← Chapters

အခန်း ၁၂၂

Vol. 9 Ch. 122

အခန်း ၁၂၂

Vol. 9 Ch. 122

အပိုင်း (၁၂၂)

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ချမ်းသာမဲ့စိတ်ကူးထဲမှာ အတွေးနစ်နေတုန်း ကောင်းကင်ကအသံကို ကြားလိုက်ရတယ်။

သူက ရုတ်တရက် သတိဝင်လာခဲ့ပြီး သူ့မျက်လုံးကလည်း ဒေါသအပြည့် ဖြစ်သွားတော့တယ်။ ဝိညာဥ်အမြစ်ကို လဲလှယ်တယ်တဲ့လား။

အတင့်ရဲလိုက်ပုံများ တစ်စုံတစ်ယောက်က ချန်ထျန်းဂိုဏ်းတပည့်ကို ဒီလိုလုပ်သတဲ့လား။ ဒီတပည့်က သန့်စင်ခြင်းပညာရပ်မှာ ပါရမီရှင်တစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင်တောင် တစ်စုံတစ်ယောက်က ဂိုဏ်းကတပည့်တွေကို မကောင်းကြံနေတာကို ဘယ်တော့မှ သည်းခံလိမ့်မှာ မဟုတ်ဘူး။

ဒီလိုစဥ်းစားလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့မျက်နှာပေါ်မှာ တည်ကြည်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။

"ဒီတပည့်ရဲ့နာမည်က ဘာပါလိမ့်။ သူအခု ဘယ်မှာလဲ"

ဒီအချိန်မှာပဲ အပြင်လောကကလာတဲ့အသံရဲ့ နှမြောတသဖွယ် ကောင်းတဲ့အသံက ပေါ်ထွက်လာတယ်။

[ဒီလက်နက်သန့်စင်တဲ့ ပါရမီရှင်က အရမ်းသနားဖို့ကောင်းတာပဲ... ]

[သူ့အမေ ဆုံးပါးသွားပြီးတဲ့အခါ သူ့အဖေက နောက်အိမ်ထောင် ပြုခဲ့တယ်။ သူက အမြဲတမ်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံခဲ့ရတယ်။ သူ့အရည်အချင်းကို တွေ့ရှိခဲ့တဲ့ ချန်ထျန်းဂိုဏ်းရဲ့ အကြီးအကဲတွေကြောင့်သာ မဟုတ်ဘူးဆိုရင် သူက သူ့မိထွေးလက်ထဲမှာ သေသွားလောက်ပြီ]

[ဒီတစ်ကြိမ်လည်း သူက သူ့အဖေ အပြင်းဖျားတယ်ဆိုတဲ့ သတင်းနဲ့ လှည့်စားခံခဲ့ရတယ်။ သူက တံခါးကို ဖွင့်လိုက်တဲအချိန်မှာ သူ့မိထွေး အစောကြီးကတည်းက ပြင်ဆင်ထားခဲ့တဲ့ အဆင့်လေး ဟွမ်းယောက်ဆေးမှုန့်ကြောင့် သတိလစ်သွားခဲ့တယ်]

[ဘဝဆက်တိုင်းမှာ ဒီလိုမိဘမျိုး ပိုင်ဆိုင်ထားရတာ ချန်းဖင့်က ဘယ်လောက်တောင် ကံဆိုးနေတာလဲ]

ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဒေါသတကြီး သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ ဒါပေမဲ့လည်း သူက စားပွဲကို မရိုက်ရသေးခင်မှာဘဲ သူ့ဘေးက ဒုတိယတပည့် ချောင်ချွမ်းက သူ့လုပ်ရပ်ကို သတိထားမိသွားတယ်။ အပြင်လောကကအသံက တစ်ခုခုမှားယွင်းနေတာကို သတိထားမိမှာ စိုးတဲ့အတွက် သူက မြန်မြန်ထရပ်လိုက်တယ်။

"ဆရာ ကျွန်တော်ရဲ့သူငယ်ချင်းကောင်း ချန်းဖင့်က ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ့ဆွေမျိုးဆီ အလည်အပတ် သွားမယ်ဆိုပြီး အိမ်ပြန်သွားခဲ့တာ။ အခုသတင်း မရလာသေးဘူး။ ကျွန်တော် ဆက်သွယ်ရေးပစ္စည်းကို သုံးပြီးတော့ သူ့ကိုဆက်သွယ်တာလည်း ပြန်အကြောင်းမကြားလာဘူး"

"အခုလောက်ဆိုရင် ချန်းဖင့် အန္တရာယ်ထဲ ကျရောက်နေတာပဲ ဖြစ်ရမယ်။ ဆရာက လူလွှတ်ပြီး သူ့ကို ကယ်တင်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း သတိပြန်ဝင်လာခဲ့တယ်။ သူက သူ့မျက်နှာပေါ်က အမူအရာကို ထိန်းညှိလိုက်ပြီး ဂုဏ်သိက္ခာတစ်ခုနဲ့ ပြောလိုက်တယ်။

"ငါတို့ဂိုဏ်းကို ဝင်လာပြီဆိုတော့ ငါတို့ဂိုဏ်းရဲ့ စောင့်ရှောက်တာ ခံရမှာပေါ့"

"မင်းက ချန်ထျန်းဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီဆိုမှတော့ ငါ ကိုယ်တိုင် သွားကြည့်ရလိမ့်မယ်"

ဒီလိုပြောပြီး သူက သပ်သပ်ရပ်ရပ် ထရပ်လိုက်ကာ မေးခွန်းကိုမေးရင်း လမ်းလျှောက်လာတော့တယ်။

"အခု ချန်းဖင့်က ဘယ်မှာလဲ"

ချောင်ချွမ်းက အနည်းငယ် မှင်တက်အံ့သြသွားတယ်။ သူစကားမပြောရသေးခင်မှာဘဲ အပြင်လောကက အဖြေကို ကြားလိုက်ရတယ်။

[ဒါပေါ့ ချန်းဖင့်က အခုသူ့အိမ်မှာလေ...]

[ကြည့်လိုက်ပါအုံးမယ် သူ့အိမ်က ချိုးထျန်းမြို့ထဲမှာပဲ]

ချောင်ချွမ်းက မြန်မြန်အရိုအသေ ပေးလိုက်ပြီး ပြန်ဖြေတယ်။

"ချန်းဖင့် သူ့အမျိုးတွေဆီ အလည်သွားခဲ့တဲ့နေရာက ချိုးထျန်းမြို့ပါ"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်ပြီး အားတက်သရော ပြောလိုက်တော့တယ်။

"သွားကြစို့"

...

ချိုးထျန်းမြို့ ချန်းမိသားစု

ချန်းဖင့်က အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး ဝိညာဥ်သွေးကြောတွေကို ပိတ်ဆို့ခြင်း ခံထားရတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က မလှုပ်ယှက်နိုင်သလို ခံစားနေရပြီး သူ့မျက်လုံးကိုလည်း ဖြည်းဖြည်း ချင်းမှိတ်ထားတယ်။ သူ့မျက်လုံးထဲက ခံစားချက်တွေအားလုံးကို ဖုံးကွယ်ထားတယ်။ သူ့ဘေးမှာတော့ သူ့ရဲ့အဖေတူ အမေကွဲ ညီလေးက လဲလျောင်းနေပြီး... ဝိညာဥ်စွမ်းအင်အမြစ် အလဲအလှယ်လုပ်ဖို့ စောင့်စားနေလေရဲ့။

သူ့မှာ သွေးသားတော်စပ်မှုက ဝေးကွာနေမှန်းသိပါတယ်။ ဒါကြောင့် သူ့အဖေအတွက် ဘာမျှော်လင့်ချက်မှ မထားရှိလေဘူး။

ဒီတစ်ကြိမ် သူ ပြန်လာတာကလည်း ဖြစ်ခဲ့သမျှအရာအားလုံးကို နှုတ်ဆက်ဖို့ပါပဲ။ ဒါပေမဲ့ သူ မထင်ထားခဲ့တာက သူ့အဖေက သူ့ကို လှည့်စားဖို့အတွက် နေမကောင်းချင်ဟန်ဆောင်ခဲ့ပြီး သူ့ရဲ့တခြားသားတစ်ယောက်အတွက် သူ့ဝိညာဥ်အမြစ်အတွက် အလဲအလှယ်လုပ်ဖို့ နည်းလမ်းပေါင်းစုံကြိုးစားခဲ့တယ်လေ။

အိပ်ရာဘေးမှာတော့ ရိုးသားတဲ့ရုပ်လေးနဲ့ ချန်းစန်းက အိပ်ရာပေါ်က လူနှစ်ယောက်ကို ကြည့်လိုက်ရင်း သူ့လက်တွေကို ပွတ်သပ်ပြီး သူ့မျက်လုံးထဲမှာတော့ စိုးရိမ်ထိတ်လန့်မှုနဲ့ တွန့်ဆုတ်မှု ခံစားချက်အပြည့် ဖြစ်နေတော့တယ်။

သူက ချိတုံချတုံနဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်တစ်ခု ပိုင်ဆိုင်ထားပြီး ချောမောလှပပေမဲ့ တွက်ချက်တဲ့ မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားတဲ့ သူ့မိန်းမကို ကြည့်လိုက်တယ်။

"ယွီလင်း မင်း တကယ်ပဲ ဒါကို လုပ်ချင်တာလား"

"တကယ်လို့များ ဒီကိစ္စ ပေါ်ပေါက်သွားတယ်ဆိုရင် ..."

သူ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာ ကျောက်ယွီလင်းက သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီး သူ့ကိုဒေါသတကြီး လှမ်းကြည့်လိုက်ကာ ဆိုးညစ်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"ချန်းစန်း အခုတော့ ရှင်က လက်လျှော့ချင်နေသေးတာလား"

"ရှင်အခုနေ လက်လျှော့လိုက်မယ်ဆိုရင် ရှင့်ရဲ့သားလိမ္မာလေးက ရှင့်ကို အလွတ်ပေးလိမ့်မယ်လို့ ထင်မနေနဲ့နော်"

သူမ စကားပြောလို့ ပြီးသွားတဲ့အချိန်မှာပဲ လက်တစ်ဖက်နဲ့ ကုတင်ကို လက်ညိုးထိုးပြလိုက်တယ်။

"ချန်းဖင့်က ကျွန်မတို့ရဲ့ အစီအစဥ်တွေကို အစောကြီးကတည်းက သိထားပြီးသား အခု သူ မသေဘူးဆိုရင် ကျွန်မနဲ့ လဲ့အာတို့ သေရလိမ့်မယ်"

ချန်းဖင့်က ဒီစကားကို ကြားလိုက်တဲ့အချိန်မှာ သူ့မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်တော့တယ်။ သူက သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုနဲ့ အားနည်းချိနဲမှုကို တောင့်ခံလိုက်ပြီး သူ့အား အားလုံးကို အသုံးချလိုက်ပြီး တိမ်ဝင်နေတဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။

"အဖေ ဘာပဲဖြစ်ဖြစ်ပါ အဖေက ကျွန်တော့်ရဲ့အဖေက ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ကျွန်တော် အဖေကို ဘာမှ လုပ်မှာမဟုတ်ပါဘူး"

"အခုအခြေအနေက ကြီးမားတဲ့အမှားတစ်ခုကို မလုပ်ရသေးဘူး။ တကယ်လို့ အဖေက ဒီမှာပဲ ရပ်လိုက်မယ်ဆိုရင် ကျွန်တော်က ဖြစ်ခဲ့တဲ့ကိစ္စတွေကိုလည်း မသိသလိုဘဲနေလိုက်ပြီး ဒီကိစ္စကိုလည်း ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ဘူး"

ကျောက်ယွီလင်းက ချန်းဖင့်ရဲ့မျက်လုံးထဲက ချိတုံချတုံဖြစ်နေတဲ့ ခံစားချက်ကို မြင်လိုက်ရပြီး သူမက အံကြိတ်ထားလိုက်ကာ အမျက်ချောင်းချောင်း ထွက်သွားတော့တယ်။

"ချန်းဖင့်က ရှင့်ကို လိမ်နေတာကို ရှင် မတွေ့သေးဘူးလား"

"ချန်းစန်း ရှင်က သူ့ကို သတ်ချင်နေရဲ့သားနဲ့ သူ့ကို လွှတ်ပေးချင်နေတာလား"

ဒီအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာ တစ်ခုခု တွေးမိလိုက်တဲ့ပုံပါပဲ။ မျက်နှာပေါ်က ဒေါသတွေကို သိမ်းဆည်းထားလိုက်တယ်။ သူမက ချန်းစန်းရဲ့ ပခုံးပေါ်ကို အသာအယာ လက်တစ်ဖက်တင်လိုက်ပြီး သူ့နားထဲမှာ တိုးတိုးလေး ပြောလိုက်တော့တယ်။

"ဒီကိစ္စကို သေသေချာချာ စဥ်းစားကြည့်ပါ၊ ချန်းဖင့်က ချန်ထျန်းဂိုဏ်းရဲ့ တပည့်ဖြစ်လာကတည်းက ရှင့်ကို ပြန်လာကြည့်ခဲ့ဖူးလို့လား။ သူက ရှင့်ကို တစ်ကြိမ်လောက်များ သိတတ်ခဲ့ဖူးလို့လား။ သူက ရှင့်ကို ဝိညာဥ်ကျောက်တုံးတစ်တုံး ပေးခဲ့ဖူးလို့လား"

"သူက ချန်ထျန်းဂိုဏ်းမှာ ချမ်းသာကြွယ်ဝတဲ့ ဘဝတစ်ခုမှာနေပြီး အဖေဖြစ်တဲ့ရှင်က ချိုးထျန်းမြို့မှာ ဘယ်လို ခက်ခက်ခဲခဲ နေရတယ်ဆိုတာကို တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူးလေ"

ချန်းစန်းရဲ့ မျက်လုံးတွေက ကျောက်ယွီလင်းရဲ့ စကားကို ကြားလိုက်ရတဲ့အချိန်မှာ စိတ်အေးသွားတဲ့ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ဖြစ်သွားတော့တယ်။

သူ့တုံ့ပြန်မှုကို မြင်လိုက်ရတဲ့အခါ ကျောက်ယွီလင်းရဲ့ အသံက ပိုပြီးတော့ နူးညံ့ညင်သာလာတော့တယ်။

"ဒါပေမဲ့ လဲ့အာကတော့ မတူဘူးလေ"

"တကယ်လို့ လဲ့အာသာ ကောင်းမွန်တဲ့ ဝိညာဥ်စွမ်းအင်အမြစ်တစ်ခု ပိုင်ဆိုင်ထားမယ်ဆိုရင် သူက ပိုကောင်းတဲ့ဂိုဏ်းတစ်ခုကို သွားနိုင်မယ်။ အဲ့ဒီအချိန်ကျရင် သူက ရှင်နဲ့ကျွန်မကိုလည်း သေချာပေါက် ဂုဏ်တက်စေမှာပဲ"

"နောက်ပြီးတော့ ကျွန်မတို့တွေက ပြင်ဆင်မှုတွေ အများကြီး လုပ်ထားပြီးပြီပဲ"

သူမက သူမရဲ့အသံထဲမှာ အေးစက်စက် အရိပ်အယောင်တစ်ခုနဲ့ ကိုယ်ကိုမတ်ထားလိုက်တယ်။

"ဝိညာဥ်စွမ်းအင်အမြစ်အတွက် ပြင်ဆင်ရလို့ ဝိညာဥ်ဆေးပင်တွေနဲ့ ဝိညာဥ်ရတနာတွေကို လဲလှယ်ဖို့ ကျွန်မတို့ရဲ့ စုဆောင်းငွေတွေအားလုံးက ကုန်သွားပြီလေ။ ရှင် အခု လက်လျှော့မယ်ဆိုရင် အားလုံးက ပြီးဆုံးသွားလိမ့်မယ်"

ချန်းစန်းက သူ့မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်ထားလိုက်ပြီး သူ့မျက်လုံးကို တစ်ဖန်ပြန်ဖွင့်လိုက်တဲ့အချိန်မှာတော့ သူ့မျက်လုံးထဲမှာ ဘာတွေဝေမှုမှ မရှိတော့ဘူး။ သူက လေးနက်တဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"မင်း ပြောတာ မှန်ပါတယ်"

သူက အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ချန်းဖင့်ကိုကြည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ကာ တိမ်ဝင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"ဖင့်အာ မင်း အဖေကို အပြစ်မမြင်ပါနဲ့၊ မင်းအဖေကလည်း ရွေးစရာမရှိလို့ပါ"

လုပ်မှဖြစ်မယ်ပေါ့လေ။

ချန်းဖင့်က သူ့ရဲ့ကြောင်သူတော်ရုပ်သွင်ကို ကြည့်လိုက်ပြီး သူ့နှလုံးသားထဲမှာ သရော်လှောင်ပြောင်မှု အပြည့်ဖြစ်သွားတော့တယ်။ သူက သူ့မိထွေးရဲ့ အနိုင်ကျင့်ခံနေရတာကို ရပ်ကြည့်နေခဲ့ပြီး ဘာမှမလုပ်ပေးခဲ့ဖူးလေ။ သူက သူ့ကို အိမ်ကနေလည်း မောင်းထုတ်ခဲ့သေးတယ်။ အခုတော့ သူက သူ့ရဲ့ ဝိညာဥ်စွမ်းအင် အရင်းအမြစ်ကို ဆွဲထုတ်မှ ဖြစ်မယ်တဲ့လား။

သူက ကျောက်ယွီလင်းရဲ့နောက်မှာ ပုန်းအောင်းနေပြီ ဘာမှမတတ်နိုင်ဘဲ အပြစ်ရှိချင်ဟန် ဆောင်နေပေမဲ့လည်း အမှန်မှာတော့ သူက သူဒုက္ခရောက်ရတဲ့ ပြဿနာအားလုံးရဲ့ အရင်းအမြစ်ပဲ။

အလျှော့ပေးလိုက်လည်း အဓိပ္ပာယ်မရှိဘူးဆိုတာကို သိနေတဲ့ ချန်းဖင့်က သတိပေးတဲ့ အရိပ်အယောင်တစ်ခုနဲ့ သူမကို ကြည့်လိုက်တယ်။

"ကျွန်တော်က ချန်ထျန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ ခင်ဗျား ကျွန်တော့်ကို ဒီလိုဆက်ဆံတာ ဂိုဏ်းက စုံစမ်းမှာကို မကြောက်ဘူးလား"

ကျောက်ယွီလင်းက ရှေ့ကိုတစ်လှမ်းတိုးလာပြီး စိတ်အေးလက်အေး အမူအရာတစ်ခုနဲ့ ချန်းစန်းရဲ့လက်ကို ကိုင်ထားပြီး လှောင်ပြောင်တဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တယ်။

"ငါ အစောကြီးကတည်းက မေးထားပြီးသား၊ နင့်အရည်အချင်းက ချန်ထျန်းဂိုဏ်းမှာ သာမန်ပဲရှိတယ်။ နင်က ဒီအတိုင်း ချန်ထျန်းဂိုဏ်းရဲ့ အပြင်စည်းတပည့် တစ်ယောက်သာသာလေးပဲ"

"ချန်ထျန်းဂိုဏ်းမှာ နင်လို့ အပြင်စည်းတပည့်ပေါင်း ရှစ်ထောင်လောက်ရှိတယ်။ တကယ်လို့ အယောက်တစ်သောင်း မပြည့်ဘူးဆိုရင်တောင် တစ်ယောက်လောက်လျော့သွားလည်း ဘယ်သူကမှ စိတ်ထဲမှာ ထားမှာမဟုတ်ဘူး"

"နောက်ပြီးတော့ နင်က တစ်ယောက်တည်း အထီးကျန်နေပြီးတော့ သူငယ်ချင်းတွေလည်း မရှိသလောက်လေ။ တကယ်လို့ နင် ပျောက်ကွယ်သွားတယ်ဆိုရင်တောင် ဘယ်သူကမှ နင့်ကို မှတ်မိနေမှာ မဟုတ်ဘူး"

သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချန်းဖင့်ရဲ့နှလုံးသားက တဖြည်းဖြည်း ဝမ်းနည်းသွားတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်က လုံးဝလှုပ်ရှားလို့မရတာကို ခံစားမိလိုက်ပြီး ရုတ်တရက် သူ့မျက်လုံးတွေကို ပိတ်ထားလိုက်တော့တယ်။

"ခင်ဗျားတို့တွေက လုံလောက်တဲ့ပြင်ဆင်မှုတွေကို လုပ်ထားခဲ့တာပဲ"

သူက ချန်ထျန်းဂိုဏ်းမှာ တစ်ယောက်တည်း လက်နက်သန့်စင်တဲ့ပညာကို လေ့လာနေခဲ့ရတာ။ သူ့မှာ ဆရာဆိုတာလည်း မရှိခဲ့ဘူး။ သူ ဒီနေရာမှာ တကယ်သေသွားခဲ့မယ်ဆိုရင် သူ့ရဲ့ကြောင်သူတော်အဖေက ဂိုဏ်းကိုလှည့်စားဖို့အတွက် စကားကြီးစကားကျယ်တွေနဲ့ လုပ်ကြံပြောဆိုတာပဲ ရှိလိမ့်မယ်။

နောက်ဆုံး ကျင့်ကြံရေးလောကထဲမှာ အန္တရာယ်တွေက အများကြီးရှိတာပဲ။ အုတ်မြစ်တည် ကျင့်ကြံရေးအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ သေဆုံးခြင်းဆိုတာကလည်း ဘာမှ ထူးဆန်းတာ မဟုတ်ဘူးလေ။

ကျောက်ယွီလင်းက သူမရဲ့မျက်လုံးထဲမှာ ရူးသွပ်နေတဲ့ အရိပ်အယောင်တစ်ခုနဲ့ ချန်းဖင့်ရဲ့ လက်လျှော့သွားတဲ့ရုပ်ကို ကြည့်နေလိုက်တယ်။

တကယ်လို့ ချန်းဖင့်က အင်မတန်မှ အရည်အချင်းရှိပြီး ဝိညာဥ်စွမ်းအင်အမြစ် နှစ်ခုရှိခဲ့တယ်ဆိုရင်တောင် ဘာဖြစ်လဲ။ ဒီဝိညာဉ်စွမ်းအင် အမြစ်က သူမရဲ့လဲ့အားအတွက် ပြင်ဆင်ပေးထားတာပဲ မဟုတ်လား။

သူမရဲ့လဲ့အာက ဉာဏ်ကောင်းပြီးတော့ ထက်မြက်တယ်။ ဒီလိုဝိညာဥ်စွမ်းအင်အမြစ်သာ ပိုင်ဆိုင်ထားတယ်ဆိုရင် သူက ချန်းဖင့်ထက် သေချာပေါက် အများကြီးသာသွားလိမ့်မယ်။ ချန်ထျန်းဂိုဏ်းကို ဝင်ဖို့မပြောနဲ့ ချန်ထျန်းဂိုဏ်းက ဂိုဏ်းချုပ်ကြီးရဲ့ တပြည့်ဖြစ်လာဖို့ရင်တောင် သူ့အတွက် အလွယ်လေးပဲ။

ဒီလိုစဥ်စားလိုက်ပြီး သူမက သူမရဲ့စိတ်ထဲက ဝမ်းသာမှုကို ဆက်ပြီး ဖုံးဖိမထားနိုင်အောင် ဖြစ်သွားတော့တယ်။ သူမက ချန်းစန်းရဲ့လက်ကို ဆွဲလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။

"ချန်းစန်း မြန်မြန်လုပ်တော့"

ချန်းစန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဝိညာဥ်လက်နက်ကို ကိုင်ထားတဲ့သူ့ရဲ့လက်က တုန်ယင်လို့နေတယ်။

သူက ချန်းဖင့်ဆီကို တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီး သူ့မျက်လုံးတွေကို ဝန်လေးလေးနဲ့ မှိတ်ထားလိုက်ရင်း ဝိညာဥ်လက်နက်ကိုင်ဆောင်ထားတဲ့ သူ့လက်ကို ချန်းဖင့်နားကို တစ်လက်မချင်း နီးကပ်သွားလိုက်တော့တယ်။ ဒီအချိန်မှာပဲ မိုးခြိမ်းသံလို အော်ဟစ်သံတစ်ခုက အားလုံးရဲ့နားထဲမှာ မြည်ဟီးသွားတော့တယ်။

"ငါ့ချန်ထျန်းဂိုဏ်း တပည့်တွေကို ဘယ်သူက ထိခိုက်အောင် လုပ်ရဲတာလဲ"

နောက်တစ်စက္ကန့်မှာပဲ အိုဟောင်းနေတဲ့ သစ်သားတံခါးကြီးက ရုတ်ခြည်းဆိုသလို ပြာဖြစ်သွားပြီး တောက်ပတဲ့ နေရောင်ခြည်က အခန်းထဲကို ထိုးဖောက်ဝင်ရောက်လာပြီး အခန်းထဲက အမှောင်ထုအားလုံးကို လွင့်ပြယ်သွားစေတော့တယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက အိပ်ရာပေါ်မှာ လဲလျောင်းနေတဲ့ ချန်းဖင့်ကို ချက်ချင်းကြည့်လိုက်တယ်။ သူ့ရဲ့ဝိညာဥ်စွမ်းအင်အမြစ်က နေရာမှာတင်ရှိနေသေးပြီး သူ့ရဲ့အသက်ရှုသံက ပုံမှန်ပဲဖြစ်နေတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက သူ့ရဲပူပန်စိတ်ကို လျှော့ချထားနိုင်တော့တယ်။

တော်ပါသေးရဲ့ အရမ်းနောက်မကျသေးပေလို့ပဲ။

ချန်းစန်းနဲ့ ကျောက်ယွီလင်းတို့က ရုတ်တရက် သူတို့ရဲ့ခေါင်းကို လှည့်လိုက်တဲ့အခါ သူတို့ရဲ့ခေါင်းပေါ်က လေထဲမှာ ပေါ်လာတဲ့ပုံရိပ်အများကြီးကို ကြည့်လိုက်မိပြီး သူတို့ရဲ့မျက်လုံးထဲမှာလည်း အံ့သြစိတ်အပြည့် ဖြစ်သွားတော့တယ်။

နောက်တစ်စက္ကန့်မှာပဲ သူတို့တွေက ဒီလူတွေဆီက လေးလံတဲ့ဖိအားကို ခံစားလိုက်ရတယ်။ အားလုံးရဲ့ကျင့်ကြံခြင်းအဆင့်က သူတို့ထက်အများကြီး သာလွန်နေတာပဲ။ သူတို့နှစ်ယောက်မှာ ခြေထောက်တွေ အားနည်းချိနဲ့သွားပြီး ဒူးထောက်ကျသွားတော့တယ်။ ကျောက်ယွီလင်းက အရမ်းကို ကြောက်လန့်တကြား ဖြစ်သွားပြီး ဘာလုပ်ရမယ်မှန်းမသိ ဖြစ်သွားတော့တယ်။ ဒီလူတွေကို ချန်းဖင့်က ခေါ်ခဲ့တာလား။

ဘယ်သူကမှ ချန်းဖင့်ရဲ့ သေရေးရှင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူးဆိုတာကို သူမက သေချာရှင်းလင်းနေအောင် မေးထားခဲ့ပြီးပြီပဲ။ ဒါနဲ့များ ဘယ်လိုဖြစ်လို့ လူအများကြီးက ပေါ်လာရပါလဲ...

သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူမရဲ့စိတ်ကို ခက်ခက်ခဲခဲ တည်ငြိမ်အောင် လုပ်ထားလိုက်ပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။

"ကြီးမြတ်သူတို့အားလုံး ဒီကိုရောက်လာတာ..."

သူမရဲ့စကား မဆုံးသေးခင်မှာဘဲ ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခုက သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ပစ်တော့တယ်။

"မင်းတို့ကများ အတင့်ရဲလို့ ငါ့ရဲ့ချန်ထျန်းဂိုဏ်းက တပည့်ရဲ့ ဝိညာဥ်အရင်းအမြစ်ကိုများ တိတ်တိတ်လေး ခိုးလဲရသလား"

"ငါ့ရဲ့ချန်ထျန်းဂိုဏ်းမှာ ဘယ်သူမှမရှိတော့ဘူးလို့ မင်းတို့က ထင်နေတာလား"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့အင်္ကျီလက်ကို ဝေ့ယမ်းလိုက်တယ်။

"ကိုယ့်ကလေးအရင်းနဲ့ အမွေဆက်ခံသူဆီက အကျိုးအမြတ်ကို ရှာဖွေနေတဲ့ ဒီလို လူဆိုးတစ်ယောက်က ဘာဖြစ်လို့ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ ပေါ်လာသလဲဆိုတာကို ငါ ချိုးထျန်းမြို့သခင်ကို သွားမေးရလိမ့်မယ်"

ကျောက်ယွီလင်းက ဒီနာမည်ကို ကြားလိုက်ပြီး သူမက သူ့မရဲ့ ခန္ဓာကိုယ်ထဲက နာကျင်မှုကိုတောင် မေ့ပျောက်သွားပြီး မယုံမကြည်နဲ့ သူ့ကို ကြည့်လိုက်တော့တယ်။

ဒါက ဘယ်လိုဖြစ်တာလဲ။

ချန်းဖင့်က ဒီအတိုင်း အပြင်စည်းတပည့်တစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဒီကိုရောက်လာအောင် တွန်းပို့နိုင်မှာလဲ။

ချန်းစန်းက အရင်ဆုံး သတိဝင်လာတော့တယ်။ သူက ခန္ဓာကိုယ်ထဲမှာ နာကျင်နေပေမဲ့လည်း ဒူးထောက်ချလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဦးချကန့်တော့တော့တယ်။

"ဆရာကြီး ဖင့်အာက ကျွန်တော့်ရဲ့သားပါ။ ကျွန်တော်က သူ့ကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်မှာလဲ"

ဒီလိုပြောလိုက်ပြီး သူကသူ့ဘေးမှာရှိတဲ့ ကျောက်ယွီလင်းကို ရုတ်တရက်တွန်းလိုက်ပြီး ဟိန်းဟောက်လိုက်တော့တယ်။

"ဒါတွေအားလုံးက ဒီမိန်းမရဲ့အကြံအစည်ပါ သူက ကျွန်တော့ရဲ့သားကို ဒုက္ခပေးချင်နေတာ"

"ဟုတ်တယ် သူက ဖင့်အာကို ဒုက္ခပေးချင်တာပါ"

သူက ဒီစကားကို သူ့ကိုယ်တိုင် ယုံကြည်နေသယောင် ပြောလိုက်ပြီး သူ့အသံကလည်း ပိုပြီးပြတ်သားလာတယ်။

"ကျွန်တော်က ဖင့်အာကို ကယ်တင်ခဲ့ချင်တာပါ"

"ဟုတ်ပါတယ်၊ ကျွန်တော်က ဒီရက်စက်တဲ့မိန်းမကို နားချဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူက ဒါကို သူ့နည်းသူ့ဟန်နဲ့ အတင်းလုပ်နေတာပါ..."

သူ့စကားမဆုံးခင်မှာဘဲ ရူးသွပ်ပြီး စူးရှတဲ့အသံတစ်ခုရဲ့ ဖြတ်ပြောတာခံလိုက်ရတယ်။

"ဒါတွေအားလုံးက ကျွန်မရဲ့စိတ်ကူးပေါ့လေ။ ကျွန်မက ရှင့်ကို ဖျားချင်ဟန်ဆောင်ခိုင်းပြီး ချန်းဖင့်ကို ပြန်လာဖို့ အတင်းလှည့်စားခိုင်းခဲ့လို့လား"

"ဝိညာဥ်စွမ်းအင်အရင်းအမြစ်အတွက် အလဲအလှယ်လုပ်နိုင်တဲ့ ဝိညာဥ်စွမ်းအင်ဆေးပင်တွေနဲ့ ဝိညာဥ်စွမ်းအင်ပစ္စည်းတွေကို ဝယ်ဖို့ မိသားစုရဲ့စုဆောင်းငွေတွေ အားလုံးကို ကျွန်မကသုံးခဲ့လို့လား"

"ခုနတုန်းက ဝိညာဥ်စွမ်းအင်အရင်းအမြစ်ကို ဆွဲထုတ်ဖို့ ကြိုးစားနေတာလည်း ရှင်ဆိုတာ အသိသာကြီးပဲ"

ကျောက်ယွီလင်းရဲ့ဆံပင်တွေက ဖရိုဖရဲဖြစ်နေပြီး သူမရဲ့မျက်နှာကလည်း ကြောက်စရာ ကောင်းနေတော့တယ်။ ချန်းစန်းကို ကြည့်နေတဲ့ သူမရဲ့အကြည့်က အရင်တုန်းကလို နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းနေဟန် လုံးဝမရှိတော့ဘဲ အခဲမကျေနိုင်တဲ့ ရန်သူတစ်ယောက်ကို ကြည့်နေတဲ့ပုံပါပဲ။

"ကျွန်မက ဝိညာဥ်အရင်းအမြစ်ကို လဲလှယ်ဖို့ပြောတုန်းက ရှင်ပဲ မတွေဝေဘဲ ခေါင်းညိတ်ခဲ့တာလေ။ အစီအစဥ်က မပြည့်စုံမှာစိုးလို့ ရှင်ပဲ ပစ္စည်းတွေအများကြီးကို ဝယ်လာခဲ့တာလေ။ ရှင်က ချန်းဖင့်ကို သတိလစ်သွားအောင်လုပ်ဖို့ ဆေးသွားရှာတဲ့အထိတောင် လုပ်ခဲ့သေးတာပဲ"

"ရှင်က ရှင့်သားကို အသတ်ချင်ဆုံး ဖြစ်နေတာ အရှင်းကြီးပဲ"

သူမက အရင်တုန်းက ချန်းစန်းလုပ်ခဲ့တဲ့အရာကို စဥ်းစားမိပြီး အံကြိတ်ကာပြောလိုက်တော့တယ်။

"ရှင်က ချန်းဖင့် ချန်ထျန်းဂိုဏ်းကို ဝင်သွားပြီးတဲ့နောက်ပိုင်း ရှင့်အတွက် ဘာအကျိုးအမြတ်မှ မယူလာပေးလို့ သူ့ကို မုန်းနေတာလေ။ သူက သစ္စာမဲ့ပြီး မသိတတ်ဘူးလို့ ခံစားနေရတာ။ ရှင်က အစောကြီးကတည်းက လုပ်ချင်ခဲ့တာ..."

"အဆိပ်ပြင်းလိုက်တဲ့မိန်းမ မင်း ပေါက်ကရတွေ ပြောနေတာပဲ..."

ချန်းစန်းက သူမရဲ့စကားကို ကြားလိုက်ရပြီး သူ့မျက်လုံးတွေက ရူးသွပ်မှုအပြည့်ဖြစ်သွားတယ်။ သူ့မျက်လုံးကလည်း သွေးကြောတွေ ထောင်တတ်လာပြီး လူကောင်းတစ်ယောက်နဲ့ လုံးဝတူမနေတော့ဘူး။

"မင်းဆိုတာ အရှင်းကြီးပဲ..."

ကျောက်ယွီလင်းက သူမရဲ့ခေါင်းကို လှည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းကလူတွေကို ကြည့်ရင်း သူမရဲ့အသံကလည်း တိမ်ဝင်သွားတော့တယ်။

"ဂုဏ်သရေရှိတဲ့လူကြီးမင်းတို့ ကျေးဇူးပြုပြီးတော့ နားလည်ပေးပါ။ ချန်းဖင့်က ချန်းစန်းရဲ့သားပါ။ တကယ်လို့ သူက ကျွန်မကို နောက်ကွယ်မှာ အရိပ်အမြွက်မပေးခဲ့ဘူးဆိုရင် ကျွန်မက ဝိညာဥ်အရင်းအမြစ် လဲမဲ့ကိစ္စကို ဘယ်လိုလုပ်ပြီး ထုတ်ပြောရဲမှာလဲ"

လူနှစ်ယောက်က ခွေးနှစ်ကောင်လို အချင်းချင်းကိုက်နေကြပြီး အချင်းချင်းရဲ့အမှားတွေကို ကပျာကယာ ထောက်ပြနေကြတယ်။ အပြစ်တွေအားလုံးကို အပြန်အလှပုံချဖို့ မျှော်လင့်နေပြီး သူတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို ချန်ချင်နေကြတယ်။

တစ်ဖက်မှာတော့ ချွမ်ချောင်းရဲ့အကူအညီနဲ့ ချန်းဖင့်က လူတွေရှေ့ကို တစ်လှမ်းချင်း လျှောက်လာခဲ့ပြီး အလေးအနက်ဦးညွှတ် နှုတ်ဆက်လိုက်တယ်။

"ချန်းဖင့်က အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဂိုဏ်ချုပ်ကြီးနဲ့ အကြီးအကဲတို့ကို ကျေးဇူးအများ ကြီးတင်ပါတယ်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး သူ့ရဲ့ဝိညာဥ်စွမ်းအင်ကို သုံးကာ ချန်းဖင့်ကို တွဲထူပေးလိုက်တယ်။

သူက သိပ်မကြာခင်တုန်းက အပြင်လောကကလာတဲ့အသံ ပြောခဲ့တဲ့ ချန်းဖင့်ရဲ့အကြောင်းအရာကို ပြန်စဥ်းစားမိလိုက်ပြီး ချန်မိသားစုရဲ့ ရှုပ်ပွနေတဲ့မြင်ကွင်းကို ကြည့်လိုက်မိတယ်။ သူက သက်ပြင်းချလိုက်တော့တယ်။

"လိမ္မာလိုက်တဲ့ကောင်လေး ချန်ထျန်းဂိုဏ်းက မင်းရဲ့နောက်ခံ၊ မင်းရဲ့အိမ်အဖြစ် အမြဲတမ်းရှိနေမှာပါ"

ချန်းဖင့်ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေအပြည့် ဖြစ်သွားတော့တယ်။ သူက ဆက်ပြီး ငိုသံနဲ့ပြောလိုက်မိတယ်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကြီး၊ ကျွန်တော် နားလည်ပါပြီး "

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်တွေ တဖြည်းဖြည်း ပြန်ရောက်ရှိလာတာကို ခံစားမိလိုက်ပြီး သူ့အသံကို ပျော့ပြောင်းထားလိုက်တယ်။

"ချန်းမိသားစုရဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ချိုးထျန်းမြို့သခင်ကို တာဝန်ပေးထားလိုက်မယ်”

ဘာပဲဖြစ်ဖြစ်လေ ချန်းစန်းက ချန်းဖင့်ရဲ့အဖေဆိုတဲ့ အဆင့်အတန်းတစ်ခု ရှိနေသေးတာပဲ။ ချန်းဖင့်က လက်စားချေချင်ခဲ့တယ်ဆိုရင်တောင် သူက အကြောင်းအကျိုးကြောင့် ဖြစ်လာတဲ့ ညစ်ညမ်းသွားမဲ့အရေးကို ရှောင်ရှားနိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီကိစ္စကိုဖြေရှင်းဖို့ ချိုးထျန်းမြို့သခင်ကို တာဝန်ပေးလိုက်တာပဲ ပိုကောင်းမယ်။ နောက်ဆုံး ဒါက သူ့မြို့ထဲမှာဖြစ်သွားတဲ့ ပြဿနာပဲလေ။ သူ့ကိုဖြေရှင်းခိုင်းလိုက်တာက ကျိုးကြောင်းသင့်ပါပေတယ်။

"သူတို့ကို ပြောစရာ တစ်ခုခုရှိသေးလား"

ချန်းဖင့်က နှုတ်ဆိတ်ကာ ခေါင်းခါပြလိုက်တယ်။

"တပည့် ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်ကို အပြည့်အဝနာခံပါမယ်"

ချန်းမိသားစုနဲ့ သူ့ဆက်ဆံရေးကို ချန်ထျန်းဂိုဏ်းကို ဝင်လာတဲ့အချိန်ကတည်းက ဖြတ်တောက်ခဲ့သင့်တာလေ။

သူက တုံးအခဲ့ပြီး အဖေအမည်ခံထားတဲ့ သူ့ကို မျှော်လင့်ချက်နည်းနည်းလေး ထားရှိခဲ့မိတဲ့အတွက် ချန်းမိသားစုရဲ့ အသတ်ခံရမလို ဖြစ်သွားခဲ့တယ်။

သူ့စကားဆုံးသွားတာနဲ့ ချက်ချင်း ချန်းစန်းက ကျောက်ယွီလင်းရဲ့လည်ပင်းကို ဖျစ်ညှစ်ထားတဲ့ သူ့လက်ကို လွှတ်ချလိုက်တော့တယ်။ သူက ထိတ်ထိတ်ပြာပြာနဲ့ သူ့ရဲ့ကျောပြင်ကို အော်ဟစ်ပြောဆိုလိုက်တယ်။

"ဖင့်အာ ငါက မင်းရဲ့ အဖေပါ"

"ငါက ဒီလိုလုပ်ဖို့ ဖိအားပေးခံရတာပါ။ ငါ ဒီရက်စက်တဲ့မိန်းမကို ကွာရှင်းပါ့မယ် ဖင့်အာ"

သို့သော်ငြားလည်း ချန်းစန်းက ဘယ်လောက်ပဲ ဝန်ခံနေပါစေ ဘယ်လောက်ပဲ အော်ဟစ်ပြောဆိုနေပါစေ ချန်းဖင့်ကတော့ လုံးဝလှည့်မကြည့်လေဘူး။

ခဏအကြာမှာတော့ ချိုးထင်းမြို့သခင်က ချန်မိသားစုရဲ့ ဝိညာဥ်စွမ်းအင်အမြစ် ခိုးလဲမဲ့ကိစ္စကို ဖြေရှင်းဖို့ ရောက်လာတော့တယ်။

သူတို့ကို စောင့်နေတဲ့အရာကတော့ အင်မတန်မှ ရက်စက်ပြင်းထန်တဲ့ ပြစ်ဒဏ်ပဲဖြစ်တော့တယ်။

ဒီနောက်မှာတော့ စူးလီက ချန်းဖင့်ရဲ့ကိစ္စနဲ့ပတ်သက်ပြီး နောက်ဆက်တွဲကိစ္စတွေကို ကြည့်မနေတော့ဘူး။

ဒီအခိုက်တန့်မှာ သူမက လေးနက်တဲ့အမူအရာတစ်ခုနဲ့ တိမ်လွှာကြေးမုံထဲက မြင်ကွင်းကို ကြည့်နေမိတယ်။

သူမက အစတုန်းက လက်နက်သန့်စင်ခြင်း ပါရမီရှင် ချန်းဖင့်အကြောင်းကို နည်းနည်းပဲသိချင်ခဲ့တာပါ။ နောက်ဆက်တွဲဖြစ်မှာကိုလည်း တစ်ချက်လောက်ပဲ ကြည့်ချင်ခဲ့တာ။ ဒါပေမဲ့ သူမက ကောင်းကင်စာအုပ်ကို လှန်လှောနေတဲ့အချိန်မှာပဲ ရုတ်တရက် စာလုံးငယ်လေးတစ်ကြောင်းကို တွေ့လိုက်ရတယ်။

ဒီနေ့က ဟွားထျန်းမြို့မှာ အထက်တန်းစား ပြည့်တန်ဆာ ရွေးချယ်ပွဲနေ့တဲ့။ ဒီတော့ သူမက စဥ်းစားမနေတော့ဘဲ တိမ်လွှာကြေးမုံကို ဖွင့်လိုက်တော့တယ်။

ဒါပေမဲ့...

စူးလီက မျက်နှာပေါ်မှာ မျက်နှာချေ ခုနှစ်ထပ်ရှစ်ထပ်လောက် လိမ်းထားပြီး သူ့မျက်နှာကလည်း ဖြူဆုတ်နေကာ သူ့ရဲ့ကိုယ်နေဟန်ထားကလည်း ဖြောင့်မတ်မှန်ကန်နေပေမဲ့ ခါးလေးကိုနွဲ့ပြီး ခြေလှမ်းတိုင်းကို ယိမ်းနွဲ့အောင် လမ်းလျှောက်နေတဲ့ အရပ်မြင့်မြင့် ပုံရိပ်တစ်ခုကို တိမ်လွှာကြေးမုံထဲမှာ တွေ့လိုက်ရတယ်။ ရုတ်တရက်ဆိုသလို သူမရဲ့မျက်လုံးတွေက ညစ်ညမ်းသွားသလို ခံစားလိုက်ရတော့တယ်။

သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမရဲ့စိတ်ထဲမှာ ကိုယ့်ဟာကို ပြန်နှစ်သိမ့်ပေးရတော့တယ်။

ကြည့်ရတာ ဒီပြိုင်ပွဲဝင်က အနောက်တံခါးကနေ ဝင်လာတာပဲ ဖြစ်ရမယ်။ နောက်တစ်ယောက်ကတော့...

နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်ရဲ့ ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာခဲ့တယ်။

စူးလီက ဝတ်ရုံတစ်ဝက်ကို ဖွင့်ချထားပြီး သန်မာပြီးထည်ဝါလှတဲ့ ကိုယ်လုံးကိုယ်ထည် ပိုင်ဆိုင်ထားပြီး ရင်ဘတ်မှာ အမွှေးထူကြီးတစ်ခုရှိတဲ့လူကို မြင်လိုက်ရတော့ ရုတ်တရက် သူမရဲ့မျက်လုံးကို မှိတ်ထားမိတော့တယ်။

သူမက သူမရဲ့လက်ကို တင်းနေအောင် ဆုပ်ထားပြီး ကိုယ့်ဟာကို မတရားလုပ်နေတာမျိုး ဆက်ပြီး မလုပ်ချင်တော့ဘူး။ သူမရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး ရွံ့ရွံ့ရှာရှာနဲ့ပဲ တိမ်လွှာကြေးမုံကို သိမ်းထားလိုက်ရတော့တယ်။

ဒီပြိုင်ပွဲဝင် အထက်တန်းစား ပြည့်တန်ဆာတွေက ဘယ်လို့မိစ္ဆာကောင်မျိုးတွေလဲဟဲ့။

ကျောက်ရန်က ချွန်းရှန်းဂေဟာမှာ နာမည်အကြီးဆုံး ပြိုင်ပွဲဝင်တစ်ယောက် ဖြစ်လာတဲ့အကြောင်းအရင်းကို သူမ ရုတ်တရက် နားလည်သွားတော့တယ်။ လူအများစုကတော့ သူက အထက်တန်းစား ပြည်တန်ဆာတစ်ယောက်အဖြစ် ရွေးချယ်ခံရနိုင်တယ်လို့ အပြည့်အဝ ယုံကြည်ထားကြတယ်။

ဒါကလည်း သူက အရမ်းကောင်းနေလို့ မဟုတ်ပါဘူး။ သူ့ရဲ့ပြိုင်ပွဲဝင်တွေက အရမ်းကို အားနည်းနေလို့လေ။

စူးလီက သက်ပြင်းချလိုက်ပြီး သူမရဲ့မျက်လုံးတွေကို မှိတ်လိုက်ဖို့ပြင်ဆင်ရင်း တရေးအိပ်ဖို့ စဥ်းစားလိုက်တယ်...

ဒါပေမဲ့...

သူမရဲ့မျက်လုံးတွေကို မှိတ်တာနဲ့ချက်ချင်း အထက်တန်းစားပြည့်တန်ဆာရွေးပွဲက အဲ့ဒီပြိုင်ပွဲဝင်တွေကို မြင်လိုက်ရတော့တယ်...

သူမက မျက်လုံးထဲမှာ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တစ်ခုနဲ့ ရုတ်တရက် မျက်လုံးကို ပြန်ဖွင့်လိုက်တယ်။

စူးလီက ရုတ်တရက် ထထိုင်လိုက်ပြီး လေးနက်တဲ့မျက်နှာထားတစ်ခုနဲ့ သူ့မေးစေ့ကို ထောက်ထားလိုက်တယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင်လည်း... ငါရဲ့မျက်လုံးတွေကို ဆေးကြောဖို့ တစ်စုံတစ်ယောက်ကို ရှာရင်ကောင်းမလား...

ငါ ဘယ်သူ့ကို ရှာရင်ကောင်းမလဲ။

ကြည်လင်ပြီး မှင်တက်အံ့သြဖွယ်ကောင်းတဲ့ ပုံရိပ်တစ်ခုက သူမရဲ့စိတ်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာတော့တယ်။

စူးလီက မျက်တောင်ခတ်လိုက်ပြီး သူမရဲ့ ထူထဲတဲ့ မျက်တောင်တွေက မသိမသာ လှုပ်ခတ်သွားတော့တယ်။

"ကျွန်မ ရှင့်ကိုမတွေ့ရတာ တော်တော်ကြာသွားပြီပဲ။ ရှဲ့ချီယွမ်ရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲမသိဘူး"

သူမက လက်ကိုဝေ့ယမ်းလိုက်ပြီး တိမ်လွှာကြေးမုံက ပြန်ပေါ်လာခဲ့တယ်။

တိမ်လွှာကြေးမုံထဲမှာတော့ ရှဲ့ချီယွမ်က အေးစိမ့်တဲ့ ရေကန်တစ်ခုရှေ့မှာ တိတ်တိတ်လေး ရပ်နေတယ်။ ကြည့်ရတာ သူက ရေအေးစိမ့်ပြီးစပဲ ရှိသေးတယ်နဲ့တူတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အေးစိမ့်စိမ့် အငွေ့အသက်တစ်ခု ရှိနေသေးတယ်။

သူ့မျက်ခုံးတွေက အေးစက်နေပြီး သူက သူ့ရဲ့နောက်ဆုံး အပေါ်ရုံအင်္ကျီကို အသာအယာ ဝတ်ဆင်နေတယ်။

ဒီအချိန်မှာပဲ အပြုံးတစ်ခုပါတဲ့ အသံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာတယ်။

"အမ်... ရှင်အခုလေးတင်ပဲ ရေခဲရေကန်ထဲမှာ ရေစိမ်ပြီးသွားတာလား"

သူ့အပေါ်ရုံအင်္ကျီကို သပ်ရပ်အောင်လုပ်နေတဲ့ ရှဲ့ချီယွမ်ရဲ့လက်တွေက ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့တယ်။

သိပ်မဝေးလှတဲ့နေရာမှာတော့ သတင်းလာပို့ပေးတဲ့ ရှဲ့မင်ယိုက ကောင်းကင်က လာတဲ့အသံကို ကြားလိုက်ပြီး အဝတ်အစား ဝတ်နေတာ အရမ်းသိသာနေတဲ့ ရှဲ့ချီယွမ်ကို ကြည့်လိုက်ပြီး တလေးတစားနဲ့ မြန်မြန်ဦးညွှတ်ထားလိုက်တယ်။ ဒါပေမဲ့လည်း သူ့မျက်လုံးထဲမှာတော့ စိတ်ပျက်သွားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားလေရဲ့။

မသေမျိုးက ရေကန်ထဲမှာ ရေစိမ်လာတာ ခုနှစ်ရက်တောင်ရှိသွားပြီးပဲ- အပြင်လောကကအသံက ဒီအချိန်မှ ဘာလို့ပေါ်လာတာလဲ။

လက်ဖက်ရည် ခွက်တစ်ဝက်စာအချိန်လောက် နည်းနည်းစောပြီး ပေါ်လာခဲ့ရင် ဘာဖြစ်မှာမို့လို့လဲ။

...

All Chapters