← Chapters

အခန်း ၁၂၁

Vol. 9 Ch. 121

အခန်း ၁၂၁

Vol. 9 Ch. 121

အပိုင်း (၁၂၁)

ကျန်းချောင်းအန်းက သူ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရုတ်တရက် မျက်လုံးအဝိုင်းသား ဖြစ်သွားပြီး သူ့မျက်လုံးထဲမှာလည်း မယုံကြည်နိုင်မှုအပြည့် ဖြစ်သွားတော့တယ်။

“အစ်ကို အစ်ကို ဘာတွေပြောနေတာလဲ။ ကျွန်တော် ကဘယ်လိုလုပ်ပြီး အစ်ကိုတို့ညီအကိုတွေကို ထိခိုက်အောင်လုပ်နိုင်ပါ့မလဲ”

“ကျွန်‌တော်တို့ ဂိုဏ်းတူညီအစ်ကိုတွေအားလုံးက အမြဲတမ်း ကျွန်တော့်ကိုဒီလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာပဲ။ ကျွန်‌တော်က ဘယ်လိုလုပ်ပြီး အမုန်းတရားနဲ့ သူတို့တွေကို ကျေးဇူးပြန်ဆပ်နိုင်ပါ့မလဲ”

သူ့စကားဆုံးသွားတဲ့အခါ သူက ကိုယ်ကိုလှည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို စိတ်အားထက်သန်စွာနဲ့ ဦးညွတ်နှုတ်ဆက်လိုက်တယ်။

“ဂိုဏ်းချုပ်ကြီးခင်ဗျား ချန်ထျန်းဂိုဏ်းထဲမှာ ကျွန်တော်တို့ ညီအစ်ကိုတွေကို တိုက်ခိုက်ရဲတဲ့ သူခိုးတွေ တကယ်တမ်း ရှိနေပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို သေချာ‌ပေါက် အလွယ်တကူ အလွတ်ပေးလို့မဖြစ်ဘူး”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကျန်းချောင်းအန်းရဲ့ရိုးသားပြီး စိတ်အားထက်သန်တဲ့မျက်လုံးတွေကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲက ချိန်ခွင်လျှာကလည်း သူ့ဘက်ကိုထိန်းမရဘဲ ယိမ်းသွားတော့တယ်။

သူက လူတွေကို အသွင်အပြင်ပဲကြည့်ပြီးတော့ ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။ ဒီတပည့်က... လူသတ်သမားတစ်ယောက်နဲ့လုံးဝတူမနေလို့လေ။

ဒီလိုစဉ်းစားလိုက်ပြီး သူက ကျန်းချောင်းအန်းကို မတ်တတ်ရပ်ဖို့ လက်ဝှေ့ပြလိုက်တယ်။ အဲဒီနောက်မှာတော့ လေးနက်တယ်အသံတစ်ခုနဲ့ ဒဏ်ရာရနေတဲ့တပည့်တွေကို ပြောလိုက်တယ်။

“ကျန်းချောင်းအန်းက မင်းတို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ မင်းတို့အားလုံး ပြောတယ်ဆိုတော့ မင်းတို့မှာ သက်သေတွေများ ရှိလို့လား”

ဝမ်ချီက လက်တစ်ဖက်နဲ့ သူ့ရဲ့စွမ်းအင်ဗဟိုချက်ကို အုပ်ထားလိုက်ပြီး အချိန်အကြာကြီး ချီတုံချတုံဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူက ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ခဲ့ဘူးလေ။

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက သူတို့အတွက် ပြောပေးလိုက်တော့တယ်။

[ဒီလူတွေက သက်သေလည်း လုံးဝမရှိပါဘဲနဲ့ ကျန်းချောင်အန်းက သူတို့ကိုတစ်ခုခုလုပ်ပါတယ်လို့ ထင်နေတာ ဘာလို့များပါလိမ့်...]

[သူတို့တွေက သူတို့ရဲ့ပြစ်မှုအတွက် စိတ်မလုံမလဲဖြစ်နေလို့ကိုး...]

[ဘာဖြစ်လို့လဲဆိုတော့ ဝမ်ချီက အခြေတည်စဝိညာဥ်ဖွဲ့စည်းနိုင်မဲ့ ကျန်းချောင်းအန်းရဲ့အခွင့်အရေးကို လုယူခဲ့တာလေ။ ဒီလိုနဲ့ သူက အခြေစဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကို အောင်အောင်မြင်မြင်နဲ့ အဆင့်တက်နိုင်ခဲ့တာပေါ့]

[သူက အခြေတည်စဝိညာဉ်ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားပြီးတဲ့အချိန်မှာ ကျန်းချောင်းအန်းက သူ့ကို လက်စားချေမှာ ကြောက်နေခဲ့တယ်လေ။ ဒီတော့ သူက အပေါ်ယံမှာတော့ ရင်းရင်းနှီးနှီး ကြင်ကြင်နာနာ ရှိတတ်ပေမဲ့ တကယ်တမ်းကျတော့ ကျန်းချောင်းအန်းကို တိတ်တိတ်လေး ဖိနှိပ်ထားခဲ့တာပေါ့]

[နောက်ပြီးတော့ လီရှို့- သူက ကျန်းချောင်းအန်းရဲ့ အခွင့်အရေးကို ခိုးယူခဲ့တဲ့အပြင် သူ့ကိုလည်း လျှို့ဝှက်နယ်မြေထဲမှာ တမင်တစ်ယောက်တည်း ထားခဲ့သေးတယ်လေ။ တကယ်လို့ ကျန်းချောင်းအန်းသာ ကံမကောင်းခဲ့ဘူးဆိုရင် သူ ချန်ထျန်းဂိုဏ်းကို အသက်ရှင်လျက် ပြန်လာနိုင်မှာတောင် မဟုတ်ခဲ့ဘူး]

[ဒီအပြင်...]

စူးလီက အပြင်းအထန် ဒဏ်ရာရသွားတဲ့ တပည့်တွေရဲ့လုပ်ရပ်တွေကို အကျဉ်းချုပ် ပြောပြလိုက်ပြီးတဲ့နောက်မှာ သူ့လက်ထဲက အသားကင်ကို တစ်ကိုက်ကိုက်လိုက်ပြီး တွေးတွေးဆဆ စဉ်းစားလိုက်တယ်။

[ဒီလူတွေက ဒဏ်ရာရသွားတဲ့အချိန်မှာ သူတို့ အရင်ဆုံး သံသယရှိတဲ့သူက ကျန်းချောင်အန်းဖြစ်နေတာ မထူးဆန်းတော့ဘူးလေ...]

[ဒီကိစ္စတွေက တစ်စုံတစ်ယောက်ဆီမှာ ဖြစ်သွားခဲ့တယ်ဆိုရင်လည်း သူတို့တွေကို သတ်ချင်သွားမှာပဲပေါ့]

[ဒါပေမဲ့...]

[ဟားဟားဟား ကျန်းချောင်အန်းကတော့ ချွင်းချက်ပဲလေ။ သူက နင်တို့တွေ လုပ်ထားခဲ့တာကို လုံးဝ သတိထားမိခဲ့တာ မဟုတ်ဘူး။ အဲဒီအစား သူက နင်တို့တွေကို သူ့စိတ်နှလုံးသားထဲကနေ မိတ်ဆွေကောင်းတွေလို့ သဘောထားခဲ့တာ]

စွပ်စွဲချက်အပြည့်နဲ့ ကျန်းချောင်းအန်းက လက်သည်တရားခံပဲလို့ အခိုင်အမာယုံကြည်ထားခဲ့တဲ့ ဝမ်ချီက ရုတ်တရက် မှင်တက်အံ့ဩသွားခဲ့တယ်။ ဒီလိုလုပ်ခဲ့တာ ကျန်းချောင်းအန်း မဟုတ်ဘူးလား။

ဘယ်သူက သူတို့ကို တိုက်ခိုက်ခဲ့တာလဲ။

ကျန်းချောင်းအန်းက ငေးကြောင်ကြောင်နဲ့နေရာမှာတင် ရပ်နေမိတယ်။ အပြင်လောကက လာတဲ့အသံပြောလိုက်တဲ့ စကားအဓိပ္ပာယ်ကို နားလည်ဖို့ သူ့မှာအချိန်တော်တော်ယူလိုက်ရတယ်။ သူက ဝမ်ချီနဲ့တခြားသူတွေကို မယုံမကြည်နဲ့ ကြည့်လိုက်မိတော့တယ်။

“အစ်ကို မင်း တကယ်ပဲ...“

သူ့စကားမဆုံးခင်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြောလိုက်တယ်။

[ဒါပေမဲ့ ဒီလူတွေရဲ့ဒဏ်ရာက တကယ်ပဲ အတိုင်းအတာတစ်ခုအထိ...မဟုတ်ဘူး.. ကျန်းချောင်းအန်းနဲ့ တော်တော်လေး ဆက်စပ်မှု ရှိနေတယ်]

၀မ်ချီက ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို သတိပြန်ဝင်လာပြီး ကျန်းချောင်အန်းကို အော်ဟစ်လိုက်တော့တယ်။

“ဒီကိစ္စက မင်းနဲ့ပတ်သက်နေမယ်ဆိုတာ ငါ သိသားပဲ”

“ငါက မင်းရဲ့အခွင့်အရေးကို ဒီအတိုင်းလုယူခဲ့တာ။ အခုအချိန်မှာ မင်းက အသက်ရှင်ပြီး ကောင်းကောင်းနေနိုင်သေးတာပဲ။ မင်းက ပုံမှန်အတိုင်း လေ့ကျင့်နေနိုင်သေးတာပဲ”

“မင်းက ဘာဖြစ်လို့ ငါ့ရဲ့အခြေတည်စဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့တာလဲ။ မင်းကြောင့်ပဲ ငါ ဒီဘဝမှာ နောက်ထပ်အဆင့်တက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး”

စူးလီက ခန်းမထဲကလူတွေကို လုံးဝအာရုံမရှိလေဘူး။ သူမက ကောင်းကင်စာအုပ်ထဲက စကားလုံးတွေကိုကြည့်လိုက်ပြီး တစ်ဖန်သက်ပြင်းချလိုက်တော့တယ်။

[ချီမင်လိပ်နက်ကြီးကြောင့်ပဲ‌...]

[ချန်ချန်းဂိုဏ်းရဲ့ တပည့်တွေရဲ့ကံတရားက တကယ်ထူးဆန်းပြီးတော့ စိတ်ဝင်စားစရာကောင်းတာပဲ...]

[ကယ်တင်ပေးခဲ့လိုက်တဲ့လူတိုင်းက အကောင်ကြီးကြီးဖြစ်နေရမယ်]

[အခုကျတော့ နောက်တစ်ယောက် ရောက်လာပြန်ပြီ။ မကောင်းတာလုပ်တဲ့သူတွေကို သူတို့လုပ်ရပ်အတိုင်း အကျိုးဆက်ပြန်ခံစားရစေမဲ့ ကံတရားတဲ့...]

အပြင်လောကကလာတဲ့အသံရဲ့ အကျဉ်းချုပ်လိုက်တဲ့စကားကို ကြားလိုက်ရပြီတဲ့နောက်မှာ ၀မ်ချီ တင်မကဘဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း မှင်တက်အံ့သြသွားတော့တယ်။

မကောင်းတာလုပ်တဲ့သူတွေကို သူတို့ရဲ့လုပ်ရပ်အတိုင်းပြန်ခံစားရစေ။ ဘာအဓိပ္ပာယ်တဲ့လဲ။

အဲဒီနောက်မှာတော့ သူတို့တွေက အပြင်လောကကလာတဲ့အသံရဲ့ ရှင်းပြတဲ့စကားကို ကြားလိုက်ရတယ်။

[လူဆိုးတွေကို သူတို့လုပ်လိုက်တဲ့လုပ်ရပ်ကို ပြန်ခံစားခိုင်းလိုက်မယ်ဆိုတာက သိပ်ပြီးတော့ မတိကျသေးဘူး။ ကျန်းချောင်အန်ရဲ့ကံကြမ္မာက ဒီစကားနဲ့ ပိုပြီးတော့ ဆင်တူတယ်။ “ဝဋ်လည်တာ”]

[ဝမ်ချီက ကျန်းချောင်းအန်းက အရမ်းကို လှည့်စားရတာ လွယ်ကူတာကို တွေ့လိုက်ရတယ်လေ။ ဒီတော့ သူက အခြေတည်စဝိညာဉ်တစ်ယောက်ဖြစ်လာမဲ့ သူ့ရဲ့အခွင့်အရေးကို တမင်သက်သက် လုယူခဲ့တာပေါ့။ သူ့ကိုလည်း တိတ်တိတ်လေး ဖိနှိပ်ထားခဲ့သေးတယ်လေ။ ဒါကြောင့်ပဲ ကျန်းချောင်းအန်းရဲ့ကံကြမ္မာက ပြန်ပြီးရောက်လာတဲ့အခါ သူလည်း အခုလိုဖြစ်လာတော့တာပဲ]

[တခြားသူတွေကလည်း ဒီလိုပဲပေါ့...]

စူးလီက ကောင်းကင်စာအုပ်ထဲကနေ ခေါင်းကိုမော့လိုက်ပြီး ယုန်လေးတစ်ကောင်နဲ့တူနေတဲ့ ကျန်းချောင်းအန်းကို လှမ်းကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ ထူးဆန်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

[ဒီရုပ်ရည်၊ ဒီအပြစ်ကင်းစင်တဲ့အကျင့်စရိုက်နဲ့ဆိုရင် နင့်ရဲ့ဘေးကို လူဆိုးတွေကို မျှားခေါ်လာဖို့ တကယ်ပဲ လွယ်ကူပြီးတော့ သူတို့ကို သတ်ပစ်လို့ရတယ်လေ]

ဝမ်ချီက ကျန်းချောင်းအန်းရဲ့ကံတရားဆိုတာကို နောက်ဆုံးတော့ နားလည်သဘောပေါက်သွားပြီး သူ့မျက်လုံးထဲမှာလည်း ကြောက်ရွံ့မှုအပြည့် ဖြစ်သွားတော့တယ်။

ကျင့်ကြံရေးလောကထဲမှာ ဘာဖြစ်လို့များ ဒီလောက်ကြောက်စရာကောင်းတဲ့ ကံကြမ္မာတစ်ခု ရှိနေတာလဲ။

ကျန်းချောင်းအန်းက အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ ငေးမှိုင်ပြီး နားမလည်နိုင်မှုတွေအပြည့် ဖြစ်သွားတော့တယ်။

တကယ်တော့ သူ့မှာ ဒီလိုကံတရားရှိသတဲ့လား။

ဒါဆိုရင်...

သူက အပြင်းအထန် ဒဏ်ရာရနေတဲ့ဝမ်ချီနဲ့ တခြားသူတွေကို ကြည့်လိုက်ပြီး ချီတုံချတုံဖြစ်နေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ပြောလိုက်တော့တယ်။

“ဆရာကြီး ဒီညီအစ်ကိုတွေက...“

သူ့ရဲ့ကံတရားကြောင့်... ဒါကြောင့်မလို့...

“သူတို့တွေက အရမ်းကို နမော်နမဲ့နိုင်ကြတာလေ”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့အင်္ကျီလက်ကို ဝှေ့ရမ်းလိုက်ပြီး ဒီကိစ္စကို တိုက်ရိုက်ကောက်ချက်ချ လိုက်တော့တယ်။

ဒီလူတွေက ကျန်းချောင်းအန်းကို အရင်ဆုံး ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူတွေပဲ။ သူတို့ရဲ့လက်ရှိအခြေအနေကလည်း သူတို့ရဲ့ကိုယ်တိုင်အမှားကြောင့် ဖြစ်သွားခဲ့တာ။

ငါတို့တွေက ဒါကိုတစ်ထစ်လျှော့ပြီးတော့ တွက်ချက်မယ်ဆိုရင်တောင် ကံတရားတွေ၊ ကံကောင်းခြင်းတွေ ဒီလိုကိစ္စမျိုးက အမြဲတမ်းထင်ယောင်ထင်မှား ကိစ္စပဲလေ။ ဒီတော့ ဒါတွေအပေါ်အခြေခံပြီး လူတွေကို ယုံကြည်အောင် ဘယ်လိုလုပ်ရမှာလဲ။

လင်ကျောင်းရဲ့ ရွှေငါးကံကောင်းခြင်းက သူ့ပတ်ဝန်းကျင်ကလူတွေကို ကံကောင်းခြင်းတွေ ယူလာပေးနိုင်တယ်။ ဒါပေမဲ့ သူမက သူမပတ်ဝန်းကျင်က လူတွေဆီကနေ ဘာဆုလာဘ်ကိုမှ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဖူးဘူး။

ဝမ်ချီက ချမ်းထျန်းဂိုဏ်းချုပ်ကြီး ပြောလိုက်တဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူ့မျက်လုံးထဲမှာ မနာလိုပြီး နာကျည်းသွားတဲ့အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့တယ်။

“ဆရာကြီး.. ဧကန္တ ကျွန်တော်တို့တွေခံစားခဲ့ရတဲ့ ဒဏ်ရာတွေက...”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဘာမှမဖြစ်သလို သူ့ကို လှည့်ကြည့်လိုက်တယ်။ ဝမ်ချီက ချက်ချင်း သူ့ပါးစပ်ကိုပိတ်ထားလိုက်ပြီး ဘာတစ်ခွန်းမှ မပြောနိုင်တော့ဘူး။

ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့အသံက တည်ငြိမ်နေပေမဲ့လည်း ထည်ဝါခန့်ညားတဲ့ အရိပ်အ‌ယောင်တစ်ခု ပါနေတယ်။

“ချန်ထျန်းဂိုဏ်းသားတစ်ယောက်အနေနဲ့ မင်းတို့တွေက ကိုယ့်ဟာကိုယ် ထိန်းချုပ်တတ်ပြီး ကိုယ့်ဟာကိုယ် ပြန်သုံးသပ်တတ်ရမယ်။ မင်းတို့တွေက တခြားသူတွေရဲ့အခွင့်အရေးကိုလုယူပြီး တခြားသူတွေကို အန္တရာယ် ထဲကျရောက်အောင် ဘယ်တော့မှ မလုပ်ရဘူး”

ဝမ်ချီနဲ့ တခြားသူတွေကလွဲပြီး ချန်ထျန်းဂိုဏ်းက ကျင့်ကြံသူတွေအားလုံးက ဦးညွှတ်လိုက်ကြပြီး ပြန်ဖြေလိုက်ကြတယ်။

“ကျွန်တော်တို့တွေက ဂိုဏ်းချုပ်ကြီးရဲ့အမှာစကားကို လိုက်နာပါမယ်”

ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်လုံးတွေကြည်လင်နေပြီး အလွယ်တကူ လှည့်စားလို့ရနိုင်တဲ့ပုံဖြစ်နေတဲ့ ကျန်းချောင်အန်းကို ကြည့်လိုက်တယ်။ သူက ခုနတုန်းကအပြင်လောကက လာတဲ့အသံပြောလိုက်တဲ့စကားကို ရုတ်တရက် သတိရသွားတော့တယ်။

“လူဆိုးတွေကို ကိုယ့်ရဲ့ဘေးကိုဆွဲခေါ်ပြီးတော့ သူတို့တွေကို သတ်ပစ်နိုင်တယ်”

ဒါက တကယ့်ကို...

ထူးထူးခြားခြား သင့်တော်နေပါလား။

ဒီလိုစဉ်းစားလိုက်ပြီး သူက လက်ကို ဆန့်တန်းလိုက်ကာ ကျန်းချောင်အန်းရဲ့ပခုံးကို ပုတ်ပေးလိုက်တယ်။

“မင်း... ထားလိုက်ပါတော့လေ”

“မင်းက အခု...အလွန်အကျွံ အသုံးချမိသွားတာပဲ”

သူက ကံတရားဆိုတဲ့စကားလုံးကို ထုတ်မပြောလိုက်ပေမဲ့လည်း ဒီနေရာမှာရှိနေတဲ့သူတိုင်းက သူ့စကားလုံးရဲ့အဓိပ္ပာယ်ကို နားလည်သွားကြတယ်။

ကျန်းချောင်အန်းက ထွက်ခွာသွားတဲ့လူတွေကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်နေတယ်။

သူ့ကံတရားက...အပြင်လောကက ပြောလိုက်တဲ့အတိုင်းတကယ်ပဲ ဖြစ်နေတာလား။

သူက ဘယ်လောက်ပဲ ကြင်နာတတ်နေပါစေ။ သူ့ကိုထိခိုက်လာတဲ့သူတွေကိုတော့ လုံးဝသနားညှာတာမှု ပေးလိမ့်မှာ မဟုတ်ဘူးပေါ့။ သူက တစ်ခုခုကို သတိရသွားသလိုနဲ့ သူ့မျက်လုံးတွေက တဖြည်းဖြည်း ဆုံးဖြတ်ချက် ပြတ်သားလာတော့တယ်။ ဒီလိုဆိုရင်လည်း စမ်းကြည့်လိုက်ရင် သိလာမှာပဲ မဟုတ်လား။

သူ ပြီးခဲ့တဲ့နှစ်ရက်တုန်းက တာဝန်၂ခု ရှာတွေ့ထားတယ်လေ။ လော့ထျန်းမြို့ထဲက ကျင့်ကြံသူတွေ အများကြီးက အဖွဲ့တစ်ခုရဲ့အလိမ်ခံခဲ့ရပြီး အလုပ်ကြမ်းလုပ်ဖို့အတွက် သလင်းနက်မိုင်းတွင်းဆီကို ပို့ခံလိုက်ရတယ်တဲ့။ ကျင့်ကြံသူတွေ အများကြီးကလည်း အဲဒီမှာရောဂါကြောင့် သေဆုံးခဲ့ရတယ်တဲ့...

ဒီလိုဆိုရင်ရော...သူ အဲဒီကိုသွားပြီးတော့ စမ်းကြည့်လိုက်မယ်လေ။

...

စူးလီက အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး တိမ်လွှာကြေးမုံထဲက ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ ပြုံးနေတဲ့မျက်နှာကို ပျင်းပျင်းရိရိနဲ့ ကြည့်နေမိတယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အရမ်းကို ပျော်ရွှင်နေတာလည်း မထူးဆန်းဘူးလေ။ နှစ်ရာချီအောင် စုစည်းနေခဲ့တဲ့ အနေအထိုင်နေခဲ့တဲ့ ချန်ထျန်းဂိုဏ်းရဲ့ကံကြမ္မာက ဒီရက်အနည်းငယ်အတွင်းမှာ အားလုံးပွင့်ထွက်သွားတာ မဟုတ်လား။

သူမကလည်း ဒီကံတရားနဲ့ပတ်သက်ပြီး အတင်းအဖျင်းတွေ အများကြီးကို ဖတ်လာခဲ့ပြီးပြီလေ။

ရူးလောက်စရာကောင်းတဲ့ သူရဲကောင်းမလေးရဲ့ကံကြမ္မာ၊ သားရဲရဲ့ကံကြမ္မာ၊ ကျီးပါးစပ်ရဲ့ကံကြမ္မာ...

တစ်ဦးတစ်ယောက်ရဲ့ကံကြမ္မာ ပေါ်ထွက်လာပုံက အများကြီး အဓိပ္ပာယ်မရှိလှဘူးဆိုပေမဲ့လည်း ကံကြမ္မာအများကြီးဆိုရင်တော့...

ကြည့်ရတာ ချန်ထျန်းဂိုဏ်းကတော့ နောက်ထပ်နှစ်၁၀၀မှာ ဆက်ပြီးပေါများကြွယ်ဝနေဦးမှာပဲ။

ဒါပေမဲ့...

စူးလီက သူမရဲ့လက်ထဲက လက်ဖက်ရည် နောက်ဆုံးတစ်ငုံကို မျိုချလိုက်ပြီး အကြောဆန့်ပြီး ပျင်းရိလေးတွဲစွာနဲ့ ပြောလိုက်တော့တယ်။

[ချန်ထျန်းဂိုဏ်းရဲ့ ဒီလူတွေက ဘယ်လိုလုပ်ပြီး လုံး၀ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ခံစားချက်မျိုး မရှိတာပါလိမ့်]

[ချန်ထျန်းဂိုဏ်းမှာ လက်တလောများပြားလှတဲ့ ကံတရားတွေရှိနေတာပဲ။ တကယ့်ကို ကြီးကြီးမားမား မွှေနှောက်သွားခဲ့တာ။ တခြားဂိုဏ်းတွေကလည်း ဒီအကြောင်းမကြားလောက်ဘူးလို့များ သူတို့ထင်လေသလား]

ဟွားချွမ်ခန်းမထဲမှာ-

အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ တောင်ထွတ်သခင်၊ အကြီးအကဲ၊ ကြီးမြတ်သူတွေ အားလုံးရဲ့မျက်နှာပေါ်က အပြုံးက ရုတ်တရက်ဆိုသလို အေးခဲသွားတော့တယ်။

[ရှင်တို့တွေ သန်း ၁၀၀ အကြွေးတင်နေကြသေးတယ်လေ...]

[ရှင်တို့ရဲ့ အကြွေးရှင်တွေကတော့ ခဏနေ ရောက်လာတော့မယ် ထင်တယ်]

ဒီအချိန်မှာပဲ စူးလီက လက်တစ်ဖက်နဲ့ မေးထောက်ထားလိုက်ပြီး သနားစဖွယ်အရိပ်အယောင်နဲ့ ပြောလိုက်တယ်။

[ဒီလိုပြောလို့ ရှင်တို့ရဲ့ဂိုဏ်းအစောင့်အရှောက် လိပ်နက်ကြီးကလည်း ဒီကာလအတွင်းမှာ ပြန်ပြီး နေကောင်းလာဖို့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်ရတနာတွေ အများကြီး လိုအပ်နေသေးတယ်နော်...]

[ကျွတ် ကျွတ် အကြွေးကလည်း သန်း ၁၀၀၊ ဒီ့အပြင် လိပ်နက်ကြီးလိုအပ်တာကလည်း ဝိညာဉ်ကျောက်တုံးတွေတဲ့...]

[ရှင်တို့ဆီမှာ ကံကောင်းတဲ့ ရွှေငါး၁၀‌ကောင်ထက်ပိုပြီး ရှိနေတယ်ဆိုရင်တောင် ချန်ထျန်းဂိုဏ်းရဲ့ ဧရာမတွင်းကြီးကို ဖြည့်ဖို့ လုံလောက်မှာ မဟုတ်ဘူး...]

ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျက်နှာပေါ်ကအမူအရာက လုံးဝကို စိတ်ပျက်အားလျော့သွားတော့တယ်။ ချန်ထျန်းဂိုဏ်းရဲ့ ကံတရားက အခုမှ ပုံမှန်ပြန်ဖြစ်တာလေ။ ဒါကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ပြီဆိုရင် ဝိညာဉ်ကျောက်တုံးတွေကိုတော့ ရှာဖွေနိုင်မှာပဲ။

ဒါပေမဲ့ ပြဿနာက...

ချန်ထျန်းဂိုဏ်းက အခုအချိန်မှာ ဝိညာဉ်ကျောက်တုံး ရှာဖွေနေတဲ့နှုန်းထားမျိုးနဲ့ဆိုရင် သူတို့တွေ တခြားဂိုဏ်းအပေါ်တင်ထားတဲ့ ဝိညာဉ်ကျောက်တုံးအကြွေးတွေကို ပြန်ဆပ်ဖို့ နောက်ထပ် နှစ်ရာချီလောက် အချိန်ယူရမှာပဲ။

သန်း၁၀၀တဲ့လေ။

ဒီအချိန်မှာပဲ သူ့ရဲ့သိုလှောင်အိတ်ထဲက ၇ခု၊ ၈ခုလောက်ရှိတဲ့ ဆက်သွယ်ရေးပစ္စည်းတွေက တစ်ပြိုင်တည်း လင်းလက်လာတော့တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဆက်သွယ်ရေးမန္တာန်စာရွက်ကို ထုတ်လိုက်ပြီး စာရွက်ပေါ်က ဝိညာဉ်စွမ်းအင်ကို ခံစားမိလိုက်ပြီးတဲ့နောက်မှာ တုန်တုန်ယင်ယင်အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

၀မ့်ကျန့်ဂိုဏ်းချုပ်ကြီး၊ ရွှင့်ချန်ဂိုဏ်းချုပ်ကြီး၊ ထျန်းကျီးဂိုဏ်းချုပ်ကြီး...

သူက ဆက်သွယ်ရေးပစ္စည်းတစ်ခုချင်းစီကို အလောတကြီး ပြန်ဖြေလိုက်ပြီး တခြားဂိုဏ်းချုပ်ကြီးတွေရဲ့ မေးခွန်းတွေကို ရင်ဆိုင်ဖြေရှင်းရင်း သူ့အသံကလည်း အရင်တုန်းကထက် အများကြီး နှိမ့်ချသွားတော့တယ်။

အကြွေးရှင်တွေကို တစ်ယောက်ပြီးတစ်ယောက် နားချပြီးတဲ့နောက်ဆုံးမှာတော့ သူက စိုးရိမ်စိတ်တွေနဲ့ ချွေးပြန်သွားတော့တယ်။

ဒီအချိန်မှာတော့ သူက ဒီကိစ္စကိုအချိန်ဆွဲထားဖို့ ချန်ထျန်းဂိုဏ်းရဲ့ကံတရားကို အသုံးချနိုင်သေးတယ်လေ။ ဒါပေမဲ့ ရက်အနည်းငယ်ကြာရင်တော့...

စူးလီက တိမ်လွှာကြေးမုံထဲကမြင်ကွင်းကို ကြည့်လိုက်တယ်။ ဒါပေမဲ့လည်း သူမရဲ့အာရုံကတော့ တခြားနေရာကို ရောက်နေလေရဲ့။

[ကျင့်ကြံရေးလောကထဲမှာ ဆက်သွယ်ရတာက တော်တော်ကို အဆင်မပြေလှတာပါလား]

[ဆက်သွယ်ရေးပစ္စည်းတစ်ခုက ကျင့်ကြံသူတွေအားလုံးကို ဆက်သွယ်နိုင်တာ မဟုတ်ဘဲနဲ့ ကျင့်ကြံရေးပစ္စည်းတစ်ခုက တစ်ကြိမ်မှာ တစ်ယောက်ကိုပဲ ဆက်သွယ်နိုင်တာတဲ့လား]

[ဒါကအရမ်းကို ဗာဟိရများတယ် မဟုတ်လား]

သူမ အခုမှ ဒါကို သတိထားမိတာလည်း မဆန်းဘူးလေ။ သူမရဲ့သိုလှောင်အိတ်ထဲမှာ ဆက်သွယ်ရေးပစ္စည်းတွေ အများကြီး ရှိနေပေမဲ့လည်း သူမက ဒါတွေကို တစ်ခါမှ ဖွင့်မကြည့်ခဲ့ဖူးဘူးကိုး။

နောက်ဆုံး သူမက တစ်ခုခုတွေ့ချင်တယ်ဆိုတိုင်း တိမ်လွှာကြေးမုံကနေ မြင်တွေ့နိုင်ပြီး သူမ သိချင်တဲ့သတင်းမှန်သမျှကိုလည်း ကောင်းကင်စာအုပ်ထဲကနေ တိုက်ရိုက်ဖတ်ကြည့်လို့ရနေတာကိုး။

ဒီလိုစဉ်းစားမိပြီး သူမက သက်ပြင်းချလိုက်မိတယ်။

[ကျင့်ကြံသူတွေအားလုံးကို ဆက်သွယ်နိုင်မဲ့ မှော်ပစ္စည်းလေးတစ်ခုကို သန့်စင်နိုင်မဲ့ကျင့်ကြံသူများ မရှိကြဘူးလား]

စူးလီက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ ရုတ်တရက် တက်ကြွလာတော့တယ်။

[တကယ်လို့ ဒီမှော်ပစ္စည်းသာ နည်းနည်းလေး ပိုပြီးအသုံးဝင်လာမယ်ဆိုရင်...]

[ဥပမာ ဖရဲသီးစားတဲ့အခန်း၊ အဆင့်မြှင့်တင်တဲ့အခန်း၊ မသေမျိုး ကျင့်ကြံခြင်း အသေးစားဂိမ်းတွေ...]

ဒါကကျင့်ကြံရေးလောကထဲက မိုဘိုင်းဖုန်းဗားရှင်း တစ်မျိုး မဟုတ်ဘူးလား။

[တကယ်လို့ ဒါကို တကယ်ပဲ သန့်စင်နိုင်မယ်ဆိုရင် ကျင့်ကြံရေးလောကထဲက လူတိုင်းမှာ တစ်ခုလောက်ရှိလာ...]

[ကျွတ် ကျွတ် သန်း၁၀၀ မပြောနဲ့။ ချန်ထျန်းဂိုဏ်းက နောက်ထပ်သန်း၂၀၀လောက်ကို ရှာနိုင်လိမ့်မယ်လို့ ငါ ထင်တယ်]

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားတော့တယ်။

အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို နားထောင်ပြီးတဲ့နောက်မှာပဲ သူက အရမ်းကိုတမ်းတတဲ့စိတ် ဖြစ်သွားတော့တယ်။ တကယ်လို့ သူသာ ဒါကို တကယ်ပဲ လုပ်နိုင်ခဲ့မယ်ဆိုရင်...

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံက ဆက်ပြီးပြောလိုက်တယ်။

[ကြည့်လိုက်ပါဦးမယ်... ချန်ထျန်းဂိုဏ်းက ပစ္စည်းတွေ သန့်စင်တာနဲ့ မှော်အစီအရင်တွေ ပြုလုပ်တဲ့နေရာမှာ တကယ်တော်တာပဲ...]

[နောက်ပြီးတော့ ချန်ထျန်းဂိုဏ်းထဲမှာ ဒါကိုကူညီပေးမဲ့ လူတွေအများကြီးရှိတာပဲ။ ဒါက မအောင်မြင်ဖို့ရာခိုင်နှုန်း တော်တော်လေးနည်းတယ်...]

ဒီစကားကို ကြားလိုက်ရတဲ့အခါ ချန်ထျန်းဂိုဏ်းကလူတွေအားလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ ဝမ်းသာသွားတဲ့အမူအရာတစ်ခု ဖြစ်သွားတော့တယ်။

စူးလီက သူမရဲ့အတွေးအတိုင်း ကောင်းကင်စာအုပ်ကို လှန်လှောလိုက်တယ်။

[ဒီလို မှော်လက်နက်မျိုးကို ပြုလုပ်နိုင်မဲ့သူ ဘယ်သူရှိမလဲ ကြည့်လိုက်ပါဦးမယ်...]

[မှော်အစီအရင်လုပ်ဖို့အတွက် ထူးထူးဆန်းဆန်း‌ မှော်အစီအရင်မျိုးစုံကို လေ့လာရတာကြိုက်တဲ့ ဆရာကြီးမုဖုန်းက အကောင်းဆုံးရွေးချယ်မှုပဲ...]

[ပစ္စည်းတွေကို သန့်စင်ဖို့အတွက်တော့...]

[ဟမ်- တကယ်တော့ ချန်ထျန်းဂိုဏ်းမှာ လက်နက်တွေကို သန့်စင်ပေးတဲ့နေရာမှာ ဒီလိုပါရမီရှင်တစ်ယောက် ရှိပြီးသားပဲ]

[ဒါပေမဲ့ နှမြောစရာပဲ]

[ဒီလက်နက်သန့်စင်တဲ့ပါရမီရှင်က သူ့ရဲ့အသုံးမကျတဲ့ညီလေးအတွက် သူ့ရဲ့ဝိညာဉ်အမြစ်တွေကို အလဲလှယ်လုပ်မဲ့ အစီအစဉ်ရှိနေတဲ့ သူ့မိဘတွေရဲ့ လိမ်လည်ပြီး အိမ်ပြန်ခေါ်တာ ခံလိုက်ရတယ်တဲ့...]

…

All Chapters