← Chapters

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

Vol. 9 Ch. 127

အပိုင်း (၁၂၇)

ဝမ့်ကျန့်ဂိုဏ်း ယွင်ချန်ခန်းမ။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက အသံတစ်ချက်မှ မရှိတဲ့ လစ်ဟာနေတဲ့ခန်းမကြီးကို ခံစားရင်း မျက်လုံးထဲမှာ ဝမ်းနည်းတဲ့မျက်ရည်တွေနဲ့ အဓိကထိုင်ခုံကြီးမှာထိုင်နေတယ်။

အပြင်လောကကလာတဲ့အသံကို မကြားရတာ ၂၅ရက်တောင်ရှိနေပြီလေ။

ဒီ၂၅ရက်အတွင်းမှာ သူ့မှာ မအိပ်နိုင်မစားနိုင် သူ့အဝတ်အစားတွေကလည်း တဖြည်းဖြည်း ချောင်ချိလာပြီ။ သူက အရင်တုန်းကထက်တောင် နာရီဝက်လျော့ပြီး လေ့ကျင့်နေရပြီ။

ဒါပေမဲ့ အဘွားကြီးကတော့ သူမ ဝမ့်ကျန့်ဂိုဏ်းကို ပြန်လာတာကို စောင့်ဆိုင်းနေတဲ့ သူ့လို မိတ်ဆွေကောင်းတစ်ယောက် ရှိသေးတယ်ဆိုတာကို မေ့လျော့လို့နေပြီ။

သူမက ဝမ့်ကျန့်ဂိုဏ်းကို ကြာကြာမှတစ်ခါ စဥ်းစားမိတယ်ဆိုရင်တောင် တစ်ချက်လောက်တော့ ပြန်လာကြည့်သင့်တယ်မလား။

ဘာတွေများ အဲ့လောက်အထိ ထိုက်တန်နေလို့ အပြင်လောကကအသံက ချန်ထျန်းဂိုဏ်းလို့ခေါ်တဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ နေရာတစ်ခုမှာ တဝဲလည်လည်လုပ်နေရတာလဲ။

သူတို့ရဲ့ဝမ့်ကျန့်ဂိုဏ်းက အဲ့လောက်တောင်မှ မကောင်းလို့လား။

သူက ဒီလိုစဥ်းစားမိလိုက်ပြီး ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးရဲ့ ဖြောင့်မတ်တည်ကြည် ထည်ဝါတဲ့မျက်နှာက ဝမ်းနည်းမှုနဲ့ တွန်ရှုံ့သွားတယ်။

ဝမ်းနည်းမှု သုံးချိုး၊ နာကျည်းမှု လေးချိုး၊ မျက်လုံးထဲမှာ လွမ်းမောတသမှု ငါးချိုးတို့နဲ့ သူ့ကိုယ်သူ သနားစဖွယ် ကြည့်နေတုန်းမှာပဲ သူ့သိုလှောင်အိတ်ထဲက ဆက်သွယ်ရေးပစ္စည်းက ရုတ်တရက် လင်းလက်လာတယ်။

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ဆက်သွယ်ရေးပစ္စည်းပေါ်က ဝိညာဥ်စွမ်းအင်ကို ကြည့်လိုက်ပြီး ရုတ်ခြည်းဆိုသလို သူ့မျက်နှာပေါ်ကအမူအရာက တစ်ဖန် လေးနက်တည်ကြည်လာတယ်။ သူက ချောင်းဟန့်လိုက်ပြီး ဆက်သွယ်ရေးပစ္စည်းကို ဖြည်းဖြည်းချင်း ကောက်ကိုင်လိုက်ပြီး ရင်းနှီးဖော်ရွေတဲ့ အသံတစ်ခုနဲ့ ပြောလိုက်တယ်။

"ဒီရက်ပိုင်းမှာ ရွှင့်ချန်ဂိုဏ်းက အရမ်းကို အလုပ်များနေတယ်လို ကျုပ်ကြားထားတာပါ၊ ဂိုဏ်းချုပ်ကြီးလုက ဒီတစ်ကြိမ် ဘယ်လိုလုပ်ပြီး ကျုပ်ကို လာတွေ့ဖို့ အချိန်ရသွားပါလိမ့်"

ဆက်သွယ်ရေးပစ္စည်းရဲ့ တခြားဘက်ခြမ်းမှာရှိနေတဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ကူကယ်ရာမဲ့သွားသလို သက်ပြင်းချလိုက်တယ်။

"ရွှင့်ချန်ဂိုဏ်းက ဝိညာဥ်မိုင်းတွင်းနဲ့ လတ်တလောမှာ အလုပ်များနေတာပါ။ ဝမ့်ကျန့်ဂိုဏ်းထက် အများကြီး အလုပ်များနေပါတယ်။ ကျုပ်က ရက်သတ္တတစ်ပတ်အတွင်းမှာ အားလပ်ချိန်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဂိုဏ်းချုပ်ကြီးချီကို တကယ်ပဲအားကျမိပါတယ်"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့ မရှက်မကြောက် ကြွားဝါနေတဲ့စကားကို နားထောင်လိုက်ပြီး ဝမ့်ကျန့်ဂိုဏ်ချုပ်ကြီးရဲ့အမူအရာက တွန်ရှုံ့သွားတယ်။ သူက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူ့အသံထဲမှာလည်း ယဥ်ကျေးမှုက မနာလိုစိတ်ကြောင့် ပျောက်ကွယ်သွားတယ်။

"ဂိုဏ်းချုပ်ကြီးလု ခင်ဗျားမှာ လုပ်စရာကိစ္စတွေ အများကြီးရှိတယ်ဆိုမှတော့ ကျွန်တော့်လို အလကားနေတဲ့လူကို ဆက်သွယ်မဲ့အစား ဒီအတိုင်းပဲ အလုပ်များ နေလိုက်ပါတော့လား"

"ကျွန်တော်လည်း ဂိုဏ်းချုပ်ကြီးချီနဲ့ မတွေ့ရတာ တော်တော်လေး ကြာသွားပြီလေ။ ကျွန်တော်က ခင်ဗျားကို အရမ်းသတိရလို့ပါ။ ကျွန်တော်က ခင်ဗျားနဲ့ စကားကောင်းကောင်းလေးပြောချင်လို့ပါ ဟုတ်ပြီလား"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးသည် လင်ဖုန်းတောင်ထွတ်ပေါ်မှာ ရပ်နေပြီး အဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်တယ်။

"ဂိုဏ်းချုပ်ကြီးချီနဲ့ ကျွန်တော်တို့ ချန်ထျန်းဂိုဏ်းရဲ့ဟွားထျန်းမြို့မှာ နောက်ဆုံးတွေ့ခဲ့တာလေ ဟုတ်တယ်မလား"

"အခုဆိုရင် တစ်လကျော်လောက် ရှိသွားပြီပေါ့"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ ပြောချင်သည့်စကားကို ချက်ချင်းသဘောပေါက်သွားတယ်။

သူတို့ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က အပြင်လောကကအသံကို နောက်ဆုံးကြားခဲ့ရတဲ့အချိန်ပဲ။ ဒီလိုစဥ်းစားလိုက်ပြီး သူက တိုးတိုးလေးပြောလိုက်တယ်။

"ဟုတ်တယ်၊ ဒီလဆိုရင် ဒီဂိုဏ်းချုပ်ကြီးက ညဖက်အိပ်လို့ တောင်မပျော်ဘဲ ခင်ဗျားကို အရမ်းသတိရနေတာလေ ... အလိုဗျာ"

သူ့အဖြေကို ကြားလိုက်ရတဲ့အခါ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးက ထင်ထားတဲ့အတိုင်းပဲဆိုတဲ့အသံနဲ့ ခေါင်းညိတ်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်တယ်။

"ချန်ထျန်းဂိုဏ်းက အခုလတ်တလောမှာ ပေါများကြွယ်ဝနေတယ်လို့ ကျုပ် ကြားထားတယ်။ ပြသာနာအများကြီးကိုလည်း ဖြေရှင်းပြီးသွားပြီတဲ့၊ သူရဲ့ကံတရားတွေကတောင်... အများကြီး ပြန်ကောင်းလာတဲ့ပုံပဲ"

ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူ့မျက်လုံးထဲက မနာလိုဖြစ်နေမှုတွေကို ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ အံ့ကြိတ်ကာပြောလိုက်တယ်။

"ကျုပ်လည်း ဒီအကြောင်းတွေ အများကြီးကြားထားပါတယ်"

"အပြင်လောကကအသံပဲ ဖြစ်ရမယ်လေ၊ သူကချန်ထျန်းဂိုဏ်းကို တိတ်တိတ်လေး ကူညီပေးနေတာပေါ့၊ ကြီးမြတ်သူလင်းယွမ်ရဲ့အကြောင်းက ကျင့်ကြံရေးလောကမှာ ပျံ့နှံ့နေပြီးသားလေ"

ချန်ထျန်းဂိုဏ်းက နှစ်ထောင်ချီအောင် ဒီမကောင်းတဲ့လူရဲ့ လိမ်လည်လှည့်စားတာ ခံနေရတာတဲ့ အပြင်လောကက အကူအညီကြောင့်သာ မဟုတ်ရင် ချန်ထျန်းဂိုဏ်းကလူတွေက ရုတ်တရက်ကြီး ရက်အနည်းငယ်အတွင်း ဒီပြဿနာကို ဘယ်လိုလုပ်ရှာတွေ့မှာလဲ။

အဲ့ဒီထူးဆန်းတဲ့ ကံတရားတွေဆိုတာကလည်း ရှိသေးတယ်... သူတို့တစ်ယောက်ချင်းစီတိုင်းက တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာ ကြည့်မယ်ဆိုရင် တော်တော်လေး ထိတ်လန့်ဖို့ ကောင်းပါပေတယ်။

ပိုဆိုးတာက နှစ်တစ်ထောင်မှာ တစ်ခါသာပေါ်လာတတ်တဲ့ ရွှေငါးကံကြမ္မာနဲ့ လူတစ်ယောက်လည်း ရှိသေးတယ်လို့ သူ ကြားထားတယ်လေ။

သူက ရွှေငါးကံကြမ္မာပဲ။ ဂိုဏ်းကို ပေါများကြွယ်ဝအောင် ယူလာပေးနိုင်တဲ့သူမျိုးပေါ့~~

ဒီလိုစဥ်းစားလိုက်ပြီး သူ့မျက်လုံးထဲက ဝမ်းနည်းမှုတွေက လက်တွေ့မှာ အစိုင်အခဲ ဖြစ်လာတဲ့ပုံပဲ။ သူတို့ရဲ့ဝမ့်ကျန့်ဂိုဏ်းက အပြင်လောကကလာတဲ့အသံရဲ့ ချစ်ခင်ပြီး မျက်နှာသာအပေးခံရဆုံး ဂိုဏ်းတစ်ခု မဟုတ်တော့ဘူးလေ။

အဲ့ဒီနှစ်က မက်မွန်တွေပွင့်ပြီး မိုးဖွဲဖွဲလေးရွာနေတုန်း... ‌နောက်ဆုံး သူလည်းပဲ နစ်နာသူပါပဲ~~

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူရဲ့စိတ်ထဲမှာ ဒီလိုကြီးမားတဲ့ပြဇာတ်တစ်ခုကို ကပြနေပြီဆိုတာကို လုံးဝမသိလေဘူး။ သူက တောင်ထွတ်ဘေးမှာ တရွေ့ရွေ့သွားနေတဲ့ တိမ်တွေကို ကြည့်လိုက်ပြီး ချန်ထျန်းဂိုဏ်းရဲ့ လက်ရှိအခြေအနေအပေါ် သူရဲ့မနာလိုစိတ်တွေကို ဖိနိုပ်ထားရင်း သွေးတိုးစမ်းသလို ပြောလိုက်တယ်။

"ကျုပ် ဒီအကြောင်းကို စဥ်းစားနေတာ၊ ဂိုဏ်းချုပ်ကြီးကျန်းနဲ့ မတွေ့ရတာ တော်တော်လေး ကြာသွားပြီလေ၊ သူ့ကိုလည်း တကယ်သတိရပါတယ် ကျုပ်တို့တွေ ချန်ထျန်းဂိုဏ်းကို အတူတူသွားကြမလား"

သူတို့မှာဘုံရန်သူတစ်ယောက် ရှိလာပြီဆိုတော့ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက သူနဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကြားက သေးငယ်တဲ့အာဃာတ တရားတွေကို ထပ်ပြီး ဂရုမစိုက်နိုင်တော့ဘူး။ သူက ဒီကာလအတောအတွင်းမှာ ချန်ထျန်းဂိုဏ်းရဲ့ အပြောင်းအလဲတွေကို သတိရသွားပြီး အံ့ကြိတ်ကာ ပြောလိုက်တယ်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီက ဂိုဏ်းချုပ်ကြီးက ကျန်းဂိုဏ်းချုပ်ကြီးကို အရမ်းသတိရနေတာလေ"

"အခု ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ကံတရားက ပြန်ကောင်းလာလုနီးပါး ဖြစ်သွားပြီဆိုတော့ ဝမ့်ကျန့်ဂိုဏ်းရဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့အချိန်တန်ပြီပဲ"

ရွှင့်ချန်ဂိုဏ်းချုပ်ကြီးကလည်း ချန်ထျန်းဂိုဏ်းက ရွှင့်ချန်ဂိုဏ်းအပေါ် အကြွေးတင်ထားတဲ့ ဝိညာဥ်ကျောက်တုံး ဆယ်သန်းကို ပြန်ပြီးစဥ်းစားမိလိုက်တဲ့အခါ ခေါင်းညိတ်သဘောတူလိုက်တယ်။ ရွှင့်ချန်ဂိုဏ်းက ချမ်းသာကြွယ်ဝတယ်ဆိုရင်တောင် အဲ့ဒီဝိညာဥ်ကျောက်တုံးတွေက အလကားနေရင်း လေထဲက ရောက်လာတာ မဟုတ်ဘူးလေ...

ရွှင့်ချန်ဂိုဏ်းမှာ ဝိညာဥ်ကျောက်တုံးတွေကို အလွယ်တကူ ရနိုင်တယ်ဆိုရင်တောင် ဝိညာဥ်ကျောက်မိုင်းတွင်းကနေ တူးဖော်ရတာက တပည့်တွေအတွက် အရမ်းကို ပင်ပန်းဆင်းရဲရသေးတယ်လေ။

ချန်ထျန်းဂိုဏ်းကို သူတို့တင်ထားတဲ့အကြွေးကို ပြန်ပေးစေချင်တာ သဘာဝပဲပေါ့။

တော်ပါသေးရဲ့။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးက ရွှင့်ချန်ဂိုဏ်းချုပ်ကြီးရဲ့အတွေးတွေကို မကြားနိုင်ပေလို့ပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ သူက ဆက်သွယ်ရေးပစ္စည်းနောက်က လိုက်လာပြီး သူနဲ့ ရန်ဖြစ်နေအုံးမှာ။

နှစ်ယောက်သားက အချိန်တစ်ခုကို တိုင်ပင်လိုက်ကြပြီးတဲ့နောက်မှာ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြပြီး ဘာမှဆက်မပြောကြတော့ဘဲ ဆက်သွယ်ရေးပစ္စည်းကို သိမ်းထားလိုက်တယ်...

ချန်ထျန်းဂိုဏ်း ဟွားချွမ်ခန်းမ။

ဆရာကြီးမုဖုန်းက ခန်းမထဲမှာရပ်နေပြီး လေ့လာပြီးသွားတဲ့ ကျန့်ရွှမ်အကြောင်းကို ပြောနေတယ်။ ဒီပစ္စည်းရဲ့ပုံပန်းသွင်ပြင်နဲ့ အရောင်အမျိူးအစားကအစ သူရဲ့လုပ်ဆောင်ချက်နဲ့ မျက်နှာပြင်တစ်ခုစီက လုပ်ဆောင်ချက်အကြောင်းကို သေသေချာချာ ပြောပြနေတယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးက အရမ်းကို စိတ်လှုပ်ရှားသွားပြီး သူ့ပေါင်ကိုပြန်ရိုက်ပြီး ဝမ်းသာအားရပြောတယ်။

"ကောင်းပြီ ကောင်းပြီ"

သူက လက်တစ်ဖက်မှာ အနက်နဲ့ ရွှေရောင်သန်းနေတဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားပြီး လေးစားအားကျမှုနဲ့ ပြောလိုက်တယ်။

"ဆရာကြီးမုနဲ့ အကြီးအကဲချန်းတို့က ကျုပ်တို့ချန်ထျန်းဂိုဏ်းရဲ့ လူငယ်ပါရမီရှင်တွေပါပဲ။ တစ်လ မပြည့်သေးခင်မှာပဲ သူတို့တွေက ကျန့်ရွှမ်ကို အောင်အောင်မြင်မြင်နဲ့ အချောသတ်နိုင်ခဲ့တယ်"

ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ ချီးကျူးစကားကို ကြားလိုက်ရတဲ့အခါ ဧည့်အကြီးအကဲအဖြစ် ရာထူးတိုးထားတဲ့ ချန်းဖင့်က ရှက်ရှက်နဲ့ ခေါင်းကို ကုပ်လိုက်ပြီး ရိုးရှင်းတဲ့စကားလုံးကို ပြောလိုက်တယ်။

"တကယ်တမ်းကျတော့ ကျန့်ရွှမ်ကို မြန်မြန်ဆန်ဆန် ထုတ်ဖော်နိုင်ခဲ့တာလဲ ဘွားဘွားကြီးရဲ့ အကူအညီကို ကျေးဇူးတင်ရမှာပါ"

ဒါကသူတစ်ယောက်တည်း တော်သင့်ရုံ လုပ်ထားတာ မဟုတ်ဘူးလေ။ တကယ်တမ်းကျတော့ ကျန့်ရွှမ်ကို လေ့လာနေတုန်းက အစကတည်းက အခက်ခဲတွေနဲ့ ရင်ဆိုင်လာခဲ့တာ။ သူနဲ့ဆရာကြီးမုဖုန်းက တစ်နေ့လုံးမကြာခဏ အလုပ်များနေပြီးတော့ ဘာအဖြေမှ မထုတ်နိုင်ခဲ့တာလည်း ရှိခဲ့တယ်။

ဒါပေမဲ့ မကြာခဏဆိုသလို ဘွားဘွားကြီးက ရောက်လာတာနဲ့ ဘယ်လိုပြဿနာအခက်အခဲတွေပဲ ဖြစ်နေပါစေ ဒါကအလွယ်တကူ ဖြေရှင်းလို့ရသွားတယ်လေ။

ဘွားဘွားကြီးကြောင့်သာ မဟုတ်ဘူးဆိုရင် ကျန့်ရွှမ်ကို အချောသတ်နိုင်ဖို့ အနည်းဆုံး နှစ်ဝက်လောက်တော့ အချိန်ယူရနိုင်တယ်။

သူ့စကားကို ကြားလိုက်ရတဲ့အခါ သူ့ဘေးက ဆရာကြီးမုဖုန်းကလည်း ခေါင်းညိတ်သဘောတူလိုက်တယ်။

"ဟုတ်တယ် ဘွားဘွားကြီးရဲ့ အကူအညီကို ကျေးဇူးတင်ရမှာပါ"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူတို့ရဲ့စကားကို နားထောင်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ရင်ထဲထိသွားတဲ့အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။

"ဘွားဘွားကြီးက ကိစ္စရပ်တွေအားလုံးနဲ့ အလုပ်ရှုပ်နေတာ ဒါပေမဲ့ သူက ချန်ထျန်းဂိုဏ်းရဲ့ အရေးကိစ္စကို ဂရုစိုက်နေသေးတယ်။ ကျုပ်တို့တွေက တကယ်ပဲ သူ့ကိုကျေးဇူးတင်ရပါတယ်"

လင်ကျောင်းက ချီမင်လိပ်နက်ကြီးရဲ့ အသိအမှတ်ပြုခံထားရတဲ့ မြေးတစ်ယောက်ဆိုတော့ သူတို့ ချန်ထျန်းဂိုဏ်းရဲ့ ဘွားဘွားကြီးပေါ့။

ချန်ထျန်းဂိုဏ်းမှာ ဘယ်သူကမှ လင်ကျောင်းကို တစ်ခုခုလုပ်ပါလို့ မပြောဆိုရဲကြဘူးလေ။ အကြောင်းကလည်း လင်ကျောင်းက ချန်ထျန်းဂိုဏ်းကို ဂရုစိုက်လို့ပဲ သူက ကျန့်ရွှမ်ကို အများကြီး ဂရုစိုက်ပေးခဲ့တာပေါ့။

ဒီအချိန်မှာပဲ လင်ကျောင်းအတွက် ချီးကျူးစကားတွေက ခန်းမနဲ့အပြည့် ကြားလိုက်ရတယ်။

လက်ဖက်ရည်တစ်ခွက်စာ ပြီးသွားတဲ့အချိန်မှာ ချန်ထျန်းဂိုဏ်းချုပ်ကြီးက တိတ်ဆိတ်နေတဲ့ ဟွားချန်ခန်းမကို ကြည့်လိုက်ပြီး လက်ဖဝါးအရွယ်အစားသာရှိတဲ့ သူလက်ထဲက ကျန့်ရွှမ်ကို ဂရုတစိုက်နဲ့ လေ့လာကြည့်လိုက်တယ်။

ကျန့်ရွှမ်ဆိုတဲ့ပစ္စည်းက လုံးဝမဲနက်နေပြီး အပေါ်မှာ ရွှေရောင်အစက်အပြောက် ပုံသဏ္ဌာန်လေးတွေပါရှိတယ်။ အလယ်ပိုင်းကိုယ်ထည်ကိုတော့ အနက်ရောင်သလင်းကျောက်နဲ့ ပြုလုပ်ထားပြီး ဒါကကြည်လင်နေတဲ့ပုံစံပေါ်ပြီး သူ့မျက်နှာကိုတောင်မှ ရောင်ပြန်ဟပ်နေတယ်။

ကျန့်ရွှမ် တစ်ခုစီက ပိုင်ရှင်ရဲ့ဝိညာဥ်စွမ်းအားကို ထည့်သွင်းလိုက်မှသာ ဖွင့်လို့ရတယ်။ ဒါကို ဖွင့်လိုက်ပြီးတဲ့နောက်မှာ အနက်ရောင်သလင်းမျက်နှာပေါ်မှာ စကားလုံးတွေ ပေါ်လာတာကို မြင်လိုက်ရတယ်။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့မျက်လုံးထဲမှာ ထိန်းချုပ်မရတဲ့ အပြုံးတစ်ခုနဲ့ ဒီအင်မတန်မှ အံ့သြစရာကောင်းတဲ့ မှော်ပစ္စည်းတစ်ခုကို ကြည့်လို့နေတယ်။ သူက ချန်းဖင့်ကို ကြင်ကြင်နာနာ သိမ်သိမ်မွေ့မွေ့နဲ့ မေးလိုက်တယ်။

"အကြီးအကဲချန်း အခုဆိုရင် ခင်ဗျားက ကျန့်ရွှမ် ဘယ်နှစ်ခု ပြုလုပ်ပြီးသွားပြီလဲ"

ဒီမေးခွန်းကို ကြားလိုက်ရတဲ့အခါ ချန်းဖင့်ရဲ့အသံက နည်းနည်းလေးပိုပြီး ပျော့ပြောင်းလာတယ်။

"ကျွန်တော်တို့တွေက လေ့လာထားတာ အခုမှအောင်မြင်တာဆိုတော့ အခုတစ်ရာလောက်ပဲ လုပ်ရသေးပါတယ်"

ဒီအချိန်မှာပဲ သူက မြန်မြန်ရှင်းပြလိုက်တယ်။

"ဒါပေမဲ့ ကျွန်တော်တို့တွေက နောက်ထပ် အချိန်ကာလတစ်ခုအတွင်းမှာ ဒါကိုကြိုးစားပြီး သန့်စင်မယ်ဆိုရင်တော့ သုံးရက်အတွင်းမှာ သန့်စင်ထားပြီးသား ပစ္စည်းရာချီလောက်ကို ရနိူင်ပါတယ်"

"ကျွန်တော်တို့တွေ နောက်ပိုင်းမှာ ပိုပြီးကျွမ်းကျင်လာတာနဲ့ နေ့တိုင်း ဒီကျန့်ရွှမ်ပစ္စည်းကို ပိုပြီးတော့တောင် သန့်စင်နိုင်အုံးမှာပါ"

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်တယ်။

"ဒီလောက် အချိန်အတိုအတွင်းမှာ အခုတစ်ရာကို သန့်စင်နိုင်တယ်ဆိုတော့ ကျုပ်ရဲ့မျှော်လင့်ချက်ထက် သာလွန်နေတာပဲ"

"အကြီးအကဲချန်းနဲ့ တောင်ထွတ်သခင်မုတို့က တကယ်ကို ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ခဲ့တာပဲ"

"ဒါပေမဲ့..."

တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တဲ့အချိန်မှာ သိပ်သည်းနေအောင်ရေးထားတဲ့ အဖြူရောင်စာရွက်တစ်ရွက် အားလုံးရဲ့ရှေ့မှာ ပေါ်လာတယ်။

သူက ရိုးရှင်းတဲ့မျက်နှာထားတစ်ခုနဲ့ ခန်းမထဲကလူအားလုံးကို ပြုံးပြပြီးပြောလိုက်တယ်။

"ဒီလိုဆိုရင်တော့ ဒီကျန့်ရွှမ် အခု၁၀၀ကို ဘယ်လိုစီမံရမယ်ဆိုတာကို ကျွန်တော်တို့တွေ တိုင်ပင်ရမဲ့ကိစ္စ ဖြစ်သွားပြီ"

ချန်ထျန်းဂိုဏ်းက ကျန့်ရွှမ်ပစ္စည်းကို ရောင်းပြီးတော့ ဝိညာဥ်ကျောက်တုံးတွေနဲ့ ငွေရှာချင်ခဲ့တာလေ။ ဝိညာဥ်ကျောက်တုံးတွေနဲ့ ချန်ထျန်းဂိုဏ်းက အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ ဝိညာဥ်ကျောက်တုံးတွေကနေ ငွေပိုရှာချင်သေးတယ်။

လူတိုင်းက ချန်ထျန်းဂိုဏ်းကို ဝိညာဥ်ကျောက်တုံးတွေ ပေးပို့လာတော့မဲ့မြင်ကွင်းကို စဥ်းစားမိလိုက်ပြီး ချန်ထျန်းဂိုဏ်းချုပ်ကြီးက ထိန်းချုပ်မရနိူင်တဲ့ စိတ်လှုပ်ရှားမှု အရိပ်အယောင်နဲ့ ပြောလိုက်တယ်။

"ဒီဂိုဏ်းချုပ်ကြီးကတော့ နတ်သမီးယောင်လင်းနဲ့ နတ်သမီးမင်ယွီတို့က သေချာပေါက် ပို့ပေးရမယ်လို့ ယုံကြည့်တယ်"

ဒီအချိန်မှာတော့ ရှန့်ဟော်တောင်ထွတ်သခင်ကလည်း ထရပ်လိုက်တယ်။ သူက မျက်လုံးထဲမှာ မရေမရာတဲ့ အကြည့်တစ်ခုနဲ့ ပြောလိုက်တယ်။

"ကျုပ်အထင်တော့ အကြီးအကဲရှီမင်နဲ့ အကြီးအကဲလျန်ရှင်းတို့ကလည်း ကျင့်ကြံခြင်း အခြေခံအဆင့်တွေကို နှံ့စပ်တယ်။ ဒီတော့ သူတို့တွေကလည်း ချန်ထျန်းဂိုဏ်းကနေပြီး ကျန့်ရွှမ်ပစ္စည်းကို ပေးပို့ဖို့ထိုက်တန်တယ်"

အကြီးအကဲလဲ့ရောင်းကလည်း ပျော်ရွှင်စရာကို စောင့်ကြည့်နေပြီး စိတ်ဝင်စားလာတယ်။

"ကျွန်မအထင်တော့ လုသခင်ကြီးနဲ့ မင်သခင်ကြီးတို့က..."

အားလုံးကလွတ်လွတ်လပ်လပ် ပြောဆိုနေကြတဲ့အချိန်မှာ ကျန့်ရွှမ်ပစ္စည်း အခုတစ်ရာ တောင်းဆိုတာကို မပြောနဲ့ အခုသုံးရာတောင်းဆိုရင်တောင် သူတို့မှာလည်ပတ်ဖို့ မလုံလောက်တာကို တွေ့လိုက်ရတယ်။

သူတို့တွေက စိတ်လှုပ်ရှားဝမ်းသာနေကြတာလည်း မဆန်းဘူးလေ။ အဲ့ဒီနေ့က အပြင်လောကကအသံဆီကနေ လျို့ဝှက်ချက်အများကြီးကို သိခဲ့ရတာကိုး။ သူတို့တစ်ယောက်ချင်းစီတိုင်းက အဆင့်သတ်မှတ်ချက်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုစီတိုင်းမှာ ပါဝင်နေတယ်လေ။

ဒီအချိန်မှာပဲ ချောင်ချွမ်းက ကူကယ်ရာမဲ့သလို ထရပ်လိုက်တယ်။ သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဦးညွှတ်လိုက်ပြီး တလေးတစားနဲ့ ပြောလိုက်တယ်။

"ကျွန်တော့်အထင်တော့ ဒီကျန့်ရွှမ်ပစ္စည်းကို ဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေဆီကို အရင်ဆုံး ပို့သင့်ပါတယ်။ သူတို့တွေက ကျင့်ကြံရေးလောကရဲ့ ထိပ်တန်းဂိုဏ်းကို ကိုယ်စားပြုတဲ့အပြင် အဟမ်း... သူတို့တွေက ချန်ထျန်းဂိုဏ်းရဲ့ အကြွေးရှင်တွေလည်း ဟုတ်တယ်လေ"

"ကျွန်တော်တို့တွေက ကျန့်ရွှမ်ပစ္စည်းကို ကျင့်ကြံရေးလောကထဲမှာ ချပြနိုင်တဲ့ နာမည်ကြီးကျင့်ကြံသူတွေအတွက်လည်း ပစ္စည်းဆယ့်နှစ်ခုလောက် ချန်ထားဖို့လိုအပ်တယ်။ အခုတစ်လော ဝမ့်ကျန့်ဂိုဏ်းကတပည့်... သခင်လေးယွီယန်က အရမ်းကို နာမည်ကြီးလာခဲ့တယ်လေ..."

ချောင်ချွမ်းစကားပြောလို့ ပြီးသွားတဲ့အချိန်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးက တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။

"ဟုတ်တယ်"

ဒီအချိန်မှာတော့ အကြီးအကဲလဲ့ယောင်းက သူမရဲ့လက်ထဲက ဆက်သွယ်ရေးပစ္စည်းကို နိုပ်ကြည့်လိုက်တယ်။ သက်ဆိုင်ရာ အဆင့်သတ်မှတ်ချက်တွေကို မြင်လိုက်ရတဲ့အခါ သူမက နားမလည်နိုင်သလို မေးလိုက်တယ်။

"ဂိုဏ်းချုပ်ကြီး ဝမ့်ကျန့်ဂိုဏ်းချုပ်နဲ့ ရွှင့်ချန်ဂိုဏ်းချုပ်ကို ဘာဖြစ်လို့အဆင့်တူတူ မထားထားတာလဲ"

ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူအများအပြားက ဒီဂိုဏ်းချုပ်ကြီးနှစ်ယောက်ရဲ့ ဆက်ဆံရေးကြားမှာ အရမ်းကို နူးညံ့တယ်ဆိုတာ သေချာတယ်လေ။

ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့မျက်နှာပေါ်မှာ အတွေ့အကြုံရှိပြီးသား အကြည့်တစ်ခုနဲ့ သူ့လက်ကို ဝှေ့ယမ်းပြီးပြောလိုက်တယ်။

"ဒါပေါ့၊ သူတို့ရဲ့ ငွေကြေးအရင်းအမြစ်က အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်လာရင် သေချာပေါက်ထည့်သွင်း စဥ်းစားရမဲ့အရာလေ။ ဝမ့်ကျန့်ဂိုဏ်းချုပ်ကြီးကတောင် အဆင့်နောက်ဆုံးမှာ ရှိနေတဲ့အရာဆိုရင် သူက ဝိညာဥ်ကျောက်တုံးတွေနဲ့ ရောက်လာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ..."

သူ့စကားမဆုံးခင်မှာပဲ တပည့်တစ်ယောက်ကဝင်လာပြီး သတင်းပို့လိုက်တဲ့အသံကို ကြားလိုက်ရတယ်။

"ဂိုဏ်းချုပ်ကြီး ရွှင့်ချန်ဂိုဏ်းချုပ်နဲ့ ဝမ့်ကျန့်ဂိုဏ်းချုပ်တို့ အလည်အပတ်ရောက်လာပါတယ်"

...

All Chapters