အခန်း ၁၂၉
Vol. 9 Ch. 129
အပိုင်း (၁၂၉)
နောက်ဆုံးတော့ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ ရင်းနှီးဖော်ရွေပြီး ကြင်နာတတ်တဲ့အကြည့်အောက်မှာ ကြီးမြတ်သူရှီမင်က လေးလံတဲ့ခြေလှမ်းတွေနဲ့ ရှုပ်ထွေးတဲ့အမူအရာတစ်ခုနဲ့အတူ လက်ထဲမှာ အဆင့်နှစ်သာမန်ဝိညာဥ် ဆေးပင်တစ်မျိုးကို ကိုင်ပြီး ချန်ထျန်းဂိုဏ်းက ထွက်သွားတယ်။
ဟွားချွမ်ခန်းမထဲမှာ
ချောင်ချွမ်းက အဝေးကို ထွက်သွားတဲ့ ကြီးမြတ်သူရှီမင်ရဲ့ ညှိုးနွမ်းနေတဲ့ပုံရိပ်လေးကို ကြည့်လိုက်မိတယ်။ သူက ခေါင်းကိုအနည်းငယ် ပြန်လှည့်လိုက်ပြီး ဇဝေဇဝါနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။
ဒီမတိုင်ခင်တုန်းက သူ့ဆရာက သိက္ခာအပြည့်နဲ့ ကြင်နာတတ်တဲ့သူလို့ အမြဲတမ်း ထင်ထားခဲ့တာလေ။ ဒီလိုကြီးမားတဲ့အကြွေး တစ်ခုရှိနေတာတောင် သူက ဂိုဏ်းထဲမှာ မားမားမတ်မတ် ရပ်တည်ခဲ့ပြီး ဘယ်တော့မှ နောက်ဆုတ်သွားတယ်ဆိုတာ မရှိခဲ့ဘူး။
ဆရာကြီးမှာ... ဒီလောက်ဖောက်ပြားတဲ့ အခြမ်းတစ်ခု ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။
ဒါပေမဲ့ ချန်ထျန်းဂိုဏ်းက သန်းတစ်ရာကျော် ဝိညာဥ်ကျောက်တုံးတွေကို အကြွေးတင်ထားတာကို စဥ်းစားမိလိုက်တဲ့အခါ သူ့မျက်လုံးထဲက အမူအရာတွေက နားလည်ခြင်းနဲ့ လေးစားမှုအပြည့် ဖြစ်သွားတယ်။
ဆရာကြီးက သူရဲ့ကြိုးစားအားထုတ်မှုတွေ အကုန်ထည့်ထားပြီး ခြေလှမ်းတိုင်းကို ဂရုတစိုက်နဲ့ လှမ်းနေတာကလည်း ချန်ထျန်းဂိုဏ်းရဲ့ အနာဂတ်အတွက်ပဲလေ။
ချန်ထျန်းဂိုဏ်းချုပ်ကြီးကတော့ သူရဲ့ဒုတိယတပည့် နှလုံးသားထဲမှာ သူရဲ့ပုံရိပ်က အများကြီးပိုပြီး ခမ်းနားထည်ဝါလာတာကို မသိလေဘူး။ သူက သိုလှောင်အိတ်ထဲက ဝိညာဥ်ကျောက်တုံး တစ်သောင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက အစင်းရာလေးတစ်ခု ထင်သွားတဲ့အထိ ပြုံးလိုက်တယ်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အကြွေးဆပ်ဖို့မပြောနဲ့ ချန်ထျန်းဂိုဏ်းက ရွှင့်ချန်ဂိုဏ်းကို ကျော်သွားပြီး ကျင့်ကြံရေးလောကထဲမှာ အချမ်းသာဆုံးဂိုဏ်းတစ်ခု ဖြစ်လာနိုင်တယ်။
ဒါပေမဲ့...
သူက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး သူ့မျက်နှာပေါ်ကအပြုံးက တဖြည်းဖြည်းနဲ့ မှေးမှိန်သွားတယ်။ သူက ကိုယ်ကိုလှည့်ပြီး ချောင်ချွမ်းကို ပြောလိုက်တယ်။
"ငါ့အထင်တော့ သိပ်မကြာခင် ကြီးမြတ်သူလျန်ရှင်းက ချန်ထျန်းဂိုဏ်းကို ရောက်လာတော့မယ် ထင်တယ်။ ဘာပြောရမယ်ဆိုတာ မှတ်မိတယ်မလား"
ချောင်ချွမ်းရဲ့ မျက်နှာပေါ်က နားလည်မှုနဲ့ လေးစားမှုတွေက အေးခဲသွားတယ်။ အခိုက်တန့် ဇဝေဇဝါ ဖြစ်သွားပြီးတဲ့နောက်မှာ သူက ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံနဲ့ လက်နှစ်ဖက်ကို ယှက်ပြီးပြောလိုက်တယ်။
"တပည့် မှတ်မိပါတယ်"
ချန်ထျန်းဂိုဏ်းက အဆင့်သတ်မှတ်ချက်တွေ လုပ်တုန်းက ကြီးမြတ်သူလျန်ရှင်းက ကြီးမြတ်သူရှီမင်ရဲ့ ရှေ့မှာပဲ ရှိသင့်တယ်လို့ အစကတည်းက ထင်ထားခဲ့တာလေ။ ဒါပေမဲ့ ကြီးမြတ်သူရှီမင်က ဒါကို လုံးဝမကျေနပ်ဘဲ ချန်ထျန်းဂိုဏ်းကိုလာပြီး ဖြေရှင်းချက်တစ်ခု တောင်းဆိုခဲ့တယ်။ ချန်ထျန်းဂိုဏ်းကလည်း ဒီလိုနဲ့ ဖိအားပေးခံလိုက်ရပြီး အဆင့်သတ်မှတ်ချက်ကို မသိမသာလေး ပြောင်းပေးရုံသာ တတ်နိုင်တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူက တစ်ခုခုပြောတော့မယ် ကြံလိုက်တဲ့အချိန်မှာပဲ ခပ်သင်းသင်းမွှေးရနံ့တစ်ခုက ဟွားချွမ်ခန်းမဝင်ပေါက်ကနေ ဖြည်းဖြည်းချင်း လွှင့်ပျံလာတယ်။
နောက်တစ်စက္ကန့်မှာပဲ ကြည်လင်ပြတ်သားတဲ့ မျက်ခုံးတစ်စုံ၊ လှပတဲ့သွင်ပြင်ပိုင်ဆိုင်ထားတဲ့ အပြာဖျော့ရောင် ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက ခန်းမထဲကို ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့တယ်။
သူမက သူမရဲ့မျက်လုံးတွေကို အနည်းငယ် ပင့်ကြည့်လိုက်ပြီး ခန်းမထဲက လူနှစ်ယောက်ကို မြင်လိုက်ရတဲ့အခါမှာ သူမက ပြုံးပြလိုက်တယ်။ ဒီအပြုံးနဲ့ ခန်းမတစ်ခုလုံးက နည်းနည်းလေးပိုပြီး လင်းသွားတဲ့ပုံပဲ။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက သူ့မျက်လုံးထဲမှာ ဘာအံ့သြရိပ်မှမပါဘဲ ချန်ထျန်းဂိုဏ်းကို ရောက်လာတဲ့ နတ်မိမယ်ယောင်လင်းကို ကြည့်လိုက်တယ်။
သူက ရှေ့ကို နှစ်လှမ်းလျှောက်သွားလိုက်ပြီး လူကောင်းလေးတစ်ယောက်ပုံ ဖြစ်နေတုန်းပဲ။ သူက နတ်မိမယ်ယောင်လင်းကို အနည်းငယ်ဦးညွှတ်ကာ သူမကို စိတ်ရင်းအတိုင်း ချီးကျူးစကား ပြောလိုက်တယ်။
"နတ်မိမယ်ကို မတွေ့ရတာ အတော်လေးကြာသွားပြီနော်၊ နတ်မိမယ်က အရင်လိုပဲ လှပချောမောနေတုန်းပါပဲ"
နတ်မိမယ်ယောင်လင်းရဲ့အသံက လေပြည်လေး တိုက်ခတ်လာသလို နူးညံ့သိမ့်မွေ့နေတယ်။
"ဂိုဏ်းချုပ်ကြီးကျန်း ရှင် အရမ်းကို ယဥ်ကျေးနေလွန်းပါပြီ"
"ချန်ထျန်းဂိုဏ်းက အခုတစ်လော အရမ်းအလုပ်များနေတယ်လို့ ကျွန်မ ကြားထားတယ်။ ဂိုဏ်းချုပ်ကြီး ကျေးဇူးပြုပြီးတော့ ရှင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပါ၊ ကိုယ့်ဟာကို အလွန်အကျွံ အလုပ်မခိုင်းပါနဲ့"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက နတ်မိမယ်ယောင်လင်းကို နေရာမှာထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး သူကလည်း အဓိကထိုင်ခုံမှာ ထိုင်ချလိုက်တယ်။ သူက ပြုံးပြီး ပြန်ဖြေလိုက်တယ်။
"နတ်မိမယ်ရဲ့ စိတ်ပူတတ်တဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"
နတ်မိမယ်ယောင်လင်းရဲ့ ဘာမှကိုမမှုတဲ့အမူအရာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူက မသိမသာ မျက်ခုံးပင့်လိုက်ပြီး အကြောင်းသိနေသလို မေးလိုက်တယ်။
"ဒါပေမဲ့ ကျုပ် ကြားထားတာတော့ နတ်မိမယ်က အခုတလော သီးသန့်ကျင့်ကြံခြင်းနဲ့ အလုပ်များနေတာဆို၊ ဘယ်လိုလုပ်ပြီး ဒီနေ့ကျမှ ချန်ထျန်းဂိုဏ်းကို အလည်လာဖို့ အချိန်ရသွားတာလဲ"
နတ်မိမယ်ယောင်လင်းက ဒီစကားကိုကြားလိုက်တဲ့အခါ ခပ်တိုးတိုးလေး ပြုံးလိုက်တယ်။ သူမရဲ့အသံက အရင်လို တည်ငြိမ်အေးဆေးနေပြီး သူမရဲ့အသံထဲမှာလည်း ဘာစိုးရိမ်ဒေါသမှ မရှိလေဘူး။ သူမက ညှင်သာသိမ်မွေ့စွာနဲ့ ပြောလိုက်တယ်။
"ဟုတ်ပါတယ်၊ ကျွန်မက ဒီနေရာကိုလာပြီး ဂိုဏ်းချုပ်ကြီးကျန်းကို ဂုဏ်ပြုစကားလာပြောတာပါ"
"ချန်ထျန်းဂိုဏ်းကလုပ်ခဲ့တဲ့ ကျန့်ရွှမ်မှော်ပစ္စည်းဟာဆိုရင် အခု ကျင့်ကြံသူတွေကြားမှာ အရမ်းကို နာမည်ကြီးနေပြီလေ။ ကျွန်မကလည်း အဆင့်သတ်မှတ်ခြင်း အကြောင်းအရာကို အရမ်းစိတ်ဝင်စားမိတယ်"
ကျန့်ရွှမ်ပေါ်က အလှအပ၊ တိုက်ခိုက်ရေးစွမ်းရည် အရည်အချင်းမှာ သူမထက် အဆင့်တစ်ခုသာနေတဲ့ နတ်မိမယ်မင်ယွီအကြောင်းကို စဥ်းစားမိလိုက်ပြီး သူမရဲ့မျက်လုံးတွေက အခိုက်တန့် ညိုမည်းသွားတယ်။
ဟယ်ဟွမ်းဂိုဏ်းချုပ်ကြီးက သူမထက် အဆင့်ပိုမြင့်တာကိုတော့ သူမက လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ မင်ယွီကိုကျတော့ ဘာဖြစ်လို့ အဲ့လိုတွေးပေးရမှာလဲ။
သူတို့နှစ်ယောက်စလုံးက တူညီတဲ့ကျင့်ကြံရေးအဆင့်မှာ ရှိပြီး သူတို့နှစ်ယောက်စလုံးက တူညီတဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားတာ သိသာနေတာပဲ။ အလှအပနဲ့ပတ်သက်လာရင် သူမက နတ်မိမယ်မင်ယွီထက် မနိမ့်ဘူးလို့ ယုံကြည့်ထားတယ်။
ကျန့်ရွှမ်ရဲ့ အဆင့်သတ်မှတ်ချက်ဇယားထဲမှာ မင်ယွီထက် နည်းနည်းလေးပိုသာတဲ့ မိသားစုနောက်ခံတစ်ခု ရှိတာကလွဲရင် သူမက တခြားနယ်ပယ်တွေမှာ မင်ယွီထက် ဘာလို့ နောက်ကျနေရမှာလဲ။
သူမသာ ဒီအဆင့်သတ်မှတ်ချက်ဇယားနဲ့ပတ်သက်ပြီး သတင်းကို မြင်မြင်ချင်း ချန်ထျန်းဂိုဏ်းကို အလောတကြီးသာ မလာခဲ့ဖူးဆိုရင် မင်ယွီကတော့ အခုအချိန်လောက်ဆိုရင် သူမရှေ့လာပြီးတော့ ကြွားလုံးတွေ ထုတ်နေတော့မှာပဲ။
ပြီးခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်အတွင်း သူတို့နှစ်ယောက်ကြားက ပေါ်တင်ရော ကွယ်ရာမှာပါ တိုက်ခိုက်ကြတဲ့အကြောင်းကို စဥ်းစားမိလိုက်ပြီး နတ်မိမယ်ယောင်လင်းက ဆုံးဖြတ်ချက် ပြတ်သားတဲ့ပုံ ဖြစ်သွားပြီး...
သူက ဘယ်သူ့ကိုပဲ ရှုံးပါစေလေ။ မင်ယွီကိုတော့ ဘယ်တော့မှ ရှုံးနိမ့်မှာမဟုတ်ဘူး။
နောက်ပြီးတော့ ဒီနေ့အခေတ်အခါမှာ ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူတွေတိုင်းမှာ ကျန့်ရွှမ်တစ်ခုတော့ ရှိတာပဲ။ ကျင့်ကြံသူတိုင်းက အဆင့်သတ်မှတ်ချက်ကို မြင်နိုင်တယ်လေ။ ဒါက လူတိုင်းရဲ့အမြင်မှာ သူမက မင်ယွီထက်ပိုပြီးတော့ နိမ့်တယ်လို့ ဆိုတဲ့သဘော မဟုတ်ဘူးလား။
ဒီလိုစဥ်းစားလိုက်ပြီး သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သူမရဲ့မျက်လုံးထဲမှာ သိမ့်မွေတဲ့အပြုံးတစ်ခု တဖန် ပြန်ပေါ်လာတယ်။
"ချန်ထျန်းဂိုဏ်းက ဒီလိုမှော်ပစ္စည်းတစ်မျိုးကို သန့်စင်ထားတဲ့ကိစ္စက ကျင့်ကြံသူတွေ အများကြီးအတွက် တကယ်ပဲ အဆင်ပြေလှပါတယ်"
"အထူးသဖြင့် အဆင့်သတ်မှတ်ချက်ပေါ့"
သူမက ဒီအတိုင်း သာမန်ကာလျှံကာ သက်ပြင်းချလိုက်တဲ့ပုံနဲ့
"အရင်တုန်းကဆိုရင် ကျင့်ကြံရေးလောကထဲမှာ ဒီလိုရှင်းလင်းတဲ့ အဆင့်သတ်မှတ်ချက်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးလေ။ ကျွန်မအထင်တော့ ဂိုဏ်းချုပ်ကြီးက ဒီအဆင့်သတ်မှတ်ချက်တွေကို ရွေးချယ်ဖို့အတွက် အားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရမယ်ဆိုတာ သေချာပါတယ်"
ဒီအချိန်မှာတော့ နတ်မိမယ်ယောင်လင်းက တစ်ခုခုကို သတိရသွားတဲ့ပုံနဲ့ သူမရဲ့အသံက အရင်တုန်းကထက် ပိုပြီးသိမ်မွေ့လာပြီး ကျီစယ်တတ်တဲ့ အရိပ်အယောင်တစ်ခု ပိုပြီးပါဝင်လာတယ်။
"ဂိုဏ်းချုပ်ကြီးရယ်၊ ကြည့်စမ်းပါအုံး၊ ကျွန်မမှာ ရှင်နဲ့တွေ့ရတာ အရမ်းကိုဝမ်းသာလွန်းလို့ ရှင်နဲ့စကားပြောဖို့ပဲ အာရုံရောက်နေပြီး ကျင့်ဝတ်တွေကိုတောင် မေ့လျော့ခဲ့တယ်လေ"
သူမက ပြောရင်းဆိုရင်း သူမရဲ့သိုလှောင်အိတ်တစ်ခုကို မြှောက်ပြလိုက်ပြီး ပြောလိုက်တယ်။
"ဒါကချန်ထျန်းဂိုဏ်းက ကျန့်ရွှမ်ပစ္စည်းကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တဲ့အတွက် ချန်ထျန်းဂိုဏ်းကို ဂုဏ်ပြုတဲ့အနေနဲ့ ယောင်လင်းရဲ့ လက်ဆောင်တစ်ခုပါ။ ဂိုဏ်းချုပ်ကြီးက ဒါကို အထင်အမြင် မသေးဖို့ မျှော်လင့်ပါတယ်"
ချန်းထန်းဂိုဏ်းချုပ်ကြီးက မျက်လုံးထဲမှာ လုံးဝမသိသာတဲ့ အပြုံးတစ်ခုနဲ့ သူမရဲ့စကားလုံးတွေကို နားထောင်လိုက်တယ်။
သူက ချောင်းဟန့်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးပြောလိုက်တယ်။
"နတ်မိမယ် မင်းက အရမ်းကို အားနာတတ်ရန်ကော"
ဒါကို မြင်လိုက်ရပြီးတဲ့နောက်မှာ ချောင်ချွမ်းက သူပြောလိုက်တဲ့စကားအဓိပ္ပာယ်ကိုနားလည်သွားပြီး သိုလှောင်အိတ်ကို လှမ်းယူလိုက်တယ်။ သူက ရုတ်ရက်ဆိုသလို စကားလမ်းကြောင်းပြောင်းလိုက်ပြီး ကျန့်ရွှမ်ကို သန့်စင်ရာမှာ ခက်ခဲတဲ့အကြောင်းအရာတွေကို ပြောပြလိုက််တယ်။
သူ့စကားဆုံးသွားတဲ့နောက်မှာပဲ သူက ကူကယ်ရာမဲ့သွားသလို ခေါင်းခါပြလိုက်တယ်။
"ကျန့်ရွှမ်ကို ဖန်တီးထားတာကလည်း သိပ်မကြာသေးဘူးလေ။ နောက်ပြီးတော့လည်း ဒီထဲမှာ အသေးစား ပြဿနာတွေကလည်း ရှိနေသေးတယ်"
"ဥပမာ ကျန့်ရွှမ်ပေါ်က အဆင့်သတ်မှတ်ချက်ဆိုပါတော့။ ဒီဂိုဏ်းချုပ်ကြီးက အခုတစ်လောမှာ သိပ်ပြီးမှန်ကန်မှု မရှိဖူးဆိုတာ ခံစားမိပါတယ်။ ဒါကြောင့်မို့လို့ ကျုပ်က ပြင်ဆင်မှုတချို့ကို လုပ်ချင်နေတာလေ"
နတ်မိမယ်ယောင်လင်းက ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့မျက်လုံးထဲ ကအပြုံးကလည်း ပိုပြီးတော့ ကြည်လင်လာတယ်။ သူမက စဥ်းစားတွေးတောပေးတဲ့ ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ကျင့်ကြံရေးလောကထဲမှာ အဆင့်သတ်မှတ်ချက်ဆိုတာက အရင်ကတည်းက ရှုပ်ထွေးပြီးသားပါ။ ဂိုဏ်းချုပ်ကြီးက ရက်ပေါင်းများစွာ ကိစ္စတွေအများကြီးနဲ့ အလုပ်ရှုပ်နေတာ မကြာခဏ လွဲမှားတာတွေ ရှိတာကတော့ ပုံမှန်ပါပဲ"
သူတို့နှစ်ယောက်စလုံးက တခြားသူတွေ ပြောချင်တဲ့စကားကို နားလည်လိုက်တယ်။ နှစ်ယောက်စလုံးက သူတို့လိုချင်တဲ့အရာကို ရသွားတယ်လေ။ အားလုံးရဲ့မျက်နှာပေါ်မှာလည်း ကျေနပ်သွားပြီး အလိုလို နားလည်တဲ့ အမူအရာ ဖြစ်သွားတယ်။
ရိုးရှင်းတဲ့နှုတ်ဆက်စကား တစ်ခွန်း၊နှစ်ခွန်းပြောခဲ့ပြီးမှ နတ်မိမယ်ယောင်လင်းက ပါးပါးနပ်နပ်နဲ့ ထရပ်ပြီး နှုတ်ဆက်စကားပြောလိုက်တယ်။
နတ်မိမယ်ယောင်လင်း ပြန်သွားပြီး သိပ်မကြာခင်မှာပဲ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ သိုလှောင်အိတ်ထဲက ကျန့်ရွှမ်က ရုတ်တရက်ဆိုသလို လင်းလက်လာတယ်။
သူက အပေါ်မှာထွက်လာတဲ့ ဝိညာဥ်စွမ်းအင်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ အရာအားလုံးက သူရဲ့ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့မျက်နှာထားတစ်ခုနဲ့ သူက ဆက်သွယ်မည်ဆိုတဲ့ခလုတ်ကို နိုပ်လိုက်တယ်။
"မတွေ့ရတာကြာပြီနော်၊ သခင်ကြီးမင် နေကောင်းရဲ့လား"
"ဂိုဏ်းချုပ်ကြီးကျန်း သွယ်ဝိုက်ပြီးတော့ ပြောမနေပါနဲ့တော့"
မင်မိသားစု သခင်ကြီးရဲ့အသံက မြို့သိပ်ထားတဲ့ ဒေါသနဲ့ပြည့်နှက်နေပြီး လုံးဝယဥ်ကျေးတဲ့ဟန်မတူဘူး။
"အထက်တန်းစား မိသားစုတွေရဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ ကျုပ်ရဲ့မင်မိသားစုထက် လုမိသားစုက ဘာဖြစ်လို့ အပေါ်မှာ ရောက်နေတာလဲ"
"သခင်ကြီးမင် စိတ်လျော့ပါအုံး"
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ပါးနပ်တဲ့ရုပ်တစ်ခုနဲ့ ပြောလိုက်တယ်။
"ကျင့်ကြံရေးလောကထဲက လူတွေအားလုံးက မင်မိသားစုနဲ့ လုမိသားစုက ..."
နေ့တစ်နေ့ရဲ့ ဒီလိုအချိန်မှာ...
ချန်ထျန်းဂိုဏ်းချုပ်ကြီးဟာဆိုရင် အလုပ်များလွန်းလို့ အနားယူဖို့အချိန်တောင် မရှိတော့ဘူး။ ကြီးမြတ်သူရှီမင်နဲ့ နတ်မိမယ်ယောင်လင်းတို့လို လူတချို့က ကျန့်ရွှမ်အဆင့်သတ်မှတ်ချက် စာရင်းပေါ်က သူတို့ရဲ့အဆင့်သတ်မှတ်ချက်ကို ပြောင်းလဲဖို့ လူကိုယ်တိုင် လာရောက် တောင်းဆိုကြတယ်။ တချို့ကလည်း ကျန့်ရွှမ်ကနေတစ်ဆင့် သူ့ကို ဆက်သွယ်လာကြတယ်။ တချို့က သူ့ကိုဖိအားပေးဖို့အတွက် သွယ်ဝိုက်တဲ့နည်းလမ်းတွေကိုရှာပြီး ချန်ထျန်းဂိုဏ်းရဲ့ မဟာအကြီးအကဲကိုတောင် သွားရှာကြတယ်။
နောက်ဆုံးတော့ အလုပ်တွေအားလုံး ပြီးဆုံးသွားတဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ အိတ်အပြည့်ဖြစ်နေတဲ့ သိုလှောင်အိတ်ကြီးကို ကိုင်ထားတယ်။
နောက်တစ်နေ့မှာလည်း....
ဒီလိုပဲ တစ်ပုံစံတည်း ဆက်ဖြစ်နေလေရဲ့။
ဒီအချိန်မှာ ရောက်လာကြတဲ့ ကျင့်ကြံသူအများအပြားကလည်း အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ပြောင်းလဲပေးဖို့ မကျေမနပ် ဖြစ်နေကြလေရဲ့။
ဥပမာ ကြီးမြတ်သူရှီမင်အောက်မှာ အဆင့်တစ်ခုကျသွားတဲ့ ကြီးမြတ်သူလျန်ရှင်းနဲ့ အထက်တန်းစာမိသားစုထဲမှာ ရုတ်တရက် အဆင့်တစ်ခုကျသွားတဲ့ လုမိသားစုပေါ့...
တစ်ပတ်တင်းတင်း ပြည့်သွားတဲ့အချိန်မှာပဲ ချန်ထျန်းဂိုဏ်းက ကျန့်ရွှမ်နဲ့ အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး လျှို့ဝှက်အရောင်းအဝယ်ကို အားကိုးပြီး ငွေအများကြီး ရှာနိုင်ခဲ့တယ်။
ချောင်ချွမ်းကလည်း ပြီးခဲ့တဲ့နှစ်ရက်တာအတွင်းမှာ ဝိညာဥ်ကျောက်တုံးတွေကို ရေတွက်နေရတာနဲ့ တော်တော်လေးတောင် ပိန်သွားခဲ့တယ်။
ဒါပေမဲ့လည်း သူက သူ့လက်ကို မ,ဖို့ အရမ်းကိုပင်ပန်းနေပေမဲ့ သူ့အသံကတော့ အင်မတန်မှ စိတ်လှုပ်ရှားနေတုန်းပဲ။
"ဆရာကြီး ချန်ထျန်းဂိုဏ်းက ရှာဖွေထားတဲ့ ဝိညာဥ်ကျောက်တုံးတွေဟာဆိုရင် အခုဆိုရင် အကြွေးအားလုံး ကျေဖို့အတွက် လုံလောက်သွားပြီ"
"ကျွန်တော်တို့ဂိုဏ်းရဲ့ ငွေကြေးအင်အားက ဝမ့်ကျန့်ဂိုဏ်းထက်တောင် သာလွန်သွားပြီ၊ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ချန်ထျန်းဂိုဏ်းက ရွှင့်ချန်ဂိုဏ်းထက် သာသွားပြီး ကျင့်ကြံရေးလောကထဲမှာ အချမ်းသာဆုံးဂိုဏ်း ဖြစ်သွားလိမ့်မယ်"
ဆယ်ရက်ကျော်လေးအတွင်းမှာ သူက ဝိညာဥ်ကျောက်တုံး သန်းတစ်ရာ ရှာဖွေနိုင်ခဲ့တယ်လေ။ ဒါက ဝိညာဥ်ကျောက်တုံးမိုင်းတွင်းကနေပြီး ရှာရတာထက် ပိုပြီးတော့တောင် မြန်ဆန်နေသေးတယ်။
သူ့ဘဝမှာ ဒီလောက်များပြားတဲ့ ဝိညာဥ်ကျောက်တုံးတွေကို တစ်ခါမှ မတွေ့ဖူးဘူးပဲ။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက ဂရုမစိုက်သလိုရုပ်တစ်ခုနဲ့ သူကိုကြည့်လိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့နေတဲ့ ဟန်တစ်ခုနဲ့ သူရဲ့အပေါ်ဝတ်ရုံကို ဆွဲဆန့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက််တယ်။
"ဒီနေ့ကစပြီး ကျန့်ရွှမ်ပေါ်က သက်ဆိုင်ရာ အဆင့်သတ်မှတ်ချက်ဇယားတွေကို လုံးဝပြီးပြတ်အောင် ဆုံးဖြတ်ရလိမ့်မယ်။ အရင်တုန်းကလို စိတ်ရှိသလိုထပ်ပြီးတော့ ပြောင်းလဲလို့ မရနိုင်တော့ဘူး"
သူ့စကားကို ကြားလိုက်ပြီးတဲ့အခါ ချောင်ချွမ်းက တအံ့တသြဖြစ်သွားတယ်။
"ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် ချန်ထျန်းဂိုဏ်းကြီးက ဆုံးရှုံးရမှာတွေ..."
နောက်ကွယ်က ဝင်ငွေတွေများလား။
သူ ဒါကို စပြီးလုပ်တဲ့ အချိန်တုန်းက စိတ်ထဲမှာ နည်းနည်းလေး အပြစ်ရှိသလို ခံစားရတယ်လေ။ ဒါပေမဲ့ သူက ဝိညာဥ်ကျောက်တုံးတွေ သူ့စာရင်းထဲကို ပိုပိုပြီး ရောက်လာတာကို ကြည့်ရတဲ့အခါ သူ့မှာ ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်တော့ဘူးပေါ့။
နောက်ဆုံး ချန်ထျန်းဂိုဏ်းက ဘယ်သူ့ကိုမှ အတင်းအကြပ် လုပ်ခိုင်းခဲ့တာ မရှိဘူးလေ။ အရာအားလုံးကို ကြီးမြတ်သူတွေ၊ မိသားစုခေါင်းဆောင်တွေကပဲ လိုလိုလားလားနဲ့ လုပ်ခဲ့ကြတာပဲ။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက မျက်နှာပေါ်မှာ သတိပေးတဲ့ရုပ်တစ်ခုနဲ့ သူ့ရဲ့ပခုံးကို ပုတ်လိုက်ပြီး လေးပင်တဲ့လေသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ချောင်ချွမ်း မင်းမှတ်ထားရမှာက အများကြီး ပိုင်ဆိုင်ထားရတာကလည်း ဘာမှမပိုင်ဆိုင်ထားရသလိုပဲ အန္တရာယ်များတယ်"
“အခုကျင့်ကြံသူတွေက အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး တိုးတိုးတိတ်တိတ်နဲ့ ဝိညာဥ်ကျောက်တုံးတွေကို လုံလုံလောက်လောက် ပေးချေခဲ့ပြီးပြီလေ။ ချန်ထျန်းဂိုဏ်းက ရှာဖွေခဲ့တဲ့ ဝိညာဥ်ကျောက်တုံးတွေကလညိး အကြွေးကျေဖို့ လုံလောက်သွားပြီ အခု ရပ်ရမဲ့အချိန်တန်ပြီ"
"သူတို့တွေ ဒီလို ဆက်လုပ်နေမယ်ဆိုရင် ကျင့်ကြံသူတွေ အားလုံးက အတူတူ လက်လျော့လိုက်ရင်တော့ ပိုကောင်းတာပေါ့။ စိုးရိမ်ရတဲ့တစ်ချက်က သူတို့တွေပူးပေါင်းပြီး ချန်ထျန်းဂိုဏ်းကို ဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ"
"အဲဒီအချိန်ကျရင်တော့ အခြေအနေတွေက ထိန်းချုပ်ဖို့ ခက်ခဲလာလိမ့်မယ်လေ"
ချောင်ချွမ်းကလည်း အမှန်တရားကို သေသေချာချာသိနေတယ်။ ဒါပေမဲ့လည်း နားလည်တယ်ဆိုတာက အကြောင်းအရာတစ်ခု ဒါကိုလုပ်နိုင်တယ်ဆိုတာက အကြောင်းအရာတစ်ခုပဲလေ။
သူက ကြည်ညိုလေးစားတဲ့ဟန်အပြည့်နဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။ သူက ဂိုဏ်းချုပ်ကြီးတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ ဒီလောက်ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတာတောင် သူက ရှိရင်းစွဲ ရည်ရွယ်ချက်ကို ဆွဲကိုင်ထားနိုင်သေးတယ်။
ရုတ်တရက်ဆိုသလို သူက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ သူ့အသံက ဇဝေဇဝါဖြစ်သွားတယ်။
"ဒါပေမဲ့ ဆရာကြီး၊ အဆင့်သတ်မှတ်ချက်တွေကို မပြောင်းခဲ့ဘူးဆိုရင် အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြမဲ့ ကြီးမြတ်သူ၊ မိသားစုခေါင်းဆောင်တွေ သေချာပေါက်ရှိလာကြမယ်။ ကျွန်တော်တို့တွေက ဒီကိစ္စကို ဘယ်လိုဖြေရှင်းသင့်သလဲ"
အဆင့်နေရာကိုရဖို့အတွက် ဒီကျင့်ကြံသူတွေက ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ဝိညာဥ်ကျောက်တုံး အများအပြား သိုသိုသိပ်သိပ်ပေးခဲ့တယ်။
ချန်ထျန်းဂိုဏ်းချုပ်ကြီးက တည်ငြိမ်နေတဲ့ရုပ်ဖြစ်နေဆဲပဲ။
"ငါ အစကတည်းက ဒါကို ဖြေရှင်းရမဲ့နည်းလမ်းကို စဥ်းစားထားပြီးပြီ "
"တချို့ကျင့်ကြံသူတွေက အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်လာရင် အဲ့လောက်အထိ အယှဥ်မခံနိုင်ဘူးဆိုရင် ငါတို့တွေက သူတို့ကို ဘေးချင်းကပ်လျက် ထားပေးလိုက်လို့ရတာပဲ"
သူက လက်တစ်ဖက်နဲ့ ဘေးမှာချထားတဲ့ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး အပြုံးတစ်ခုနဲ့ တစ်ငုံလောက် သောက်လိုက်တယ်။
"ဘယ်သူက ပထမဦးဆုံးနေရာ ဘယ်သူက နောက်ဆုံးနေရာနဲ့ ဆိုတဲ့ကိစ္စ ကတော့..."
"တကယ်လို့ ဒီအဆင့်သတ်မှတ်ချက်ကို တစ်နာရီတစ်ခါ ပြောင်းလဲလိုက်မယ်ဆိုရင် ကျင့်ကြံသူတွေကလည်း ဒါနဲ့ ပတ်သက်ပြီး ငြင်းပယ်စရာ ရှိတော့မှာမဟုတ်ဘူးလေ"
တကယ်လို့ အဆင့်သတ်မှတ်ချက်တွေက အစကတည်းက ဒီလိုဖြစ်နေမယ်ဆိုရင် ဒါက တတ်နိုင်သလောက် မျှမျှတတ ဖြစ်နေမယ်ဆိုရင်တောင် မကျေမနပ်ဖြစ်နေကြမဲ့ ကျင့်ကြံသူတွေက အများကြီး ရှိနေအုံးမှာပဲ။ ဒါပေမဲ့အခုကျတော့...
အစကတည်းက မကျေမနပ်ဖြစ်နေကြတဲ့ အဲဒီကျင့်ကြံသူတွေက အခုဆိုရင်တော့ စိတ်အေးသွားပြီးလို့ပဲ ခံစားရမယ်ထင်တယ်။
ဒီလိုစဥ်းစားလိုက်ပြီး သူက လက်ထဲက လက်ဖက်ရည်ခွက်ကို ချထားလိုက်ကာ ဖြောင့်မတ်တည်ကြည်စွာနဲ့ ပြောလိုက်တယ်။
"မင်းမှတ်ထားရမှာက တချို့မသမာတဲ့ ဝိညာဥ်ကျောက်တုံးတွေကို အများကြီး မရှာရဘူးဆိုတာပဲ"
ချောင်ချွမ်းက လေးစားသွားတဲ့အကြည့်တစ်ခုနဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးကို ကြည့်လိုက်တယ်။
"ဆရာကြီး ဆရာကြီးက တကယ်ကို..."
သူက ဒီကိစ္စကို အချိန်အကြာကြီး မျိုသိပ်လာပြီးတော့ နောက်ဆုံးမှာ ပြောလိုက်တယ်။
"မြင့်မားတဲ့ ကျင့်ဝတ်သိက္ခာနဲ့ ရိုးသားဖြောင့်မတ်ပြီး သမာဓိဂုဏ်နဲ့ ပြည့်စုံပါပေတယ်"
ကြည့်ရတာ ဒီစကားက အရမ်းထေ့ငေါ့နေတဲ့ဟန်တူပါတယ်။ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ အမူအရာက အခိုက်တန့် တောင့်တင်းသွားတော့တယ်။
...