အခန်း ၁၁၈
Vol. 8 Ch. 118
အပိုင်း (၁၁၈)
စူးလီက ခြံဝင်းထဲထိုင်ခုံလေးပေါ်မှာထိုင်ရင်း ချန်ထျန်းဂိုဏ်းရဲ့ လေထဲက တဖြည်းဖြည်းကျုံ့သွားတဲ့ အပေါက်တွေကိုကြည့်ရင်း ကျေနပ်စွာနဲ့ သူ့မျက်လုံးကို မှိတ်ထားလိုက်တယ်။
ချန်ထျန်းဂိုဏ်းကို ရောက်လာပြီး ဆယ်ရက်မပြည့်သေးခင်မှာပဲ သူမက စားခဲ့ရတဲ့ ဖရဲသီးတွေကိုလည်း အရမ်းကို ကျေနပ်မှုရှိတဲ့အပြင် ဖရဲသီးစားရင်းနဲ့ ချန်ထျန်းဂိုဏ်းမှာ ကျန်နေခဲ့တဲ့ သမိုင်းဝင်ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ခဲ့တယ်။ နောက်ပြီးတော့ လင်ကျောင်းကိုလည်း ဆရာကောင်းတစ်ယောက် ရှာပေးခဲ့သေးတယ်...
ဒီလိုစဥ်းစားလိုက်မိပြီး သူမက ကျေနပ်သွားတဲ့ အပြုံးတစ်ခုကို လှစ်ပြလိုက်တယ်။
သူမက ကျင့်ကြံရေးလောကအတွက် တကယ့်စိတ်ကောင်း စေတနာတစ်ခုနဲ့ ဒီလို အလုပ်ကြိုးစားပေးတဲ့လူတစ်ယောက်ပဲ။
သူမက ဒီနေရာမှာ ခဏလောက် နေရအုံးမှာဆိုပေမဲ့ ကံကောင်းချင်တော့ သူမက ချန်ထျန်းဂိုဏ်းထဲမှာ ဖရဲသီးစားလို့ မဝသေးဘူးလေ။ ဒီတော့ဒီအချိန်လေးကို အသုံးချပြီး ပိုအရသာရှိတဲ့ ဖရဲသီး နည်းနည်းပါးပါးကို ရှာဖွေရအုံးမယ်...
နောက်ဆုံး ချန်ထျန်းဂိုဏ်းထဲမှာ ကြီးမြတ်သူတွေ အကြီးအကဲတွေနဲ့ တောင်ထွတ်သခင်တွေမှ အများကြီးပဲလေ။ သူမက သူတို့တွေရဲ့ တဝက်ကိုတောင် စားလို့မပြီးသေးဘူး။
သူမက ခြံဝန်းထဲက နေရောင်ခြည်အောက်မှာ တစ်ရေးအိပ်မယ်လို့ ပြင်လိုက်တဲ့အချိန်မှာပဲ တံခါးနားမှာ ရုတ်တရက် ဆူညံသံကို ကြားလိုက်ရတယ်။
သူမက မျက်လုံးကို ဖွင့်လိုက်ပြီး ခြံဝန်းရဲ့ဝင်ပေါက်ဖက်ကို လှည့်ကြည့်လိုက်တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သေးသေးသွယ်သွယ် မိန်းကလေးရဲ့ဘေးမှာ တလေးတစားနဲ့ ရပ်နေတာကို မြင်လိုက်ရတယ်။ သူတို့ဘေးမှာတော့ လင်ရှန့်တောင်ထွတ်ပေါ်မှာ အသက်ရှုခြင်းကို ပုံမှန်လုပ်ဆောင်လာခဲ့တဲ့ ကြီးမြတ်သူတွေ ဖြစ်နေတယ်။ သူတို့တစ်ယောက်ချင်းစီကလည်း မျက်နှာပေါ်မှာ တကယ့်ကို လေးစားတဲ့ရုပ်တစ်ခုဖြစ်နေကြတယ်။
"ဘွားဘွား မှာကြားစရာများ ရှိပါသေးလား"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူတို့ရဲ့ပန်းတိုင်ကို ရရှိပြီးသွားတဲ့အခါ သူတို့ကို ကြည့်လိုက်တယ်။ သူ့အသံကလည်း လေးစားတဲ့အရိပ်အယောင်အပြင် ကြင်နာသနားတဲ့ အရိပ်အယောင်တစ်ခု ပါရှိနေတယ်။ လင်ကျောင်းက သူတို့ချန်ထျန်းဂိုဏ်းရဲ့ ကယ်တင်ရှင်ဖြစ်တဲ့အပြင် ဂိုဏ်းရဲ့ အစောင့်အရှောက် သားရဲလိပ်နက်ကြီးရဲ့ မွေးစားမြေးမလေးလည်း ဖြစ်တယ်လေ။ သူက ချန်ထျန်းဂိုဏ်းထဲက ကျင့်ကြံသူတွေ အားလုံးရဲ့ ဘွားဘွားကြီးပေါ့။
တလေးတစား လုပ်တာကို မပြောနဲ့အုံး။ ဒူးထောက်ချပြီး သူမကို ဦးချခဲ့တယ်ဆိုရင်တောင် ဒါက သေချာပေါက် မှန်ကန်တဲ့လုပ်ရပ်ဖြစ်လိမ့်မယ်။
သူတို့တွေကသူမကို ဒီလိုအကြိမ်ပေါင်းများစွာ ခေါ်လာခဲ့တဲ့အတိုင်း လင်ကျောင်းကတော့ ဒါကို အနည်းငယ် နေရခက်နေတယ်။
လွန်ခဲ့တဲ့နှစ်နာရီလောက်တုန်းက သူမက သူမရဲ့ခန္ဓာကိုယ်ထဲကို ချီဓာတ် ဆွဲမသွင်းနိုင်သေးတဲ့ သာမန်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်လို့တောင် သတ်မှတ်လို့မရဘူးလေ။
ဒါပေမဲ့အခုကျတော့ သူမက ချီမင်လိပ်နက်ဘိုးဘိုးကို သူမရဲ့အဘိုးလို့ သတ်မှတ်ပြီးလိုက်တာနဲ့ချက်ချင်း အရမ်းကို အစွမ်းရှိလှတဲ့ ကြီးမြတ်သူတွေရဲ့ပါးစပ်ထဲမှာ သူမက ဘွားဘွားကြီး ဖြစ်သွားတော့တယ်...
ဖြစ်သွားတဲ့ကိစ္စတိုင်းက အိပ်မက်တစ်ခုလိုပါပဲ။ လင်ကျောင်းက ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျှော်လင့်တကြီးနဲ့ လေးစားနေတဲ့အကြည့်ကို မတတ်နိုင်ဘဲ ရှောင်ရှားထားလိုက်ပြီး ခြံဝင်းထဲကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တယ်။
သူမက ခြံဝင်းထဲက ထိုင်ခုံပေါ်မှာထိုင်နေတဲ့ လူက အပြုံးတစ်ခုနဲ့ သူမကို လက်ဝေ့ယမ်းနေတာကို မြင်လိုက်ရတဲ့အခါ ရုတ်တရက် သတိပြန်ဝင်လာပြီး သူမရဲ့မျက်လုံးတွေကလည်း တဖန်ပြန်ပြီး လင်းလက်သွားတယ်။
သူမက ချန်ထျန်းဂိုဏ်းချုပ်ကြီးဖက်ကို လှည့်လိုက်ပြီး အလေးအနက်နဲ့ ပြောလိုက်တော့တယ်။
"ဂိုဏ်းချုပ်ကြီး လူကြီးမင်းတို့ ဒီနေရာမှာလုပ်စရာ ဘာမှမရှိပါဘူး။ ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကို အလုပ်သွားလုပ်ကြပါ”
သူမ စကားပြောလို့ပြီးသွားတာနဲ့ သူတို့ကို လက်ဝေ့ယမ်းပြလိုက်ပြီး စူးလီဆီအလောတကြီး ပြေးလာတော့တယ်။
"အစ်မ ညီမက အစ်မကို အရမ်းလွမ်းနေတာလေ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ကြီးမြတ်သူတွေက အချင်းချင်းကြည့်လိုက်ကြပြီးတဲ့နောက် ဦးညွှတ်ပြီး ပြန်ဆုတ်သွားကြတော့တယ်။
ပြန်မထွက်သွားခင်မှာပဲ သူတို့တွေက အပြုံးတစ်ခုနဲ့ စူးလီ ပြန်ဖြေလိုက်တဲ့အသံကို ကြားလိုက်ရတယ်။
"ငါတို့တွေ လူချင်းမတွေ့ရသေးတာ နေ့တစ်ဝက်တောင် မပြည့်သေးဘူး မဟုတ်လား"
"ကြာနေပါပြီ၊ အရမ်းကြာနေပြီ"
လင်ကျောင်းက ကုလားထိုင်ပေါ်ကနေ ထလာတဲ့လူကို ကြည့်လိုက်ပြီး သူရဲ့မျက်လုံးထဲမှာလည်း လေးနက်မှုအပြည့်ဖြစ်သွားတယ်။
သူမရဲ့အဖြေကို ကြားလိုက်ရပြီးနောက်မှာ စူးလီက ဘာမှမတတ်နိုင်သလို ခေါင်းခါပြလိုက်တယ်။ သူကတော့ တကယ် ကလေးလေး တစ်ယောက်ပါပဲ။
ဒါပေမဲ့ လူတိုင်းက ခွဲခွာခြင်းကိုလက်ခံဖို့ သင်ယူရမှာပဲလေ။ ပြီးတော့ သူမက နောက်ဆုံးတော့ ထွက်သွားရမှာပဲ။
ဒီလို စဥ်းစားမိလိုက်ပြီး သူမက တခစ်ခစ် ရယ်မောလိုက်တယ်။ ထားလိုက်ပါတော့လေ။ လင်ကျောင်းက အခုမှ ကလေးလေးပဲ ရှိသေးတာပဲ။ ဒီလိုကိစ္စမျိုးကို သူ့အတွက် အစောကြီး နားလည်စရာ မလိုသေးပါဘူး။
နောက်ဆုံး သူမကလည်း ချန်ထျန်းဂိုဏ်းမှာ ခဏလောက်နေအုံးမှာပဲ။
သူမက လက်ကိုဆန့်လိုက်ပြီး လင်ကျောင်းရဲ့ဆံပင်ကို လှမ်းဖွလိုက်တယ်။ သူမရဲ့အသံထဲမှာလည်း လေးစားအားကျမှု အပြည့်ဖြစ်သွားတယ်။
"ကြည့်ရတာ နင့်ရဲ့ဘိုးဘိုးအသစ်က အရည်အချင်းပြည့်ဝတဲ့ ဆရာတစ်ယောက်ပဲ၊ နေ့တစ်ဝက်ထဲနဲ့ နင့်ခန္ဓာကိုယ်ထဲက ချီဓာတ်အစွမ်းတွေကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်အောင် သင်ကြားပေးနိုင်တယ်"
"မဆိုးဘူး မဆိုးဘူး"
သူမရဲ့ချီးကျူးစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်ကျောင်းရဲ့မျက်လုံးတွေက တဖျတ်ဖျတ် လင်းလက်သွားတယ်။ သူမက စူးလီကို တလေးတနက်နဲ့ ကြည့်ပြီးပြောလိုက်တယ်။
"အစ်မ ညီမကတော့ အစ်မကသာ ကံကောင်းတဲ့ငါးလေး ဖြစ်မယ်လို့ထင်တယ်"
အားလုံးက သူမကို ကံကောင်းတဲ့ငါးလေးလို ပြောကြတယ်။ သူမရဲ့အစ်မနဲ့ မတွေ့ခင်တုန်းက ခက်ခဲတဲ့ဘဝမှာ နေထိုင်ခဲ့ရတယ်လေ။ ကံကောင်းတဲ့ငါးလေးတစ်ကောင်က ဘယ်လိုဖြစ်ပြီး တခြားသူတွေကိုပဲ ကောင်းကောင်းနေနိုင်အောင် လုပ်ပေးနိုင်မှာလဲ။
ဒါပေမဲ့ သူမက သူမရဲ့အစ်မကို တွေ့ပြီးကတည်းက သူမရဲ့ကံကောင်းခြင်းတွေကလည်း အရင်ကထက်ပိုပြီး ကောင်းမွန်လာတယ်လေ။
လင်မိသားစုမှာ ကြိုက်သလို အနိုင်ကျင့်ခံနေရတဲ့ အစေခံတစ်ယောက်ကနေပြီး ရုတ်တရက်ဆိုသလို ချန်ထျန်းဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲရဲ့ မြေးမတစ်ယောက် ဖြစ်လာခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်ထဲကိုလည်း ချီဓာတ်ကို အောင်အောင်မြင်မြင် ဆွဲသွင်းနိူင်ပြီးတော့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာတယ်လေ။
သူမရဲ့အစ်မက သူမထက်ပိုပြီး ကံကောင်းတဲ့ ရွှေငါးလေးတစ်ကောင်နဲ့ ပိုတူတယ်။
လင်ကျောင်းရဲ့ကလေးဆန်ဆန် စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက သူမရဲ့ နဖူးလေးကို အသာအယာ ပုတ်လိုက်ပြီး ပြောလိုက်တော့တယ်။
"နင်သာ ကံကောင်းတဲ့ရွှေငါးကံကြမ္မာနဲ့ မွေးလာတာ မဟုတ်ဘူးဆိုရင် ငါနဲ့လဲ တွေ့ရမှာ မဟုတ်ဘူး"
လင်မိသားစုကို သွားခဲ့ကြတဲ့ လူပေါင်းများစွာထဲမှာမှ သူက သူမကို ပထမဦးဆုံး မြင်မြင်ချင်း ရွေးချယ်ခဲ့တာ။ သူမကသာ မိုးနတ်မင်းက လုံးဝ လက်မလွှတ်နိုင်တဲ့သူပဲ။
ဒီလိုကံကောင်ခြင်းမျိုးနဲ့ သိမြင်နားလည်ခြင်းမျိုး ပိုင်ဆိုင်နေရင် ရွှေငါးကံကြမ္မာ မရှိဘူးဆိုရင်တောင် ဒါက အများကြီး ကွာခြားသွားမှာ မဟုတ်ဘူးလေ။ လင်ကျောင်းက နဖူးကို အရိုက်ခံလိုက်ရပြီးတဲ့နောက်မှာ အရူးလေးလို အော်ရယ်လိုက်တော့တယ်။ သူမက ဖြူဖြူစင်စင်နဲ့ ပြောလိုက်တယ်။
"ညီမက အစ်မနဲ့တွေ့ရဖို့ လုံလောက်တဲ့ ကံကောင်းခြင်းတွေ ရှိနေတာကိုး"
"ဝမ်းသာစရာပဲ"
သူမက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး ပိုပြီးလေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ကံကောင်းတဲ့ရွှေငါး ကံကြမ္မာက တကယ်ကောင်းမွန်တာပဲ"
စူးလီက လုံးဝစိတ်အေးသွားတဲ့ လင်ကျောင်းရဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ သူ့နှုတ်ခမ်းထောင့်ကလည်း မသိမသာ မြင့်တက်သွားတော့တယ်။
သူမက လက်ကိုဆန့်ပေးလိုက်ပြီး သူမရဲ့ပခုံးပေါ်ကို ကြွေကျလာတဲ့သစ်ရွက်ကို ဖယ်ပေးလိုက်တယ်။ သူမရဲ့အသံကလည်း လုံးဝမသိသာတဲ့ အပြုံးတစ်ခုနဲ့ တည်ငြိမ်လို့နေတယ်။
"နင့်ရဲ့ကံကောင်းခြင်းနဲ့ အဲ့ဒီလိပ်နက်ကြီးရဲ့ ကံကောင်းခြင်းတို့က အပြန်အလှန် ညီညွှတ်မျှတမှု ရှိနေတာလေ။ သိပ်မကြာခင် နင်ရဲ့ကံကောင်းခြင်းတွေကလည်း နင်ကိုယ်တိုင် ပိုင်ဆိုင်မှုဖြစ်လာပြီး တခြားသူတွေကို အလွယ်တကူထပ်ပြီးတော့ ပေးနိုင်တော့မှာ မဟုတ်ဘူး"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ လင်ကျောင်းရဲ့မျက်လုံးတွေက ဆက်ပြီး မပျော်နိုင်တော့ဘူး။ စိုးရိမ်တကြီး ဖြစ်သွားတယ်။
"ဒါပေမဲ့ ညီမကတော့ အစ်မရဲ့ကံကောင်းခြင်းတွေကို တိုးတက်အောင် လုပ်ပေးချင်သေးတယ်လေ"
သူမက သူမရဲ့ကိုယ်ပိုင်ကံကောင်းခြင်းတွေကို တစ်ယောက်ထဲ သုံးနိုင်တော့မယ်ဆိုရင် သူမရဲ့ကံကောင်းခြင်းတွေကို သူမရဲ့အစ်မနဲ့ မျှဝေပေးဖို့ နည်းလမ်းမရှိတော့ဘူး မဟုတ်လား။ ဒီရက်ပိုင်းအတော်အတွင်းမှာ လင်ကျောင်းနဲ့ အတူတူနေလာပြီးတဲ့အတွက် စူးလီမှာလည်း ကလေးကို ချော့မော့တတ်တဲ့ အရည်အချင်းတွေ ကျွမ်းကျင်လာခဲ့တယ်။
လင်ကျောင်းရဲ့စကားလုံးကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ငါ့ရဲ့ကံကောင်းခြင်းက နင့်ထက် အများကြီး ပိုကောင်းတယ်လေ။ တကယ်လို့ နင်က နင့်ရဲ့ကံကောင်းခြင်းကို ငါနဲ့ဝေမျှမယ်ဆိုရင် ငါက နင့်ဆီကို ကံကောင်းခြင်းတွေ ပိုပြီးတော့ စီးဆင်းလာအောင် လုပ်ပေးရလိမ့်မယ်"
လင်ကျောင်းရဲ့မျက်လုံးတွေက ရုတ်တရက် ဝိုင်းစက်သွားခဲ့တယ်။
"ဒါက တကယ်ပဲ ဒီလိုရှိတာလား"
အခုတစ်လော သူမရဲ့ကံကောင်းခြင်းတွေက အများကြီး ဘာဖြစ်လို့ တိုးတက်လာလဲလို့ ထင်နေတာ သူမရဲ့အစ်မက သူမရဲ့ကံကောင်းခြင်းတွေကို မျှဝေပေးနေလို့ကိုး။ ဒီလိုစဥ်းစားမိလိုက်ပြီး သူမရဲ့မျက်နှာပေါ်က အမူအရာက အရင်တုန်းကထက်ပိုပြီး လေးနက်သွားတော့တယ်။
"အစ်မ စိတ်မပူနဲ့နော်၊ ညီမတို့ရဲ့ကံကောင်းခြင်းတွေကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားအောင် ဒီရက်ပိုင်းတွေမှာ ဘိုးဘိုးဆီမှာပဲ ကပ်နေလိုက်ပါ့မယ်"
"ဒါဆိုရင် ဆက်ပြီးတော့ကြိုးစားနော်"
စူးလီက သူမရဲ့ပခုံးလေးကိုပုတ်ပေးလိုက်ပြီး ကုလားထိုင်ပေါ်မှာ ပြန်ပြီးတော့လှဲချလိုက်တယ်။
ညနေခင်းလေပြေက လူတွေကို ငိုက်မြည်းအောင် လုပ်နေတယ်လေ။ စူးလီက ကောင်းကင်ပေါ်မှာ ဝင်သွားတော့မဲ့ နေမင်းကြီးကိုကြည့်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တော့တယ်။
"ဒီလိုပြောလို့ ချန်ထျန်းဂိုဏ်းရဲ့ ကံကြမ္မာက နှစ်တစ်ရာနီးပါး ပြောင်းပြန်တွေ ဖြစ်နေခဲ့တာ အခုပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဆိုတော့ ငါ့အထင် ပြဿနာတွေ အများကြီး ရှိလာတော့မယ်ထင်တယ် ဟုတ်လား"
နောက်တစ်နေ့ မနက်ခင်းစောစော။
ယွင်ချီတောင်ထွတ်။
စူးလီက ခြံဝင်းအဝင်ဝနားမှာ ပြည့်သိပ်ကြပ်ညပ်နေအောင် ရပ်နေတဲ့ ချန်ထျန်းဂိုဏ်းက လူတွေကို ကြည့်လိုက်ပြီး မသိမသာ မျက်ခုံးပင့်ထားမိလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူမက အားလုံးရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ဝိညာဥ်ရတနာတွေကို ကြည့်လိုက်မိတယ်။ ဒါကို ဘယ်လိုပြောရမှာပါလိမ့်။
ချန်ထျန်းဂိုဏ်းက တကယ်တော့ မချမ်းသာပါဘူး။ ကြီးမြတ်သူရဲ့လက်ထဲက ဝိညာဥ်ရတနာကတောင် အဆင့်ခြောက် ဒါမှမဟုတ် အဆင့်ခုနှစ်အဆင့်ပဲရှိတယ်လေ။
သူမက တံခါးဘောင်ကို မှီချထားလိုက်ပြီး သူမရဲ့တည်ရှိမှုကို လျော့ချထားလိုက်ကာ ချန်ထျန်းဂိုဏ်းသားတွေအားလုံးက သူတို့ရဲ့ဘွားဘွားကို အသိအမှတ်ပြုနေတဲ့မြင်ကွင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေလိုက်တယ်။
နောက်ဆုံးတော့ လင်ကျောင်းက လက်ဆောင်တွေအများကြီးကို လက်ခံရရှိခဲ့တယ်။ လင်ကျောင်းကို အသိအမှတ်ပြုလက်ခံပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့တယ်။
နောက်ဆုံးမှာကျန်နေခဲ့တဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက နှုတ်ဆက်စကား ပြောတော့မဲ့အချိန်မှာပဲ သူရဲ့ဒုတိယတပည့် ချောင်ချွမ်းက ရုတ်တရက် အလောတကြီး ပြေးလာခဲ့တယ်။ သူက လင်ကျောင်းကို တလေးတစား နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးဘက်ကို လှည့်လိုက်တယ်။
"ဆရာ ရန်မိသားစုရဲ့သခင်လေး ရန်ထန် ချန်ထျန်းဂိုဏ်းကိုလာပါတယ်"
"ရန်သခင်လေး ဟုတ်လား"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်လုံးထဲမှာ အံ့သြသွားတဲ့အရိပ်တစ်ခု ဖြစ်သွားတယ်။
"သူက ချန်ထျန်းဂိုဏ်းကို ဘာလာလုပ်တာလဲ"
ရန်မိသားစုဆိုတာ ချန်ထျန်းဂိုဏ်းရဲ့ အုပ်ချုပ်မှုအောက်က အကြီးမားဆုံးမိသားစုတွေထဲက တစ်ခုပဲ။ သူတို့မိသားစုမှာ အဆင့်မြင့်ကျင့်ကြံသူတွေ အများကြီးရှိတဲ့အပြင် မိသားစုရဲ့ စီးပွားရေးလုပ်ငန်းကလည်း ပေါများကြွယ်ဝပြီး အင်မတန်မှ ချမ်းသာတယ်လေ။
ဒီကာလအတွင်းမှာ ချန်ထျန်းဂိုဏ်းက မသိမသာကျဆင်းသွားပြီး ရန်မိသားစုနဲ့ ချန်ထျန်းဂိုဏ်းက ဆက်ဆံရေးကလည်း ပိုပြီးတော့ မရေမရာ ဖြစ်လာခဲ့တယ်။ နှစ်ဖက်စလုံးက အချိန်တစ်ခုအထိ အဆက်အသွယ် မလုပ်ခဲ့ကြဘူး။
ရန်ထန်က ရန်မိသားစုသခင်ကြီးရဲ့ တစ်ဦတည်းသောသားပဲ။ သူ့ကို ရန်မိသားစုရဲ့ ဘိုးဘေးကြီးက အလိုလိုက်ထားခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ...တဇွတ်ထိုး လုပ်တတ်တဲ့စိတ်သဘောထား ရှိတယ်လို့ ပြောလို့ရတယ်။
အခုတော့ သူက ချန်ထျန်းဂိုဏ်းကို လာနေတယ်တဲ့...ချောင်ချွမ်းက မတ်မတ်ရပ်လိုက်ပြီး ချီတုံချတုံ ဖြစ်နေတဲ့ အမူအရာနဲ့ပြောလိုက်တယ်။
"ရန်သခင်လေး ပြောတာကတော့ သူက ချန်ထျန်းဂိုဏ်းကိုလာတာက... သူ့ရဲ့ကျေးဇူးရှင်ကို လာရှာတာပါတဲ့"
ဒီစကားကို ကြားလိုက်ရတဲ့အခါ စူးလီက တံခါးဘောင်ကနေ ဖြည်းဖြည်းချင်း ပြန်ထွက်လာပြီး သူမရဲ့ ပျင်းရိလေးတွဲနေတဲ့ မျက်လုံးတွေက ပိုပြီးတော့သတိဖြစ်လာတယ်။
ကယ်တင်ရှင်တဲ့...
ချန်ထျန်းဂိုဏ်းချုပ်ကြီးက စူးလီရဲ့ တုံ့ပြန်မှုကို သတိမထားမိလိုက်ဘူး။ ချောင်ချွမ်းရဲ့ စကားလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူက နားမလည်သလို မျက်မှောင်ကျုံ့ထားလို့က်တယ်။
"ကယ်တင်ရှင် ဟုတ်လား"
ရန်မိသားစုရဲ့သခင်လေးက အမြဲတမ်းလိုလို သူရဲ့ပတ်ဝန်းကျင်မှာ လျှို့ဝှက်သက်တော်စောင့်တွေနဲ့ အဆင့်မြင်ကျင့်ကြံသူတစ်အုပ်ကြီး စောင့်ရှောက်ပေးထားတာပဲ။ သူက ဘယ်လိုလုပ်ပြီး အကူအညီ လိုအပ်တဲ့ အခြေအနေတစ်ခုမျိုး ဖြစ်လာမှာနိုင်မှာလဲ။
နောက်ပြီးတော့ ချန်ထျန်းဂိုဏ်းနဲ့ ရန်မိသားစုဆိုတာကလည်း ဝေးကွာနေတာကြာပြီလေ။ သူက ဘယ်လိုလုပ်ပြီး သူ့ရဲ့ကယ်တင်ရှင်ကိုရှာဖို့ ဒီနေရာကို ရောက်လာခဲ့တာလဲ။
ချောင်ချွမ်းကလည်း လုံးဝကို နားမလည်နိုင်အောင်ဖြစ်နေတယ်။ သူက သူ့သံသယကို ဖိနှိပ်ထားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဘာမှမတတ်နိုင်သလို ပြောလိုက်တယ်။
"ဆရာ ရန်သခင်လေးက ဆရာကို ဟွားချန်ခန်းမမှာ စောင့်နေတယ်"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက အဖြေပြန်မပေးရသေးခင်မှာဘဲ သူက ဝိညာဥ်စွမ်းအင် အသံတစ်ခုကို ကြားလိုက်ရတယ်။
"ဒါဆိုရင် ဘာစောင့်နေသေးတာလဲ"
စူးလီက လှေကားပေါ်ကနေ ပေါ့ပေါ့ပါးပါး ခုန်ဆင်းလာပြီး ကြည်လင်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"သွားကြမယ်"
ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက စူးလီ ရှိနေတာကို ရုတ်တရက် သိသွားတော့တယ်။
အဲ့ဒီနေ့က ချန်ထျန်းဂိုဏ်းသားတွေ အားလုံးကို ချီမင်လိပ်နက်ကြီး မှာကြားထားတဲ့အချက်ကို ပြန်စဥ်းစားလိုက်မိပြီး သူက ရင်းနှီးဖော်ရွေတဲ့ အပြုအမူတစ်ခုနဲ့ စူးလီကို မြန်မြန် နှုတ်ဆက်လိုက်တယ်။
"မင်းလည်း သခင်လေးရန်ကို သွားတွေ့မလို့လား"
ဒဏ္ဍာရီလာ သားရဲလိပ်နက်ကြီးရဲ့ အင်မတန်မှ ဂရုစိုက်တာ ခံရတယ်ဆိုရင်တော့...
စူးလီက ကျင့်ကြံရေးလောကထဲက နှစ်ထောင်ချီတဲ့ ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက်လို့ သူက ထင်မိသွားတယ်။ သူက ရှဲ့မိသာစုရဲ့ ရှဲ့ချီယွမ်လို မသေမျိုးတစ်ဝက် လူတစ်ယောက်တောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့လည်း လိပ်နက်ကြီးက စူးလီရဲ့သရုပ်မှန်ကို မစုံစမ်းဖို့ သူတို့ကို သတိပေးထားသေးတယ်။ ဒီတော့ အားလုံးက သူရဲ့ခန့်မှန်းချက်သပ်သပ်ပဲပေါ့။
စူးလီက သူမအပေါ်ထားရှိတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ သဘောထားကို လုံးဝဂရုမစိုက်လေဘူး။ သူမက ပြုံးရင်း သူ့ကို ခေါင်းညိတ်ပြလိုက်တယ်။
"ဘာပဲဖြစ်ဖြစ်လေ ကျွန်မလည်း အားနေတာပဲ "
ဒါက လတ်လတ်ဆတ်ဆတ် ဖရဲသီးကို စားကြည့်ဖို့ အချိန်ကောင်းပဲလေ။
ဟွားချန်ခန်းမထဲမှာ-
ရန်ထန်က အကာအကွယ်မှော်အစီအရင် တစ်ခုရှိတဲ့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ အဆင့်ရှစ်အကာအကွယ် ကျောက်စိမ်းဆွဲပြားကိုလည်း သူ့ခါးမှာ ချိတ်ဆွဲထားတယ်။ အဆင့်ကိုး အကာအကွယ်လက်စွပ်ကိုလည်း သူရဲ့ညာဘက်လက်မှာ ဝတ်ဆင်ထားတယ်။ သူ့ကို အကာအကွယ်မှော်ပစ္စည်းတွေက လုံးဝကို ဝန်းရံထားတယ်။
မဟာယနပညာရှင် တစ်ယောက်က လှုပ်ရှားမယ်ဆိုရင်တောင် ဒီမှော်ပစ္စည်းတွေကို ဖျက်ဆီးဖို့ အနည်းဆုံး အချိန်နာရီဝက်လောက် ယူရနိုင်တယ်။
ရန်ထန်က မေတ္တာဂရုဏာအပြည့် မက်မွန်ပွင့် မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားတယ်။ သူရဲ့ချစ်ခင်နှစ်လိုဖွယ်ရုပ်ပြင်တွေက ထောင်လွှားနေတဲ့ အရိပ်အယောင်တစ်ခုကို ဆောင်ထားပြီး သူ့ကိုချဥ်းကပ်ဖို့ ခက်ခဲတဲ့ပုံဖြပါပဲ။
သိပ်မဝေးလှတဲ့ ခန်းမတံခါးဆီမှာ လူတော်တော်များများကို မြင်လိုက်ရတဲ့အချိန်မှာ သူက ထိုင်ခံကနေ ထရပ်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဦးညွှတ်နှုတ်ဆက်လိုက်တယ်။
"ရန်ထန် ဂိုဏ်းချုပ်ကြီးကျန်းကို နှုတ်ဆက်ပါတယ်"
ကျန်းမုန့်လင်ကလည်း မျက်နှာပေါ်မှာ ရင်းနှီးဖော်ရွေတဲ့ရုပ်တစ်ခုနဲ့ ရန်ထန်ကို တွဲထူပေးလိုက်ပြီး ဝမ်းသာအားရပြောလိုက်တယ်။
"တူတော်မောင် အားနားလွန်နေပါပြီ၊ မင်းအဖေနဲ့ ငါက ရင်းနှီးလှတဲ့မိတ်ဆွေတွေပဲ ဒီအတိုင်း ဦးလေးလို့ခေါ်ပါ"
ရန်ထန်ရဲ့ မက်မွန်ပွင့်မျက်လုံးတွေက အပြုံးရိပ်တစ်ခု သမ်းသွားပြီး သူက အလွယ်တကူ ခေါ်လိုက်တော့တယ်။
"ဦးလေး"
ကျန်းမုန့်လင်က ခန်းမထဲကိုဝင်လာပြီးတဲ့နောက်မှာ ဒီနေရာကို ရင်းနှီးနေတဲ့ပုံနဲ့ ထောင့်လေးတစ်ခုမှာ ထိုင်နေတဲ့ စူးလီကို လှမ်းကြည့်လိုက်တယ်။ သူက အခိုက်တန့် ဇဝေဇဝါဖြစ်သွားပြီး သူမရဲ့သရုပ်မှန်ကို မိတ်မဆက်ပေးနိုင် ဖြစ်သွားတယ်။ အဲဒီအစား သူက ရန်ထန်ကို ပြုံးပြပြီး ပြောလိုက်တယ်။
"ချစ်လှစွာသောတူမောင် ကျေးဇူးပြုပြီးထိုင်ပါ"
အားလုံးက နေရာယူပြီးတဲ့နောက်မှာ ကျန်းမုန့်လင်က ဘာမှမဖြစ်ခဲ့သလို ရန်ထန် နောက်ကလိုက်လာတဲ့ ပေါင်းစပ်ကျင့်ကြံသူတွေကို လှမ်းကြည့်လိုက်ပြီး ရင်းနှီးတဲ့ရုပ်တစ်ခုနဲ့ ရန်ထန်ကိုလည်း ကြည့်လိုက်တယ်။
"ကျုပ်ရဲ့တူတော်မောင်က ဒီနေရာကို သူရဲ့ကယ်တင်ရှင်ကို လာရှာတာလို့ ကြားထားတယ်"
"ဒီလူရဲ့နာမည်နဲ့ အကျင့်စရိုက်ကို မသိရသေးဘူးနော်"
ကျန်းမုန့်လင်ရဲ့မေးခွန်းကို ကြားလိုက်ပြီးတဲ့နောက်မှာ ရန်ထန်ရဲ့မျက်လုံးထဲမှာ ရှက်ရွံ့သွားတဲ့အရိပ်တစ်ခု ပေါ်လာတယ်။ သူက သူ့နှာခေါင်းထိပ်ကို ထိကိုင်လိုက်ပြီး သူ့အသံကလည်း အရင်တုန်းကထက် အများကြီးပိုပြီး ပျော့ပြောင်းသွားတော့တယ်။
"သူ့နာမည်က ဘာလဲဆိုတာတော့ ကျွန်တော် မသိဘူး... သူက အရမ်းကို လှပပြီး အရမ်းကို သိမ်မွေတဲ့ အသံတစ်ခု ပိုင်ဆိုင်ထားတာပဲ ကျွန်တော် မှတ်မိတယ်"
ကျန်းမုန့်လင်က အချိန်အကြာကြီး စောင့်ဆိုင်းလာခဲ့ပေမဲ့ ရန်ထန်က ဘာမှဆက်မပြောတော့ဘူး။ သူက အထိတ်တလန့်နဲ့ မေးလိုက်တယ်။
"ဒါပဲလား"
သူ့သဘောထားက အနည်းငယ် မှားယွင်းနေတာကို သတိထားမိလိုက်ပြီး ချောင်းနှစ်ချက် မြန်မြန် ဟန့်လိုက်ပြီးပြောလိုက်တယ်။
"ကျုပ်ပြောချင်တာက ဒီစံနှုန်းနှစ်ခုနဲ့ ကိုက်ညီတဲ့လူတွေက ဒီချန်ထျန်းဂိုဏ်းမှာ အများကြီးလေ"
"တူတော်မောင်က နည်းနည်းလေးထပ်ပြီး အတိအကျပြောပေးလို့ရမလား"
[ကျွတ်ကျွတ် ဒီလိုဖြစ်နေတာကိုး]
စူးလီက ထောင့်လေးနားမှာထိုင်ပြီး ရန်ထန်ရဲ့စကားလုံးတွေကို နားထောင်ပြီးတဲ့နောက်မှာ ကောင်းကင်စာအုပ်ကို မနေနိုင်ဘဲ ဖွင့်မိလိုက်တော့တယ်။
…