အခန်း ၁၂၄
Vol. 9 Ch. 124
အပိုင်း (၁၂၄)
နောက်တစ်နေ့။
စူးလီက လမ်းပေါ်မှာ ဖြည်းဖြည်းချင်း လျှောက်လာပြီး စိုးရိမ်ပူပန်နေတဲ့ တပည့်တွေကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ပြီးတဲ့နောက်မှာ သူမရဲ့ခြေလှမ်းတွေကို ရပ်ထားလိုက်တယ်။ သူမက အလောတကြီး ဖြစ်နေဟန်တူတဲ့ ချောင်ချွမ်းကို လှမ်းတားလိုက်ပြီး နားမလည်နိုင်ဟန်တစ်ခုနဲ့ မေးလိုက်တယ်။
"နင် ဘာလုပ်နေတာလဲ"
"ချန်ထျန်းဂိုဏ်းတစ်ခုလုံးက ဘာဖြစ်လို့ အရမ်းကို အလုပ်ရှုပ်နေတဲ့ပုံ ပေါ်နေတာလဲ"
စူးလီရဲ့မေးခွန်းကို ကြားလိုက်ရပြီးတဲ့နောက်မှာ ချောင်ချွမ်းက မနေ့တုန်းက သူ့ဆရာနဲ့ မရှင်းမလင်း တိုင်ပင်ဆွေးနွေးထားတဲ့အကြောင်းကို စဥ်းစားမိလိုက်ပြီး အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
"တာအိုရောင်းရင်းစူး ဖြစ်နေတာကိုး"
"ချန်ထျန်းဂိုဏ်းက ဒီနှစ်ရက်အတွင်းမှာ မှော်လက်နက်တစ်ခုကို သန့်စင်ဖို့ အလုပ်များနေတာလေ၊ ဒါကြောင့် တပည့်တွေက အလုပ်နည်းနည်းလေး များနေပါတယ်"
"ဒါက ဘယ်လို မှော်လက်နက်မျိုး မို့လို့လဲ"
စူးလီက အပြေးအလွှားသွားလာနေတဲ့ လူအုပ်စုကို ကြည့်လိုက်ပြီး သိလိုစိတ်နဲ့ မေးလိုက်တော့တယ်။
"ဘာလို့ အဲလောက် လူတွေရှုပ်နေတာလဲ"
ချောင်ချွမ်းက ရင်းနှီးဖောရွေတဲ့မျက်နှာတစ်ခုနဲ့ ရှင်းပြလိုက်တယ်။
"မနေ့တုန်းက ဆရာကြီးက ဂိုဏ်းချုပ်တွေနဲ့ မိတ်ဆွေတွေအများကြီးဆီကနေ ဆက်သွယ်ရေးပစ္စည်းကနေ သတင်းတစ်ခု တပြိုင်တည်း လက်ခံရရှိခဲ့တယ်လေ။ အရမ်းကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ဆရာကြီးက မနေ့တုန်းက ချန်ထျန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို ကယ်တင်ပေးခဲ့ပြီး သူက လက်နက်သန့်စင်တဲ့နေရာမှာ တကယ့်ကိုကြီးမားတဲ့ ပါရမီရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်လေ။ ဒါကြောင့် သူက အဲ့ဒီတပည့်နဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းလောက် ပြောဆိုပြီးတဲ့နောက်မှာပဲ အဲဒီတပည့်က ဒီလိုမှော်လက်နက်မျိုးကို အများကြီး လေ့လာခဲ့တယ်ဆိုတာကို သိလိုက်ရတယ်..."
"အရမ်းကို တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ဆရာကြီးမုဖုန်းကလည်း ဆက်သွယ်ရေးပစ္စည်းနဲ့ အရမ်းကိုဆင်တူတဲ့ မှော်အစီအရင်တစ်ခုကို တီထွင်ခဲ့တယ်တဲ့လေ။ ဒါကြောင့်မလို့ ဂိုဏ်းချုပ်ကြီးက ပြေးလွှားနေတဲ့... အဟမ်း၊ လှည့်ပတ်သွားလာနေတဲ့ ဆရာကြီးမုဖုန်းကို အထူးတလည် ပြန်ခေါ်လာခဲ့တာပေါ့..."
ချောင်ချွမ်းက စကားကို ကြွယ်နေအောင် ပြောဆိုနေတော့တယ်။ ဒါက မနေ့တုန်းက သူနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးတို့ လုပ်ကြံထားတဲ့ အကြောင်းအရင်းတွေဆိုတာ လုံးဝကို မသိသာလေဘူး။
နောက်ဆုံး မနေ့တုန်းက အပြင်လောကကစကားသံက ဒီလိုမှော်လက်နက်မျိုးကို အဆိုပြုခဲ့တာပဲ မဟုတ်ဘူးလား။ ဒီနေ့ချန်ထျန်းဂိုဏ်းတစ်ခုလုံးက ဒီလိုမှော်လက်နက်မျိုးကို သန့်စင်ဖို့ အလုပ်များနေကြတယ်လေ။ ဒါက တကယ့်ကို အရမ်းကို တိုက်ဆိုင်လွန်းပါပေတယ်။
အခုတစ်လော အပြင်လောကကလာတဲ့အသံက ချန်ထျန်းဂိုဏ်းကို အထူးတလည် အာရုံစိုက်နေတယ်လေ။ ဒီတော့ သူတို့တွေက အပြင်လောကကလာတဲ့အသံရဲ့ သံသယကို မောင်းထုတ်ပေးဖို့အတွက် ဆီလျော်တဲ့ အကြောင်းပြချက်တစ်ခုပေးဖို့ စီစဥ်ရတာပေါ့။
စူးလီကလည်း သံသယ လုံးဝမဖြစ်လေဘူး။
သူမက အလောတကြီး ထွက်သွားတဲ့ ချောင်ချွမ်းရဲ့ ကျောပြင်ကို ကြည့်လိုက်ပြီး ခဏလောက် စဥ်းစားနေလိုက်တယ်။ အဲ့ဒ်ီနောက်မှာတော့ သူမက တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံနဲ့ လက်ခုပ်တီးလိုက်တော့တယ်။
ဒါက သူမရဲ့ သြဇာအရှိန်အဝါကြောင့်ပဲလေ။ ကောင်းကင်တာအိုတစ်ယောက်ဖြစ်တဲ့ သူမရဲ့အဆင့်အတန်းက ဘယ်လိုလုပ်ပြီး သက်ရောက်မှု လုံးဝမရှိနိုင်ရမှာလဲ။
အခု သူမက ချန်ထျန်းဂိုဏ်းထဲ ရောက်နေတယ်လေ။ သူမရဲ့မျှော်လင့်ချက်တွေက ဂိုဏ်းအပေါ် ဘယ်လိုလုပ်ပြီး သက်ရောက်မှု မရှိနိုင်ရမှာလဲ။
ဒါကြောင့်ပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးကလည်း လက်ရှိဆက်သွယ်ရေး နည်းလမ်းက အဆင်မပြေဖြစ်နေတာကို ရုတ်တရက် သဘောပေါက်သွားတာပဲနေမှာပေါ့... ဒီလိုစဥ်းစားလိုက်ပြီး သူမက လက်တစ်ဖက်နဲ့ မေးထောက်ထားလိုက်ရင်း တွေးတွေးဆဆလေး စဥ်းစားမိတယ်။
အခုဆိုရင် သူမက ဘယ်ဂိုဏ်းမှာပဲနေနေ အဲ့ဒီဂိုဏ်းက သူမရဲ့လွှမ်းမိုးမှုကို ခံရမှာဖြစ်ပြီး အဲ့ဒီဂိုဏ်းက သူမ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတော့မယ်ထင်တယ်။
စူးလီက မျက်ခုံးလေးတွေ ကွေးသွားအောင် ပြုံးလိုက်မိတယ်။ ဒါက တကယ့်ကိုပဲ... တကယ့်ကိုအရမ်းကို အဆင်ပြေပြီးတော့ ဒုက္ခကင်းတာပဲ။
ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ စူးလီက မှော်လက်နက်ရဲ့ တိုးတက်လာမှုကို စစ်ဆေးရင်း ဖရဲသီးတွေကို စားလာခဲ့တယ်။ မကြာခဏဆိုသလို အကြံပြုချက်လေးတွေ လုပ်ပေးခဲ့တယ်။ သူမက ‘‘လက်ဖဝါးသတင်း’ (ကျန်ရွှင့်)’ဆိုတဲ့ အချောသပ် ဒီပစ္စည်းအကြောင်း သိချင်နေပြီလေ။
တကယ်တော့ သူမက အပြင်ထွက်ဖို့ အရမ်းကိုပျင်းရိမိနေတယ်။ ဒီတော့ သူမက တိမ်လွှာကြေးမုံထဲကနေ မှော်လက်နက်ကို လေ့လာနေကြတဲ့ ချန်းဖင့်၊ ဆရာကြီးမုနဲ့ တခြားကျင့်ကြံသူတွေ အားလုံးကို စောင့်ကြည့်နေလိုက်တယ်။
ဒီအချိန်မှာတော့ သူတို့တွေက သုတေသနလုပ်ရလို့ ပင်ပန်းသွားလို့ထင်ပါရဲ့ အနားယူနေကြတာပဲ။ ရုတ်တရက်ဆိုသလို လူတစ်ဖွဲ့က ဒီမှော်လက်နက်ကြီးကို အောင်အောင်မြင်မြင် ထုတ်လုပ်ပြီးသွားပြီဆိုရင် သူတို့တွေက မှော်လက်နက်အကြောင်း ကျင့်ကြံသူတွေ ပိုသိလာအောင် ဘယ်လို လုပ်ရမလဲဆိုတာကို တိုင်ပင်နေကြတယ်လေ။
ဆရာကြီးမုက အရင်ဆုံး ပြောလိုက်တယ်။
"ဒါပေါ့ ကျုပ်တို့တွေ ဒါကို စမ်းသုံးကြည့်ခိုင်းဖို့ လူနည်းနည်းလောက်တော့ ရှာဖွေသင့်တယ်လေ။ တကယ်လို့ သူတို့တွေက ဒီ’’လက်ဖဝါးသတင်း’ (ကျန်ရွှင့်)’ပစ္စည်းက သုံးရတာ အဆင်ပြေတယ်လို့ ခံစားရရင် သူတို့တွေက သူတို့ပတ်ဝန်းကျင်က လူတွေကိုလည်း ဒီပစ္စည်းအကြောင်း ဆက်ပြီးတော့ ထောက်ခံပေးကြလိမ့်မယ်"
"ဒါက နည်းနည်းလောက် နှေးမနေဘူးလား" ချန်းဖင့်က သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး ချီတုံချတုံနဲ့ ပြောလိုက်တယ်။
"ဒီ’’လက်ဖဝါးသတင်း’ (ကျန်ရွှင့်)’ ပစ္စည်းကို သော့ပေါင်းခန်းမမှာပဲ ရောင်းချလိုက်ရင်ကော..."
"ငါ့အထင်တော့ ငါတို့တွေက..."
စူးလီက သူတို့ကို အချိန်အကြာကြီး နားထောင်လာပြီး မနေနိုင်ဘဲ ပြောလိုက်တော့တဲ့။
[ဆယ်လီတစ်ယောက်ကို ရှာဖို့ ငွေသုံးလိုက်ပေါ့... မဟုတ်သေးပါဘူး၊ ဒါကို နာမည်ကြီးတဲ့သူတစ်ယောက်နဲ့ အရောင်းမြင့်တင်တယ်လို့ ပြောသင့်တာ...]
[နည်းနည်းလေး ပိုပြီး နာမည်ကြီးတဲ့ ကျင့်ကြံသူတွေကို ရှာလိုက်...]
သူမစကား မဆုံးသေးခင်မှာဘဲ ဆရာကြီးမုက သူ့ပေါင်ကိုရိုက်ပြီး ပြောလိုက်တာကို မြင်လိုက်ရတယ်။
"ကျုပ်အထင်တော့ တခြားကျင့်ကြံသူကို ဦးဆောင်ပေးနေတဲ့ ကျင့်ကြံရေးလောကထဲမှာ နာမည်ကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ရှိမယ်ဆိုရင်..."
"ဒီလိုဆိုရင် ကျွန်တော်တို့ရဲ့ ‘‘လက်ဖဝါးသတင်း’ (ကျန်ရွှင့်)’ကလည်း ကျင့်ကြံရေးလောကထဲမှာ ချက်ချင်း သေချာပေါက် ပျံ့နှံ့သွားလိမ့်မယ်"
"ဒါပေမဲ့ ကျွန်တော်တို့တွေက ဘယ်သူ့ကို ရှာဖွေသင့်လဲ"
ချန်းဖင့်က ထောက်ခံပေမဲ့လည်း သူကတော့ နည်းနည်းလေး ဇဝေဇဝါ ဖြစ်နေသေးတယ်။
ဒီအချိန်မှာပဲ ဘေးမှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့မျက်လုံးထဲမှာ ကြယ်ရောင်လင်းလက်သွားတဲ့ပုံပဲ။
"ဒါပေါ့ ဆရာကြီးလင်းရှီကို ရှာရမယ်။ ဆရာကြီးလင်းရှီက ပြိုင်ဖက်ကင်း ရုပ်အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကလည်း အရမ်းကိုကောင်းမွန်ပြီးတော့ ကုချင်း တီးခတ်တဲ့နေရာမှာလည်း အရမ်းကို တော်တယ်လေ”
သူမက တစ်ခါတုန်းက မမျှော်လင့်ဘဲ ဆရာကြီးလင်းရှီနဲ့ တွေ့ခဲ့ဖူးတယ်။ သူရဲ့ရုပ်သွင်ကို ပြန်စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်နှာပေါ်မှာ ထိန်းမရဘဲ ပန်းရောင်သန်းသွားတော့တယ်။ သူမက စွဲလမ်းနေတဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ဆရာကြီးလင်းရှီက အခုဆိုရင် ကျင့်ကြံရေးလောကထဲက အမျိုးသမီးကျင့်ကြံသူတွေကြားထဲမှာ နာမည်အကြီးဆုံး ကျင့်ကြံသူလေ"
"ဟုတ်တယ်"
သူမဘေးက အမျိုးသမီးကျင့်ကြံသူကလည်း ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး ဖန်ဂဲလ်တစ်ယောက်လို သူမရဲ့ရင်ဘတ်ကို ကိုင်ထားလိုက်တယ်။
"အဲဒါ ဆရာကြီးလင်းရှီပဲပေါ့"
"တကယ်လို့များ ကျွန်မတို့တွေက သူ့ကို ‘‘လက်ဖဝါးသတင်း’ (ကျန်ရွှင့်)’ပစ္စည်းကို သုံးလို့ရအောင် လုပ်ပေးနိုင်မယ်ဆိုရင် ကျင့်ကြံရေးလောကထဲက အမျိုးသမီးကျင့်ကြံသူ တစ်ဝက်လောက်က အနောက်ကနေ လိုက်ပါလာကြလိမ့်မယ်"
"ဟုတ်တယ်"
ထောက်ခံတဲ့အသံတွေက ပတ်ဝန်းကျင်က အမျိုးသမီးကျင့်ကြံသူတွေ ဆီကနေ ထွက်လာခဲ့တယ်။
"ဆရာကြီးလင်းရှီ သုံးခဲ့တဲ့ ဇာနဲ့လုပ်ထားတဲ့ တဲကို ဝိညာဥ်ကျောက်တုံးလေးသောင်းနဲ့ လေလံ ရောင်းထွက်သွားခဲ့တယ်လေ"
"ဆရာကြီးလင်းရှီကို တွေ့ဖို့ ချမ်းသာမှုပမာဏ အများကြီး သုံးခဲ့တဲ့ အစွမ်းထက်တဲ့လူတစ်ယောက် ရှိသေးတာကိုလည်း မှတ်မိသေးတယ်"
"နောက်ပြီးတော့..."
စူးလီက ဆရာကြီးလင်းရှီကို လေးစားအားကျပြီး ရူးတော့မတတ်ဖြစ်နေကြတဲ့ လူတွေကို တိမ်လွှာကြေးမုံထဲမှာ ကြည့်ရင်း သူမရဲ့မျက်လုံးထဲမှာလည်း သိလိုစိတ်ဖြစ်သွားတော့တယ်။
ဒီဆရာကြီးလင်းရှီက ဘယ်လိုရုပ်မျိုးပါလိမ့်။ သူက ယန်ဖေးနဲ့ ရှဲ့ချီယွမ်တို့ထက် ပိုပြီးတော့ချောမောတယ်တဲ့လား။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ဘာတမ်းတစိတ်မှ ရှိမနေဘဲ တိမ်လွှာကြေးမုံထဲက မြင်ကွင်းကို ပြောင်းလဲလိုက်တော့တယ်။
ချင်းယီလမ်းပေါ်က လော့ယွင်မျှော်စင်ပေါ်မှာ အဖြူရောင်ဝတ်စားထားတဲ့ ပုံရိပ်တစ်ခုက ထပ်ခိုးပေါ်မှာ ထိုင်နေပြီး ထျန်ကန်းပိုးထည်နဲ့လုပ်ထားတဲ့ ခန်းစီးအများအပြားနဲ့ ဝန်းရံထားလေရဲ့။
လေပြေလေးက တိုက်ခတ်လာပြီး ခန်းစီစကို ညင်ညင်သာသာလေး ပွတ်တိုက်သွားတယ်။ အဲ့ဒီအထဲက ပုံရိပ်လေးက ဘွားခနဲပေါ်လာပြီး မကြာခဏဆိုသလို သူရဲ့ဘေးတိုက်ပုံရိပ်ကို လှစ်ပြလို့နေတယ်။ ဒါက ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖိနိုပ်မြိုသိပ်ထားတဲ့ တအံတသြအသံကို ပွင့်ထွက်လာစေခဲ့တယ်။
စူးလီက ထပ်ခိုးနေရာကလွဲရင် တခြားနေရာတွေမှာ အမျိုးသမီးကျင့်ကြံသူတွေနဲ့ ပြည့်ကြပ်နေတဲ့ တိမ်လွှာကြေးမုံထဲက မြင်ကွင်းကိုကြည့်ရင်း ဇဝေဇဝါနဲ့ မျက်မှောင်ကျုံ့မိသွားတယ်။
[ဒါက ... ရုပ်ချောလွန်းပါတယ်ဆိုတဲ့... ဆရာကြီးလင်းရှီလား]
သူမက သခင်လေးလင်းရှီကို အချိန်အကြာကြီး ဂရုတစိုက် ကြည့်နေလိုက်ပြီးမှ ပြောလိုက်တော့တယ်။
[ဒီမျက်နှာ... အဆင်ပြေတယ်တဲ့လား]
မျက်နှာက ကျောက်စိမ်းလေးလို ဖြူနေပြီး ဓားသွားလို မျက်ခုံးက ထင်ရှားပြတ်သားပြီး မျက်လုံးတွေကလည်း တောက်ပနေတယ်။ ဒါက တကယ် ချောမောပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြည့်ကြည့်ပါ လူအများကြီးက ဒါကိုစွဲလမ်းနေအောင်တော့ ချောနေတာမျိုး မဟုတ်ဘူးလေ ဟုတ်တယ်မလား။
အကြောင်းတချို့ကြောင့် သူမက ဒီမျက်နှာကို ကြည့်လိုက်မိတဲ့အချိန်မှာ တစ်ခုခု လွဲနေတယ်လို့ အမြဲတမ်း ခံစားမိနေတယ်။
သူမက လုံးဝ နားမလည်နိုင်အောင်ဖြစ်နေပြီး တိမ်လွှာကြေးမုံထဲက အမျိုးသမီးတွေအားလုံးက ဒီအခိုက်အတန့်မှာ မှင်တက်အံ့သြနေကြတာကို သတိမထားမိလေဘူး။ ထပ်ခိုးပေါ်က ဆရာကြီးလင်းရှီရဲ့မျက်နှာကလည်း ရုတ်တရက် တောင့်တင်းသွားတော့တယ်။
အမျိုးသမီး ကျင့်ကြံသူတစ်ယောက်က အပြင်လောကကလာတဲ့အသံရဲ့ ဆရာကြီးလင်းရှီအပေါ် အကဲဖြတ်သံကို ကြားလိုက်ရပြီး သူမရဲ့မျက်နှာက ဒေါသကြောင့် နီရဲသွားတော့တယ်။ သူမက မယုံမကြည်နဲ့ ပြောလိုက်တော့တယ်။
"ဆရာကြီးလင်းရှီက ပြိုင်ဖက်ကင်းတဲ့ ရုပ်သွင်တစ်ခုရှိတဲ့အပြင် မြင့်မြတ်တဲ့ အကျင့်စရိုက်လည်း ရှိတယ်။ ဒီနေ့ တွေ့လိုက်ပြီးတဲ့နောက်မှာ တစ်သက်စာအတွက် လုံလောက်သွားပြီလို့ ခံစားလိုက်ရတယ်"
"ဆရာကြီး တချို့လူတွေရဲ့စကားကို နားမထောင်ပါနဲ့။ သူတို့တွေက ဆရာကြီးကို မနာလိုဖြစ်နေကြတာပါ"
"ဆရာကြီးကို တွေ့လိုက်ရပြီးတဲ့နောက်မှာ ‘လူစိမ်းက လွတ်လပ်ပေါ့ပါးပြီး ပညာရှင်တစ်ယောက်ကတော့ လောကထဲမှာ ပြိုင်ဖက်ကင်းတယ်’ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်သွားခဲ့ပါပြီ..."
စူးလီက တိမ်လွှာကြေးမုံထဲက အားတက်သရော ချီးမွမ်းစကားတွေကို နားထောင်ရင်း ကြိုးစားပြီး ချုပ်တည်းထားပေမဲ့လည်း ဆက်ပြီးမချုပ်ထိန်းနိုင်တော့ဘဲ သူမရဲ့သိစိတ်ပင်လယ်ထဲက ကောင်းကင်စာအုပ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လှန်လှောမိတော့တယ်။
[မြင့်မြတ်တဲ့ အကျင့်စရိုက်တဲ့လား၊ ပြိုင်ဖက်ကင်းတဲ့ အလှတရားတဲ့လား]
[ဒီလင်းရှီက ဒီလူတွေကို ဘယ်လိုအဆိပ်မျိုး သုံးထားလဲဆိုတာ သိချင်မိသွားပြီ]
[ရှာကြည့်လိုက်ပါအုံးမယ်...]
သူမ စကားမဆုံးခင်မှာပဲ ထပ်ခိုးပေါ်က ပုံရိပ်က ပျော့ပြောင်းတဲ့လေသံနဲ့ စကားပြောလိုက်တယ်။ အသံကလည်း ပုလဲနဲ့ကျောက်စိမ်းလို ပြတ်သားသိမ်မွေ့ပြီး အားလုံးရဲ့နားထဲကို စီးဝင်သွားပြီး သူမရဲ့အသံကို အချိန်မီ ဖြတ်ပြီးပြောလိုက်လေရဲ့။
"လင်းရှီက ကျင့်ကြံရေးလောကထဲမှာ သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ။ မင်းတို့တွေဆီက ဒီလိုချီးကျူးစကားမျိုး မထိုက်တန်ပါဘူး"
သခင်လေး လင်းရှီက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့အသံကို ခါတိုင်းနဲ့ တစ်ပုံစံတည်းဖြစ်အောင် ကြိုးစားပြီး လုပ်ယူလိုက်တယ်။
"ဒီနေ့တော့ နောက်ကျနေပါပြီ၊ ဒီတော့ မင်းတို့တွေ အိမ်ကမိသားစုတွေ မစိုးရိမ်ရအောင် စောစောအိမ်ပြန်သင့်ပါတယ်"
သူ့စကားဆုံးသွားတာနဲ့ အမျိုးသမီး ကျင့်ကြံသူတွေကြားထဲမှာ ဆူညံ့ပွက်လောရိုက်သွားတော့တယ်။ သူတို့ထဲက တချို့က အလွန်မှ ဝမ်းသာပျော်ရွင်သွားပြီး အသက်မရှူနိုင်အောင် ဖြစ်သွားတော့တယ်။
ဒီအခိုက်အတန့်အတွင်းမှာပဲ မရေမတွက်နိုင်တဲ့ ဖွင့်ဟဝန်ခံသံ၊ ချီးမွမ်းသံတွေနဲ့ အသည်းအသန် အော်ဟစ်နေတဲ့အသံတွေက ငွေပုလင်းတစ်လုံး ပေါက်ကွဲသွားတဲ့ အသံလိုပါပဲ။
လေထုထဲမှာ အရူးအမူးနဲ့ ဝမ်းသာစိတ်လှုပ်ရှားမှုတွေ ပြည့်နှက်သွားတော့တယ်။ စူးလီက ရူးသွပ်နေတဲ့လူအုပ်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ သူမရဲ့မျက်နှာပေါ်မှာ ထူးဆန်းတဲ့အကြည့်တစ်ခုနဲ့ ကောင်းကင်းစာအုပ်ထဲက စကားလုံးတွေကို လှမ်းကြည့်မိလိုက်တယ်။
[ဒီအမျိုးသမီးကျင့်ကြံသူတွေက ဒါကိုသိရဲ့လား သူတို့ရဲ့သခင်လေး လင်းရှီက ...]
[နောက်ကွယ်မှာ ဖန်တွေနဲ့ အိပ်ပြီး ဖန်တွေဆီက သူတို့ရဲ့ဝိညာဥ်ကျောက်တုံးတွေကို လှည့်စားနေတယ်ဆိုတာကိုပေါ့]
...