချစ်အတွက်နဲ့ ရန်သူကို တစ်ယောက်ထက် ပိုပြီးတော့တောင် ဖွဲ့ချင်သေးတယ်။ အဲ့ဒီတုန်းက သူက သူ့ဆရာကိုတောင် ကြွားဝါပြီး ပြောခဲ့သေးတယ်လေ။ သူက သူ့ရဲ့ချစ်သူအတွက် ကျင့်ကြံရေးလောကကြီးကို ဖျက်ဆီးရလိမ့်မယ်တဲ့...]
[ဒီစကားက အရမ်းကိုဆယ်ကျော်သက်အရွယ်မှာ ဆန့်ကျင်အာခံတတ်တဲ့ပုံစံဖြစ်ပြီး အရမ်းကိုလည်း ရှက်စရာကောင်းတာပဲ ဟားဟားဟား...]
[ဟားဟားဟား သူ့ရဲ့ချစ်ရသူက တကယ်တမ်းကျတော့ အမြီးသုံးချောင်းမြေခွေး ဖြစ်နေတာကိုး။ ဘာဉာဏ်ရည်မှတောင် မရှိတဲ့ အမြီးသုံးချောင်းမြေခွေး တစ်ကောင်တဲ့လေ]
ချန်ထျန်းဂိုဏ်းက လူတွေအားလုံးက မှင်တက်အံ့သြသွားကြပြီး သူတို့ရဲ့မျက်လုံးထဲမှာလည်း ဇဝေဇဝါ အရိပ်အယောင်တစ်ခု ဖြစ်သွားကြတော့တယ်။
သူတို့တွေကြားလိုက်ရတာ တကယ် မှန်ရောမှန်ရဲ့လား။
အဲ့လို့မှမဟုတ်ဘူးဆိုရင် ကြီးမြတ်သူယွမ်ကျင်းရဲ့ ချစ်ရတဲ့သူက... အမြီးသုံးချောင်းမြေခွေးလို့ သူတို့ ဘာဖြစ်လို့ ကြားလိုက်မိပါလိမ့်။
ကြီးမြတ်သူယွမ်ကျင်းရဲ့မျက်နှာက ဖြူဆုတ်နေရာကနေ စိတ်ပျက်အားလျော့သွ့ားတော့တယ်။ သူက ရှေ့ကို အူကြောင်ကြောင်လေးနဲ့ ငေးကြည့်နေမိတော့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က ဖြစ်သွားခဲ့တဲ့ကိစ္စကို ပြန်မတွေးရဲဘူးဆိုရင်တောင် သူ့မှာ ရှက်ရလွန်းလို့ မြေကြီးထဲမှာတွင်းတူးပြီး ပုန်းအောင်းချင်တော့တာပဲ။ ဒါပေမဲ့အခုကျတော့ ...
ထားလိုက်ပါ။ ထားလိုက်ပါတော့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုလည်း ဆက်ပြီး ဖုံးကွယ်ထားလို့မှ မရတော့ဘဲ။ ဒီတော့ နင် ကြိုက်တာသာ လုပ်ပေတော့။
သူ့မျက်လုံးထဲက ထုံကျင်ပြီး စိတ်ဓာတ်ကျမှုတွေက တဖြည်းဖြည်းလောကကြီးကို အလုံးစုံ သိမြင်နားလည်သွားသယောင် စိတ်အေးသွားတဲ့ ခံစားချက်တစ်မျိုးအဖြစ် ပြောင်းလဲသွားတော့တယ်။ ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြီးပြောတယ်။
[အဲ့ဒီတုန်းက ကြီးမြတ်သူယွမ်ကျင်းက နှစ်ပေါင်းသက်တမ်း တစ်ရာပဲရှိသေးတာလေ။ သူရဲ့ကျင့်ကြံရေးအဆင့်ကလည်း အခြေတည်စကျင့်ကြံခြင်းအဆင့်ပဲ ရှိသေးတာပေါ့။ သူက အဲ့ဒီတုန်းက နာမည်အကြီးဆုံး လူငယ်ပါရမီရှင်တစ်ယောက်ပေါ့]
[ဟားဟားဟား ဒါပေမဲ့လည်း ကြီးမြတ်သူယွမ်ကျင်းက မရင့်ကျက်ဘဲ စိတ်ကူးယဥ် ဆန်တတ်ခဲ့တဲ့နေရာမှာ နာမည်ကြီးတာကိုတော့ ဘယ်သူကမှ မသိခဲ့ကြဘူးလေ။ သူက ရက်သတ္တပတ် နေ့ရက်တွေမှာ လုပ်စရာဘာမှမရှိတဲ့အချိန်ဆိုရင် အရည်အချင်းရှိတဲ့ ကျောင်းတော်သားနဲ့ မိန်းမလှလေးတွေအကြောင်း ဝတ္ထုတွေကိုပဲ ဖတ်နေတတ်တာပေါ့...]
[သူက ချန်ထျန်းဂိုဏ်းထဲက အဆင့်မြင့်ကျင့်ကြံသူတွေရဲ့ အချစ်အပေါ် ကြွေကျသွားတဲ့ အကြောင်းအရာအားလုံးကို စောင့်ကြည့်လာခဲ့တာလေ။ မတော်တဆ မြေခွေးကျောင်းတော်သားတစ်ယောက်ရဲ့ စွဲလမ်းတတ်တဲ့အချစ်အကြောင်း ရေးသားထားတဲ့ အဆင့်နိမ့်လောကက စာအုပ်တစ်အုပ်ကို ဖတ်မိသွားတာပေါ့။ ဒါကိုထပ်ပြီး အားပေးခဲ့တာက အဲ့ဒီအချိန်တုန်းက ချန်ထျန်းဂိုဏ်းရဲ့ကံကောင်းခြင်းတွေ အပေါ်လွှမ်းမိုးမှုပဲ...]
[ဒီတော့ သူက တစ်နေ့မှာ ဒဏ်ရာရနေတဲ့ အမြီးသုံးချောင်းမြေခွေးတစ်ကောင်ကို တွေ့လိုက်တဲ့အချိန်ကျတော့ ...]
[ဒါက သူရဲ့အချစ်စစ်လို့ အခိုင်အမာ ယုံကြည်သွားတော့တာပဲ။ ဟားဟားဟား...]
စူးလီက ကောင်းကင်စာအုပ်ထဲက ချဲ့ကားပြီးပြောလိုက်တဲ့ စာလုံးတွေကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အသံထွက်အော်ရယ်နေတော့တယ်။
ဒီကြီးမြတ်သူယွမ်ကျင်းက ဝမ့်ကျန့်ဂိုဏ်းမှာ သူမတွေခဲ့တဲ့ လုံအောက်ထျန်းထက်တောင် ပိုပြီးတော့ မရင့်ကျက်တာပဲ။
ချန်ထျန်းဂိုဏ်းက လူတွေက ဒါကို ကြားလိုက်တဲ့အချိန်မှာ အားလုံးရဲ့မျက်နှာတွေက သူတို့ရဲ့ရယ်ချင်စိတ်ကို ကြိုးစားထိန်းချုပ်ထားရတဲ့အတွက် မျက်နှာတွေ နီရဲနေတော့တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက အသံထွက်ပြီး ရယ်လိုက်တဲ့အသံကို ကြီးမြတ်သူယွမ်ကျင်း ကြားသွားမှာ စိုးရိမ်မိလို့ သူရဲ့ညာဖက်လက်နဲ့ သူရဲ့ပေါင်ကို ခပ်ကြမ်းကြမ်းလေး ဆွဲဆိတ်ထားရတယ်။
အကြီးအကဲလဲ့ယောင်းကလည်း သူမရဲ့ဘဝထဲက ဝမ်းနည်းစရာကိစ္စ အကြောင်းအရာတွေကို စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်နှာက ရှုံ့မဲသွားတော့တယ်။ သူမက အပြုံးတစ်ခုကို ကြိုးစားပြီး ထိန်းချုပ်နေရတာကိုး။
ဒီအချိန်မှာပဲ အပြင်လောကကအသံက ရယ်နေတာကို ရပ်လိုက်ပြီး ဆက်ပြောလိုက်တယ်။
[ကြီးမြတ်သူယွမ်ကျင်းက အမြီးသုံးချောင်းမြေခွေးကို သူရဲ့တာအိုလက်တွဲဖော်လို့ အမြဲတမ်း သဘောထားလာခဲ့ပြီး သူ့ကိုလည်း နှစ်သက်မြတ်နိုးခဲ့တာလေ။ တစ်နေ့ကျရင် ဒီအမြီးသုံးချောင်းမြေခွေးက မိန်းမလှတစ်ယောက်အသွင် ပြောင်းလဲသွားပြီး သူ့ဘေးမှာ ရှိလာလိမ့်မယ်ဆိုပြီး အခိုင်အမာယုံကြည်ထားခဲ့တာပေါ့...]
[တစ်နေ့ကျတော့ သူ့ဆရာက ဒီလိုတားမြစ်ထားတဲ့ တစ်ဖတ်သတ်အချစ်ကို တွေ့ရှိသွားခဲ့ပြီး ကြီးမြတ်သူယွမ်ကျင်းကို အကြံပေးခဲ့တယ်လေ]
[ဒီလိုနဲ့ပဲ အချစ်အတွက်နဲ့ လောကကြီးကို ဆန့်ကျင့်လိုကြောင်း နာမည်ဆိုးတစ်ခု ထွက်လာတော့တာပေါ့။ အဲ့ဒီနောက်မှာတော့ သူက သူ့ဆရာရဲ့ ပါးချတာကို ခံလိုက်ရတယ်လေ ဟားဟားဟား...]
[အဲ့ဒီအချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင်ပဲ ပတ်ဝန်းကျင်မှာ တခြားကျင့်ကြံသူတွေ ရှိနေပြီး ဒီအကြောင်းကို အနည်းငယ်သိခဲ့ကြတဲ့သူတွေက သူတို့တွေက ဒီအကြောင်းကို တစိတ်တပိုင်း ကြားခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ ကြီးမြတ်သူယွမ်ကျင်းရဲ့ အချစ်ရေးဇာတ်လမ်းမှာ သူက သေရင်တောင် သိတတ်လိမ္မာမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းအရာက ကျင့်ကြံရေးလောကထဲမှာ သတင်းပြန့်သွားတော့တာပေါ့...]
ဒီအချိန်မှာတော့ ကြီးမြတ်သူယွမ်ကျင်းရဲ့ မျက်နှာပေါ်မှာ ဘာအမူအရာမှ မရှိလေဘူး။ သူ့ရဲ့စိတ်ဝိညာဥ်က ဒီနေရာမှာလုံးဝမရှိတော့တဲ့ပုံ ဖြစ်နေတော့တယ်။ သူရဲ့အရောင်အဝါကလည်း အလွန်မှ မှိန်ဖျလွန်းလို့ လူတွေမှာခံစားမသိနိုင်လောက်အောင် ဖြစ်သွားတော့တယ်။
[နောက်ပိုင်းကျတော့ ကြီးမြတ်သူယွမ်ကျင်းက မြင့်မြတ်အသွင်ပြောင်းခြင်း ကျင့်ကြံခြင်းအဆင့်ကို ရဖို့အတွက် ဂူပိတ်လေ့ကျင့်တော့တယ်။ သူ ပြန်ထွက်လာတဲ့အချိန်မှာတော့ သူရဲ့ချစ်ရသူက ကလေးတွေအများကြီး မြေးတွေအများကြီး နဲ့ဖြစ်နေပြီလေ ဟားဟားဟား...]
[ရလဒ်တစ်ခုတောင် မရှိလိုက်ပါဘဲနဲ့ အဆုံးသတ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ...]
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တုန်တုန်ယင်ယင်နဲ့ လေပူကို ပြန်မှုတ်ထုတ်လိုက်တယ်။
ကြီးမြတ်သူယွမ်ကျင်းက အဲ့ဒီအချိန်တုန်းက ဂိုဏ်းရဲ့ကံကောင်းခြင်းရဲ့ သက်ရောက်မှုခံနေရတာ ဖြစ်ရမယ်လို့ သူက သိထားပေမဲ့လည်း...
ဉာဏ်ရည်မရှိတဲ့ အမြီးသုံးချောင်းမြေခွေးတစ်ကောင်ကို ချစ်ကြိုက်မိသွားတယ်ဆိုတာကတော့... ဒီအပြုအမူကြီးက အရမ်းကို အဆင့်မြင့်နေသေးတာပဲ။
သူက ရုတ်တရက်ဆိုသလို အကြောင်းအရင်းကို သဘောပေါက်သွားတော့တယ်။ နှစ်ပေါင်းတစ်ထောင်တိတိ ကြီးမြတ်သူယွမ်ကျင်းအပါအဝင် ဘယ်သူကမှ ကြီးမြတ်သူယွမ်ကျင်းရဲ့ တာအိုလက်တွဲဖော်ကို မပြောရတဲ့အကြောင်းအရင်းပေါ့။
အစတုန်းကတော့ ကြီးမြတ်သူယွမ်ကျင်းက သူရဲ့တာအိုလက်တွဲဖော်အတွက် နက်ရှိုင်းတဲ့ခံစားချက်တွေ ရှိပြီး သူက ဒီအကြောင်းကို ပြောလိုက်တဲ့အချိန်မှာ ဝမ်းနည်းသွားမယ်လို့ ထင်ထားခဲ့တာလေ။ ဒါပေမဲ့ ဒါက ဒီအကြောင်းအရင်း ဖြစ်နေမယ်လို့တော့... သူ မထင်ထားခဲ့မိဘူးပေါ့။
ကြီးမြတ်သူယွမ်ကျင်းက ကံကောင်းခြင်းလွှမ်းမိုးမှုကို ဖယ်ရှားပြီးတဲ့နောက်မှာ သူ့ကိုယ့်သူ ဖျက်ဆီးချင်မိလိမ့်မယ်လို့တော့ ခန့်မှန်းမိနေပါတယ်။
...