အခန်း ၁၂၆
Vol. 9 Ch. 126
အပိုင်း (၁၂၆)
သူမရဲ့စကား မဆုံးသေးခင်မှာပဲ ထက်ရှတဲ့ဓားစွမ်းအင်တစ်ခုက သခင်လေးလင်းရှီရဲ့လက်ကို ရိုက်ချပြစ်လိုက်တော့တယ်။
သခင်လေးလင်းရှီက အချိန်မီ မရှောင်နိုင်လိုက်ဘဲ သူ့လက်ထဲက မှော်ဖန်လုံးကို ဓားစွမ်းအင်နဲ့ ရိုက်မိသွားတော့တယ်။ မရေမတွက်နိုင်တဲ့ အနီရောင်ပုတီးလုံးတွေ ကြမ်းပြင်ပေါ်ကို ကျသွားတဲ့အသံနဲ့အတူ သူက ဖြည်းဖြည်းချင်း သူရဲ့မူလရုပ်သွင်ကို ပြောင်းလဲသွားတော့တယ်။
သူ့ဘေးကခန်းစီးတွေကိုလည်း အနေအထားတစ်ခုအဖြစ် ဖယ်ရှားခဲ့ပြီးဖြစ်တယ်။ သူ့မျက်နှာက အားလုံးရဲ့မြင်ကွင်းထဲမှာ ဘာအတားအဆီးမှ မရှိဘဲ ပေါ်ထွက်လာလေတယ်။
ဒီမျက်နှာက ချောမောလှပတယ်ဆိုတဲ့ စကားနဲ့ ဘာမှမသက်ဆိုင်လေဘူး။
သေးပြီးကျဥ်းတဲ့မျက်လုံး၊ နှာခေါင်းပြားပြား၊ နှုတ်ခမ်းထူထူနဲ့ မရေမတွက်နိုင်တဲ့ အစက်အပြောက်တွေ ရှိနေတဲ့ အသားအရေ...
ဒီမျက်နှာကြီးက ဒုတိယတစ်ခါတောင် လုံးဝမကြည့်ချင်တဲ့ မျက်နှာမျိုးပဲ။
နက်နက်နဲနဲ ချစ်မြတ်နိုးပါတယ်ဆိုတဲ့ အမူအရာတစ်ခုနဲ့ သခင်လေးလင်းရှီကို ကာကွယ်ပေးဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကျင့်ကြံသူက ရှုပ်ထွေးသွားပြီး ဖော်ပြဖို့ခက်ခဲတဲ့ အမူအရာတစ်ခုနဲ့ ဒီမျက်နှာကို ကြည့်နေမိတယ်။ ဒီထိတ်လန့်မှုထဲမှာ နားမလည်နိုင်တဲ့ အရိပ်အယောင်တစ်ခု။ စိတ်ရှုပ်မှုထဲမှာ နောင်တရတဲ့ အရိပ်အယောင်တစ်ခု။ နှမြောတသမှုထဲမှာ လုံးဝကို မသိသာတဲ့ ရွံရှာစိတ်တွေ ဖြစ်သွားတော့တယ်။
နောက်ဆုံးမှာတော့ အမူအရာတွေအားလုံးက အရင်ကမဖြစ်ဖူးတဲ့ လုံးဝဂရုမစိုက်တဲ့ ပုံစံတစ်ခုပြောင်းလဲ သွားတော့တယ်။
သူမက အေးစက်တဲ့မျက်နှာတစ်ခုကို ဆောင်ထားလိုက်ပြီး အံ့ကြိတ်ရင်း ပြောလိုက်တော့တယ်။
"ငါ့အထင်တော့ သခင်လေးလင်းရှီက လူကောင်းတစ်ယောက် တကယ်မဟုတ်ဘူးပဲ"
ဒီလိုရုပ်ရည်တစ်ခုနဲ့ သူမ သူ့အတွက်သုံးခဲ့တဲ့ ဝိညာဥ်ကျောက်တုံးတွေကို ပြန်စဥ်းစားမိလိုက်တယ်။ တစ်လလုံး သူ့အတွက်ရေးခဲ့တဲ့ အချစ်ကဗျာတွေကို ပြန်စဥ်းစားမိလိုက်ပြီး ...
သူမက ရုတ်တရက်ဆိုသလို ဗိုက်ထဲမှာ အော်ဂလီဆန်သွားတော့တယ်။
သူမက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ မမြင်နိုင်ခဲ့တာပါလဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ရုတ်တရက်ခေါင်းကို လှည့်လိုက်ကာ သူမနဲ့အတူတူ သခင်လေးလင်းရှီကို ထောက်ခံပေးခဲ့တဲ့ သူမဘေးက အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်တယ်။
ဒီအမျိုးသမီးကျင့်ကြံသူကလေ သူမလိုပဲ ဝိညာဥ်ကျောက်တုံးတွေ အများကြီးသုံးပေးခဲ့တဲ့ပုံပဲ။ ဝိညာဥ်ကျောက်တုံး လေးသောင်းကျော် ကုန်ကျခဲ့တဲ့ ဒီဇာနဲ့လုပ်ထားတဲ့ တဲအိမ်ကို သူမက ဝယ်ပေးထားတာလေ။
အမျိုးသမီးကျင့်ကြံသူရဲ့ မျက်နှာပေါ်က အမူအရာက သူမထက်တောင် အကြိမ်ရေအများကြီး ရှုပ်ထွေးသွားခဲ့တယ်။ သူမရဲ့လက်ကလည်း တဆတ်ဆတ်တုန်ယင်နေပြီး သူမရဲ့မျက်နှာကလည်း ဖြူဆုတ်သွားတော့တယ်။ နောက်ဆုံးတော့ သူမရဲ့အသံကို လည်ချောင်းထဲကနေ ညှစ်ထုတ်လိုက်ရတဲ့ပုံပါပဲ။ တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
"ဝိညာဥ်ကျောက်တုံးတွေ ပြန်ပေး"
သူမရဲ့ဝိညာဥ်ကျောက်တုံးတွေကို လေတွေက တိုက်ခတ်သွားတာ မဟုတ်ဘူးလေ။ သူမက ဆောင်ကြာမြိုင် တစ်ဆောင် ဆောက်ဖို့ ချောမောတဲ့ယောကျာ်းတွေကို ဘယ်လောက်တောင် အများကြီး ငှားနိုင်လိုက်မလဲ။
သခင်လေးလင်းရှီက သူ့ကို ဝါးစားမတတ် ကြည့်နေကြတဲ့ အောက်ကလူအားလုံးကို ကြည့်လိုက်ပြီး ကပျာကယာနဲ့ နောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်သွားမိတယ်။
သူက လက်တစ်ဖက်နဲ့ သူ့မျက်နှာကို အုပ်ထားလိုက်ပြီး တုန်ယင်နေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တော့တယ်။
"နင်တို့တွေ ဘာလုပ်နေကြတာလဲ၊ ငါက သခင်လေးလင်းရှီပဲ၊ ငါ့ကို သဘောကျဆုံး မဟုတ်ကြဘူးလား၊ မင်းတို့တွေ..."
သူ့စကားမဆုံးခင်မှာ ပုပ်သိုးနေတဲ့ ဝိညာဥ်သစ်သီးတစ်လုံးက သူ့ကို လာရောက်ရိုက်ခတ်တော့တယ်။
"ရုပ်ဆိုးတဲ့လူတွေက ခဏခဏ ပျက်စီးရာပျက်စီးကြောင်း လုပ်တတ်ကြတာပဲ"
"ဝိညာဥ်ကျောက်တုံးတွေပြန်ပေး၊ ဝိညာဥ်ရတနာတွေပြန်ပေး"
"ရွံ့စရာကောင်းလိုက်တဲ့ လူလိမ်ကောင်"
အချိန်ခဏအတွင်းမှာပဲ သခင်လေးလင်းရှီကို ဝေဖန်နေကြတဲ့အသံတွေက အဆုံးမရှိထွက်ပေါ်လာပြီး သူတို့ဘေးက အခြေအနေကလည်း တဖြည်းဖြည်းနဲ့ ရုန်းရင်းဆန်ခက် ဖြစ်လာတော့တယ်။
နောက်ဆုံးမှာတော့ သခင်လေးလင်းရှီကို ချုပ်နှောင်ထားဖို့အတွက် အနီးအနားက မြို့သခင်တွေနဲ့ ဒေသခံမြို့သခင်က ပူးပေါင်းလိုက်ရတော့တယ်။ သခင်လေးလင်းရှီရဲ့ ပိုင်ဆိုင်မှုတွေကို တွက်ချက်ပြီးတဲ့နောက်မှာ အားလုံးကို ဝိညာဥ်ကျောက်တုံးနဲ့ ဝိညာဥ်ရတနာတွေ ပြန်ပေးပါမယ်လို့ ကတိပေးလိုက်ပြီး အားလုံးကို လှည့်စားခဲ့တဲ့ သူ့ရဲ့မကောင်းမှုတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ခေါင်းပုံဖြတ်ခဲ့တဲ့အတွက် သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါမယ်လို့လည်း ကတိပေးလိုက်တယ်။ ဒီအခါမှပဲ သူတို့တွေက အားလုံးကို စိတ်ပြေလျော့သွားအောင် လုပ်နိုင်ကြတော့တယ်။
သခင်လေးလင်းရှီကို ဖမ်းဆီးသွားပြီးတဲ့နောက်မှာတော့ အမျိုးသမီးတစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လေသံတိုးတိုးနဲ့ မေးလိုက်တော့တယ်။
"အဲဒီသခင်လေး ယွီယန်ကလေ..."
"သခင်လေးယွီယန်ကတော့ ခုနတုန်းက လင်းရှီနဲ့တော့ မတူပါဘူး။ သခင်လေးယွီယန်က ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ တပည့်အရင်းလေ၊ သူက ဓားသိုင်းပညာမှာ ကျွမ်းကျင်တဲ့အပြင် ဂီတပညာမှာလည်း အရမ်းကိုတော်တယ်တဲ့"
"သူက အင်မတန်မှ ချောမောလှပတဲ့အပြင် သူက ထူးထူးခြားခြားကို သိမ်မွေ့ပြီးတော့ တစ်ဖက်လူကိုလည်း စဥ်းစားပေးတတ်တယ်တဲ့"
"ဒီသခင်လေးယွီယန်ရဲ့ အချက်အလက်တွေကရော အတုတော့ မဟုတ်လောက်ပါဘူးနော်"
"လုံးဝမဟုတ်ဘူး၊ ဝမ့်ကျန့်ဂိုဏ်းက ဒါကို ဝန်ခံပြီးသွားပြီ။ ငါလည်း သခင်လေးယွီယန်..."
စူးလီက တိမ်လွှာကြေးမုံထဲက စကားသံတွေကိုနားထောင်လိုက်ပြီး နာမည်အကြီးဆုံး ဆောင်ကြာမြိုင်သားတစ်ယောက် ဖြစ်လာတဲ့ ကျောက်ယန်ကို စဥ်းစားမိသွားတော့တယ်။ သူမရဲ့အမူအရာက နည်းနည်းလေး ရှုပ်ထွေးသွားလေရဲ့။ ကြည့်ရတာ ဒီအတောမသတ်နိုင်တဲ့ ချမ်းသာမှုတွေက ကျောက်ယန်အလှည့် ရောက်သွားမယ်ထင်တယ်။
ကျောက်ယန်က သခင်လေးလောကထဲမှာ သူ့ကိုယ်သူ နာမည်တစ်လုံး လုပ်နိုင်မယ်လို့ တစ်ခါမှတောင် မထင်ခဲ့ဖူးဘူး။
သူမက လက်ကို ဆန့်တန်းလိုက်ပြီး တိမ်လွှာကြေးမုံကို လက်ဝေ့ယမ်းကာ သိမ်းဆည်းထားလိုက်တော့တယ်။
ဒီနေ့တော့ ဖရဲသီးစားလို့ကောင်းတဲ့ နောက်ထပ်စိတ်ကျေနပ်စရာနေ့တစ်ခုပဲ...
နှစ်ရက်အတွင်းမှာပဲ သခင်လေးလင်းရှီနဲ့ ပတ်သက်တဲ့သတင်းက ချန်ထျန်းဂိုဏ်းကို ပျံ့နှံ့သွားတော့တယ်။
မှော်လက်နက်အကြောင်းကို အခုမှလေ့လာပြီးသွားတဲ့ ချန်းဖင့်က သူ့ပတ်ဝန်းကျင်က အေးတိအေးစက် မျက်နှာထားနဲ့ အမျိုးသမီးကျင့်ကြံသူကို ကြည့်လိုက်ပြီး သတိလေးနဲ့ မေးလိုက်တော့တယ်။
"အဲ့ဒီသခင်လေးလင်းရှီလေ... ကျွန်တော်တို့တွေ သူ့ကို ဖိတ်အုံးမှာလား"
ခေါင်းဆောင်ပြီး ပြောလိုက်တဲ့ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က မနေ့က သူမ မြင်တွေခဲ့တဲ့ သခင်လေးလင်းရှီရဲ့ ရုပ်ပုံကို ပြန်သတိရသွားတယ်။ သူမက သူမရဲ့လက်ထဲက သံတုတ်ကြီးကို ရုတ်တရက် ချိုးပစ်လိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်တော့တယ်။
"လုံးဝမငှားဘူး"
...
ဆယ်ရက်ကြာပြီးတဲ့နောက်မှာ
ဒီအချိန်ကာလအတော်အတွင်းမှာ စူးလီက ‘လက်ဖဝါးသတင်းစာ’ရဲ့ သုတေသန တိုးတက်မှုကို မကြာခဏ လာရောက်ကြည့်ရှုပြီး ချန်ထျန်းဂိုဏ်းရဲ့ ဖရဲသီးတွေကို စားသောက်လာခဲ့တယ်။
သူမက မိုဘိုင်းဖုန်းထဲက ရှို့ရှန်းလောကဗားရှင်းကို အရမ်းစိတ်ဝင်စားလာခဲ့တာလေ။
ဒီလိုမရေမတွက်နိုင်တဲ့ ကံကြမ္မာတွေနဲ့ဆိုရင် ပါရမီရှင်ဆရာကြီးမုဖန်းနဲ့ ပါရမီရှင်ချန်းဖင့်တို့ သုတေသနလုပ်ထားတဲ့ ဒီအစီအရင်ကတော့ ပဏာမ လေ့လာရေး မကြာခင် ပြီးသွားတော့မှာပဲ။ ဒီအချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက လူအများကြီးနဲ့တစ်ပြိုင်တည်း ဆက်သွယ်လို့ရပြီ။ အပေါ်မှာပေါ်နေတဲ့ စာလုံးတွေကို ကြည့်ရင်း သူ့မျက်လုံးထဲမှာ လေးစားအားကျတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
သူက ချန်းဖင့်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်ပြီး အပေါ်က ‘အတင်းပြောမည်’ရွေးချယ်မှုကို နိုပ်လိုက်တဲ့အခါ အပြင်လောကကလာတဲ့အသံ ထုတ်ဖော်ပြောခဲ့တဲ့အချက်တွေကို ကြည့်ရင်း ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်လိုက်တယ်။
ဒါပေမဲ့...
သူက အချိန်တစ်ခုတုန်းက မမျှော်လင့်ဘဲ အပြင်လောကကအသံ ပြောဖူးတဲ့စကားတစ်ခွန်းကို စဥ်းစားမိလိုက်ပြီး တွေးတွေးဆဆနဲ့ မေးလိုက်တယ်။
"တကယ်လို့ ငါတို့တွေက ဒီကျန့်ရွှမ်ပေါ်မှာ အဆင့်အလိုက် နာမည်စာရင်းတွေ ထည့်ထားမယ်ဆိုရင်ကော ဘယ်လိုထင်လဲ"
ဆရာကြီးမုဖုန်းရဲ့အသံက အနည်းငယ် ဇဝေဇဝါဖြစ်လို့နေတယ်။
"ဂိုဏ်းချုပ်ကြီးပြောချင်တာက... ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးအဆင့် ပြုလုပ်ဖို့ ပြောချင်တာလား"
အမှန်ပါပဲ ကျင့်ကြံရေးလောကထဲမှာ ဒီလူနဲ့ဆိုင်တဲ့ အဆင့်သတ်မှတ်ချက် ရှိပြီးသားလေ။ ဒါပေမဲ့ ဒါက ပိုပြီးတော့ သီးသန့်ဆန်တယ်။
"အဆင့်သတ်မှတ်ချက်တစ်ခုတည်းနဲ့ ဘယ်လိုလုပ်ပြီးတော့ လုံလောက်မှာပဲ"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပြီးခဲ့တဲ့နှစ်ရက်အတွင်း သူလေ့လာထားတဲ့စိတ်ကူးကို အပြုံးတစ်ခုနဲ့ ပြောပြလိုက်တော့တယ်။
"ဒါပေါ့၊ ငါတို့တွေက နောက်ထပ်အဆင့်သတ်မှတ်ချက်တွေကို နည်းနည်းလောက်ပိုပြီး ဖန်တီးသင့်တယ်လေ"
"အရည်အချင်းအဆင့်သတ်မှတ်ချက်၊ ချမ်းသာမှုအဆင့်သတ်မှတ်ချက်၊ လက်နက်တွေကိုသန့်စင်တဲ့ အဆင့်သတ်မှတ်ချက်၊ ဆေးလုံးတွေကိုဖော်စပ်တဲ့ အဆင့်သတ်မှတ်ချက်... ဒီလိုဆိုရင်ကော ဘယ်လိုလဲ"
"အလှအပနဲ့ဆိုင်တဲ့ အဆင့်သတ်မှတ်ချက်၊ ချောမောတဲ့လူတွေရဲ့ အဆင့်သတ်မှတ်ချက်၊ ကျင့်ကြံရေးလောကထဲမှာ နာမည်အကြီးဆုံးသူတွေရဲ့ အဆင့်သတ်မှတ်ချက် ဒီလိုဆိုရင်ကော..."
သူက ဒီအကြောင်းကို ပြောလိုက်တဲ့အချိန်မှာ သူ့အသံက အနည်းငယ် လှိုင်းခတ်သွားတော့တယ်။
ရှန့်ဟော်တောင်ထွတ်သခင်က အနည်းငယ် စိတ်ပျက်သွားတဲ့ အမူအရာတစ်ခုနဲ့ ကြည့်နေပြီး သူ့အသံထဲမှာလည်း သံသယအပြည့် ဖြစ်သွားတော့တယ်။
"ဂိုဏ်းချုပ်ကြီး ခင်ဗျားပြောတဲ့ အဆင့်သတ်မှတ်ချက်တွေကို ထားလိုက်ပါတော့။ တိုက်ခိုက်ရေး အဆင့်သတ်မှတ်ချက်နဲ့တင်တောင် ဒါကို ပုံဖော်ဖို့က တော်တော်ခက်ခဲနေပြီ"
"ဥပမာဗျာ ကျွန်တော်နဲ့ ဝမ့်ကျန့်အကြီးအကဲ ရှန့်ယွင်အန်းတို့ကြားမှာဆိုရင် ကျွန်တော်တို့ရဲ့ ကျင့်ကြံရေးအဆင့်က အတူတူပဲလေ။ ကျွန်တော်တို့ အသေအကြေ မတိုက်ခိုက်ကြဘူးဆိုရင် ဘယ်သူက ပိုကောင်းတယ်ဆိုတာ ပြောဖို့ခက်သွားပြီ..."
ဒီအချိန်မှာတော့ သူ့အသံကပိုပြီးတော့ နားမလည်နိုင်အောင် ဖြစ်သွားပြီ။
"ခင်ဗျားပြောတဲ့ အဆင့်သတ်မှတ်ချက်တွေ မပြောပါနဲ့အုံး၊ ဂိုဏ်းချုပ်ကြီးရေ ကျုပ်တို့မှာ အပြုသဘောဆောင်တဲ့ အဆင့်သတ်မှတ်ချက်တစ်ခုပေးဖို့တောင် ဘာနည်းလမ်းမှ မရှိပါဘူး"
ဒီလိုကြားလိုက်ရတဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ ရိုးသားတဲ့ရုပ်တစ်ခုနဲ့ လက်ခါယမ်းပြလိုက်တယ်။
"ကျုပ်တို့လိုချင်တာက မျှတတဲ့ အဆင့်သတ်မှတ်ချက်မျိုး မဟုတ်ဘူးလေ..."
"အဟမ်း ကျုပ်ပြောချင်တာက ဒါက လူလုပ်ထားတဲ့ သတ်မှတ်ချက်တစ်ခုဆိုမှတော့ သေချာပေါက်မျှတမှာ မဟုတ်ဘူးပေါ့"
သူက အပြုံးတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ ဒါကို ကျုပ်တို့ ချန်ထျန်းဂိုဏ်းရဲ့ အခေါ်အဝေါ်နဲ့ အဆင့်သတ်မှတ်ခဲ့မယ်ဆိုရင် ကျုပ်တို့တွေက နယ်ပယ်အများစုကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဥ်းစားပေးရမှာ သဘာဝပဲပေါ့..."
"ဒါပေါ့ ကျုပ်တို့တွေက မျှတပြီးမှန်ကန်တဲ့ အခြေခံသဘောတရားတစ်ခုကိုတော့ ပြီးပြည့်စုံအောင် လုပ်ပေးရမှာပေါ့"
"ဒါပေမဲ့ ဆရာကြီးရန်ဖုန်း ပြောခဲ့သလိုပဲလေ တစ်ခါတစ်လေကျရင် ကျင့်ကြံရေးအဆင့်က အင်မတန်မှ ဆင်တူနေတတ်တယ်။ အဲ့ဒီအချိန်ကျရင် ကျုပ်တို့တွေက ဘာလုပ်ကြမှာလဲ ဒါဆိုရင်တော့ ကျုပ်တို့တွေက သူတို့ကို ခံစားချက်အရပဲ အဆင့်ခွဲရတော့မှာပေါ့"
အားလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ ဇဝေဇဝါ ဖြစ်နေတဲ့ရုပ်တစ်ခုဖြစ်နေတာကို တွေ့လိုက်ရတော့ သူက စိတ်ပျက်သွားတဲ့ရုပ်တစ်ခုနဲ့ သက်ပြင်းချလိုက်ပြီး နည်းနည်းလေး ပိုရှင်းအောင် ပြောလိုက်တော့တယ်။
"ဥပမာဗျာ... ကလေးတွေကို အဆင့်သတ်မှတ်တဲ့အချိန်ကျရင် ကျုပ်တို့က သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကို သေချာထည့်သွင်းစဥ်းစားတာ သဘာဝပဲလေ "
အဲ့ဒီနောက်မှာတော့ သူက နောက်ထပ်ဥပမာတစ်ခုကို အားရဝမ်းသာ ပြောလိုက်တော့တယ်။
"နောက်ထပ်ဥပမာ အသက်ချွေကြီးမြတ်သူနဲ့ ကြာပွင့်နှလုံး ကြီးမြတ်သူတွေကြားက ကျင့်ကြံရေးအခြေခံအဆင့်က အင်မတန်မှ ဆင်တူတယ်လေ။ ဒီလိုကိစ္စမျိုးမှာဆိုရင် ကျုပ်တို့တွေက သူတို့ကို အတူတူ ထားရလိမ့်မယ်။ အစီအစဥ်အရဆိုရင်တော့ ..."
ဒီစကားကို ကြားလိုက်တဲ့အခါ စူးလီက ရုတ်တရက် ခေါင်းမော့လိုက်တယ်။ သူမက ရိုးသားပြီး သာမန်ရုပ်လေးဖြစ်နေတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ပြီး သူမရဲ့စိတ်အတွင်းပိုင်းမှာ သက်ပြင်းချမိသွားတယ်။
[ဒါက တကယ်မှောင်တာပဲ]
[ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဆရာတစ်ယောက်မှမလိုဘဲ ထိပ်တန်းအဆင့် အကျိုးအမြတ်ထုတ်နိုင်မဲ့သူ ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး...]
[တကယ်လို့ ငါ အမှတ်မမှားဘူးဆိုရင် ကြီးမြတ်သူရှီမင်နဲ့ ကြီးမြတ်သူရန်ရှင်းတို့က နာမည်ကျော်ရန်သူတွေပဲ၊ ကြီးမြတ်သူရှီမင်က လူတစ်ယောက်ရဲ့ လှည့်စားခံရပြီးတဲ့နောက်မှာ ကြီးမြတ်သူရန်ရှင်းက ကြီးမြတ်သူတွေ အများကြီးကို သွားရှာပြီး သူ့ဆီကို အလည်အပတ် သွားခဲ့သေးတယ်လေ။]
[ကြီးမြတ်သူရှီမင်ကို ကျင့်ကြံရေးလောကထဲမှာ ပတ်ပြီးသွားလာနေရအောင် ဖိအားပေးထားတာပေါ့...]
[ဒီကြီးမြတ်သူနှစ်ယောက်က အတူတူရပ်နေမယ်ဆိုရင် ဘယ်သူက ရှေ့နေရာ ဘယ်သူက နောက်နေရာဆိုတာကို ဆုံးဖြတ်ဖို့ ချန်ထျန်းဂိုဏ်းကိုလာပြီး ဝိညာဥ်ကျောက်တုံးတွေကို ကသုတ်ကရိုက်နဲ့ လာပေးကြလိမ့်မယ်]
အပြင်လောကကလာတဲ့ စကားသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ခန်းမထဲက ချန်းထျန်းဂိုဏ်းကလူတွေက အထိတ်တလန့်နဲ့ ဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်ကြတော့တယ်။
သူတို့ရဲ့ဂိုဏ်းချုပ်ကြီးက ဘယ်လိုဖြစ်ပြီး အဲ့လောက်တောင် အရည်အချင်းရှိပါလိမ့်။
ဂိုဏ်းချုပ်ကြီးက ယွမ်သန်းတစ်ရာ အကြွေးတင်သွားပြီးနောက်မှာ ဘယ်လို ဖြစ်လာလဲဆိုတာ ကြည့်လိုက်ပါအုံး။
အားလုံးရဲ့မျက်နှာပေါ်က အမူအရာတွေက အထူးတလည် ဝမ်းနည်းသွားတော့တယ်။ သူတို့တွေက ချန်းထျန်းဂိုဏ်းအတွက် ဂိုဏ်းချုပ်ကြီးရဲ့အစီအစဥ်ကို ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်ပါတော့မလဲ။
ဆရာကြီးမုရဲ့ မျက်လုံးတွေက တစ်ဖန်ပြန်လဲ့လာပြီး သူ့အသံထဲမှာလည်း ဖိနှိပ်ထားတဲ့ ဝမ်းသာကျေနပ်မှုအပြည့် ဖြစ်နေတယ်။
"ကြီးမြတ်သူလုနဲ့ ကြီးမြတ်သူလင်တို့ကြားက ဆက်ဆံရေးကလည်း မီးနဲ့ရေလိုပဲလို့ ကျုပ်ကြားထားတယ်။ ကံဆိုးချင်တော့ ဒီမိသားစုနှစ်ခုမှာ တူညီတဲ့နောက်ခံတွေ ရှိနေကြတယ်လေ။ ဒီသိုင်းပညာရှင်နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း တူတူပဲ၊ သူတို့ထဲက ဘယ်သူကမှ တစ်ဖက်လူကို အရှုံးပေးဖို့ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူက ပိုသာတယ်ဆိုတာကို ပြောဖို့ခက်သွားလိမ့်မယ်..."
အကြီးအကဲလဲ့ယောင်းကလည်း ချောင်းဟန့်လိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်တော့တယ်။
"တကယ်လို့ ရှင်တို့တွေက တင်းမာတဲ့ဆက်ဆံရေးတစ်ခုကို ပြောနေကြတာဆိုရင် ဝမ့်ကျန့်ဂိုဏ်းနဲ့ ရွှင့်ချန်ဂိုဏ်းက ဂိုဏ်းချုပ်တွေကလည်း ရန်ငြိုးဟောင်းတွေရှိတယ်လို့ ကျွန်မ ကြားခဲ့ဖူးတယ်..."
စူးလီက ချန်းထျန်းဂိုဏ်းကလူတွေရဲ့ အစီအစဥ်ကို နားထောင်လိုက်ပြီး တ်ိုးတိုးလေး ပြောလိုက်တော့တယ်။
[ကျင့်ကြံရေးလောကထဲက နာမည်ကြီး အလှမယ်လေးနှစ်ယောက်ဖြစ်တဲ့ နတ်သမီးယောင်လင်းနဲ့ နတ်သမီးမင်ယွီတို့က အပေါ်ယံမှာတော့ တည်ရှုနေကြတဲ့ပုံနဲ့ နှစ်ပေါင်တစ်ရာကျော်လောက် ပေါ်တင်တမျိုး တိတ်တိတ်လေးတမျိုး ရန်ဖြစ်နေကြတာကိုရော သိကြရဲ့လား]
[သူတို့တွေက အဝတ်အစား လက်ဝတ်ရတနာတွေနဲ့ တစ်ယောက်နဲ့တစ်ယောက် စတင်ပြိုင်ဆိုင်လာကြပြီး အဲ့ဒီနောက်မှာတော့ ကျင့်ကြံရေးပစ္စည်းတွေအကြောင်း ပြိုင်ဆိုင်ကြတယ်။ အခုတော့ သူတို့တွေက သူတို့လေးစားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပြိုင်ဆိုင်နေကြပြန်ပြီလေ...]
ချန်းထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျက်လုံးတွေက လင်းလက်သွားတော့တယ်။ ဒီနတ်သမီးနှစ်ယောက်ကိုလည်း အလှမယ်အဆင့်သတ်မှတ်ချက်ထဲမှာ အတူတူတွဲထားလိုက်ပြီး အချင်းချင်းကိုကပ်လျက် ထားလိုက်ကြမယ်။
[ကျွတ်ကျွတ် ညီအစ်ကိုလိုရင်းနှီးကြတဲ့ ဝူမိသားစုနဲ့ လျိုမိသားစုဆိုတာလည်း ရှိသေးတာပဲ...]
[ဝိုး ပုံမှန်ဆိုရင် အချင်းချင်း ချစ်မြတ်နိုးကြတဲ့ လင်မယားနှစ်ယောက်လည်း ရှိသေးတယ်...]
အပြင်လောကရဲ့ ဖော်ကောင်လုပ်နေတာတွေကို နားထောင်လိုက်ပြီး ချောင်ချွမ်းက မကြာခဏဆိုသလို ပါးပါးနပ်နပ်နဲ့ မှတ်ထားလိုက်ပြီး ဒါကို သူ မတော်တဆ တွေ့ခဲ့တဲ့ လျှို့ဝှက်ချက်တစ်ခုလို သဘောထားလိုက်တယ်။
အမွှေးတိုင်တစ်တိုင်စာ ကုန်သွားတဲ့အချိန်လောက်မှာတော့ အားလုံးက ရယ်နေတာတွေကို ရပ်လိုက်ပြီး သိပ်သည်းအောင်ရေးထားတဲ့ စာရွက်ကိုကြည့်လိုက်ကြပြီး မကျေနပ်သလို ခံစားလိုက်ရတော့တယ်။
စူးလီကလည်း ချောင်ချွမ်းရဲ့ ထုတ်ဖော်ပြောကြားတဲ့စကားတွေကို နားထောင်လိုက်ပြီး သူမကိုယ်တိုင်တောင် သေချာမသိတဲ့ လျှို့ဝှက်ချက်တွေရှိနေတာ တွေ့လိုက်ရတယ်။
သူမက စာရွက်ကို အကြမ်းဖျင်းကြည့်လိုက်ပြီး သူမရဲ့အသံထဲမှာ မျှော်လင့်ချက်အပြည့် ဖြစ်သွားတော့တယ်။
[ဒီလူတွေသာ ဆက်သွယ်ရေးပစ္စည်းထဲက အဆင့်သတ်မှတ်ချက်ကို မြင်သွားတဲ့အခါ ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲဆိုတာကို တကယ်သိချင်နေမိပြီ...]
[သူတို့တွေ ရန်ဖြစ်ကြမှာလား၊ ချကြတော့မှာလား...]
[သူတို့တွေက ချန်ထျန်းဂိုဏ်းကို ဝိညာဥ်ကျောက်တုံးတွေ တိတ်တိတ်လေး ပို့ကြမှာကိုလည်း မြင်ရတာ အရမ်းစိတ်ဝင်စားစရာကောင်းမှာပဲ]
…