အခန်း ၁၂၅
Vol. 9 Ch. 125
အပိုင်း (၁၂၅)
ကောင်းကင်ကလာတဲ့အသံကို ကြားနိုင်ကြတဲ့ ချန်းထျန်းဂိုဏ်းက အမျိုးသမီးကျင့်ကြံသူအားလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ တူညီတဲ့ဇဝေဇဝါ ဖြစ်သွားတဲ့အမူအရာနဲ့ နားမလည်နိုင်တဲ့အမူအရာတွေ ဖြစ်သွားကြတယ်။
ဖန်တွေနဲ့ အတူတူအိပ်တယ်ဆိုတာ ဘာလဲ။
ဖန်တွေဆိုတာ ဘာလဲ။
ဒါက သခင်လေးလင်းရှီနဲ့ ဘာဆိုင်လို့လဲ။
အပေါ်ဆုံးထပ်က သခင်လေးလင်းရှီကတော့ နေရာမှာတင် အေးခဲသွားတော့တယ်။ တခြားလူတွေက အပြင်လောကကလာတဲ့အသံ ပြောလိုက်တဲ့စကားကို နားမလည်ကြပေမဲ့ သူကတော့ ဘယ်လိုလုပ်ပြီး နားမလည်နိုင်ဘဲရှိမှာလဲ။
သူက လက်ကို တင်းနေအောင် ဆုတ်ထားလိုက်ပြီး သူရဲ့ကျောပြင်ပေါ်မှာ ချွေးအေးတွေ အလွှာလိုက် ထွက်လာတော့တယ်။ အပြင်လောကကအသံက ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒီနေရာမှာ ပေါ်လာတာပါလဲ။ သူက အခုတစ်လော ချန်းထျန်းဂိုဏ်းကို စိတ်ဝင်စားနေတာ မဟုတ်ဘူးလား။
သူက အပြင်လောကကလာတဲ့အသံကို ရှောင်ရှားဖို့ ချန်းထျန်းဂိုဏ်းကနေ မိုင်တစ်သိန်းရှစ်သောင်း ကွာဝေးတဲ့ ယွီယန်မြို့ကိုတောင် လာခဲ့ရတာလေ။
အခုတော့ သွားပါပြီ။ ဘယ်ကလာမှန်း မသိတဲ့အသံက သူ့လျှို့ဝှက်ချက်တွေအားလုံးကို သေချာပေါက် ပြောပြတော့မယ်။
ဒီလိုစဥ်းစားမိလိုက်ပြီး သူ့အမူအရာက ကြံရာမရဖြစ်သွားပြီး ရက်စက်ကြမ်းကြုတ်လာတော့တယ်။
သူက ဒီနေရာကနေ ဘယ်လိုထွက်သွားရမယ်ဆိုတာကို ကမန်းကတမ်း စဥ်းစားနေတုန်းမှာပဲ အပြင်လောကကလာတဲ့အသံက ခပ်တိုးတိုးလေး ထွက်လာခဲ့ပြန်တယ်။
[သခင်လေးလင်းရှီရဲ့ အကျင့်စရိုက်က ဒီလောက်အထိ ဆိုးရွားလိမ့်မယ်လို့ ငါ တကယ်ထင်မထားခဲ့ဘူး]
စူးလီက ကောင်းကင်စာအုပ်ကို ကြည့်လိုက်ပြီး ခေါင်းခါရင်း သက်ပြင်းချလိုက်တယ်။
[သူက နေရာတစ်နေရာကို ရောက်လာပြီဆိုတာနဲ့ သူ့ကို စွဲလမ်းနေကြတဲ့ အမျိုးသမီးကျင့်ကြံသူတွေထဲက တချို့ကို သေသေချာချာလေး ရွေးချယ်ပြီး သူ့တို့ကို အိပ်ရာပေါ်မှာ လှည့်စားဖို့ နည်းလမ်းတစ်ခုရှာကြံပြီး သူတို့နဲ့အတူတူ မကြားဝံ့မနာသာ တစ်ခုခုကို လုပ်တော့တယ်]
[ဟမ်]
[သူ နိုးလာတဲ့အချိန်တိုင်း အတင်းအဓမ္မ ပြုမူခံနေရတဲ့ စင်ကြယ်ပြီး သိက္ခာရှိတဲ့လူတစ်ယောက်လို ဟန်ဆောင်ပြီးတော့... အမျိုးသမီးနစ်နာသူတွေဆီကနေ လျော်ကြေးငွေတွေ တောင်းသတဲ့လား]
[သူက ဒါကို တိုက်ရိုက်မပြောပေမဲ့ သူက ခေါင်းခါပြီး အကြိမ်တိုင်း မျက်မှောင်ကျုံ့ပြီး သက်ပြင်းချပြတယ်လေ။ ဒါပေမဲ့ သူ့ဖန်တွေကတော့ ဒါကို သည်းမခံနိုင်ဘူးပေါ့။ သူတို့တွေက သူ့ကို စွန်းထင်စေခဲ့မိပြီလို့ပဲ တွေးကြတာလေ။ အဲ့ဒီနောက်မှာတော့ သူ့ကို ဝိညာဥ်ကျောက်တုံးတွေ ဝိညာဥ်ရတနာတွေကို လျော်ကြေးအဖြစ် ကပျာကယာနဲ့ ပေးကြတော့တယ်...]
[သူက ကောင်းကင်ကိုတောင် တိုင်တည်ပြီး ပြောလိုက်သေးတယ်လေ။ သူက သူတို့တွေကြားမှာ ဖြစ်ပျက်ခဲ့တဲ့အရာကို တတိယလူကို ဘယ်တော့မှ မပြောပြပါဘူး တဲ့...]
ကောင်းကင်တာအို စူးလီက ဒါကိုတွေ့လိုက်ရပြီး သူ့မျက်လုံးတွေကို ရုတ်တရက် မှိတ်ထားမိလိုက်တော့တယ်။
သူက ကျိန်ဆိုတဲ့အခါကျရင် တကတည်း ငါ့နာမည်ကို သုံးသတဲ့လေ။
သူမကတော့ သူမရဲ့ဂုဏ်သတင်း ပျက်စီးပါပြီလို့ပဲ ခံစားရတယ်။
သူမက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကိုယ့်ဟာကို ပြန်ပြီးမေးခွန်းထုတ်လိုက်တော့တယ်။
[ဒီသခင်လေးလင်းရှီ ဆိုတဲ့လူက ဘာဖြစ်လို့ အဲ့လောက်တောင် ယုတ်မာပြီးတော့ ရွံ့စရာကောင်းနေတာပါလဲ]
[ပြီးတော့ ဒီအမျိုးသမီးကျင့်ကြံသူတွေက တကယ်ပဲ သူတို့မှာ ဘာသံသယမှ မရှိဘူးတဲ့လား]
နေရာမှာရှိနေကြတဲ့ အမျိုးသမီးကျင့်ကြံသူတွေအားလုံးက ငေးကြောင်ကြောင်နဲ့ ရပ်နေမိတော့တယ်။
သူတို့တွေက အချိန်အကြာကြီး မှင်တက်အံ့သြနေကြပြီးနောက်တော့ အပြင်လောကကလာတဲ့ စကားသံရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားတော့တယ်။
သခင်လေးလင်းရှီက ဘယ်လိုလုပ်ပြီး... တခြားအမျိုးသမီး ကျင့်ကြံသူတွေနဲ့ ပတ်သက်နေရတာလဲ။
သခင်လေးလင်းရှီက သူ့ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး သူ့ရဲ့ဖြူစင်တဲ့စိတ်ကြောင့် ကျင့်ကြံရေးလောကထဲမှာ နာမည်ကြီးတာလေ။ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးက သူ့ကို သူတို့ရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ထုတ်ပြခဲ့တယ်ဆိုရင်တောင် သူက ဘယ်တော့မှ တုံ့ပြန်မှာမဟုတ်ဘဲ အကြိမ်တိုင်းသူ တို့ကို ညင်ညင်သာသာနဲ့ ငြင်းပစ်လိုက်တာကြီးပဲ။
သခင်လေးလင်းရှီက တခြားလူတွေကို အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့တာကို သူတို့အားလုံး မြင်ခဲ့ဖူးသားပဲလေ။ သူက ဘယ်လိုလုပ်ပြီး... ကောင်းကင်ကလာတဲ့စကားသံ ပြောသလိုဖြစ်နေမှာလဲ။
ကောင်းကင်ကလာတဲ့စကားသံက ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူးဆိုတာကို သူတို့အားလုံး သိနေကြပေမဲ့လည်း ဒီအချိန်မှာတော့ သူတို့တွေက သူတို့ရဲ့စိတ်ထဲမှာ ကိုယ့်ဟာကို နှစ်သိမ့်နေရင်းသာ တတ်နိုင်တော့တယ်။
ဒါက အပြင်လောကကစကားသံ မှားတာပဲနေမှာပါ။
ဟုတ်တယ်။ ကောင်းကင်တာအိုက နေ့တိုင်းအလုပ်များနေတာလေ ဒီတော့မတော်တဆ အမှားတွေ လုပ်မိသွားတာလဲ ပုံမှန်ပါပဲ...
အပြင်လောကကလာတဲ့ စကားသံရဲ့ နောက်ထပ်စကားသံက သခင်လေးလင်းရှီရဲ့နာမည်ကို ရှင်းလင်းပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
စူးလီကတော့ အမျိုးသမီးကျင့်ကြံသူတွေ စဥ်းစားနေတဲ့အကြောင်းအရာကိုတော့ မသိလေဘူး။ သူမက ကောင်းကင်စာအုပ်ထဲက အကြောင်းအရာတွေကို တကယ့်ကိုစိတ်ဝင်တစားနဲ့ ဖတ်ရှုနေတော့တယ်။ ဒီသခင်လေးလင်းရှီက... ကျင့်ကြံရေးလောကထဲမှာ စျေးကွက်တင်ပြီးရောင်းချတဲ့ ပထမဦးဆုံး တီထွင်ကြံဆသူတစ်ယောက်ပဲ...
[သူ ဒီလို ကျင့်ကြံရေးလောကထဲမှာ အရမ်းကြီးနာမည်ကြီးနေရတဲ့ အကြောင်းအရင်းကလည်း သူရဲ့သိမ်မွေ့ချောမောတဲ့ မျက်နှာကြောင့် မဟုတ်ပါဘူး...]
[အရင်ဆုံး သူက ခေတ်မီတဲ့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ အလှအပ ခံစားတတ်တဲ့ပုံကို အချိန်အကြာကြီး လေ့လာခဲ့တယ်လေ။ ပြီးတော့ သူ့ကိုယ်သူ ခေါင်းကနေခြေအဆုံး ပြုပြင်တော့တာပေါ့...]
[ဟားဟားဟား သူက သူ့ကိုယ်သူ လျှို့ဝှက်မိသားစုထဲက သခင်လေးတစ်ယောက်ဆိုပြီး အဆင့်အတန်းတစ်ခုကိုတောင် လုပ်ကြံထားလိုက်သေးတယ်]
[တစ်ယောက်ယောက်က ဒါကို မသိချင်ကြဘူးတဲ့လား။ ဒီလောက်တောင်ကြာနေပြီလေ။ သူက ဘယ်မိသားစုက လာတယ်ဆိုတာကို ဘာဖြစ်လို့တစ်ယောက်ယောက်ကများ မသိကြတာလဲ]
[ဟားဟားဟား ဒါပေါ့သူက ဒါတွေအားလုံးကို လုပ်ကြံပြောဆိုထားတာကြောင့်လေ]
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အမျိုးသမီးကျင့်ကြံသူတွေ တော်တော်များများက သတိဝင်လာတော့တယ်။ သူတို့ရဲ့မျက်နှာပေါ်က စိတ်အားထက်သန်မှုတွေကလည်း တဖြည်းဖြည်းနဲ့ အေးခဲသွားပြီး ဆင်ခြင်တုံတရားက သူတို့ရဲ့မျက်လုံးထဲ ပြန်လည်ရောက်ရှိလာတယ်။
ကြည့်ရတာ... အမှန်ပဲဖြစ်ရမယ်။
သခင်လေးလင်းရှီကို မိတ်ဆက်ပေးတဲ့အချိန်တိုင်း သူက လျှို့ဝှက်တဲ့မိသားစုတစ်ခုက မျိုးဆက်တစ်ယောက်ဆိုပြီး အမြဲတမ်း ပြောတတ်ကြတယ်။ ဒါပေမဲ့ ဘယ်မိသားစုလဲဆိုတာတော့ ဘယ်သူကမှ အတိအကျ မပြောနိုင်ကြဖူးဘူးလေ။
သခင်လေးလင်းရှီရဲ့ လျှို့ဝှက်မိသားစုကဆိုတဲ့ အချက်အလက်က မှားနေတာဆိုရင်...
အပြင်လောကကလာတဲ့အသံက ဆက်ပြီးပြောလိုက်တယ်။
[သူရဲ့မိသားစုနောက်ခံက အတုအယောင်ဖြစ်တဲ့အပြင် အစပိုင်းတုန်းက သူ့ကို စွဲလမ်းနှစ်သက်နေတယ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးကျင့်ကြံသူတွေကတောင် အတုတွေတဲ့]
[ဟားဟားဟား သူက သူရဲ့ ယာယီအိမ်တော်ထဲမှာ သူ့ကိုအမဲလိုက်ပြီး ဖြတ်ခုတ်တယ်ဆိုတဲ့ပုံစံလုပ်ဖို့ လူအများကြီးကို ငှားဖို့ သူ့ရဲဝိညာဥ်ကျောက်တုံးတွေကိုတောင် သုံးထားတာတဲ့လေ]
[သူက ဒီလို အကြိမ်အနည်းငယ်လေး ထပ်လုပ်လိုက်တယ်ဆိုရင်ပဲ သူရဲ့ဂုဏ်သတင်းက သတင်းပျံ့သွားပြီလေ...]
စူးလီက ခဏလောက် တုံ့ဆိုင်းသွားပြီး ဒီစကားကို မြင်လိုက်ရလေသည်။
[ဒီလိုပြောလို့ အခုဆိုရင် သခင်လေးလင်းရှီက တော်တော်လေးကို ချမ်းသာသွားတာပဲ...]
[နောက်ထပ်အဆင့်ခုနှစ် ဝိညာဥ်စွမ်းအင်ရတနာတွေ သူရဲ့လက်တစ်ချက် ဝေ့ယမ်းလိုက်တာနဲ့ သူက ဂေဟာတစ်ခုလုံးကို ကြိုပြီးတော့ ငှားရမ်းနိုင်ခဲ့တယ်]
[တကယ်ပါ]
[ဒီသခင်လေးလင်းရှီက အစတုန်းကတော့ သာမန်ကျင့်ကြံသူတစ်ယောက်ပါပဲ။ ပြီးတော့ သူ့မှာလည်း ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိတာ လုံးဝမဟုတ်ခဲ့ဘူး...]
[အခုကျတော့ သူက ငွေတွေကို အများကြီးသုံးနိုင်ပြီ။ အသုံးအဖြုန်းကြီးချင် ဟန်ဆောင်နေသတဲ့လေ။ ဒါပေမဲ့ ဒါတွေက အားလုံးကလည်း ဒီအရူးအမူးဖြစ်နေကြတဲ့ ဖန်တွေရဲ့ အထောက်အပံ့ကြောင့်ပဲပေါ့]
ဒီအချိန်မှာတော့ စူးလီက တိမ်လွှာကြေးမုံထဲက လူအုပ်ကြီးကို မော့ကြည့်လိုက်ပြီး ခေါင်းခါလိုက်တော့တယ်။
[သခင်လေးလင်းရှီကို ဒီနေရာအထိ လာကြည့်ရတာ ဒီလူတွေ အများကြီးအတွက်တော့ ဝိညာဥ်ကျောက်တုံး အများကြီး ကုန်ကျမှာပဲ ဟုတ်တယ်မလား]
[ဒီဝိညာဥ်ကျောက်တုံးတွေ အားလုံးကလည်း သခင်လေးလင်းရှီရဲ့ အိတ်ကပ်ထဲကို ရောက်သွားကြတာတဲ့...]
[နင်တို့တွေ ပိုက်ဆံအများကြီး သုံးထားတဲ့ သခင်လေးလင်းရှီနဲ့ပတ်သက်တဲ့ အဲ့ဒီပစ္စည်းတွေကလည်း...]
[ကျွတ် ကျွတ် သူက တကယ့်ကိုချမ်းသာအောင် လုပ်နိုင်ခဲ့တာပဲ]
[ခဏနေပါအုံး... သူက သူတစ်ညတာ ကုန်ဆုံးခဲ့တဲ့ အမျိုးသမီးကျင့်ကြံသူတွေဆီကနေလည်း ဝိညာဥ်ကျောက်တုံးတွေ အများကြီးကို လှည့်စားခဲ့သေးတယ်တဲ့]
[သူ့လှည့်စားခံလိုက်ရတဲ့ တစ်စုံတစ်ယောက်ဆိုရင် သူရဲ့ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးသွားသလောက်ပဲတဲ့]
[ဒီသခင်လေးလင်းရှီက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ ယုတ်မာနိုင်ရတာလဲ]
ဒီစကားကို ကြားလိုက်ပြီးတဲ့နောက်မှာ သခင်လေးလင်းရှီရဲ့ လှည့်စားတာခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်က ဆက်ပြီးတော့ သည်းမခံနိုင်တော့ဘဲ ထွက်ရပ်လိုက်ပြီး သူမရဲ့အသံက တုန်ယင်လို့နေတယ်။
"လွန်ခဲ့တဲ့ သုံးရက်တုန်းက ကျွန်မ သခင်လေးလင်းရှီနဲ့ မမျှော်လင့်ဘဲ တွေ့ခဲ့တယ်လေ။ သူက ကျွန်မကို သူနဲ့အတူတူသောက်ပြီး ကဗျာရေးဖို့ဖိတ်ခဲ့တယ်။ ကျွန်မကလည်း အရမ်းကို ဝမ်းသာသွားပြီး တစ်ခွက်နှစ်ခွက်လောက် သောက်ယုံနဲ့ပဲ မူးသွားတော့တာပေါ့။ ကျွန်မ နိုးလာတဲ့အချိန်မှာတော့ ကျွန်မ..."
ဒီအချိန်မှာတော့ အမျိုးသမီးကျင့်ကြံသူရဲ့မျက်လုံးတွေက နောင်တရတဲ့ အရိပ်အယောင်တစ်ခု ထုတ်ပြနေတယ်။
"နိုးလာပြီးတဲ့နောက်မှာတော့ သခင်လေးလင်းရှီက ပြောတယ်လေ။ ကျွန်မက သူ့အပေါ် မကောင်းတဲ့စိတ်ကူးတွေ ရှိတယ်တဲ့။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပိတ်ဆို့နေခဲ့တာတဲ့။ သူ့မှာ ငြင်းဆန်ဖို့ အင်အားမရှိခဲ့ဘူးတဲ့..."
အခုလေးတင် ကောင်းကင်ကလာတဲ့စကားသံ ပြောလိုက်တာကို ပြန်စဥ်းစားမိပြီး သူမက မျက်ရည်အပြည့်ပါနေတဲ့ အသံတစ်ခုနဲ့ အော်ပြောလိုက်တော့တယ်။
"အဲ့လိုနဲ့ သူက ကျွန်မမိသားစုရဲ့ အဖိုးတန်ဆုံး အမွေအနှစ်တစ်ခုကို လိမ်ယူသွားခဲ့တယ်လေ။ အဆင့်ခြောက်ချစ်ခြင်းတရားပလွေပေါ့"
ဒီအချိန်မှာပဲ လှည့်စားခံလိုက်ရတဲ့ အမျိုးသမီးကျင့်ကြံသူ တော်တော်များများကလည်း ထွက်ရပ်လာကြပြီး သခင်လေးလင်းရှီရဲ့ လှည့်စားခံခဲ့ရတဲ့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြန်ပြောပြတော့တယ်။
အပေါ်ဆုံးထပ်က သခင်လေးလင်းရှီက အောက်ကအသံတွေကို နားထောင်ပြီး ချွေးသီးချွေးပေါက်တွေက သူ့နဖူးပေါ်မှာ တွဲခိုလာတော့တယ်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ထွက်ပြေးဖို့လမ်းကြောင်းတစ်ခု ကြိုးစားရှာဖွေနေတယ်။
ဒါပေမဲ့လည်း ရာချီတဲ့ အမျိုးသမီးကျင့်ကြံသူတွေက အပေါ်ဆုံးထပ်ကို တင်းတင်းကြပ်ကြပ် ဝန်းရံထားပြီး ဖြစ်နေတယ်လေ။ အဝေးမှာရှိနေတဲ့ ယင်းမာပင် အမြင့်ကြီးနားမှာတောင် ပုန်းနေကြတဲ့ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးရှိနေပြီး သူတို့ထဲကတချို့ကတော့ သူ့ထက်ပိုပြီးတော့ အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေဖြစ်နေတယ်...
ဒါက ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်တော့မှာလဲ။
သခင်လေးလင်းရှီက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး အချိန်တော်တော်ကြာအောင် တုန်ယင်နေတော့တယ်။ ဒါပေမဲ့ သူ့မှာ စကားတစ်ခွန်းမှ မပြောနိုင်ရှာဘူး။
ဒီအချိန်မှာတော့ အမျိုးသမီးကျင့်ကြံသူတွေ အများကြီးက သတိပြန်ဝင်လာပြီး သူတို့ရဲ့မျက်နှာပေါ်မှာ စိတ်ပျက်သွားတဲ့ အမူအရာတစ်ခုနဲ့ အပေါ်ဆုံးထပ်ကို လှမ်းကြည့်နေကြတယ်။
တချို့အမျိုးသမီးတွေကတော့ သူတို့ဝယ်လာခဲ့တဲ့ သခင်လေးလင်းရှီနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို မြေကြီးပေါ်ကို ပစ်ပေါက်လေတော့တယ်။
ဒါပေမဲ့လည်း အမှန်ပါပဲ။ ဘယ်လောကမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ် တချို့သောဖန်စစ်စစ်တွေနဲ့ အမာခံဖန်တွေကတော့ အမြဲတမ်းရှိနေလေရဲ့။
သခင်လေးလင်းရှီလုပ်ထားခဲ့တဲ့ မကောင်းမှုတွေကို ငြင်းဆန်မရနိုင်တဲ့ သက်သေတွေ ရှိနေပေမဲ့လည်း သူ့အဆင့်အတန်း ရာထူးနဲ့ ချမ်းသာမှုတွေအားလုံးက အတုအယောင်မှန်း သိနေကြပေမဲ့လည်း အမျိုးသမီးကျင့်ကြံသူကတော့ ခေါင်းမာပြီးစွဲလမ်းနေတုန်းပဲ။
"သခင်လေးလင်းရှီက အရမ်းကို... အရမ်းကိုချမ်းသာတာပါ၊ သူက ဘယ်လိုလုပ်ပြီးတော့ ရှင့်တို့ရဲ့လက်ထဲက အလယ်အဆင့် ဝိညာဥ်ရတနာတွေကို မက်မောပါ့မလဲ၊ လှပတင့်တယ်အောင် ဝတ်စားထားတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ထွက်ရပ်လိုက်ပြီး သူမရဲ့မျက်လုံးကလည်း ပြတ်သားနေကာ သူမရဲ့အသံထဲမှာလည်း သခင်လေးလင်းရှီကို သံသယဝင်တဲ့အရိပ် တစ်ခုမှမရှိလေဘူး။
"တကယ်လို့ သူက ဒါကိုကြိုက်တယ်ဆိုရင် ကျွန်မက သူ့ကို အချိန်မရွေး မရေမတွက်နိုင်တဲ့ ဝိညာဥ်ရတနာတွေကို ပေးလို့ရပါတယ်။ သူက ဘာဖြစ်လို့ ရှင်တို့တွေဆီက ပစ္စည်းကိုရဖို့ ဒီလိုနည်းလမ်းကိုသုံးမှာလဲ"
သူမရဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ ကျင့်ကြံသူတစ်ယောက်က ပြန်ချေပလိုက်တယ်။
"ဒါပေမဲ့ သခင်လေးလင်းရှီရဲ့ မိသားစုနောက်ခံက အမှန်တကယ် မဟုတ်ဘူးဆိုတာ ငါ ကြားထားတာ ကြာနေပြီ၊ အခုသူမှာရှိတဲ့ ဝိညာဥ်ကျောက်တုံးတွေနဲ့ ဝိညာဥ်ရတနာ အများစုကလည်းပဲ သူ့ကိုကြိုက်နှစ်သက်တဲ့ လှည့်စားခံထားရတဲ့ ကျင့်ကြံသူတွေဆီကနေ ရထားတာပဲ"
"သူက ဝိညာဥ်ကျောက်တုံးတွေကို လိမ်လည်သွားတာ။ ဒီတော့သူက ဝိညာဥ်ရတနာတွေကို ဆက်ပြီးတော့ လိမ်လည်နေအုံးမှာ "
"ကျင့်ကြံရေးလောကထဲက လူတွေအများကြီးက သခင်လေးလင်းရှီရဲ့ အလှအပနဲ့ အရည်အချင်းကို မနာလို့ဖြစ်နေကြပြီး မသိသာတဲ့ ယုတ်မာတဲ့နည်းလမ်းတွေ အများကြီးနဲ့ မတတ်သာတဲ့အဆုံး ဖြေရှင်းနေရတာ"
ဒီလူရဲ့ ပြန်လည်ချေပတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ နောက်ထပ် အရူးအမူးစွဲလမ်းနေတဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ထွက်ရပ်လိုက်ပြီး ဒီနေ့ဖြစ်သွားခဲ့တဲ့ အရာအားလုံးကို တခြားသူဆီကို ပြန်လွှဲချလိုက်တော့တယ်။
"တချို့သူတွေက အဲ့ဒီမကောင်းတဲ့သူတွေရဲ့ လာဘ်ထိုးတာ ခံထားရပြီးတော့ ဒီနေရာမှာ သခင်လေးလင်းရှီကို လာပြီးချောက်ချတာနေမှာပေါ့"
"ဟုတ်တယ်"
သူမ စကားဆုံးသွားတာနဲ့ ချက်ချင်း တစ်စုံတစ်ယောက်က ထွက်လာပြီး ထောက်ခံပြန်တယ်။
"ငါ ကြားထားတာတော့ သိပ်မကြာခင်တုန်းက သခင်လေးယွီယန်က ပေါ်ထွက်လာတယ်တဲ့။ သူက ငါတို့ရဲ့ သခင်လေးလင်းရှီကို တိတ်တိတ်ကလေး အတုခိုးနေတာလေ။ ဒီနေ့ဒီလိုလုပ်ခဲ့တဲ့သူကလည်း သူဖြစ်နိုင်တယ်"
"ငါလည်း ဒီအကြောင်းကို ကြားခဲ့ဖူးတယ်။ အဲ့ဒီသခင်လေးယွီယန်က သူက ဘယ်လိုလူမျိုးလဲဆိုတာကိုတောင် မသိပါဘူး။ သူ့က သူ့ဟာသူများ သခင်လေးလင်းရှီနဲ့ နှိုင်းယှဥ်ရဲတယ်။ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းတွေကိုတောင် သုံးရဲသေးတယ်"
ဒီနေရာကို ရောက်လာကြတဲ့ လူအများစုက သခင်လေးလင်းရှီရဲ့ အရူးအမူးစွဲလမ်းနေကြတဲ့ ဖန်တွေဖြစ်နေတော့တယ်။ သူတို့ထဲကတချို့က အသိစိတ်ပြန်ဝင်လာကြပေမဲ့လည်း တော်တော်များများကတော့ ခေါင်းမာပြီး သူတို့ရဲ့သခင်လေးလင်းရှီက မှားယွင်းစွပ်စွဲခံရပြီး ဒီနေ့ဖြစ်သမျှ အားလုံးကလည်း တစ်ယောက်ယောက်က သူတို့သခင်လေးလင်းရှီကို ဒုက္ခပေးဖို့ကြိုးစားနေတာလို့ပဲ ထင်နေကြတော့တယ်။
ဒီလူတွေက အရမ်းကို အင်အားကြီးတာကြောင့် သူတို့တွေက ဆင်ခြင်ဉာဏ်ရှိတဲ့အသံတွေကို မြန်မြန်ဖိနိုပ်ထားခဲ့တယ်။
သခင်လေးလင်းရှီက အောက်ကနေပြီး သူ့ကိုထောက်ခံပေးတဲ့အသံကို ကြားလိုက်ရတဲ့အချိန်မှာ သူ့မျက်နှာပေါ်မှာ ကြောက်စိတ်ဝင်သွားတဲ့ အမူအရာက တဖြည်းဖြည်း တည်ငြိမ်လာပြီး သူ့မျက်လုံးထဲမှာ ဝင့်ကြွားထားတဲ့ အရိပ်အယောင်တစ်ခု ပေါ်လာတော့တယ်။
အပြင်လောကကလာတဲ့အသံက သူ လုပ်ခဲ့တဲ့အရာတွေကို သူတို့ကို ပြောပြတယ်ဆိုရင်တောင် သူတို့တွေက ဒါကိုယုံမှာ မဟုတ်ဘူးလေ။
သူတို့တွေက ဒါကိုမယုံတဲ့အပြင် သူတို့တွေက ဆင်ခြေရှာဖွေပေးဖို့ နည်းလမ်းတွေတောင် ရှာပေးလိုက်သေးတယ်။
ဒီနေ့ကိစ္စပြီးသွားရင်တော့ သူကအရာအားလုံးကို သခင်လေးယွီယန်ပေါ်ကို ပုံချလို့ရပြီ။ ဒီလိုဆိုရင်တော့ လူတွေက သူ့အတွက် ပိုပြီးစိတ်မကောင်းဖြစ်လာပြီး သူ့ကို ဝိညာဥ်ကျောက်တုံးတွေ ပေးလာကြတော့မယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်နှာပေါ်ကအမူအရာက ပိုပိုပြီးတော့ ဝင့်ကြွားလာတော့တယ်။
စူးလီက တိမ်လွှာကြေးမုံထဲကနေ ထွက်လာတဲ့ သခင်လေးလင်းရှီကို ထောက်ခံနေကြတဲ့ စကားသံတွေကို နားထောင်လိုက်ပြီး သူမရဲ့အမူအရာက တည်ငြိမ်နေလေတယ်။
သူမက ခေတ်သစ်မှာ ဖရဲသီးစားတုန်းက ဒီထက်ပိုပြီးရူးသွပ်ပြီး ဆင်ခြင်တုံတရား မရှိတဲ့ဖန်တွေကို မြင်ခဲ့ပြီးပြီလေ။
ဒါက အစပဲ ရှိပါသေးတယ်။
ဒီအချိန်မှာပဲ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က မသိမသာ မျက်မှောင်ကျုံ့လိုက်ပြီး တခြားထောက်ခံသူတွေနဲ့ လုံးဝမတူအောင် တစ်ခုခုကိုပြောလိုက်တော့တယ်။
"တကယ်လို့ သခင်လေးလင်းရှီရဲ့နောက်ခံက အတုအယောင်ဆိုရင်တောင်..."
စူးလီက ဒီလိုသိမ့်မွေပြီး အားနည်းတဲ့အသံကို ကြားလိုက်ရတဲ့အခါ ကောင်းကင်စာအုပ်ကို လှန်လှောနေတဲ့ သူမရဲ့သိစိတ်က မသိမသာ တုံ့ဆိုင်းသွားတော့တယ်။ သူမက ခေါင်းကိုမော့လိုက်ပြီး စိတ်ဝင်တစားနဲ့ တိမ်လွှာကြေးမုံကို ကြည့်လိုက်ကာ သူမက သခင်လေးလင်းရှီကို ဘယ်လိုစွပ်စွဲမလဲဆိုတာကို ကြားမိချင်သွားတော့တယ်။
အဲ့ဒီနောက်မှာတော့ သူမက ထိုအမျိုးသမီးကျင့်ကြံသူပြောလိုက်တဲ့ နောက်စကားကို ကြားလိုက်ရတော့တယ်။
"သူ အခုဒီနေရာကို ရောက်လာအောင် သခင်လေးလင်းရှီက ဘယ်လောက်များပြားတဲ့ မတရားမှုတွေကို သည်းခံခဲ့ရပါလိမ့်"
စူးလီ...
တိမ်လွှာကြေးမုံထဲမှာ ထောက်ခံပြီး ကိုယ်ချင်းစာနေတဲ့အသံတွေကို နားထောင်လိုက်ပြီး သူမက သူမရဲအကြည့်ကို ပျင်းပျင်းရိရိနဲ့ ပြန်ရုတ်သိမ်းလိုက်ကာ ကောင်းကင်စာအုပ်ကို ထပ်ပြီးလှန်လှောလိုက်တယ်။
စာရွက်ပေါ်ကစာလုံးတွေကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမက မျက်နှာပေါ်မှာ အေးအေးလူလူနဲ့ ကိုယ့်ဟာကို ကျေနပ်နေတဲ့ရုပ်တစ်ခုနဲ့ အပေါ်ထပ်မှာရှိနေတဲ့ သခင်လေးလင်းရှီကို မော့ကြည့်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားတော့တယ်။
[သခင်လေးလင်းရှီက ဘာဖြစ်လို့များ သာမန်ထက် နည်းနည်းလေးပဲပိုတဲ့ ရုပ်ရည်တစ်ခုပဲ ရှိတာကို ဒီလောက်များပြားတဲ့ အမျိုးသမီးကျင့်ကြံသူတွေက စျေးကွက်ကိုပဲ အခြေခံပြီး ဘာပဲဖြစ်ဖြစ်ဆိုပြီး ဘယ်လိုလုပ်ပြီး သူ့ကို ထောက်ခံနေနိုင်တာလဲ မှတ်ပါတယ်]
[သူရဲ့ခါးပေါ်က မှော်ဖန်လုံးကြောင့် ဖြစ်နေတာကိုး]
[မှော်ဖန်လုံးက အဆင့်ခြောက်ဝိညာဥ်လက်နက်ပဲ သူက အဆင့်မြင့်တယ်လို့ မထင်ရဘဲ အလွယ်တကူ ပျက်စီးနိုင်ပေမဲ့လည်း ဒါက တခြားသူတွေရဲ့စိတ်ကို ဝေဝါးသွားအောင် လုပ်နိုင်တယ်လေ။ မဟာယန ကျင့်ကြံသူတစ်ယောက်ကတောင် ဒါကိုအာရုံခံနိုင်မှာ မဟုတ်ဘူး]
[ဒါက ကိုင်ဆောင်ထားတဲ့သူကို တခြားသူတွေရဲ့မျက်လုံးထဲမှာ စွဲလမ်းသွားစေပြီး ဆန့်ကျင့်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့အပြင် သူတို့တွေကိုလည်း အရူးအမူး စွဲလမ်းသွားအောင်လုပ်နိုင်တယ်]
...ဒီလိုပဲပေါ့
...[မှော်ဖန်လုံးက ကိုင်ဆောင်သူရဲ့ရုပ်သွင်ကို တကယ်ပဲ ပြောင်းလဲနိုင်တယ်တဲ့ ]
သခင်လေးလင်းရှီရဲ့ ဘဝင်ခိုက်နေတဲ့ရုပ်က ရုတ်တရက် အေးခဲသွားတော့တယ်။
[သူ ဒီမှော်ဖန်လုံးကို ဆောင်ထားတာ ဆယ်စုနှစ်တောင်ရှိလာပြီလေ။ သူက ဒီမှော်ဖန်လုံးရဲ့ တည်ရှိမှုကို မေ့တောင်မေ့နေပြီ။ သူက သူရဲ့အခုပုံစံအတိုင်းပဲ ကိုယ့်ဟာကို ပိုင်ဆိုင်ထားတယ်လို့ထင်နေတာပဲ။]
သူက အတိုင်းအတာတစ်ခုအထိ ကူကယ်ရာမဲ့သွားသလို သူရဲ့ညာဘက်လက်ကို ဆန့်တန်းလိုက်ပြီး သူရဲ့ဘယ်ဘက်ခါးကို အုပ်ထားလိုက်တော့တယ်။
ဒါကို မြင်လိုက်တဲ့အခါ သူမက ခေါင်းကိုမော့လိုက်ပြီး အပေါ်ထပ်က သခင်လေးလင်းရှီကို ကြည့်လိုက်ကာ တွေးတွေးဆဆနဲ့ ပြောလိုက်တော့တယ်။
[သူ့မျက်နှာက ဘာလို့ထူးဆန်းနေတာလဲလို့ စဥ်းစားနေတာ ဒါက သူ့တကယ့်မျက်နှာမှ မဟုတ်ဘဲ]
[တစ်ယောက်ယောက်ကများ ဒီအချိန်မှာ သခင်လေးလင်းရှီရဲ့လက်ထဲက မှော်ဖန်လုံးကို ယူသွားခဲ့မယ်ဆိုရင်တော့...]
...