အခန်း ၁၁၉
Vol. 8 Ch. 119
အပိုင်း (၁၁၉)
[ကျွတ်ကျွတ် ဒီလိုဖြစ်နေတာကိုး]
စူးလီက ထောင့်လေးနားမှာထိုင်ပြီး ရန်ထန်ရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူမက မနေနိုင်ဘဲ ကောင်းကင်စာအုပ်ကို ဖွင့်လိုက်တော့တယ်။
[ရန်ထန် ငယ်ငယ်တုန်းကပေါ့ သူအပြင်ကို ခိုးထွက်ခဲ့တဲ့အချိန်မှာ အဆိပ်ရှိတဲ့မြွေတစ်ကောင် ကိုက်ခံလိုက်ရတယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီနေရာကို ဖြတ်သွားတဲ့ ကလေးမလေးတစ်ယောက်က သူ့ကို တွေ့လိုက်ပြီး သူ့အတွက် အဆိပ်ဖြေပေးပြီး သူ့ကို ဆေးတိုက်ခဲ့တာပေါ့]
[ရန်ထန် သတိရှိနေဖို့အတွက် ကလေးမလေးက သူ့ကို အချိန်အကြာကြီး စကားပြောပေးခဲ့တာလေ...]
[ဟားဟားဟား နှစ်တွေ အရမ်းကြာပြီးတဲ့နောက်မှာတော့ ရန်ထန်က ကလေးမလေးရဲ့ နောက်ဆုံးနာမည်တစ်လုံးကိုပဲ မှတ်မိတော့တယ်တဲ့... အသက်ကယ်တင်ပေးတဲ့ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် ‘ငါက ငါ့ရဲ့ခန္ဓာကိုယ်နဲ့ မင်းကို ပြန်ပြီးပေးဆပ်မယ်’ ဆိုပြီးမှလေ]
[မဟုတ်သေးပါဘူး ကလေးမလေးက သူ့ကို ပြောခဲ့တဲ့စကားတချို့ကို မနေ့က သူ မှတ်မိသွားတယ်လေ။ အဲ့ဒီစကားလုံးကို အခြေခံပြီးတော့ပဲ သူက ချန်ထျန်းဂိုဏ်းကို ရောက်လာတာပဲ...]
[မနေ့တုန်းကပေါ့... ချန်ထျန်းဂိုဏ်းရဲ့ ကံတရားကို အစီအစဥ်တိုင်းဖြစ်အောင် ပြန်လုပ်ပေးခဲ့အချိန်ပေါ့။ ကြည့်ရတာ ဒါက တိုက်ဆိုင်မှုတစ်ခုတော့ ဟုတ်ဟန်မတူဘူး]
ရန်ထန်က သူ့မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ အရိပ်တစ်ခုနဲ့ ကောင်းကင်ကလာတဲ့အသံ ပြောလိုက်တဲ့စကားကို နားထောင်လိုက်တယ်။ ကံကြမ္မာကို အစဥ်အတိုင်း ဖြစ်အောင် ပြန်ပြောင်းလဲပေးသတဲ့လား...
သူ့မှာ ဒီအကြောင်းစဥ်းစားဖို့ အချိန်မရသေးခင်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ အထူးတလည် ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။
"စိတ်မပူပါနဲ့ တူတော်မောင်"
"ဘယ်လောက်ပဲ ခက်ခဲနေပါစေ မင်းရဲ့ကယ်တင်ရှင်က ချန်ထျန်းဂိုဏ်းက ဖြစ်နေသရွေ့တော့ ဒီဂိုဏ်းချုပ်ကြီးက ငါ့တူတော်မောင်အတွက် သူ့ကိုသေချာပေါက်ရှာပေးမှာပါ”
[ဟင်... ရန်ထန်ရဲ့ကျေးဇူးရှင်က တကယ်ပဲ ချန်ထျန်းဂိုဏ်းထဲမှာ ရှိနေတာပဲ။ နောက်ပြီးတော့ ချန်ထျန်းဂိုဏ်းရဲ့ အပြင်စည်းတပည့်တစ်ယောက်တဲ့]
ရန်ထန်ရဲ့နောက်ကလူက ဒီစကားကို ကြားလိုက်တဲ့အခါ သူ့မျက်ခုံးတွေက မသိမသာ တွန့်ရှုံ့သွားတယ်။
ချန်ထျန်းဂိုဏ်းရဲ့ အပြင်စည်းတပည့်တဲ့လား။
သဘောက ဒီလူရဲ့အဆင့်အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်တည်ကျင့်ကြံခြင်းအဆင့်ပဲ ရှိအုံးမှာပေါ့။ သူက ဘယ်လိုလုပ်ပြီး သခင်လေးနဲ့ထိုက်တန်ပါ့မလဲ။
သခင်ကြီးရှေ့မှာ သူ့ရဲ့ကျေးဇူးရှင်နဲ့ တာအိုစုံတွဲဖြစ်လာဖို့ ဆုံးဖြတ်ချက်ချထားတဲ့ သခင်လေးရဲ့ဆုံးဖြတ်ချက်ကို စဥ်းစားမိလိုက်ပြီး တည်ကြည်တဲ့ အရိပ်အယောင်တစ်ခုက သူ့မျက်လုံးထဲမှာ ပေါ်လာတော့တယ်။
သခင်လေးက ဘယ်လောက်ပဲဆန္ဒရှိရှိပါ ရန်မိသားစုက ဒီလိုအရည်အချင်းလေးနဲ့ ကျင့်ကြံသူတစ်ယောက်နဲ့တော့ သခင်လေးကို တာအိုစုံတွဲဖြစ်လာဖို့ လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။
တကယ်လို့များ ဒီကယ်တင်ရှင်က သခင်လေးကို လက်ထပ်ချင်ပြီး သခင်လေးရဲ့ အဆင့်အတန်းကို သိရှိပြီးတဲ့နောက်မှာ ကောင်းကင်ဘုံကို တစ်ဆင့်တက်လှမ်းချင်တယ်ဆိုရင်တော့...
ရန်ထန်က သူ့နောက်ကလူကို နည်းနည်းလေးမှ အာရုံမစိုက်မိဘူး။ သူက အပြင်လောကက ပြောလာမဲ့စကားကို အာရုံစိုက်ပြီးသေချာနားထောင်လိုက်တယ်။
ဟုတ်တာပေါ့ အပြင်လောကကလည်း ဆက်ပြောလိုက်ပါတယ်။
[ဖေ့ထျန်း]
ရန်ထန်က မြန်မြန်လေးပြော လိုက်တယ်။
"ဦးလေး ကျွန်တော်က ချန်ထျန်းဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖေ့ထျန်းကို ရှာနေတာပါ"
စူးလီက သူမရဲ့လက်ထဲမှာ ဝိညာဥ်သစ်သီးကို တစ်ကိုက်ကိုက်လိုက်ပြီး တွေးတွေးဆဆနဲ့ ပြောလိုက်တယ်။
[အို ကြည့်ရတာ ရန်ထန်က မနေ့တုန်းက အချက်အလက်တွေ အများကြီး ရှာတွေ့ခဲ့တဲ့ပုံပဲ]
[သူက သူ့ရဲ့ကျေးဇူးရှင်နာမည်ကိုတောင် ပြောနိုင်သွားပြီ]
ကျန်းမုန့်လင်က ဘေးမှာရှိနေတဲ့ ချောင်ချွမ်းကို လှမ်းကြည့်လိုက်တယ်။ ချောင်ချွမ်းကလည်း ချက်ချင်းနားလည်သွားပြီး ခန်းမထဲက ထွက်သွားတော့တယ်။
သူက ရန်ထန်ဘက်ကိုလှည့်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
"ငါ့ရဲ့တူတော်မောင် ကျေးဇူးပြုပြီးတော့ စိတ်ရှည်ရှည်လေး စောင့်ပေးပါ။ ဖေ့ထျန်းကို အခုချက်ချင်း သွားခေါ်လာပေးဖို့ လူ လွှတ်လိုက်ပါပြီ"
ရန်ထန်က မြန်မြန်ထရပ်လိုက်ပြီး သူ့အသံထဲမှာလည်း စိုးရိမ်စိတ်အပြည့် ဖြစ်နေတော့တယ်။
"မလိုပါဘူး ဦးလေး ကျွန်တော် သူ့ကို အခုပဲသွားရှာလိုက်ပါမယ်"
ကျန်းမုန့်လင်က ပြန်မဖြေရသေးခင်မှာဘဲ ရန်ထန်ရဲ့နောက်ကလူက သူ့ကို သိမ်သိမ်မွေ့မွေ့နဲ့ နားချတော့တယ်။
"သခင်လေး အခုနေ သခင်လေးသွားမယ်ဆိုရင် မိန်းကလေးဖေ့နဲ့ လမ်းလွဲသွားပါလိမ့်မယ်"
"ဒီအပြင်စည်းက လူတွေအများကြီးနဲ့ ရောနှောနေတာလေ။ လုံးဝကြီး အန္တရာယ်ကင်းမယ်လို့ အာမမခံနိုင်ဘူး။ ဒီမှာပဲ အေးအေးချမ်းချမ်း စောင့်တာ ပိုကောင်းပါတယ်"
သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရန်ထန်က ကိုယ်ကိုပြန်လှည့်လာပြီး ပင်မထိုင်ခုံမှာ ထိုင်နေတဲ့ ကျန်းမုန့်လင်ကို ကြည့်လိုက်တယ်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့ရဲ့စိုးရိမ်စိတ်ကို ဖိနိုပ်ထားပြီး...
"ခင်ဗျားပြောတာလည်း မှန်ပါတယ်"
ဒီလိုပြောလိုက်ပြီးတဲ့နောက်မှာ သူက မျက်နှာပေါ်မှာ တောင်းပန်တဲ့ရုပ်တစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တယ်။
"ကျွန်တော် အရမ်းစိုးရိမ်သွားလို့ ရိုင်းပျမိသွားပါတယ်"
"မဟုတ်ပါဘူး မဟုတ်ပါဘူး"
ကျန်းမုန့်လင်က သူ့လက်ကို ဝေ့ယမ်းပြလိုက်ပြီး ရွှင်လန်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"အခုက ကိုယ်ရှာဖွေချင်နေတဲ့လူက ကိုယ့်ရှေ့မှာရောက်နေပြီပဲ။ ငါ့တူတော်မောင် စိတ်ပူနေတာကို နားလည်ပါတယ်"
လူနှစ်ယောက်က စကားစမြည် နည်းနည်းပြောလိုက်ပြီးတဲ့နောက်မှာ တွန့်ဆုတ်နေတဲ့ခြေသံကို ခန်းမရဲ့ဝင်ပေါက်က ကြားလိုက်ရတယ်။
အပြင်စည်းတပည့်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဖေ့ထျန်းက ခန်းမထဲကို ဂရုတစိုက်လျှောက်ဝင်လာပြီး ပင်မထိုင်ခုံပေါ်မှာထိုင်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို တလေးတစားနဲ့ ဦးညွှတ်လိုက်တယ်။
"ဖေ့ထျန်း ဂိုဏ်းချုပ်ကြီးကို နှုတ်ဆက်ပါတယ်"
ဖေ့ထျန်းက ခန်းမရဲ့တံခါးနားမှာ ပေါ်တဲ့အချိန်မှာပဲ ရန်ထန်က ဝမ်းသာအားရနဲ့ ထရပ်လိုက်တယ်။ သူက ဖေ့ထျန်းရဲ့ ချိုမြိန်ပြီး ချစ်စဖွယ်ကောင်းတဲ့ မျက်နှာလေးကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှာလည်း ထိန်းချုပ်မရတဲ့ ရှက်ရွံ့မှု ဖြတ်ပြေးသွားတယ်။
သူမက... သူ့ကိုကယ်တင်ပေးတဲ့ သူပဲ။
ကျန်းမုန့်လင်က လက်ဝေ့ယမ်းလိုက်တဲ့အခါ ဝိညာဥ်စွမ်းအင် စီးကြောင်းတစ်ခုက ဖေ့ထျန်းက ကြမ်းပြင်ပေါ်ကနေ ဆွဲမပေးလိုက်တယ်။
သူက ဘာမှမတတ်သာတဲ့ ရန်ထန်ကို လှမ်းကြည့်လိုက်ပြီး ရင်းနှီးဖော်ရွေတဲ့ အပြုအမူတစ်ခုနဲ့ ဖေ့ထျန်းကို ပြောလိုက်တယ်။
"ဖေ့ထျန်း မင်းငယ်ငယ်တုန်းက ရန်မိသားစုရဲ့သခင်လေး ရန်ထန်ကို ကယ်ပေးခဲ့တာလား"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ရန်ထန်က ခြေနှစ်လှမ်းလောက် မြန်မြန်တိုးလာပြီး ဖေ့ထျန်းရဲ့ မြင်ကွင်းထဲမှာ ပေါ်လာတော့တယ်။ သူ့အသံထဲမှာလည်း ထိန်းချုပ်မရတဲ့ ဝမ်းသာမှုတွေ အပြည့်ပါပဲ။
"ဖေ့ထျန်း မင်း ငါ့ကိုမှတ်မိလား၊ အဲ့ဒီတုန်းက မိဖုန်းသစ်တောမှာလေ ငါ မြွေတစ်ကောင် ကိုက်ခံရပြီး ငါ့ကို ကယ်တင်ပေးခဲ့တာ"
ဖေ့ထျန်းက နားမလည်နိုင်တဲ့ အပြုအမူတစ်ခုနဲ့ သူ့ကိုကြည့်လိုက်တယ်။
"မိဖုန်းသစ်တော ဟုတ်လား"
"ကျွန်မ ငယ်ငယ်တုန်းက ဆေးပင်တွေကိုစုဆောင်းဖို့ မိဖုန်းတောကို ခဏခဏသွားခဲ့တယ်လေ။ ကျွန်မက လူတချို့ကို ကယ်တင်ပေးခဲ့တယ် ထင်ပါတယ်"
ဒီအချိန်မှာတော့ သူမက ရန်ထန်ကို လှမ်းကြည့်လိုက်ပြီး လေးလေးနက်နက်နဲ့ ပြောလိုက်တယ်။
"ရန်သခင်လေးက သူတို့ထဲက တစ်ယောက် ဖြစ်နေမလားဆိုတာတော့ ကျွန်မလည်း သေချာမသိပါဘူး"
"ဒါပေမဲ့ လမ်းပေါ်မှာ ဒဏ်ရာရနေတဲ့ လူတစ်ယောက်ယောက်ရှိတယ်ဆိုရင် ဆေးဆရာတစ်ယောက်အနေနဲ့ ကျွန်မက သူတို့တွေကို ကုသပေးရမှာပဲ၊ သခင်လေးက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာမလိုပါဘူး"
ရန်ထန်က သူမရဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲက ချစ်မြတ်နိုးမိတဲ့ ခံစားချက်ကလည်း ပိုနက်ရှိုင်းသွားပြီး သူ့မျက်နှာပေါ်မှာလည်း ရှားရှားပါးပါး မြတ်နိုးတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာတယ်။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ"
"ကျွန်တော် ပြောခဲ့ဖူးတယ်လေ ကျွန်တော်ကြီးလာရင် ကျွန်တော်..."
"သခင်လေး" သူ့နောက်ကကျင့်ကြံသူက ရှေ့ကိုမြန်မြန်တိုးလာပြီး ပြတ်သားတဲ့အမူအရာတစ်ခုနဲ့ အကြံပြုလိုက်တယ်။
"မိန်းကလေးဖေ့က သခင်လေးကို ကယ်တင်ပေးတယ်ဆိုတာကို တိုက်ရိုက်ဝန်ခံခဲ့တာ မဟုတ်ဘူးလေ။ တကယ်လို့ သူက လူ အမှတ်မှားနေတယ်ဆိုရင်ကော..."
"အန်းချီ"
ရန်ထန်ရဲ့အသံက အေးစက်မှုအပြည့် ဖြစ်သွားတယ်။ သူက သတိပေးတဲ့အကြည့်တစ်ခုနဲ့ သူ့ကိုကြည့်လိုက်တယ်။
"ဖေ့ထျန်းက ကျွန်တော့်ကို ကယ်ပေးခဲ့တဲ့သူပဲ ကျွန်တော် ဘယ်တော့မှ အမှတ်မှားမှာ မဟုတ်ဘူး"
"သခင်လေးကလည်းပဲ သခင်မကြီးနဲ့ တခြားလူတွေနဲ့ တိုင်ပင်စရာ ကိစ္စတချို့ရှိသေးတယ်လေ"
"ခင်ဗျား စကားတစ်ခွန်း ထပ်ပြောမယ်ဆိုရင် ဒီနေရာကနေ ထွက်သွားပြီးတော့ ရန်မိသားစုကို ပြန်သွားလိုက်တော့"
ဖေ့ထျန်းက လူနှစ်ယောက် ငြင်းခုံနေတာကို ကြည့်လိုက်ပြီး မျက်လုံးထဲမှာ နားမလည်နိုင်တဲ့ ခံစားချက်အပြည့်ဖြစ်သွားတယ်။ ဒီတော့ ရန်သခင်လေးက သူမကို ဘာဖြစ်လို့လာတွေ့ရတာတဲ့လဲ။
ဒီအချိန်မှာပဲ စူးလီက သူမရဲ့လက်ထဲက ဝိညာဥ်သစ်သီးကို စားသောက်လို့ ပြီးစီးသွားပြီး ခန်းမထဲက ငြင်းခုံသံတွေကို စောင့်ကြည့်လို့ပြီးစီးသွားတော့တယ်။
သူမက ပျင်းပျင်းရိရိနဲ့ အကြောဆန့်လိုက်ပြီး သူမရဲ့သိစိတ်ပင်လယ်ထဲမှာ ကောင်းကင်စာအုပ်ကို တဖန်ပြန်လှန်လိုက်တယ်။
[ဖေထျန်းက ရန်ထန်ကို ကယ်ပေးခဲ့တဲ့လူအစစ်ပါပဲ]
[ဒါပေမဲ့ ...]
ဒါကို မြင်လိုက်ရပြီးတဲ့နောက်မှာ စူးလီက ခေါင်းကိုမော့ကြည့်လိုက်ပြီး ထူးဆန်းတဲ့မျက်နှာ အမူအရာတစ်ခုနဲ့ ခန်းမထဲက ရန်ထန်နဲ့ အန်းချီတို့ကို လှမ်းကြည့်လိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူမက ခေါင်းကို ပြန်ငုံ့ထားလိုက်ပြီး ဆက်ပြောလိုက်တယ်။
[ကျွတ်ကျွတ်.., ကံတရားပြောင်းလဲသွားတာက ဆိုးရွားတဲ့ကိစ္စတွေကိုပဲ ယူလာပေးတာ မဟုတ်ပါဘူး]
[တကယ်လို့ ချန်ထျန်းဂိုဏ်းက ကံကောင်းခြင်းပြဿနာ မရှိခဲ့ဘူးဆိုရင် ဖေ့ထျန်းက ရန်ထန်ကို ကယ်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ရန်ထန်ရဲ့ ရှာဖွေနေတာကို တွေ့သွားရလောက်တယ်။ အဲ့ဒီနောက်မှာတော့ ရန်မိသားစုထဲမှာ ရန်ထန်နဲ့အတူတူ ကြီးပြင်းသွားလောက်တယ်...]
[ဒါပေမဲ့...]
အပြင်လောကကလာတဲ့စကားသံ ထွက်လာတဲ့အချိန်မှာပဲ အဖြူရောင်အဝတ်အစား ဝတ်ဆင်ထားတဲ့ ချောမောလှပတဲ့ လူငယ်လေးတစ်ယောက်က ခန်းမတံခါးကနေ လျှောက်ဝင်လာခဲ့တယ်။
ကျန်းမုန့်လင်က မျက်လုံးထဲမှာ အံ့သြတဲ့အရိပ်အယောင်တစ်ခုနဲ့ အသစ်ရောက်လာတဲ့သူ့ကို လှမ်းကြည့်လိုက်တယ်။
"အကြီးအကဲလင်း ခရီးကနေ ပြန်ရောက်လာပြီလား"
အကြီးအကဲလင်းက ချန်ထျန်းဂိုဏ်းမှာ အငယ်ဆုံးဧည့်အကြီးအကဲလေ သူက အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အခြေတည်စ ဝိညာဥ်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီး အဝေးတစ်နေရာကနေ မန္တာန်စာရွက်တွေကို ဆွဲသားနိုင်တဲ့ အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားတယ်။
မန္တာန်စာရွက်တွေကို ဆွဲသားတဲ့နေရာမှာ အတော်ဆုံးဖြစ်တဲ့ ရွှင့်ချန်ဂိုဏ်းက နံပါတ်ငါးအကြီးအကဲကတောင် အကြီးအကဲလင်းရဲ့အရည်အချင်းကို လေးစားအားကျရတယ်။ ဒါပေမဲ့ အကြီးအကဲလင်းက အပြင်ဖက်မှာ ခရီးသွားလာနေခဲ့ပြီး လွန်ခဲ့တဲ့ဆယ်စုနှစ်က သူရဲ့ကျေးဇူးရှင်ကို ရှာဖွေမယ်လို့ အကြောင်းကြားထားတယ်။ သူက ဂိုဏ်းကို ပြန်လာတာ အရမ်းရှားပါးတယ်လေ။
အကြီးအကဲလင်းက ကျန်းမုန့်လင်ကို အလောတကြီး ဦးညွှတ်နှုတ်ဆက်လိုက်ပြီး သူ့အသံထဲမှာလည်း စိုးရိမ်စိတ်အပြည့် ဖြစ်နေတယ်။
"ကျွန်တော်လည်း မနေ့က သူရဲ့တည်နေရာကို ရုတ်တရက် အာရုံခံစားမိလိုက်တယ်လေ။ သူက ချန်ထျန်းဂိုဏ်းထဲမှာပဲ"
"ဂိုဏ်းချုပ်ကြီး ခင်ဗျားက..."
ဒီအချိန်မှာပဲ အပြင်လောကကအသံက ခုနတုန်းကပြောဖို့ ကျန်နေတဲ့စကားတစ်ဝက်ကို ဖြည်းဖြည်းချင်း ထပ်ဖြည့်ပြောလိုက်တယ်။
[ဖေ့ထျန်းကယ်ခဲ့တဲ့ လူတွေက ရန်ထန်တစ်ယောက်ထဲ မဟုတ်ပါဘူး...]
[ဟော... ကျေးဇူးပြန်ဆပ်ချင်လို့ နောက်တစ်ယောက် ထပ်ပေါ်လာပြီလေ]
အပြင်လောကကအသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ အကြီးအကဲလင်းက မှင်တက်အံ့သြသွားတယ်။ သူ့ကို ကယ်တင်ပေးခဲ့တဲ့လူက ဖေ့ထျန်းလို့ခေါ်တာတဲ့လား။
ဒီအချိန်မှာပဲ နောက်ထပ်ပုံရိပ်တစ်ခုက အလောတကြီး ဝင်လာပြန်တယ်။ အနက်ရောင်ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်။ အနီရောင်ဆံပင်နဲ့ မာထန်တဲ့မျက်နှာထားတစ်ခုနဲ့ အလောတကြီး လျှောက်ဝင်လာတော့တယ်။
ကျန်းမုန့်လင်ရဲ့မျက်နှာက ဒီအချိန်တော့ အနည်းငယ် ဆွံ့အသွားတယ်။
"ဆရာကြီးချင် ဆရာကြီးလည်း ဒီနေ့ဒီကို ရောက်လာတာပဲ..."
"ကျုပ် ဒီကိုလာခဲ့တာက ကျုပ်ရဲ့ကျေးဇူးရှင် ဖေ့ထျန်းကိုလာရှာတာပါ"
[ကျွတ်ကျွတ်.. အခုတော့ အလန့်တကြားတွေ ဖြစ်ကုန်ပြီလား]
စူးလီက လက်တစ်ဖက်နဲ့ မေးကိုထောက်ထားလိုက်ပြီး အနည်းငယ်အထင်သေးတဲ့ပုံစံနဲ့ ခန်းမထဲက လူတွေရဲ့ အထိတ်တလန့်ဖြစ်နေတဲ့ မျက်နှာကိုကြည့်လိုက်တယ်။
[ဖေ့ထျန်းက ရှောင်ရန်စွမ်းနဲ့ အဆင့်ကိုးဝိညာဥ်သားရဲကိုလည်း ကယ်ပေးခဲ့တယ်ဆိုတာ ရှင်တို့တွေ သိသွားရင်တော့ဖြင့်...]
ရန်ထန်ရဲ့နောက်က အန်းချီမှာ မျက်နှာပေါ်မှာ တအံ့တသြအရိပ်တစ်ခု ဖြစ်သွားတယ်။ ဖေ့ထျန်းက ဒီလောက် များပြားတဲ့လူတွေကို ကယ်တင်ပေးခဲ့တဲ့အပြင် ဝိညာဥ်သားရဲကိုလည်း ကယ်တင်ပေးခဲ့မယ်လို့ သူ လုံးဝထင်မထားခဲ့ဘူးလေ။
ချန်ထျန်းဂိုဏ်းရဲ့ အင်မတန်မှ ပါရမီရှိတဲ့ ဧည့်အကြီးအကဲ၊ ချင်မိသားစုရဲ့ သခင်လေးချင်ရီ၊ ရှောင်ရန်စွမ်းနဲ့ မသေမျိုးအဆင့် ရောက်ခါနီးဖြစ်တဲ့ အဆင့်ကိုးဝိညာဥ်သားရဲကိုလည်း ကယ်ပေးခဲ့သေးတယ်တဲ့။
သူမက ဒီလူတွေရဲ့အသက်ကို ကယ်တင်ပေးခဲ့တယ်ဆိုရင် သူမရဲ့အရည်အချင်းက အနည်းငယ် ဆိုးရွားနေခဲ့တယ် ဆိုရင်တောင် သူတို့ရဲ့သခင်လေးက သူမနဲ့ထိုက်တန်ဖို့ ခဲယဥ်းသွားပြီလေ။
[သူက မိဟွားတောထဲက အစောင့်အရှောက် ဝိညာဥ်သားရဲရဲ့ ကလေးကိုလည်း ကယ်တင်ပေးခဲ့တယ်။ ငါ့အထင်တော့ ဖေ့ထျန်းက နောက်တစ်ခါ မိဟွားတောထဲကို သွားမယ်ဆိုရင် ဝိညာဥ်သားရဲတွေအားလုံးက သူ့ကို ကြိုဆိုနေကြတော့မယ်ထင်တယ်...]
မိဟွားတောတဲ့လား။
အဲ့ဒီနေရာက မဟာယနကျင့်ကြံသူတစ်ယောက် တောထဲဝင်သွားမယ်ဆိုရင် သူ့အသက်ကို ဆုံးရှုံးသွားနိုင်တဲ့ နေရာတစ်ခုပဲ။
အန်းချီက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်လုံးထဲမှာလည်း ထိန်းချုပ်မရတဲ့မျှော်လင့်ချက်တွေနဲ့ ရန်ထန်ကို ကြည့်လိုက်တယ်။ သခင်လေးရေ... ဒါတော့သခင်လေးအပေါ်ပဲ မူတည်တော့တယ်။
သခင်လေးက ဒီလူတွေကို သေချာပေါက်အနိုင်ယူပြီး အောင်အောင်မြင်မြင် ဆွဲခေါ်နိုင်မှဖြစ်မယ်။
စူးလီက ဒါကိုမြင်လိုက်ရတဲ့အခါ ရုတ်တရက် သတိပြန်ဝင်လာပြီး နောက်ကျမှ ထပ်ပြောလိုက်တယ်။
[ဟင်... ဖေ့ထျန်း- သူ ကယ်လိုက်တဲ့လူတိုင်းက အကောင်ကြီးကြီးတွေ ဖြစ်နေရမယ်ဆိုတဲ့ ကံကြမ္မာပါလာတဲ့လူပဲ]
[ချီမင်လိပ်နက်ကြီးဆိုတဲ့အတိုင်းပဲ...]
ချန်ထျန်းဂိုဏ်းပတ်ဝန်းကျင်က ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကလည်း တကယ်ပဲ ချမ်းသာပြီးတော့ ပြောင်းလဲသွားတယ်လေ။
ဒီအချိန်မှာတော့ ဖေ့ထျန်းကယ်ပေးခဲ့ဖူးတဲ့ ခန်းမထဲက လူတွေအားလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ နက်ရှိုင်းတဲ့ ဝမ်းသာလှုပ်ရှားမှု သတိနဲ့မျှော်လင့်ချက် အမြတ်တနိုးအကြည့်တွေ ဖြစ်သွားတော့တယ်။
သူတို့တွေက သူမကို အချိန်အကြာကြီး ရှာဖွေလာခဲ့ရတာလေ။ သူတို့တွေ သူမကိုရှာတွေ့သွားတဲ့အချိန် ပထမဦးဆုံး တုံ့ပြန်ချက်ကတော့ သတိထားဖို့ပဲပေါ့။ တစ်ခုခုက သူမကို အနေအထိုင်ကြပ်မှာ စိုးရိမ်သွားတာကြောင့်လေ။
အချိန် တော်တော်ကြာပြီးသွားတဲ့နောက်မှာတော့ အကြီးအကဲလင်းက အရင်ဆုံးထုတ်ပြောလိုက်တယ်။
"ဟိုတုန်းက စွမ်းအင်ဗဟိုချက် ဖရိုဖရဲဖြစ်နေပြီး ငါ့ရဲ့ကျင့်ကြံခြင်းအဆင့် ပျက်စီးလုနီးပါး ဖြစ်သွားတဲ့အချိန်မှာ မင်း ငါ့ကို ကယ်တင်ပေးခဲ့တယ်လေ။ ငါ မင်းကိုကျေးဇူးတင်စကား မပြောရသေးခင်မှာပဲ မင်းက ထွက်သွားခဲ့တယ်"
ဖေ့ထျန်းက မျက်တောင်ခတ်လိုက်ပြီး မဝံ့မရဲနဲ့ ပြန်ဖြေလိုက်တယ်။
"ရပါတယ်ရှင့်"
သူမ စကားပြောလို့ ပြီးသွားတဲ့အချိန်မှာပဲ ဒီလူတွေရဲ့ အင်မတန်မှ တောက်လောင်တဲ့ စူးရှတဲ့အကြည့်ကို ခံစားမိလိုက်ပြီး ဂရုတစိုက်နဲ့ မေးလိုက်တယ်။
"ရှင်တို့အားလုံးက ကျွန်မ ကယ်တင်ပေးခဲ့တဲ့ လူတွေများလား"
သူတို့တွေ တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်တာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမက ခြေတစ်လှမ်း နောက်ဆုတ်သွားပြီး စိတ်ရင်းအတိုင်းပဲ ပြောလိုက်တော့တယ်။
"တကယ်ပါ၊ ရှင်တို့တွေ အားနာစရာ မလိုပါဘူး။ ကျွန်မက အဆင်ပြေလို့ လူတွေကို ကယ်တင်ပေးယုံပါ"
သူမက ဒီကိုမလာခင် အလုပ်များနေတဲ့ကိစ္စကို သတိရသွားပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးဖက်ကို လှည့်လိုက်တယ်။
"ဂိုဏ်းချုပ်ကြီး တခြားကိစ္စမရှိတော့ဘူးဆိုရင် ကျွန်မ...အပြင်ဖက်ကို ပြန်လို့ရပြီလားရှင်"
[ကြည့်လိုက်ပါအုံးမယ်... ဖေ့ထျန်းက သူမ အခုလေးတင် ကယ်တင်ပေးထားတဲ့ ဝိညာဥ်သားရဲကို စောင့်ရှောက်နေရတာနဲ့ အလုပ်များနေတာကိုး]
[ဒီဝိညာဥ်သားရဲက ...]
[တကယ်ကြီးပဲဟဲ့]
[နဂါးအသွင်ပြောင်းလဲနိုင်တဲ့ ဒဏ္ဍာရီလာ ကျောက်စိမ်းရွှေမြွေကြီးတဲ့]
...