အခန်း ၁၃၃
Vol. 9 Ch. 133
အပိုင်း (၁၃၃)
အပြင်လောကကအသံကို ကြားလိုက်ရပြီးတဲ့နောက်မှာ ရှေ့ကနေလျှောက်နေကြတဲ့ ချန်ထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက ခလုတ်တိုက်သွားတော့တယ်။
ဘယ်လို။
ကြီးမြတ်သူချင်းဖုန်းက မဟာယနကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကြီးမြတ်သူတစ်ယောက်လေ။
သူက တကယ်တမ်းကျတော့... ခေါင်းတုံးကြီးတဲ့လား။
အားနည်းချက်ငါးချက်နဲ့ ချို့တဲ့မှုသုံးခုထဲက ‘ချို့တဲ့ခြင်း’ဆိုတာ အရမ်းကို ရက်စက်လွန်းလို့ ကျင့်ကြံသူတွေကို ဆံပင်တောင် ကျွတ်သွားစေသတဲ့လား။
ဒါက လုံးဝကို... ယုံကြည်နိုင်စရာမရှိတာဘဲ။
သူတို့နောက်ကလိုက်လာတဲ့ တောင်ထွတ်သခင်တွေနဲ့ အကြီးအကဲတွေကလည်း သူတို့ရဲ့မျက်နှာပေါ်မှာ အံ့သြသင့်သွားပြီး အထိတ်တလန့်အမူအရာတွေ ဖြစ်သွားတော့တယ်။
အဲ့ဒါက ကြီးမြတ်သူ ချင်းဖုန်းလေ။
ကြီးမြတ်သူချင်းဖုန်းက ကျန့်ရွှမ်ပေါ်က ချောမောတဲ့ အဆင့်သတ်မှတ်ချက်ထဲမှာ အချောမောဆုံး ယောကျာ်းဆယ်ယောက်ထဲက တစ်ယောက်လေ။ သူ့မှာ ရက်စက်တဲ့ ကျင့်ကြံရေးတစ်ခုနဲ့ ထူးခြားတဲ့ရုပ်အသွင်ရှိတဲ့အပြင် သူ့ရဲ့စိတ်နေသဘောထားကလည်း လေပြည်လေးလို လန်းဆန်းတယ်။ ဒါကလည်း လူတွေက သူ့ကိုမြင်တဲ့အခါ သူ့ကိုလေးစားအားကျမှုတွေ ဖြစ်ပေးခဲ့တာပေါ့။
သူ့ကို ကြိတ်ပြီးကြွေနေကြတဲ့ ကျင့်ကြံရေးလောကထဲက အမျိုးသမီးကျင့်ကြံသူတွေကလည်း မရေမတွက်နိုင်အောင်ပဲ။
ဒါပေမဲ့ ဒီနေ့ကျတော့ အပြင်လူတစ်ယောက်က တကယ်ပဲ ဒီလိုပြောလိုက်တယ်တဲ့။ ကြီးမြတ်သူက... ခေါင်းတုံးကြီးဆိုပါလား။
ခေါင်းတုံးကြီး။ ဆံပင် မရှိဘူးတဲ့လား။
တခြားပြဿနာတစ်ခုခု ဒီထက်ပိုပြီးတော့ မစွမ်းဆောင်နိုင်တဲ့ဟာမျိုး ဆိုရင်တောင် သူတို့တွေက အဲ့လောက်အထိ အလန့်တကြား ဖြစ်သွားမှာ မဟုတ်ဘူးလေ။
ကျင့်ကြံရေးလောကထဲမှာ အသက်အရွယ်မရွေး ကျားမ မရွေး အရပ်အနိမ့်အမြင့် ကိုယ်အလေးချိန် ရုပ်သွင်တစ်ခုမှမရွေးဘဲ ကျင့်ကြံသူတစ်ယောက်နဲ့ ဆက်ဆံခဲ့ဖူးကြတဲ့သူတိုင်းမှာ ဝိညာဥ်စွမ်းအားကြောင့် အားပြည့်သန်စွမ်းနေတဲ့ ထူထဲပြီးနက်မှောင်တဲ့ဆံပင်တွေ ရှိတယ်လေ။
သူတို့တွေက အပြင်လောကကလာတဲ့အသံကို ဒီလောက်အထိ ကြားလိုက်ရပြီးတဲ့နောက်မှာ ခေါင်းတုံးကြီးနဲ့ လူတစ်ယောက်က ဘယ်လို ရုပ်ရည်ရှိတယ်ဆိုတာကို မစဥ်းစားတတ်ကြတော့ဘူး။
ဒါပေမဲ့လည်း သူတို့တွေက ကြီးမြတ်သူချင်းဖုန်းရဲ့ နက်မှောင်နေတဲ့ဆံပင်တွေက... အဟမ်း... နည်းနည်းလေး မပြည့်မစုံ ရှိနေတယ်ဆိုရင်တောင် သူ့နောက်မှာရှိတဲ့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ မျက်လုံးထဲက လေးစားအားကျမှုနဲ့ မြတ်နိုးမှုတွေကတော့ တစ်စက်ကလေးမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါက ဒီအတိုင်း ခေါင်းတုံးကြီးပဲ ဖြစ်နေတာမဟုတ်လား။
ကြီးမြတ်သူချင်းဖုန်းက ခေါင်းတုံးပြီး ဘုန်းကြီးတစ်ပါး ဖြစ်လာမယ်ဆိုရင်တောင် သူ့ခေါင်းထိပ်မှာ ခေါင်းတုံးဖြစ်နေတာ မပြောနဲ့ သူ့မျက်နှာနဲ့တင် အမျိုးသမီးကျင့်ကြံသူတွေရဲ့ လေးစားအားကျမှုကို ဆွဲဆောင်နိုင်အုံးမှာပဲ။ ဒီလိုစဥ်းစားလိုက်ပြီး အမျိုးသမီးကျင့်ကြံသူတွေက သနားစဖွယ် ခံစားချက်တစ်ခုကို ထုတ်ပြလိုက်ပြီး သူတို့မျက်လုံးတွေကိုလည်း ပွတ်သပ်မိတော့တယ်။
ကြီးမြတ်သူချင်းဖုန်းက ဒီတစ်ချိန်လုံး ဒီလိုနာကျင်မှုမျိုး ခံစားလာရတယ်လို့ ထင်မထားမိဘူးလေ။ ဒါပေမဲ့လည်း သူက ဘယ်သူ့ကိုမှတောင် အသိမပေးခဲ့ဖူးတဲ့။
သူက နာကျင်မှုကို ကိုယ်တိုင်ခံစားပြီး အလှအပကိုတော့ တခြားသူအတွက် ပေးစွမ်းတတ်တဲ့ တကယ့်ကို ယဥ်မွန်လှတဲ့ ချင်းဖုန်းပီသပါပေတယ်။
ကြီးမြတ်သူချင်းဖုန်းကတော့ ဒီအမျိုးသမီးကျင့်ကြံသူတွေ စဥ်းစားနေတဲ့ အကြောင်းအရာကို မသိလေဘူး။ သူက သူ့ပတ်ဝန်းကျင်က မရေမရာအကြည့်တွေကို ခံစားမိလိုက်ပြီး သူ့အမူအရာကလည်း အင်မတန်မှ တောင့်တင်းသွားကာ သူ့မျက်လုံးထဲမှာလည်း ကူကယ်ရာမဲ့သွားတဲ့ ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြစ်သွားတယ်။
သူကရော ထူးထဲနက်မှောင်တဲ့ ဆံပင်တွေရှိတဲ့ ခေါင်းတစ်လုံးကို မလိုချင်ခဲ့လို့လား။ ဒါပေမဲ့လည်း သူ့မှာ ဘာမှမတတ်နိုင်ဘူးလေ။
သူက ဆံပင်တွေ အပြင်းအထန်ကျွတ်တာကို ခံစားနေရတာကို သိရှိလိုက်ရပြီးကတည်းက ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ပြီးပြီလေ။ ဆံပင်ပြန်ပေါက်စေတဲ့ဆေးလုံး၊ ဆံပင်သန်ဆေးရည်တွေ အပါအဝင်ပေါ့... သူ ဒါတွေအားလုံးကို သုံးခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း တစ်ခုမှ အလုပ်မဖြစ်ဘူးလေ။
သူ့မှာကတော့ ဒီနေ့လို တောက်ပပြီးပြောင်ရှင်းလာတဲ့ သူရဲ့ခေါင်းကြီးကိုပဲ ကြည့်နိုင်တော့တာပေါ့။
ဟုတ်တယ်လေ။ နောက်ဆုံးတော့လည်း ဒါက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို တွက်ချက်မိတဲ့အတွက် ကောင်းကင်ဘုံက သူတို့ကို သတိပေးချက်တစ်ခုပဲလေ။ သူက ဒါကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ပယ်ဖျောက်လို့ရနိုင်မှာလဲ။
ဒါက ရှေးဖြစ်ဟောသူ တစ်ယောက်ရဲ့ ကံကြမ္မာပဲပေါ့။
ဒီနေ့မနက် သူ အရမ်းကို ဂရုတစိုက် လုပ်ထားခဲ့တဲ့ ဆံပင်တုကြီးကို စဥ်းစားမိလိုက်ပြီး သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း လုံးဝစိုးရိမ်မှုမရှိတဲ့ပုံစံမျိုး ကြိုးစားလိုက်ရင်း အေးအေးလူလူ ခြေလှမ်းတစ်ခုနဲ့ ရှေ့ကိုဆက်လျှောက်သွားတော့တယ်။
ဒီအချိန်မှာတော့ အပြင်လောကကအသံကို ကြားလိုက်ပြီးတဲ့နောက်မှာ ကြီးမြတ်သူဟွားယီရဲ့ မျက်နှာပေါ်ကအမူအရာက နည်းနည်းလေး ဇဝေဇဝါဖြစ်သွားတယ်။
သူတို့နှစ်ယောက်စလုံးက ကျင့်ကြံရေးလောကထဲမှာ မဟာယနကျင့်ကြံသူတွေပဲလေ။ သူနဲ့ ကြီးမြတ်သူချင်းဖုန်းတို့က နေရာတစ်ခုတည်းမှာ ပေါ်လာတဲ့အချိန်တိုင်း အမျိုးသမီးကျင့်ကြံသူတွေအားလုံးက ကြီးမြတ်သူချင်းဖုန်းကိုပဲ ကြည့်ကြလိမ့်မယ်။
အရမ်းကို တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့နှစ်ယောက်စလုံးက ထျန်းကျီးဂိုဏ်းရဲ့ ကြီးမြတ်သူတွေ ဖြစ်နေတယ်။ အချိန်အများစုမှာလည်း သူတို့တွေက အားလုံးရှေ့မှာ အတူတူ ပေါ်လာတတ်ကြတယ်။
အစတုန်းကတော့ သူ့မှာ သူသဘောကျရတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ပါတယ်။ သူတို့တွေကလည်း စကားပြောတဲ့နေရာမှာ အရမ်းကို အဆင်ပြေပြေပါပဲ။ ဒါပေမဲ့ မိန်းကလေးက ကြီးမြတ်သူချင်းဖုန်းကို တွေ့လိုက်ပြီးကတည်းက သူတို့တွေ စကားပြောကြတဲ့အချိန်တိုင်း ကြီးမြတ်သူချင်းဖုန်းရဲ့ ရုပ်အသွင်အပြင်ကိုပဲ မေးနေတယ်လေ။
သူရဲ့အချစ်မှုရေးရာ ထုတ်မပြောရခင်မှာပဲ ကြီးမြတ်သူချင်းဖုန်းအနားမှာ မရှိတာတောင် ဇာတ်သိမ်း သွားတယ်လေ။
ဒီလိုစဥ်းစားလိုက်ပြီး သူက ကြီးမြတ်သူချင်းဖုန်းရဲ့ခေါင်းကို မနေနိုင်ဘဲ လှမ်းကြည့်မိတော့တယ်။
ကြီးမြတ်သူချင်းဖုန်းက ဆံပင်တုသာမရှိဘူးဆိုရင် ဘယ်လိုရုပ်ဖြစ်နေမလဲ မသိဘူး။
သူ့လက်ချောင်းဖျားတွေက အဖန်ဖန် လှုပ်ရှားလို့နေတယ်။ သူ့မှာ ထိန်းချုပ်လို့တောင် မရလေဘူး။ စွမ်းအင်လှိုင်းတစ်ခုက လေပွေတစ်ခုကို ရွှီခနဲ ဖြတ်တိုက်သွားပြီး လူတွေကို မတ်မတ်ရပ်လို့မရအောင် ဖြစ်သွားစေတော့တယ်။ ကြီးမြတ်သူချင်းဖုန်းက သူ့နဲ့ကျင့်ကြံရေးအဆင့် တူတူပဲဆိုတော့ သူက အောင်မြင်သွားလိမ့်မယ် လုံးဝထင်မထားခဲ့ဘူးလေ။ ဒါပေမဲ့လည်း...
ကြီးမြတ်သူချင်းဖုန်းက တစ်စုံတစ်ယောက်က လူရှေ့မှာ သူ့ကို တိုက်ခိုက်ရဲလိမ့်မယ်လို့ လုံးဝထင်မထားခဲ့လေတော့ ဘာပြင်ဆင်မှုမှ လုပ်မထားခဲ့လေဘူး။ အဲ့ဒီနောက်မှာတော့...
ပြင်းထန်တဲ့လေပွေလှိုင်းတစ်ခုမှာ ကြီးမြတ်သူချင်းဖုန်းရဲ့ခေါင်းပေါ်က ဆံပင်တုကြီးက လွင့်ပါသွားပြီး ကြေးမုံမှန်တစ်ချပ်လို ပြောင်လက်နေတဲ့ခေါင်းကြီးက ပေါ်လာတော့တယ်။
ကြီးမြတ်သူချင်းဖုန်းက ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ပါရဲ့။ သူရဲ့ဝိညာဥ်စွမ်းအားကိုသုံးပြီး ဆံပင်တုကို ပြန်ဆွဲထားလိုက်တယ်။ သူ့လက်တွေက အရင်တုန်းကလို မတည်ငြိမ်နိုင်တော့ဘဲ ဆံပင်တုကို အတိုင်းအတာတစ်ခုအထိ ကူကယ်ရာမဲ့သွားတဲ့ အပြုအမူတစ်ခုနဲ့ ခေါင်းပေါ်ပြန်စွပ်ထားလိုက်တယ်။
ဒါပေမဲ့လည်း အထိတ်တလန့်ဖြစ်သွားတဲ့ မြင်ကွင်းကတော့ အားလုံးရဲ့မျက်လုံးထဲမှာ စွဲထင်လို့နေခဲ့တယ်။
သူက ဘယ်လိုလုပ်ပြီး အဲ့လောက်အထိ ပြောင်ရှင်းနေတာလဲ။
ကြီးမြတ်သူချင်းဖုန်းရဲ့ နဂိုကချောမောလှပတဲ့မျက်နှာနဲ့ တည်ကြည်တဲ့စိတ်နေသဘောထားတို့က ရုတ်တရက်ဆိုသလို နည်းနည်းလေး မသတီစရာဖြစ်လာပြီး သူရဲ့ခေါင်းတုံးပုံခေါင်းကြီးနဲ့ ဆန့်ကျင်ဖက် နည်းနည်းလေး အကျည်းတန်သွားတော့တယ်။
ထျန်းကျီးဂိုဏ်းချုပ်ကြီး ကြောက်ရွံ့သွားတဲ့ ခံစားချက်တွေ လှိုက်တက်လာပြီး သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်တယ်။ ဒီလိုချို့ယွင်းချက်မျိုး ရှိနေတာကတော့ မဆိုးဘူးလို့ ရုတ်တရက်ကြီး ခံစားလိုက်ရတယ်။
သတိပြန်ဝင်လာကြတဲ့လူတိုင်းကလည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်ကြတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့မျက်လုံးတွေကတော့ ကြီးမြတ်သူချင်းဖုန်းရဲ့ခေါင်းကို မကြာခဏ လှမ်းကြည့်မိနေတယ်။
အခုလေးတင် ကြီးမြတ်သူချင်းဖုန်းအပေါ် နက်ရှိုင်းလှတဲ့မေတ္တာတရားနဲ့ မကုန်ဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ပြခဲ့ကြတဲ့ အမျိုးသမီးကျင့်ကြံသူတွေရဲ့ မျက်လုံးပေါ်က အလင်းရောင်ကလည်း ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားတယ်။
သူတို့အားလုံးက အကြည့်တွေကို လွှဲထားလိုက်ကြပြီး ကြီးမြတ်သူချင်းဖုန်းကို တစ်ခါလေးတောင် လှည့်မကြည့်လေတော့ဘူး။
အလိုလေး...
လူတစ်ယောက်က လုံးဝကြီး ခေါင်းတုံးဖြစ်သွားနိုင်တယ်တဲ့။ တစ်စိတ်တစ်ပိုင်းလေး ပြောင်သွားတာတောင် မဟုတ်ဘူး။
တကယ်တမ်းကျတော့ အဆင့်စာရင်းရဲ့ အဆင့်ကိုးနေရာမှာရှိတဲ့ ကြီးမြတ်သူလျန်ရှင်းက သူတို့ရဲ့အနုပညာရသနဲ့ ပိုပြီးတော့ လိုက်လျော်ညီထွေဖြစ်တယ်လို့ သူတို့က ထင်ခဲ့ပါသေးတယ်။
စူးလီက ကြီးမြတ်သူချင်းဖုန်းရဲ့ ခေါင်းတုံးကြီးကို ကြည့်ရှုလိုက်ပြီး သူက လှောင်ပြောင်သလို ပြောလိုက်တော့တယ်။
[ကျွတ်ကျွတ် ကြည့်ရတာ ကြီးမြတ်သူဟွားယီနဲ့ ကြီးမြတ်သူချင်းဖုန်းတို့ကြားမှာ အရမ်းကို ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု မရှိနေဘူးထင်တယ်...]
[ဟားဟားဟား ဒါပေမဲ့လည်း သူရဲ့ကျေးဇူးကြောင့် ကျင့်ကြံရေးလောကထဲမှာ ခေါင်းတုံးနဲ့လူဆိုတာ ဘယ်လိုရုပ်လဲဆိုတာ ငါတို့တွေ မြင်ဖူးသွားပြီ...]
ကြီးမြတ်သူချင်းဖုန်းက ကြီးမြတ်သူဟွားယီဖက်ကို လှည့်ပြီးစိုက်ကြည့်လိုက်ကာ သူရဲ့မူလက တည်ငြိမ်နေတဲ့ မျက်လုံးတွေကလည်း မီးတောက်နေတဲ့ဒေါသအပြည့် ဖြစ်သွားတော့တယ်။
သူ့လက်ထဲမှာ ဝိညာဥ်စွမ်းအင်တွေကို စုစည်းနေတုန်းမှာပဲ အပြင်လောကကလာတဲ့စကားကို ကြားလိုက်ရတယ်။
[ဟားဟားဟား ကြီးမြတ်သူချင်းဖုန်းက အရမ်းကို သနားစရာကောင်းတာပဲ...]
[သူက အစတုန်းကတော့ ဒီလိုကြီး ခေါင်းတုံးဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့...]
[သူက ရှေးဖြစ်ကို တွက်ချက်ပေးတဲ့အတွက် ကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းမခံရဘူးလို့ ထျန်းကျီးဂိုဏ်းနဲ့ ကျင့်ကြံရေးလောကတစ်ခုလုံးက ထင်ထားခဲ့တာလေ။ ဒီတော့ မကြာခဏဆိုသလို လူတွေက သူ့ဆီလာပြီးတော့ ရှေးဖြစ်ကို တွက်ချက်ခိုင်းတော့တာပေါ့။ ဟားဟားဟား ...]
[သူရဲ့ချစ်လှစွာသောတူလေး ထျန်းယောက်ကတောင် အပြင်ထွက်တဲ့အခါကျရင် သင့်တော်ခြင်း မသင့်တော်ခြင်းမေးဖို့ သူ့ဆီကို အကြိမ်တိုင်း လာခဲ့တတ်တယ်လေ]
[ဟားဟားဟား သူက ရှေးဖြစ်ကို တွက်ချက်ပေးခဲ့တဲ့အချိန်တိုင်း ဆံပင်တချို့က သူ့ခေါင်းပေါ်ကနေ ကျွတ်ကျလာတာပဲ]
[သူကကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်း ခံရတယ်ဆိုတဲ့ ထင်ယောင်ထင်မှားအဖြစ်ကို ထိန်းသိမ်းထားဖို့အတွက် ကြီးမြတ်သူချင်းဖုန်းက သူတို့တွေကို တစ်ယောက်ပြီးတစ်ယောက် တွက်ချက်ပေးဖို့ပဲ တတ်နိုင်တော့တာပေါ့ ...]
[ဒီတော့ အခုတော့ သူက ခေါင်းတုံးကြီး ဖြစ်လာခဲ့တယ်လေ]
[ဟားဟားဟား အရမ်းကို သနားစရာကောင်းပြီး ရယ်စရာလည်း ကောင်းတာပဲ...]
ဒီစကားကို ကြားလိုက်ရတဲ့အခါ ထျန်းကျီးဂိုဏ်းက လူတွေအားလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ သနားတဲ့ အရိပ်အယောင်တစ်ခု ဖြစ်သွားတော့တယ်။
ကြီးမြတ်သူချင်းဖုန်းရဲ့ လက်ရှိရုပ်သွင်က သူတို့အားလုံးကြောင့် ဖြစ်သွားခဲ့တာပဲ။
သူတို့တွေက ဒီကျေးဇူးတရားကို အမုန်းတရားနဲ့ ဘယ်လိုလုပ်ပြီး ပြန်ပေးဆပ်နိုင်ပါ့မလဲ။ သူတို့တွေက ကြီးမြတ်သူအပေါ် နှစ်သိမ့်မှုတွေ မပေးခဲ့တဲ့အပြင် သူတို့တွေက စိတ်ထဲမှာတောင် သူ့ကို ကြိတ်ပြီးတော့ ရယ်မောခဲ့ရသေးသလား။
အထူးသဖြင့် လုပ်စရာဘာမှမရှိရင် ရှေ့ဖြစ်ဟောပေးဖို့ ကြီးမြတ်သူချင်းဖုန်းကို သွားရှာတတ်ကြတဲ့ ဂိုဏ်းချုပ်ကြီးထျန်းနဲ့ ထျန်းယောက်တို့နှစ်ယောက်စလုံးက သူတို့ရဲ့မျက်နှာပေါ်မှာ အပြစ်ရှိတဲ့ အမူအရာတချို့ ဖြစ်သွားတော့တယ်။
ဒါပေမဲ့လည်း ကြီးမြတ်သူချင်းဖုန်းက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ပျာယာခတ်သွားတဲ့ရုပ်တစ်ခုက ရုတ်တရက်ဆိုသလို သူ့မျက်နှာပေါ်မှာ ပေါ်ပေါက်လာခဲ့တယ်။
သူက ပါးစပ်ကိုဖွင့်လိုက်ပေမဲ့လည်း သူက နှုတ်ဆက်ပါတယ်လို့ မပြောရသေးခင်မှာဘဲ သူ့အတိတ်အကြောင်းအရာကို အညှာအတာမဲ့ ဖော်ထုတ်လိုက်တဲ့ အပြင်လောကကလာတဲ့အသံကို ကြားလိုက်ရတော့တယ်။
[...ဟားဟားဟား ကြီးမြတ်သူချင်းဖုန်းကလည်း တကယ် အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါပဲ။ သူ တကယ်ပဲ မငြင်းဆန်နိုင်တဲ့ လူတချို့တွေရှိတယ်ဆိုတာ သိလိုက်ရတယ်လေ။ ဒါပေမဲ့လည်း သူက ဒီထက်ပိုပြီးတော့ ခေါင်းတုံးကြီး ဖြစ်မနေချင်တော့ဘူးပေါ့။ ဒီတော့ သူက ...]
[လုပ်ဇာတ်ခင်းတော့တာပဲ]
[ဟားဟားဟား သူက နှစ်ပေါင်းရာချီအောင် ကျင့်ကြံရေးလောကထဲက မနူးမနပ် ရှေ့ဖြစ်ဟောသူတွေရဲ့ နားထောင်ကောင်းရုံသက်သက်စကားကို လေ့လာရတာကို သဘောကျနေတာလေ။ အဲ့ဒီနောက်မှာတော့ သူက ဒီလိုဆက်ပြီးတော့ လုပ်တော့တာပေါ့]
[ဟုတ်တာပေါ့၊ သူကို ရှေးဖြစ်ဟောပေးဖို့ လာမေးကြတဲ့ကိစ္စတွေက အရေးမကြီးဘူးလို့ ထင်တဲ့အချိန်တိုင်း... ဟားဟားဟား ကြီးမြတ်သူချင်းဖုန်းက တွက်ချက်မှုတွေကို စပြီးတော့ လုပ်ကြံတော့တာပဲ]
[သူက ကျင့်ကြံသူတွေရဲ့ မသိသာတဲ့အမူအရာတွေနဲ့ ကျင့်ကြံသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကိုတောင်မှာ လေ့လာခဲ့သေးတယ်လေ။ သူက တွက်ချက်မှုတွေကို လုပ်ကြံခဲ့တဲ့အချိန်တိုင်း ဒါတွေက မတိကျဘူးဆိုရင်တောင် လာပြီးတွက်ချက်ကြတဲ့လူတွေကို သေချာပေါက် စိတ်ကျေနပ်မှုတွေ ပြုလုပ်ပေးနိုင်မှာပေါ့...]
[ဟားဟားဟား ကျင့်ကြံရေးလောကထဲမှာ ရှေးဖြစ်ဟောကြတဲ့လူတွေက လူတွေကို လိမ်လည်လှည့်ဖျားနေတာပဲ မဟုတ်ဘူးလား]
အားလုံးရဲ့ မျက်လုံးထဲက သနားပြီးအပြစ်ရှိသွားတဲ့ ခံစားချက်တွေက နေရာမှာတင် အေးခဲသွားတော့တယ်။
တကယ်လို့ အမှတ်မမှားခဲ့ဘူးဆိုရင် သူတို့တွေက ကြီးမြတ်သူချင်းဖုန်းဆီမှာ တွက်ချက်မှုတွေကို အကြိမ်အများကြီး သွားလုပ်ခဲ့တာပဲ။
အထူးသဖြင့် တစ်နေ့သုံးခါလောက် ပုံမှန်သွားတတ်တဲ့ ထျန်းကျီးဂိုဏ်းချုပ်ကြီးက သူ့မျက်နှာပေါ်မှာ အင်မတန်မှ တည်ငြိမ်သွားတဲ့ အမူအရာတစ်ခုဖြစ်လာခဲ့တယ်။
[ကြည့်လိုက်ပါအုံးမယ်၊ ကျွတ် ကျွတ် ထျန်းကျီးဂိုဏ်းချုပ်ကြီး လှည့်စားခံလိုက်ရတဲ့အရေအတွက်က ခြောက်ကြိမ်လောက်တဲ့...]
[နောက်ဆုံးတစ်ခေါက်တုန်းက အရှေ့ဖက်ကိုသွားရင် သူ့အတွက် အခွင့်အရေးတစ်ခု ရှိတယ်လို့ ယုံကြည်လာအောင် လှည့်စားခံလိုက်ရတယ်လေ။ ဒါပေမဲ့ သူက တစ်နေ့နဲ့ တစ်ညအထိ အရှေ့ဖက်ကို ပျံသန်းသွားတာတောင်မှာ ဝိညာဥ်စွမ်းအင်သစ်ပင် တစ်ပင်လေးတောင်မှ မတွေ့ခဲ့ရဖူးဘဲ...]
[နောက်ဆုံးအကြိမ် သူ့လှည့်စားခံလိုက်ရတုန်းက မှောင်ခိုစျေးထဲက ဆိုင်တစ်ဆိုင်မှာ ရတနာပစ္စည်းတစ်ခု ရှိတယ်တဲ့။ သူက သူ့စုဆောင်းထားတဲ့ တစ်ဝက်ကို သုံးလိုက်ပေမဲ့လည်း တိုလီမိုလီပစ္စည်းလေးတွေကိုပဲ ဝယ်လာခဲ့ရတယ်တဲ့ ဟားဟားဟား ...]
[နောက်ဆုံးအကြိမ်မတိုင်ခင် တစ်ခေါက်တုန်းကလည်း ...]
ထျန်းကျီးဂိုဏ်းချုပ်ကြီးက ရုတ်တရက်ဆိုသလို သူ့ခေါင်းကို လှည့်လိုက်ပြီး ကြီးမြတ်သူချင်းဖုန်းကို စွပ်စွဲနေတဲ့အကြည့်တစ်ခုနဲ့ လှမ်းကြည့်လိုက်တယ်။
ကြီးမြတ်သူက သူ့ကို ရှေ့ဖြစ်မဟောပေးနိုင်တာကို သူ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း ကြီးမြတ်သူက ဘာဖြစ်လို့များ...
ကြီးမြတ်သူချင်းဖုန်းက အားလုံးရဲ့အကြည့်ကို ရင်ဆိုင်လိုက်ရပြီး တောင့်တင်းသွားတဲ့ အသံတစ်ခုနဲပြောလိုက်တယ်။
"ကျုပ်မှာ အရေးကြီးကိစ္စတစ်ခု ရှိသေးတာကို ရုတ်တရက် သတိရသွားလို့။ ဒီတော့ ကျုပ် ပြန်လိုက်ပါအုံးမယ်"
ကြီးမြတ်သူဟွားယီကလွဲရင် ဒီနေရာက ကျင့်ကြံသူအားလုံးက ကြီးမြတ်သူချင်းဖုန်းထက် ပိုပြီးတော့နိမ့်ကျတယ်လေ။ ဒီတော့ အားလုံးက ကြီးမြတ်သူချင်းဖုန်းရဲ့ကျောပြင်ကို တိတ်တိတ်လေး ကြည့်နေရုံသာ တတ်နိုင်တော့တာပေါ့။ ကြီးမြတ်သူဟွားယီကလည်း ကြီးမြတ်သူချင်းဖုန်းရဲ့ အကြိမ်ပေါင်းများစွာ လှည့်စားခြင်း ခံခဲ့ရပေမဲ့လည်း သူက သူ့နောက်ကိုလိုက်သွားပြီး သူလုပ်ခဲ့တဲ့ကိစ္စတွေကို ဖြေရှင်းချက်တောင်းဖို့ အရမ်းကို ရှက်ရွံ့နေမိတယ်လေ။
စူးလီကတော့ ကြီးမြတ်သူချင်းဖုန်းရဲ့ ကျောပြင်ကိုတောင် မကြည့်တော့ပါဘူး။ သူမက ကောင်းကင်စာအုပ်ထဲက စာလုံးတွေကို ကြည့်လိုက်ပြီး တွေးတွေးဆဆနဲ့ ခေါင်းညိတ်လိုက်တယ်။
[ကြီးမြတ်သူချင်းဖုန်းက ဒီအလုပ်လုပ်ရတယ်ဆိုတာကလည်း ထျန်းကျီးဂိုဏ်းနဲ့ ပတ်သက်နေတာကိုး...]
[ဟားဟားဟား ထျန်းကျီးဂိုဏ်းသားတစ်ယောက်က ဂိုဏ်းထဲကို ဝင်လာပြီးတဲ့နောက်မှာ ပထမဦးဆုံးလေ့လာရတာက ကောင်းကင်အဋ္ဌဂံအစီအရင်လည်း မဟုတ်သလို ချီဆွဲထုတ်ခြင်းပညာလည်း မဟုတ်ဘူး။ အဲဒီအစား ထျန်းကျီးဂိုဏ်းက ဘာသာစကားရဲ့ အနုပညာကို အသုံးပြုပုံအကြောင်း သင်ပေးခဲ့တာပဲ]
[နောက်ဆုံး ရှေ့ဖြစ်ဟောတယ်ဆိုတာက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို တူးဆွနေတာပဲလေ၊ ဒီတော့... တွက်ချက်မှုမှားယွင်းတဲ့ အရေအတွက်က တွက်ချက်မှုမှန်ကန်တဲ့ အရေအတွက်ထက် အများကြီးပိုပြီး ကောင်းမွန်နေတာပေါ့...]
[ဟားဟားဟား အကြိမ်ပေါင်းများစွာမှာ ထျန်းကျီးဂိုဏ်းက တပည့်တွေက အချိန်အကြာကြီး ကြိုးစားပမ်းစား တွက်ချက်လာခဲ့ပေမဲ့လည်း သူတို့ရဲ့တိကျမှုနှုန်းက ကြီးမြတ်သူချင်းဖုန်းရဲ့ ပေါက်ကရ ပြောနေတာလောက်တောင် မတိကျဘူးတဲ့လေ...]
[ဒီတော့ ထျန်းကျီးဂိုဏ်းသားတွေ ပထမဦးဆုံး လေ့လာခဲ့ရတဲ့အရာက သူတို့ရဲ့ကိုယ်ပိုင်အစီအရင်ကို ရှုပ်ထွေးနေတဲ့ပုံ ဖြစ်အောင်လုပ််ပြီး ဒါကိုဘယ်လိုပဲမြင်မြင် အမှန်နဲ့အမှားကို ရောထွေးသွားအောင် လုပ်ဖို့ပဲ]
[ဒီရှုထောင့်ကနေကြည့်မယ်ဆိုရင် ထျန်းကျီးဂိုဏ်းက ကျင့်ကြံရေးလောကထဲမှာ အခြေချနိုင်တယ်ဆိုတာက သူတို့ရဲ့သာလွန်တဲ့ ရှေ့ဖြစ်ဟောနိုင်တဲ့ အရည်အချင်းကြောင့် မဟုတ်ဘဲ သူတို့ရဲ့ပါးစပ်ကြောင့် ဖြစ်နေတာကိုး...]
ဒီအချိန်မှာတော့ ချန်ထျန်းဂိုဏ်းကလူတိုင်းရဲ့ ဒေါသအကြည့်နဲ့ ရင်ဆိုင်လိုက်ရတဲ့သူက ထျန်းကျီးဂိုဏ်းချုပ်ကြီး ဖြစ်သွားတော့တယ်။
...