အခန်း ၁၃၁
Vol. 9 Ch. 131
အပိုင်း (၁၃၁)
ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ စူးလီက သူရဲ့သေမျိုးရန်သူတွေအကြောင်း အတင်းအဖျင်းကို နားထောင်ရင်း ပျော်ရွင်နေရတဲ့အတွက် သူ့မှာ ကျန့်ရွှမ်ကိုတောင် အာရုံမစိုက်နိုင်တော့အောင် ဖြစ်သွားတယ်။
ကျန့်ရွှမ်အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်တဲ့ အတင်းအဖျင်းတွေက အရမ်းကိုနားထောင်လို့ ကောင်းတာကြောင့် သူက ချန်ထျန်းဂိုဏ်းကိုတောင် လုံးဝမေ့သွားလုနီးပါး ဖြစ်သွားတာတော့ တကယ်ပဲ။
နောက်ထပ် သူသေကိုယ်သေ ရန်သူတွေဖြစ်ကြတဲ့ နှစ်ယောက်ကတော့ အဆင့်သတ်မှတ်ချက်ပေါ်မှာ ချန်ထျန်းဂိုဏ်းကို ဝိညာဥ်ကျောက်တုံးတွေကို သိုသိုသိပ်သိပ် ပို့ပေးဖို့အတွက် တိတ်တိတ်လေး လူနှစ်ယောက် လွှတ်ခဲ့ကြသေးတယ်။ အဆင့်သတ်မှတ်ချက်ဇယားပေါ်မှာ သူတို့ကိုယ်တိုင် အဆင့်ရှေ့ရောက်နေဖို့ ညီအကိုတွေက တော်တော်ရုန်းကန်ခဲ့ရတယ်။ သူတို့တွေက သူတို့အဖေရဲ့ လျှို့ဝှက်အခန်းထဲက ငွေတွေအားလုံးနီးပါကိုတောင် ထုတ်ယူခဲ့ရတယ်။
ဒီနေ့ကျတော့ သူမက ကြီးမြတ်သူရှီမင်နဲ့ ကြီးမြတ်သူလျန်ရှင်းကြားက အရှိန်အဟုန်မြင့်နေတဲ့ အငြင်းပွားစရာ ကိစ္စကိုကြည့်ရင်း သဘောကျနေတာပေါ့။
နှစ်ယောက်သားက အပြန်အလှန် ပြောဆိုနေလိုက်ကြတာ ရည်ညွန်းကိုးကားချက်တွေကလည်း ကျယ်ပြန့်လို့ပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ကြီးမြတ်သူရှီမင်က သူတို့ရဲ့ ထမင်းတစ်နပ်အတွက် ဝိညာဥ်ကျောက်တုံးမပေးတဲ့ အကြောင်းအရာကအစ ကြီးမြတ်သူရှီမင်က လွန်ခဲ့တဲ့နှစ်နှစ်ရာတုန်းက အခြားသူတွေကို ကြီးမြတ်သူလျန်ရှင်းက ဆွဲဆောင်နားချပြီး အဲ့ဒီလူကို ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် ဖိအားပေးခဲ့တဲ့အဆုံး။ ကြီးမြတ်သူရှီမင်က လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက ပြုတ်ကျသွားတယ် ဆိုတာကအစ ကြီးမြတ်သူလျန်ရှင်းက လွန်ခဲ့တဲ့နှစ်ခုနှစ်ရာတုန်းက အဆင့်နှစ် ဝိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ နောက်ကလိုက်ပြီး အကိုက်ခံရတယ်ဆိုတဲ့အကြောင်းအထိ...
ဒါက ကောင်းကင်စာအုပ်ထဲက ခြောက်ကပ်ကပ် စာလုံးတွေထက်စာရင် အများကြီးပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်။
ဒီလူနှစ်ယောက် အငြင်းပွားစရာကိစ္စကတော့...
ကြီးမြတ်သူရှီမင်က အဆင့်သတ်မှတ်ချက်ထဲမှာ အပြောင်းအလဲတွေကို ရေတွက်နေတုန်းမှာပဲ သူက အသက်သုံးချက်ရှုစာ ကာလလေး နောက်ကျသွားတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူက ကြီးမြတ်သူလျန်ရှင်းရဲ့နောက်မှာ အသက်သုံးချက်ရှူစာ အကွာအဝေး နောက်ကျနေတော့တာပေါ့။
သူက ဘယ်လိုလုပ်ပြီး ဒါကို သည်းခံနိုင်ပါ့မလဲ။
သူက ချန်ထျန်းဂိုဏ်းချုပ်ကြီးအပေါ်ကို ဒေါသတွေ ပုံမချနိုင်ဘူးဆိုမှတော့ ကြီးကြီးမားမား အတိုးချပြီး ကြီးမြတ်သူလျန်ရှင်းကိုပဲ သွားရှာဖို့တတ်နိုင်တော့တာပေါ့။
စူးလီက ရန်ဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်လမ်းကိုလျှောက်သွားကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး နှမြောတသတဲ့အကြည့်တစ်ခုနဲ့ တိမ်လွှာကြေးမုံကို သိမ်းထားလိုက်တယ်။
"စကားပဲ များပြီး ဘာဖြစ်လို့ ရန်မဖြစ်ကြတာလဲ"
ဖရဲသီးစားပြီးသွားလို့ သူမက အကြောကိုဆန့်ရင်း အပြင်ထွက်ပြီး လေကောင်းလေသန့်လေးရှုဖို့ စဥ်းစားနေတဲ့အချိန်မှာပဲ ချန်ထျန်းဂိုဏ်းရဲ့ လက်ရှိအခြေအနေကို အကဲခတ်မိတော့ သူမက သိပ်မဝေးလှတဲ့ ဝိညာဥ်တောင်ထွတ်ပေါ်ကလာတဲ့ ထူးခြားတဲ့ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။
သူမက နေရာမှာတင် ရပ်လိုက်ပြီး သံသယအရိပ်အယောင်တချို့နဲ့ ဝိညာဥ်စွမ်းအင်လှိုင်း ရှိတဲ့နေရာဖက်ကို ကြည့်လိုက်တယ်။
ကြည့်ရတာ နည်းနည်းလေး...ဝေးနေသလားလို့။ စူးလီက ခဏလောက်ဒီအတိုင်း စဥ်းစားလိုက်ပြီးတဲ့နောက်မှာ အိပ်ရာပေါ် ပြန်လှဲချသွားတော့တယ်။ ဘာတွေဖြစ်နေတာလဲဆိုတာကြည့်ဖို့ တိမ်လွှာကြေးမုံကိုပဲ သုံးတော့မယ်။ သူမက တိမ်လွှာကြေးမုံကို ဖွင့်လိုက်တာနဲ့ချက်ချင်း အင်းကွက်ထဲထွက်လာတဲ့ အသံတစ်ခုကို ကြားလိုက်ရတော့တယ်။
[ချင်းရွှေ (အညစ်အကြေး)တွေတဲ့လား...]
[ဒါကထျန်းကျီးဂိုဏ်းရဲ့ အဖိုးတန်ဆုံးရတနာ ထျန်းရန်ကျောက်တုံးရဲ့ ရန်သူတွေ ထင်ပါတယ်။ ဟုတ်တယ်မလား]
[ဒီတော့ ဒီလူတွေက ထျန်းကျီးဂိုဏ်းကို ဘယ်လို ဖျက်ဆီးရမယ်ဆိုတာ... တိုင်ပင်နေကြတာပေါ့]
အပြင်လောကက ရုတ်တရက် ထွက်လာတဲ့အသံကို ကြားလိုက်ရတဲ့အခါ မှော်အစီအရင်ဘေးမှာ ရှိနေတဲ့ထျန်းယောက်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့အမူအရာကလည်း အရင်တုန်းကထက်ပိုပြီး တည်ငြိမ်သွားတော့တယ်။
ထျန်းရန်ကျောက်တုံးဆိုတာ ထျန်းကျီးဂိုဏ်းရဲ့ အဖိုးအတန်ဆုံး ရတနာပဲ။ ထျန်းရန်ကျောက်တုံး တည်ရှိနေလို့သာ ထျန်းကျီးဂိုဏ်းကလည်း ဒီနေ့လို ပေါများကြွယ်ဝနိုင်တာ။
ကျင့်ကြံရေးလောကထဲက ကျင့်ကြံသူအားလုံးက သိကြပါတယ်။ တကယ်လို့ သူတို့တွေက ကောင်းကင်ရဲ့လျှို့ဝှက်ချက်ကို တွက်ချက်ဖို့ ကြိုးစားခဲ့မယ်ဆိုရင် သူတို့တွေက ကောင်းကင်ရဲ့အပြစ်ပေးတာကို သေချာပေါက်ခံကြရမှာပဲ။ ဒါက အနာဂတ်ကိုဟောပြောတဲ့ လူတစ်ယောက်ရဲ့ အားနည်းချက် ငါးခုနဲ့ ချို့ယွင်းချက်သုံးခု ဖြစ်လာတဲ့နေရာပဲ။
ဒါပေမဲ့ ထျန်းရန်ကျောက်တုံး ရှိနေတာက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကြိုးစားတွက်ချက်တဲ့အခါ ရှေးဖြစ်ဟောပညာရှင်တွေအတွက် ပြစ်ဒဏ်တွေကို လျှော့ချပေးနိုင်တယ်လေ။ သူတို့ရဲ့လေ့ကျင့်မှုကိုလည်း ပိုပြီးတော့ ကျွမ်းကျင်လာအောင် ပြုလုပ်ပေးနိုင်တဲ့အပြင် မရေမတွက်နိုင်တဲ့ အနာဂတ်ကို ဟောပြောတဲ့လူတွေကလည်း ထျန်းကျီးဂိုဏ်းကို ရွေးချယ်ကြတယ်။
တကယ်လို့ ထျန်းရန်ကျောက်တုံးသာ တကယ်ပဲ အဆိပ်ခပ်ခံလိုက်ရမယ်ဆိုရင်တော့ ထျန်းကျီးဂိုဏ်းက...
ဒီလိုစဥ်းစားလိုက်ပြီး ထျန်းယောက်က ရုတ်တရက်ဆိုသလို သူ့လက်သီးကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး တစ်လုံးချင်းစီ ပြောလိုက်တော့တယ်။
"ဒီလူတွေက ထျန်းရန်ကျောက်တုံးကို တကယ်ပဲ တိုက်ခိုက်ရဲတယ်ပေါ့၊ သူတို့တွေက ထျန်းကျီးဂိုဏ်းကို ဖျက်ဆီးချင်နေတယ်ပေါ့လေ"
ထျန်းယောက်ရဲ့အသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ စူးလီက ထျန်းယောက်ရှိနေတာကို နောက်ကျမှ သိလိုက်ရတော့တယ်။
သူမက အသံထွက်လာတဲ့ အစီအရင်ကို ကြည့်လိုက်ပြီးတဲ့နောက်မှာ ညိုမည်းနေတဲ့ မျက်နှာတစ်ခုဖြစ်နေတဲ့ ထျန်းယောက်ကို ကြည့်လိုက်ပြီး ထူးဆန်းတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
[ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးဆိုရင် လူတွေကို အတူတူစုဝေးဖို့ လိုအပ်ပြီး အပြင်ကနေတခြားသူတွေ ခိုးနားထောင်လို့မရအောင် အစီအရင်ချထားဖို့ လိုတယ်မဟုတ်လား]
[သူတို့တွေက ဒီလောက်အရေးကြီးတဲ့ကိစ္စကို ချန်ထျန်းဂိုဏ်းက ထုတ်ထားတဲ့ ကျန့်ရွှမ်ကိုသုံးပြီး ဒီလိုပဲ သာမန်ကာလျှံကာ တိုင်ပင်ဆွေးနွေးနေကြသတဲ့လား]
[ဒါက နည်းနည်းလေး... အရမ်းကို တရားလွန်နေတာပဲ မဟုတ်လား]
ချန်ထျန်းဂိုဏ်းချုပ်ကြီးက အပြင်လောကကလာတဲ့စကားသံကို နားထောင်လိုက်ပြီး သူ့မျက်နှာပေါ်က အမူအရာကလည်း အစတုန်းက အထိတ်တလန့်ဖြစ်ပြီး လေးနက်သွားတဲ့ပုံစံကနေ ထူးဆန်းပြီး တစ်ခုခုကို သဘောပေါက်သွားတဲ့ပုံစံ ပြောင်းလဲသွားတယ်။ သူက ချောင်းဟန့်လိုက်ပြီး သူ့ဘေးမှာရှိနေတဲ့ ထျန်းယောက်ကို လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
"တူတော်မောင် ကျေးဇူးပြုပြီးတော့ စိတ်ရှည်ပေးပါ၊ ဒါက ဒီသူခိုးတွေရဲ့ အစီအစဥ်ကို နားထောင်ဖို့ ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုပဲ"
ထျန်းယောက်က ရင်လေးနေတဲ့အမူအရာတစ်ခုနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူတို့ရဲ့လက်ရှိ တိုင်ပင်နေတဲ့အကြောင်းအရာက တခြားသူတွေရဲ့နားထဲ ရောက်သွားတာကို မသိလေဘူး။
ခေါင်းဆောင်ဖြစ်သူယဲ့မုံ့က ယုတ်မာပြီး ထောင်လွှားနေတဲ့အသံတစ်ခုနဲ့ ပြောလိုက်တယ်။
"ဒီချင်းရွှေ (အညစ်အကြေး)အရည်က အရမ်းကို ရှားပါးတာနော်၊ အကြီးအကဲတွေက ငါတို့တွေကို ဒီအရည်ရှစ်စက်ပဲ ပေးထားတာ၊ တစ်စက်ကို အရင်တုန်းက သုံးခဲ့ပြီးပြီ..."
"ဒီတစ်ခါ ငါတို့တွေ ငါတို့ရဲ့တာဝန်ကို အောင်မြင်မှဖြစ်မယ်။ ငါတို့တွေ ကျရှုံးလို့ မဖြစ်ဘူး"
အမျိုးသမီးအသံတစ်ခုက တလေးတစားနဲ့ ပြန်ဖြေလိုက်တယ်။
"အကြီးအကဲယဲ့ မပူပါနဲ့၊ ချင်းရွှေရေစက် ငါးစက်က ထျန်းရန်ကျောက်တုံးကို ဖျက်ဆီးဖို့ လုံလောက်ပါတယ်။ အခု ကျွန်မတို့တွေမှာ သေချာတဲ့အစီအစဥ်တစ်ခုရှိနေပြီး ချင်းရွှေရေစက်ကလည်း ခုနှစ်စက်တောင် ရှိနေတာလေ။ ကျွန်မတို့က တစ်ချီတည်းနဲ့ သေချာပေါက်အောင်မြင်ပါလိမ့်မယ်"
နောက်ထပ် မြှောက်ပင့်ပြောဆိုနေတဲ့ အသံကလည်း ထွက်လာတယ်။
"အခြေအနေအားလုံးကို ခြုံငုံပြီး လမ်းညွှန်ပေးမဲ့ အကြီးအကဲက ဒီမှာရှိနေတာဆိုတော့ ထျန်းကျီးဂိုဏ်းက ဂိုဏ်းငယ်လေးတစ်ခုပါပဲလေ။ ကျွန်တော်တို့တွေ ဒါကို သေချာပေါက် အလွယ်တကူ ဖမ်းနိုင်မှာပါ"
"ဟုတ်တယ် အကြီးအကဲ၊ အကြီးအကဲက သတင်းအချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ နာမည်ကြီးပြီး ဒီအစီအစဥ်အတွက်လည်း အသေးစိတ် အစီအစဥ်ချထားခဲ့တာပဲ။ အကြီးအကဲက ဝမ့်ကျန့်ဂိုဏ်းနဲ့ ရွှင့်ချန်ဂိုဏ်းထဲမှာ အခြေချထားတဲ့ တခြားအကြီးအကဲတွေနဲ့ လုံးဝမတူပါဘူး..."
ဒီအချိန်မှာတော့ ယဲ့စစ်ရဲ့အသံက ကိုယ့်ဟာကိုကျေနပ်တဲ့ နှစ်သိမ့်မှုအပြည့် ဖြစ်နေတယ်။
"အကြီးအကဲက ရွှင့်ချန်ဂိုဏ်းကို စုံစမ်းဖို့အတွက် လူတစ်စုကို ဒီအတိုင်းလုပ်ခဲ့တယ်။ ကျွန်တော်တို့တွေက ဒါကို နည်းနည်းလေး နမော်နမဲ့နိုင်တယ်လို့ ထင်ပေမဲ့လည်း နားလည်ပေးနိုင်ပါတယ်"
"ဒါပေမဲ့ ဒုတိယအကြီးအကဲကတော့ ဘာတစ်ခုကိုမှ မအောင်မြင်ခဲ့တဲ့အပြင် လူလိမ်တစ်ယောက်အနေနဲ့ အဖမ်းခံလိုက်ရပြီး အကျဥ်းထောင်ထဲမှာ ရှိနေသေးတယ်"
"အကြီးအကဲနှစ်ယောက် ဘာတွေစဥ်းစားနေလဲဆိုတာတော့ ကျွန်တော် မသိတော့ပါဘူး။ သူတို့တွေက ဒီလိုအံ့သြစရာကောင်းတဲ့ကိစ္စတစ်ခုကို တကယ်တမ်း လုပ်ခဲ့တာဆိုရင်..."
သူတို့ပြောတဲ့စကားကို ကြားလိုက်ရတဲ့အခါ ယဲ့မုံ့က အပြုံးတစ်ခု မနေနိုင်ဘဲ ဖြစ်သွားတယ်။
သူက သူတို့တွေကို အချိန်အကြာကြီး ဆက်ပြီးစကားပြောနေတာကို စောင့်ဆိုင်းရင်း အဲ့ဒီနောက်မှာတော့ ဖြည်းဖြည်းချင်း ချောင်းဟန့်လိုက်ကာ ဟန်ဆောင်ထားတဲ့ အမူအရာတစ်ခုနဲ့ ပြောလိုက်တော့တယ်။
"ယဲ့စန်း၊ ယဲ့စစ်၊ မင်းတို့တွေက တခြားအကြီးအကဲတွေအကြောင်းကို ဘယ်လိုလုပ်ပြီး ဒီလိုပြောနေကြတာလဲ"
သူက ပေါ့ပေါ့ပါးပါး ဆုံးမစကားပြောပြီးသွားတဲ့အခါ တစ်ခုခုကို ရုတ်တရက် သတိရသွားတဲ့ပုံနဲ့ လေးနက်တဲ့အသံတစ်ခုနဲ့ မေးလိုက်တော့တယ်။
"အခုတစ်လော အကြီးအကဲယဲ့ယိုဆီက ဘာလို့ ဘာမှမကြားရတာလဲ"
"အကြီးအကဲယဲ့ယိုက..."
ယဲ့စန်းက ခဏလောက် အသံတိတ်သွားပြီး သူ့အသံထဲမှာ ချိတုံချတုံ အနည်းငယ်ဖြစ်နေတယ်။
"အချိန်တစ်ခုတုန်းက သူက ရုတ်တရက်ကြီး အကြောင်းအရင်းမရှိဘဲနဲ့ အကြွေးတွေအများကြီး တင်သွားတယ်လေ၊ အခု သူက သူ့အကြွေးတွေကို ဆပ်ဖို့အတွက်... ဝိညာဥ်ကျောက်တုံးတွေ ရှာနေရတယ်။ သူက ဒီကိစ္စကို ဆက်ပြီးတော့ လုပ်နိုင်တော့မှာ မဟုတ်ဘူး"
“ဒါကို သေသေချာချာ တွက်ချက်ကြည့်မယ်ဆိုရင် ဒီကာလအတွင်းမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲက အကြီးအကဲတွေ လုပ်ထားခဲ့တဲ့ အစီအစဥ်အများအပြားက အပြင်းအထန် ထိခိုက်ပျက်စီးခဲ့ရတယ်။ ဒါက တိုက်ဆိုင်မှုသက်သက်လား ဆိုတာတော့ မသိဘူး..."
"ဒါပေမဲ့ သူတို့တွေကတော့ အဲ့ဒီအမှိုက်ထုပ်တွေနဲ့ မတူဘူးလေ။ ထျန်းကျီးဂိုဏ်းကို ထိန်းချုပ်မဲ့ သူတို့ရဲ့အစီအစဥ်က အပြစ်အနာဆာကင်းမဲ့ပြီး တစ်ချီတည်းနဲ့သေချာပေါက် အောင်မြင်လိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် ဆရာကြီးက အရမ်းဝမ်းသာသွားပြီး အကြီးအကဲယဲ့မုံ့လိုပဲ သာလွန်အဆင့်မှော်လက်နက်တစ်ခုနဲ့ ဝိညာဥ်အစွမ်းတွေကို သူ့ကို ချီးမြှောက်လိမ့်မယ်"
ဒီလိုစဥ်းစားလိုက်ပြီး ယဲ့စန်းက တစ်ခုခုကို သတိရသွားတဲ့ပုံပဲ။ သံသယအရိပ်အယောင်တစ်ခုက သူမျက်လုံးတွေထဲမှာ ဖြတ်ပြေးသွားတယ်။ ကြည့်ရတာ အကြီးအကဲတွေက သူတို့တွေကို မဆက်သွယ်တာ တော်တော်လေး ကြာသွားပြီထင်တယ်။
ယဲ့မုံ့က သူ့အဖြေကို ကြားလိုက်တဲ့အခါ သူရဲ့အထင်သေးတဲ့ခံစားချက်ကို လုံးဝ ဖုံးကွယ်မထားလေတော့ဘူး။
"အကြီးအကဲတစ်ယောက်က အကြွေးနွံ့ထဲနစ်ရတဲ့ အခြေအနေအထိ ဖိအားပေးခံရတယ်ဆိုတော့ တကယ် ရယ်စရာကောင်းတာပဲ"
သူ့အသံကို ကြားလိုက်ရတဲ့အခါ ယဲ့စန်းက သူ့အတွေးတွေ အားလုံးကို သူ့စိတ်ထဲမှာပဲ ချက်ချင်းဖုန်းကွယ်ထားလိုက်ပြီး အမှတ်တမဲ့ မြှောက်ပင့်တဲ့စကားကို ပြောဆိုလိုက်တယ်။
"အကြီးအကဲယဲ့ယိုက အမြဲတမ်း နမော်နမဲ့နဲ့ အကြီးအကဲနဲ့ လုံးဝ ယှဉ်လို့မရတာပါ"
"အကြီးအကဲက အကြီးအကဲတွေ အားလုံးထဲမှာ သတင်းအစုံဆုံးသူပဲ၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဆရာကြီးက ဘယ်လိုလုပ်ပြီး အကြီးအကဲကို အဲ့လောက်အထင်ကြီးပါ့မလဲ။ အဲ့ဒီအပြင်..."
ဒီစကားကို ကြားလိုက်တဲ့အခါ ချန်ထျန်းဂိုဏ်းချုပ်ကြီးရဲ့ မျက်ခုံးတွေက အရေးအကြောင်းသုံးခုအသွင် တွန့်ရှုံ့သွားတော့တယ်။
ဒီလူတွေက ထျန်းကျီးဂိုဏ်းတစ်ခုတည်းကို ပစ်မှတ်ထားတာမဟုတ်ဘဲ ဂိုဏ်းကြီးခြောက်ခုလုံးကို ပြစ်မှတ်ထားနေတာပဲ။
လွန်ခဲ့တဲ့အချိန်တစ်ခုတုန်းက ချီမင်လိပ်နက်ကြီးရဲ့ ရှင်းမပြတတ်တဲ့ အားနည်းမှုကိစ္စအကြောင်းကို စဥ်းစားလိုက်ပြီး ကြောက်မက်ဖွယ်ရာအရိပ်တစ်ခုက သူ့မျက်လုံးထဲမှာ ပေါ်လာတော့တယ်။
သူ့ဘေးက ထျန်းယောက်ကလည်း ပုံမှန်မဟုတ်ဘဲ ရင်လေးသွားတဲ့ မျက်နှာအမူအရာတစ်ခု ဖြစ်သွားတယ်။ သူက အသက်အောင့်ထားလိုက်ပြီး ဒီလူတွေရဲ့အစီအစဥ်ကို အာရုံတစိုက် နားထောင်နေလိုက်တယ်။
ဒီအချိန်မှာတော့ ယဲ့စန်းက ယဲ့ယိုကို ချီးမွမ်းခန်းဖွင့်လို့ပြီးသွားပြီ။ အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ပြန်စဥ်းစားမိလိုက်ပြီး သူ့အသံက အနည်းငယ် တွေဝေလို့နေတယ်။
"လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ဘာတွေဖြစ်သွားလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကြည့်ရတာ ထျန်းကျီးဂိုဏ်းက ချင်းရွှေအရည်ရဲ့ သက်ရောက်တာ မခံလိုက်ရသလိုပဲ"
လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက သူတို့တွေက ထျန်းကျီးဂိုဏ်းရဲ့ ထျန်းရန်ကျောက်တုံးကို ချင်းရွှေအရည်တစ်စက် အသုံးပြုခဲ့သေးတယ်လေ။
အဲ့ဒီတုန်းက... အဟမ်း အကြီးအကဲဲမုံ့က ထျန်းရန်ကျောက်တုံးကို ညစ်ညမ်းသွားအောင် လုပ်ချင်တာပေါ့။ ချင်းရွှေအရည်တစ်စက်က လုံလောက်လိမ့်မယ်လို့ ထင်ထားတာ။ ကျန်တာတွေအတွက်ကတော့ ဒါတွေက အကြီးအကဲယဲ့မုံ့ရဲ့ ပိုင်ဆိုင်မှုတွေ အလိုလိုဖြစ်လာမှာပေါ့။
ဒါပေမဲ့လည်း အခုနှစ်သုံးဆယ် ကုန်ဆုံးလာပြီးပြီ။ ထျန်းကျီးဂိုဏ်းက တစ်ခါမှထိခိုက်မှုဆိုတာ မရှိခဲ့ဖူးဘူး...
ဒါကြောင့် အကြီးအကဲက ဒီတစ်ကြိမ်မှာ သူတို့တွေကိုခေါ်ယူပြီး ထျန်းရန်ကျောက်တုံးကို ထပ်ပြီးအဆိပ်အတောက်ဖြစ်အောင် လုပ်မဲ့ကိစ္စကို တိုင်ပင်တော့တာပေါ့။
ထျန်းယောက်က ယဲ့စန်းပြောလိုက်တဲ့စကားကို ကြားလိုက်တဲ့အခါ မှင်တက်အံ့သြသွားပြီး သူ့မျက်လုံးထဲမှာလည်း ထိတ်လန့်မှုအပြည့် ဖြစ်သွားတော့တယ်။
ဒီလူတွေက လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ထျန်းရန်ကျောက်တုံးကို မျက်စိကျနေခဲ့တာတဲ့လား။
ထျန်းရန်ကျောက်တုံးက အဆိပ်အတောက်ဖြစ်သွားပြီတဲ့လား။ ဒါက ထျန်းကျီးဂိုဏ်းကို ထိခိုက်မှုတစ်ခုခု ရှိလာတော့မှာတဲ့လား။ သူက ကပျာကယာ လန့်ဖျပ်သွားပြီး အတွေးတွေဖရိုဖရဲ ဖြစ်သွားတဲ့အချိန်မှာပဲ အပြင်လောကကအသံက တဖန်ထွက်လာတော့တယ်။
[ဟားဟားဟား အဲ့ဒီယဲ့မုံ့က တကယ်ကပ်စေးနည်းတာပဲ]
စူးလီက ကောင်းကင်စာအုပ်ကိုကြည့်လိုက်ပြီး ယဲ့မုံ့ရဲ့ ကြက်တစ်ကောင်ကိုခိုးပေမဲ့ စပါးဆုံးခဲ့ရတဲ့အကြောင်းကို ဖတ်ရှုလိုက်ပြီး ဖိနှိပ်လို့မထားနိုင်တဲ့ အပြုံးတစ်ခုနဲ့ ပြောလိုက်တော့တယ်။
[ရှင့်ရဲ့လက်ထဲမှာ ချင်းရွှေရည် အများကြီးရှိနေတာ ရှင်းနေရဲ့သားနဲ့ ရှင့်ကတော့ ပါးစပ်လေးပဲ သုံးတတ်တယ်... ရှင်က နှစ်စက်သာ သုံးခဲ့မယ်ဆိုရင်...]
[ချင်းရွှေရည်တစ်စက်က ထျန်းရန်ကျောက်တုံးရဲ့ ကိုယ့်ဟာကို သန့်စင်နိုင်ခြင်းစွမ်းရည်ကို လှုံ့ဆော်တာပဲ တတ်နိုင်မှာလေ... ထျန်းရန်ကျောက်တုံးကတော့ သူရဲ့အစွမ်းတွေကို ပြန်ပြီးရရှိအောင် လုပ်ပေးသလိုပဲ...]
[ဟားဟားဟား လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ထျန်းကျီးဂိုဏ်းရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်း အောင်မြင်မှုနှုန်းက အရင်တုန်းကထက် အများကြီး ပိုကောင်းလာခဲ့တာပေါ့...]
[ဒါက အခုချိန်အထိတော့ တကယ်ကောင်းမွန်တဲ့ လက်ဆောင်တစ်ခုပဲ။ စိတ်ကူးကလည်း တကယ်ကောင်းမွန်ပါပေတယ်...]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ထျန်းယောက်ရဲ့မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေက ရုတ်တရက် အေးခဲသွားပြီး သူက လုံးဝကို စိတ်အေးသွားတော့တယ်။
သူက လက်တစ်ဖက်နဲ့ သူ့နှာခေါင်းဖျားကို ထိခိုင်းလိုက်ပြီး အတိုင်းအတာတစ်ခုအထိ အောင့်သက်သက် ဖြစ်သွားတော့တယ်။
လွန်ခဲ့တဲ့နှစ်သုံးဆယ်ကတည်းက သူရဲ့အနာဂတ်ကို ဟောပြောတဲ့စွမ်းရည်က သိသိသာသာ တိုးတက်လာခဲ့တယ်လေ။ အဲ့ဒီအချိန်တုန်းက ဒါက နတ်ဘုရားတွေဆီက လက်ဆောင်တစ်ခုလို့ ထင်ထားခဲ့တာ။ ထင်မထားမိတာက... ဒါကဒီအကြောင်းအရာကြောင့် ဖြစ်နေတယ်ပေါ့။
အစီအရင်ထဲကထွက်လာတဲ့ မဆုံးနိုင်တဲ့ အစီအစဥ်တွေအကြောင်းကို ကြားလိုက်ရပြီးတဲ့အခါ ထျန်းယောက်က သူရဲ့အတွေးတွေအားလုံးကို မြန်မြန်ဖယ်ထုတ်ထားလိုက်ပြီး အာရုံစိုက် နားထောင်လိုက်တယ်။
အစီအရင်ထဲမှာ ယဲ့မုံ့က လေးနက်တဲ့အသံတစ်ခုနဲ့ တာဝန်တွေကို ခွဲဝေပေးနေလေရဲ့။ ထျန်းကျီးဂိုဏ်းထဲကို ဘယ်လိုခိုးဝင်ကြမယ်။ ထျန်းကျီးဂိုဏ်းရဲ့လူတွေနဲ့ အကြီးအကဲတွေကို ဘယ်လို မျှားခေါ်သွားမယ်။ ထျန်းကျီးဂိုဏ်းချုပ်ကြီးရဲ့ အမှတ်တံဆိပ်ကို ဘယ်လိုအတုအယောင်လုပ်ကြမယ်။ ထျန်းရန်ကျောက်တုံးရှိတဲ့ လောကငယ်လေးထဲကို ဘယ်လိုခိုးဝင်ကြမယ်ဆိုတဲ့ အကြောင်းကိုပြောနေကြလေရဲ့။
အစီအစဥ်ကတော့ သေချာနှံ့စပ်ပြီး ရက်စက်ကာ အချိတ်အဆက်မိကြတယ်။ တကယ်လို့သူသာ ဒီအကြောင်းကို ကြိုပြီးမသိခဲ့ဘူးဆိုရင် သူတို့တွေက အောင်မြင်သွားလောက်တယ်။
"ဒါကိုတော့ မှတ်ထားကြနော်၊ အခုအချိန်ကစပြီး နောက်ထပ်သုံးရက်မြောက်နေ့ သုံးနာရီခွဲအချိန် အားလုံးက အတူတူလှုပ်ရှားကြရမယ်"
"အားလုံးပဲ မင်းတို့ရဲ့တာဝန်ကို ငါ့ကိုနောက်တစ်ခေါက် ပြန်ပြောကြစမ်း"
ယဲ့စန်းက အရင်ဆုံးပြောလိုက်တယ်။
"ညနေပိုင်း သုံးနာရီခွဲအချိန် ကျွန်တော်က ထျန်းကျီးဂိုဏ်းရဲ့ ကျင့်ကြံသူအများစုရဲ့ အာရုံကို ဆွဲဆောင်ထားဖို့ ပြဿနာတစ်ခုရှာဖို့ တာဝန်ယူထားတယ်..."
ယဲ့စစ်က ချက်ချင်းဆက်ပြောလိုက်တယ်။ ကျွန်တော်တာဝန်ယူထားတာကတော့...
စူးလီက ဒီစကားကိုကြားလိုက်တဲ့အခါ မနေနိုင်ဘဲ သက်ပြင်းချမိတော့တယ်။
[ဒါက စာအုပ်ဖွင့်ပြီး ဖြေရတဲ့ စာမေးပွဲတစ်ခုပဲ။ ဒါပေမဲ့ အဓိကအချက်အလက်တွေကိုလည်း အမှတ်အသား လုပ်ထားရသေးသလား]
[ကျင့်ကြံရေးလောကထဲမှာ လူကောင်းတွေအများကြီး ရှိသေးပါပေါ့လား]
အားလုံးက သူတို့ရဲ့တာဝန်ကိုနောက်တစ်ခေါက် ပြန်ပြောလို့ပြီးသွားတဲ့အချိန်မှာပဲ ယဲ့မုံ့က နောက်ဆုံးတော့ ကျန့်ရွှမ်ကို ပိတ်လိုက်တော့တယ်။
...