အခန်း ၁၃၅
Vol. 9 Ch. 135
အပိုင်း (၁၃၅)
အပြင်လောကကလာတဲ့အသံ... သူ ဘာပြောလိုက်တာလဲ။
ကြီးမြတ်သူလော့ရှန်းက ကြီးမြတ်သူယွီချင်းရဲ့ ကိုယ်ပွားဆိုတာ ဘာအဓိပ္ပာယ်လဲ။
သူမ သဘောကျနှစ်သက်နေတဲ့သူက သူမရဲ့ချစ်သူလုဖက် ဖြစ်နေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
လင်ရှန်းရန်ရဲ့မျက်နှာပေါ်မှာ ကြောင်အမ်းအမ်းအမူအရာတစ်ခု ဖြစ်သွားတယ်။ သူမက တိုက်ခိုက်နေတာကို ဘယ်တုန်းက ရပ်လိုက်မှန်းတောင် မသိတော့ဘူး။ သူမက လုံးဝကိုမတုံ့ပြန်နိုင်ဘဲ ငေးကြောင်ကြောင်နဲ့ လေထဲမှာ ဒီအတိုင်းရပ်နေမိတယ်။
သူမက အစကတည်းက သူမရဲ့ပိုင်ဆိုင်မှု မဟုတ်တဲ့ သူမရဲ့ကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေကို ထိန်းချုပ်မထားနိုင်တော့ဘူး။ အဲ့ဒီအပြင် သူမရဲ့စိတ်တို့ကလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသွားတယ်။ သူမ ပတ်ဝန်းကျင်ထဲမှာ အရှိန်နဲ့ လှည့်ပတ်နေတဲ့ ဝိညာဥ်စွမ်းအားတွေကလည်း ရုတ်တရက်ဆိုသလို အထိန်းအကွပ်မဲ့သွားပြီး ခက်ထန်ကြမ်းတမ်းလာခဲ့တယ်။
ဒါပေမဲ့ တချို့ဝိညာဥ်စွမ်းအားတွေက သူမရဲ့ခန္ဓာကိုယ်ကို အစင်းရာတွေ ဖြစ်သွားအောင် ကုတ်ခြစ်မိနေတာတောင် လင်ရှန်းရန်က ငေးကြောင်ကြောင်နဲ့ နေရာမှာတင်ရပ်နေဆဲပဲ။ ကြီးမြတ်သူယွီချင်းရှိတဲ့ဖက်ကို ငေးငေးငိုင်ငိုင်နဲ့ လှမ်းကြည့်တယ်။
ဒီတော့ ယွီလော့ရှန်းဆိုတာ လုံးဝမရှိဘူးပေါ့။
ဒါက အမြဲတမ်း ယွီချင်း ဖြစ်နေခဲ့တာပေါ့။
သူမကို ကယ်တင်ပေးခဲ့တဲ့လူကလည်း ယွီချင်းပေါ့။ သူမရဲ့နောက်မှာ ရပ်ပြီး သူမကို ထောက်ပံ့ပေးခဲ့ပြီး သူမရဲ့ရန်သူအားလုံးကို မောင်းထုတ်ပေးခဲ့တဲ့လူကလည်း ယွီချင်းပေါ့။
ကြီးမြတ်သူယွီချင်းက ဝိညာဥ်စွမ်းအင်တွေရဲ့ အားကောင်းတဲ့အလယ်မှာ အူကြောင်ကြောင်နဲ့ ရပ်နေတဲ့ လင်ရှန်းရန်ကို ကြည့်လိုက်တယ်။ ကိုယ်ပွားကိစ္စ သတင်းပေါက်ကြားသွားပြီးတဲ့နောက်မှာ ဘာဆက်လုပ်မယ်ဆိုတာကို စဥ်းစားဖို့ အချိန်မပေးနိုင်ခင်မှာပဲ သူမက ဘာမှမတတ်နိုင်ဘဲ ရှေ့ကို ပျံသန်းသွားတော့တယ်။ သူမရဲ့အသံကလည်း ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြား စူးရှနေတော့တယ်။
"အသက်ကို ထိန်းရှူပြီး အာရုံစိုက်ထား၊ ကိုယ့်ရဲ့ဝိညာဥ်စွမ်းအားတွေကို ပြန်စုစည်းထား"
လင်ရှန်းရန်က သူမရဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူမ ပတ်ဝန်းကျင်က ကြမ်းတမ်းခက်ထန်နေတဲ့ ဝိညာဥ်စွမ်းအားကို တည်ငြိမ်အောင် စပြီးလုပ်လိုက်တယ်။ ဒါပေမဲ့လည်း သူမ တည်ငြိမ်မှုက အရမ်းကိုမှ သိမ်မွေ့နေတာမလို့ ဒါကဝိညာဥ်စွမ်းအားတွေကို ပိုပြီးတော့တောင် ခက်ထန်ကြမ်းတမ်းလာစေပြီး သူ့သခင်ဖြစ်တဲ့ သူမကို ဝါးမျိုချင်လာအောင် ပြုလုပ်နေတော့တယ်။
ဒါကိုမြင်လိုက်တဲ့အခါ ယွီချင်းက ကူကယ်ရာမဲ့သွားသလို သက်ပြင်းချလိုက်တယ်။
"ဒီလောက်နှစ်ပေါင်းများစွာ ကြာပြီးတဲ့အချိန်တောင်မှာ ဘာဖြစ်လို့ ဒီဝိညာဥ်စွမ်းအားတွေရဲ့ အနိုင်ကျင့်တာ ခံနေရသေးတာလဲ"
သူမက သက်ပြင်းချလိုက်ပြီး သူမရဲ့လက်ကို ဆန့်တန်းလိုက်ကာ ပတ်ဝန်းကျင်က ခက်ထန်ကြမ်းတမ်းတဲ့ ဝိညာဥ်စွမ်းအားကို ဖြတ်ပြီး လင်ရှန်းရန်ရဲ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်တယ်။ သူမရဲ့အသံက တည်ငြိမ်နေပေမဲ့လည်း သြဇာသံတစ်ခုက ပါဝင်နေတယ်။
"ငါ့ရဲ့ဝိညာဥ်စွမ်းအားနောက်ကို လိုက်ပြီး ဒီမနာခံတတ်တဲ့ ဝိညာဥ်စွမ်းအင်တွေကို သင်ခန်းစာပေးလိုက်"
လင်ရှန်းရန်က သူမရဲ့လက်ကောက်ဝတ်မှာ အနွေးဓာတ်ကို ခံစားလိုက်ရပြီး အမှတ်တမဲ့ ရောက်လာခဲ့တဲ့လူကို မော့ကြည့်လိုက်တယ်။
ကြီးမြတ်သူယွီချင်းရဲ့ မျက်လုံးထဲက ရှားရှားပါးပါး ပြတ်သားမှုကို မြင်လိုက်ရပြီး သူမက အမှတ်တမဲ့ဆိုသလို ယွီလော့ရှန်း သူမကိုကယ်ခဲ့တဲ့အချိန်က မြင်ကွင်းကို ပြန်သတိရသွားတယ်။ အဲ့ဒီတုန်းက သူ့အမူအရာကလည်း အခု သူမရဲ့အမူအရာနဲ့ အရမ်းကို တစ်ပုံစံတည်းပဲ။
သူမရဲ့စိတ်ခံစားချက်တွေက ဘယ်လောက်ပဲ အတက်အကျ ဖြစ်နေပါစေ အခိုက်တန့်ကြောင်အမ်းအမ်း ဖြစ်သွားပြီးတဲ့နောက်မှာတော့ သူမက ယွီချင်းပြောသလို လုပ်လိုက်တယ်။
ယွီချင်းရဲ့ သိမ်မွေ့ပေမဲ့လည်း လွှမ်းမိုးနေတဲ့ဝိညာဥ်စွမ်းအင်က သူမရဲ့စွမ်းအင်ဗဟိုချက်ထဲကို စီးဝင်လာတာကို ခံစားရပြီးတဲ့အခါ သူမရဲ့စိတ်က အနည်းငယ် လှုပ်ရှားသွားတယ်။ ဒါပေမဲ့လည်း သူမရဲ့အာရုံကတော့ မကြာခင်မှာပဲ လက်ကောင်ဝတ်ပေါ်က အနွေးဓာတ်ဆီကို ပြန်ရောက်သွားခဲ့တယ်။
နှစ်ယောက်သား ပူးပေါင်းပြီးတဲ့ အင်အားရဲ့နောက်မှာတော့ ခဏအကြာမှာ ခက်ထန်ကြမ်းတမ်းတဲ့ ဝိညာဥ်စွမ်းအင်တွေက သူမခန္ဓာကိုယ်ထဲကို နာနာခံခံနဲ့ ပြန်ဝင်သွားကြတယ်။
ယွီချင်းက လုံးဝကို ပြန်စုပ်ယူပြီးသွားတဲ့ ဝိညာဥ်စွမ်းအင်တွေကို ကြည့်လိုက်ပြီး လင်ရှန်းရန်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ သူမရဲ့လက်ကို လွှတ်ပေးလိုက်တယ်။ သူမရဲ့နှစ်လိုဖွယ် မက်မွန်ပွင့်မျက်လုံးတွေက အစတုန်းက ဖြစ်နေခဲ့သလို ဘာမှဂရုမစိုက်ဘဲ သီးသန့်ဆန်တဲ့ အရိပ်အယောင်တစ်ခု ပြန်ဖြစ်သွားတယ်။
သူမက လေသံထဲမှာ ကျီစယ်နေတဲ့အရိပ်အယောင်တစ်ခုနဲ့ ပြောလိုက်လေရဲ့။
"ညီမလေးရှန်းရန်က အချိန်အများကြီး ရှိနေတယ်ဆိုမှတော့ နင်က နင့်ရဲ့ဝိညာဥ်စွမ်းအင်တွေကို အချိန်ပိုပေးပြီး သန့်စင်သင့်တယ်"
လင်ရှန်းရန်သာ အရင်တုန်းက သူမဆီက ဒီလိုစကားမျိုးပြောခဲ့မယ်ဆိုရင် အရမ်းကို ဒေါသထွက်သွားပြီး သူမက ယွီချင်းနဲ့ တိုက်ခိုက်ချင်သွားမှာပဲ။ ဒါပေမဲ့လည် ဒီအချိန်မှာတော့ သူမက ငေးကြောင်ကြောင်နဲ့ ယွီချင်းရဲ့ ညာဘက်လက်ကို ဒီအတိုင်း ငေးကြည့်နေမိတယ်။
အဲ့ဒါက သူမရဲ့ လက်ကောက်ဝတ်ကို ကိုင်ခဲ့တဲ့လက်ပေါ့။
ဒီလက်က သူမကို မကိုင်ရသေးခင်မှာ သူမပတ်ဝန်းကျင်က ဝိညာဥ်စွမ်းအားတွေရဲ့ ကုတ်ခြစ်ခံခဲ့ရတဲ့အတွက် လက်ပေါ်မှာသေးငယ်တဲ့ အမာရွတ်တွေ အများကြီး ကျန်နေခဲ့တာပဲ။
ဒါက သူမကို ကယ်ဖို့ကြိုးစားရင်းနဲ့ အခုလေးတင်မှရခဲ့တဲ့ ဒဏ်ရာတွေပဲ။
သူမဒဏ်ရာတွေက ပြင်းထန်ပုံ မပေါ်ဘူးဆိုပေမဲ့လည်း သူမရဲ့ဝိညာဥ်စွမ်းအင်တွေကတော့ ဝိညာဥ်မီးတောက်တစ်ခုကိုလည်း သယ်ဆောင်ထားတဲ့ အပြင်းထန်ဆုံး မီးဝိညာဥ်စွမ်းအား တစ်ခုဖြစ်နေတယ်။ ဒဏ်ရာငယ်လေးတစ်ခုကတောင် အရမ်းပြင်းထန်တဲ့ နောက်ဆက်တွဲရလဒ်တွေကို ယူလာပေးနိုင်တယ်။
ဒီဒဏ်ရာတွေကို ကြည့်လိုက်ပြီး သူမက အပြင်လောကက ခုနတုန်းက ပြောလိုက်တဲ့စကားကို ရုတ်တရက် သတိရသွားတယ်။
ဒီစကားတွေကို ပြန်စဥ်းစားရင်း အရင်တုန်းက သူမ လုံးဝ အာရုံမစိုက်ခဲ့တဲ့ ပြဿနာအများကြီးကို ပြန်စဥ်းစားမိသွားတော့တယ်။
ဒီလိုသေးငယ်တဲ့ လှုပ်ရှားမှုတချို့၊ ဒီလိုအကြိုက်လက္ခဏာတချို့၊ သူတို့ရဲ့ဝိညာဥ်စွမ်းအားတွေကို စုစည်းပုံနဲ့ တိုက်ခိုက်တဲ့ နည်းလမ်းတွေကတောင် ယွီလော့ရှန်းနဲ့ ယွီချင်းကြားမှာ ဆင်တူတဲ့အချက်တွေ ရှိနေတာပဲ။
အရေးအကြီးဆုံးအပိုင်းကတော့ အရင်တုန်းက သူမ နားလည်ခဲ့တဲ့အပိုင်းကို နောက်ဆုံးတော့ အဖြေရသွားခဲ့တာပဲ။
ယွီလော့ရှန်းက သူရဲ့ မဟာယနကျင့်ကြံခြင်းအဆင့်ကို လက်လျှော့လိုက်ပြီး ယွီချင်းရဲ့ လိုအပ်ချက်တွေအတွက် သူ့ကိုယ်သူ အန္တရာယ်ထဲ ပို့ခဲ့တဲ့ အကြောင်းအရင်းက ...
ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက တစ်ယောက်တည်းကိုး။
ယွီချင်း လိုချင်တာမှန်သမျှ ယွီလော့ရှန်း လိုချင်တဲ့အရာ ဖြစ်နေတာပဲ။
ဒီလိုစဥ်းစားလိုက်ပြီး သူမက သူမရဲ့နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားလိုက်ကာ ယွီချင်းဘေးကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ သူမက ယွီချင်းရဲ့ ညာဘက်လက်ကို ဂရုတစိုက် လှမ်းကိုင်လိုက်ပြီး သူမရဲ့ ဝိညာဥ်စွမ်းအားကို သုံးလိုက်ပြီး ယွီချင်းရဲ့ဒဏ်ရာပေါ်ကို ဝိညာဥ်စွမ်းအားတွေနဲ့ ဂရုတစိုက် သက်သာအောင် ကုသပေးလိုက်တယ်။
နောက်တစ်စက္ကန့်မှာပဲ ယွီချင်းရဲ့ ဒဏ်ရာတွေက မဟာယနကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကြောင့် ချက်ချင်း ပြန်ကောင်းသွားခဲ့တယ်။
ယွီချင်းရဲ့လက်ပေါ်က ဒဏ်ရာက ပျောက်ကင်းသွားတာကို မြင်လိုက်ရပြီးတဲ့နောက်မှာ လင်ရှန်းရန်က မျက်လုံးထဲမှာ ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ခေါင်းမော့လိုက်တယ်။ နှစ်ပေါင်းရာချီတဲ့ အချစ်အမုန်း ခံစားချက်တွေက ဒီအခိုက်အတန့်မှာ ရောနှောနေပြီး သူမကို ဘာလုပ်ရမယ်မှန်း မသိအောင် လမ်းပျောက်သွားစေတော့တယ်။
"ရှင့်ရဲ့ ဝိညာဥ်စွမ်းအားတွေ..."
သူမက ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့ မျက်လုံးထဲက ထိခိုက်ခံစားလွယ်ပြီး မှီခိုချင်တဲ့ အရိပ်အယောင် ပါနေတဲ့ပုံနဲ့ ခေါင်းကို မော့ကြည့်လိုက်တယ်။
"ဒါက အစ်ကိုလော့ရှန်းနဲ့ ဘာဖြစ်လို့..."
"ထားလိုက်ပါလေ "
သူမက နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်လိုက်တယ်။ သူမက အဖြေကို သိပြီးသားပဲ။ ထပ်ပြီး မေးခွန်းမေးနေစရာလည်း မလိုတော့ပါဘူး။
"ကျွန်မ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေကို သန့်စင်လိုက်ပါမယ်"
လင်ရှန်းရန်က သူမရှေ့က လူကို တည်တည်ငြိမ်ငြိမ် ကြည့်နေပေမဲ့လည်း သူမရဲ့မျက်လုံးထဲမှာတော့ တစ်ဖက်လူရဲ့ ပုံရိပ်ကို လုံးဝမမြင်လေဘူး။
သူမက မသိမသာ မျက်လွှာချထားလိုက်ပြီး တစ်လုံးချင်းစီ ပြောကာ ကတိပေးလိုက်တယ်။
"ကျွန်မကို ဂရုစိုက်ပေးတဲ့လူတွေကို ဒီဝိညာဥ်စွမ်းအင်တွေကြောင့် ဘယ်တော့မှ ထပ်ပြီး ထိခိုက်ခွင့် ပေးမှာ မဟုတ်ဘူး"
ယွီချင်းက မသိမသာ မျက်ခုံးပင့်လိုက်ပြီး ဖြည်းဖြည်းချင်း နောက်ကို ခြေနှစ်လှမ်း ဆုတ်လိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်ပေါ်က စွဲမက်ဖွယ်ရာမွှေးရနံ့က သူမရဲ့လှုပ်ရှားမှုအတိုင်း တဖြည်းဖြည်း လွင့်ပျံသွားခဲ့တယ်။ လင်ရှန်းရန်အပေါ် သူမရဲ့သဘောထားက အရင်တုန်းကလိုပဲ ပေါ့ပျက်ပျက် ခပ်တန်းတန်း ဖြစ်နေတုန်းပဲ။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
ဒါကို မြင်လိုက်တဲ့အခါလေထဲက ချန်းထျန်းဂိုဏ်းချုပ်ကြီးနဲ့ ထျန်းကြီးဂိုဏ်းချုပ်ကြီးတို့က နောက်ဆုံးတော့ သတိဝင်လာခဲ့တယ်။
သူတို့က အချင်းချင်း ကြည့်လိုက်ပြီး အချင်းချင်းရဲ့ မျက်လုံးတွေထဲက ရှုပ်ထွေးမှုနဲ့ မှိုင်တွေမှုကို သေချာ မြင်လိုက်ရတယ်။
လက်ဖက်ရည်ခွက် တစ်ဝက်စာအချိန်လောက် ကုန်ဆုံးသွားပေမဲ့လည်း သူတို့တွေက အပြင်လောကက စကားသံ သယ်လာခဲ့တဲ့ ထိတ်လန့်မှုထဲမှာ နစ်မြောနေတုန်းပဲ။
လှေပျံပေါ်က လူတိုင်းရဲ့ အမူအရာက သူတို့ရဲ့အမူအရာနဲ့ အင်မတန်မှ ဆင်တူနေပြီး လူတိုင်းကလည်း မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ရုပ်တစ်ခု အထင်းသားဖြစ်နေတယ်။
ကြီးမြတ်သူလော့ရှန်းက ကျင့်ကြံရေးလောကထဲမှာ မဟာယနကျင့်ကြံသူအဆင့် ပြီးမြောက်ထားတဲ့ထဲက လူတစ်ယောက်လေ။ ကျန့်ရွှမ်ရဲ့ တိုက်ခိုက်ရေးစာရင်းထဲမှာတောင် ကြီးမြတ်သူ လော့ရှန်းက ကြီးမြတ်သူရန်ရှင်းနဲ့ ကြီးမြတ်သူရှီမင်တို့ရဲ့အောက်မှာ မသိမသာလေးပဲ ရောက်နေတာ။
ကြီးမြတ်သူယွီချင်းကတော့ သူက ကျင့်ကြံရေးလောကထဲမှာ မွှေနှောက်နိုင်တဲ့ ကြီးမြတ်သူတစ်ယောက်လေ။ သူ့မှာ အင်မတန်မှ လှပချောမောတဲ့ရုပ်ရည်တစ်ခု ရှိသလို သူမကို လေးစားအားကျတဲ့လူတွေလည်း အများအပြားရှိတယ်။ ဒါပေမဲ့ ဒီအပြင် သူမမှာ အင်မတန်မှ မြင့်မားတဲ့ ကျင့်ကြံခြင်းတစ်ခုကလည်း ပိုင်ဆိုင်ထားသေးတယ်။ သူက နံပါတ်ခုနှစ်မြောက်ဂိုဏ်းဖြစ်တဲ့ ချင်းရီဂိုဏ်းကို တစ်ယောက်တည်းစိန်ခေါ်ရဲတဲ့ ထောင်လွှားတဲ့ လုပ်ရပ်ကိုတောင် လုပ်ခဲ့သေးတယ်။
အခု ဒီကြီးမြတ်သူနှစ်ယောက်က တကယ်တမ်းကျတော့ ... လူတစ်ယောက်တည်းတဲ့လား။
ဒါပေမဲ့ သူတို့ရဲ့ကြားမှ ဖြစ်တည်မှုကို မပြောသေးနဲ့ သူတို့ရဲ့ဝိညာဥ်စွမ်းအားတွေနဲ့ ဝိညာဥ်အရင်းအမြစ်တွေကတော့ လုံးဝကွာခြားနေတာပဲ။ သူတို့တွေက ဘယ်လိုလုပ်ပြီး လူတစ်ယောက်တည်း ဖြစ်နိုင်မှာလဲ။
နောက်ပြီးတော့ ကြီးမြတ်သူနှစ်ယောက်က အကြိမ်တိုင်း အတူတူပေါ်လာတတ်ကြတာပဲ။
တကယ်လို့ ဒါက ကိုယ်ပွားတစ်ခုသာဆိုရင် တကယ်ပဲ ဒီလိုလုပ်နိုင်လို့လား။
ကြီးမြတ်သူယွီချင်းက အင်မတန်မှ ပါရမီရှိတယ်ဆိုရင်တောင် မဟာယနနယ်မြေထဲကို ရောက်ဖို့ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေနဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ဖြတ်ကျော်ခဲ့ရမှာပဲလေ။
ကျင့်ကြံခြင်းအဆင့်ကိုယ်တိုင်က အရမ်းကို ခက်ခဲနေပြီးပြီ။ ဒါနဲ့များ သူက အတွင်းအားတွေကို အလကား သုံးပြီး မဟာယနကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကိုယ်ပွားတစ်ခုကိုတောင် ပြုလုပ်ခဲ့တာတဲ့လဲ။
ဒီအချိန်ပမာဏက သူ့ကို မဟာကျင့်ကြံခြင်း နောက်ဆုံးအဆင့် ရောက်စေတဲ့အထိ လုံလောက်တယ်လေ။
အားလုံးက နားမလည်နိုင်အောင် ဖြစ်နေကြတဲ့အချိန်မှာပဲ စူးလီက နောက်ဆုံးတော့ လင်ရှန်းရန်နဲ့ ယွီချင်းတို့ကြားက အပြန်အလှန်ဆက်ဆံပုံကို သဘောကျသွားတော့တယ်။ သူမက စဥ်းစဥ်းစားစားနဲ့ ပြောလိုက်လေရဲ့။
[ကြည့်ရတာ လင်ရှန်းရန်က ယွီချင်းနဲ့ ယွီလော့ရှန်းကြားက တစ်ခုခု မှားနေတယ်ဆိုတာက သတိထားမိသွားတယ်နဲ့တူတယ်~~]
[ဟုတ်တာပေါ့၊ တကယ်လို့ လင်ရှန်းရန်က ဒီလောက်နီးကပ်တဲ့ အကွာအဝေးတစ်ခုကနေ ဝိညာဥ်စွမ်းအင်တွေကို မခံစားနိုင်ဘူးဆိုရင် သူက အရမ်းကို ဒုံးဝေးသွားပြီ...]
[ဒါပေမဲ့... ကြီးမြတ်သူယွီချင်းက ကိုယ်ပွားတစ်ခုဖန်တီးဖို့ ဘာဖြစ်လို့ ဒုက္ခခံနေခဲ့တာတဲ့လဲ]
[သူက လင်ရှန်းရန်လို မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်ဖို့ ကြိုးစားနေတာတော့ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား]
စူးလီကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝကိုနားမလည်နိုင်အောင် ဖြစ်နေခဲ့တယ်။ သူမက သိချင်စိတ်နဲ့ ကောင်းကင်စာအုပ်ကို တဖျတ်ဖျတ် လှန်လိုက်တယ်။ စာအုပ်ထဲက စကားလုံးတချို့ ဖတ်ပြီးသွားတဲ့အချိန်မှာတော့ သူမရဲ့အမူအရာက နည်းနည်းလေး အထူးတဆန်း ဖြစ်လာပြန်တယ်။
[ရောင်းရင်းရေ ကြီးမြတ်သူယွီချင်းက သူရဲ့ကိုယ်ပွားကိုသန့်စင်ဖို့ အရမ်းကို ကြိုးစားပြီး လုပ်ဆောင်ခဲ့တာကလည်း တကယ်တမ်းကျတော့... ကျင့်ကြံခြင်းအတွက်လား]
အာရုံစိုက် နားထောင်နေကြတဲ့သူအားလုံးက ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ အမူအရာကလည်း ပိုပြီးတော့ ရှုပ်ထွေးလာတယ်။
လေ့ကျင့်ဖို့တဲ့လား။ ကိုယ်ပွားတစ်ခုက ကျင့်ကြံခြင်းလေ့ကျင့်ဖို့ မူရင်းခန္ဓာကိုယ်ကို ဘယ်လိုလုပ်ပြီး ကူညီနိုင်မှာလဲ။ ကိုယ်ပွားက မူရင်းခန္ဓာကိုယ်အတွက် တိုက်ခိုက်မှုကို ပိတ်ဆို့ပေးပြီး စောင့်ကြည့်ပေးဖို့အတွက် ဖန်တီးထားတာ မဟုတ်ဘူးလား။
အပြင်လောကကလာတဲ့အသံရဲ့ နောက်ထပ်ပြောလိုက်တဲ့စကားက အားလုံးရဲ့သံသယကို အဖြေပေးလိုက်တယ်။
[ဒါက တကယ် အံ့သြစရာကောင်းတာပဲ~~]
[ကြီးမြတ်သူယွီချင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ချစ်ခြင်းတရားကနေတစ်ဆင့် ကျင့်ကြံရေးအဆင့်ထဲကို ဝင်လာတာတဲ့။ သူမအတွက် တခြားသူတွေရဲ့ချစ်ခြင်းတရားက ပိုပြီးစိတ်ရင်းမှန်ကန်ပြီး နက်နဲလေလေ သူမရဲ့ကျင့်ကြံခြင်းအဆင့်က တိုးတက်တာပိုပြီးတော့ မြန်ဆန်လေလေပဲတဲ့]
[ကြီးမြတ်သူယွီချင်းက အင်မတန်ကို အရည်အချင်းရှိတဲ့သူပဲ။ သူက နှစ်ပေါင်းသုံးရာတည်းနဲ့ ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ...]
[ဒီအပေါ်ယံချစ်ခြင်းတရားတွေက ပေါင်းစပ်ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်ဖို့ သူမကို လုံလောက်အောင် ကူညီမပေးနိုင်ဘူးဆိုတာကို တွေ့လိုက်ရတယ်...]
[အဲ့ဒီတုန်းက သူမရဲ့ရှေ့မှာ ရွေးချယ်စရာ နှစ်ခုရှိနေတယ်လေ။ သူမရဲ့ကျင့်ကြံခြင်းကို လက်လျှော့လိုက်မလား ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့်ကို ပြန်လုပ်ဖို့ တောက်ဝါဒထဲ ပြန်ဝင်ဖို့နည်းလမ်း ပြောင်းရင်ကောင်းမလား ဒါမှမဟုတ် အရူးအမူးချစ်ခင်မြတ်နိုးနေတဲ့ လူတစ်ယောက်ကို ရှာရင်ကောင်းမလား၊ ဒါက သူမအတွက် ကျင့်ကြံရေးအဆင့်ကို ထိုးဖောက်ဖို့ တစ်ရာခိုင်နှုန်းပဲရှိပေမဲ့ပေါ့...]
[ကျင့်ကြံသူအများစုကတော့ ဒုတိယရွေးချယ်မှုကိုပဲ ရွေးချယ်လိမ့်မှာပဲလေ~~ ]
[ကြီးမြတ်သူယွီချင်းက__]
စူးလီက ကြီးမြတ်သူယွီချင်း လုပ်ခဲ့တဲ့အရာကို မြင်လိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အသံထဲမှာ လေးစားမှုအပြည့် ဖြစ်သွားတော့တယ်။
[ဟားဟားဟား သူက သူမတစ်ယောက်တည်းကိုပဲ စိတ်နှစ်ပြီး ချစ်ခင်မြတ်နိုးပေးမဲ့ ကိုယ်ပွားတစ်ခုကို သန့်စင်ဖို့ရွေးချယ်ခဲ့တာပဲ]
[ဟုတ်ပါတယ်၊ ကျင့်ကြံရေးလောကထဲမှာ ဘယ်သူကများ ကိုယ့်ကိုကိုယ်ထက် ပိုပြီးတော့ချစ်နိုင်မှာလဲ]
[ဟားဟားဟား ယွီလော့ရှန်းက သူရဲ့အသက်ကို ဘာမှပြန်မတောင်းဆိုဘဲနဲ့ ယွီချင်းအတွက် စွန့်စားပေးခဲ့တယ်လေ။ လောကကြီးကတောင် ဒါကိုအချစ်စစ် အချစ်မှန်လို့ သတ်မှတ်ထားတာပေါ့]
[ဟုတ်ပါတယ်၊ အချစ်စစ် အချစ်မှန်ကို ဘာလုပ်ပေးခဲ့တယ်ဆိုတာနဲ့ သေချာပေါက် အကဲဖြတ်ပေးလို့ရတယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတို့တွေက သူပြောခဲ့တဲ့စကားကိုပဲ ဘယ်လိုလုပ်ပြီး နားထောင်နေနိုင်မှာလဲ]
[ဒီတော့ ကိုယ်တိုင်အတွက် သူ့ရဲ့နက်ရှိုင်းတဲ့ ချစ်ခြင်းတရားကို အားကိုးပြီး ကြီးမြတ်သူယွီချင်းက နောက်ဆုံးတော့ အဆင့်ကျော်ဖြတ်ခြင်းကို ချိုးဖြတ်နိုင်ခဲ့ပြီး မဟာယနကြီးမြတ်သူတစ်ယောက် ဖြစ်လာခဲ့တယ်လေ]
ဒီစကားကို ကြားလိုက်ရပြီးတဲ့နောက်မှာ အားလုံးရဲ့မျက်နှာက စာလုံးကြီးလေးလုံး ရေးထိုးထားသလို ထင်ရတော့တယ်။
ဖြစ်နိုင်လို့လား။
ဒါကအရမ်းကို... ယုံကြည်ချင်စရာ မကောင်းဘူးလေ ဟုတ်တယ်မလား။
သူမ ပတ်ဝန်းကျင်ကလူတွေရဲ့ တအံ့တသြအကြည့်ကို ခံစားမိလိုက်တဲ့အခါ ယွီချင်းရဲ့အမူအရာက လုံးဝကို ပြောင်းလဲသွားတာ မရှိလေဘူး။
သူမက မသိမသာ မျက်လွှာချထားလိုက်ပြီး သူမရဲ့မျက်လုံးထဲမှာ ခံစားချက်အားလုံးကို ဖုံးကွယ်ထားလိုက်တယ်။
ယွီလော့ရှန်းက သူမကို မဟာယနကျင့်ကြံခြင်းအဆင့်ရောက်အောင် ကူညီပေးခဲ့တယ်။ ဒါက သူမကို မဟာယနကျင့်ကြံခြင်း အလယ်အဆင့်ရောက်အောင်ပဲ ကူညီပေးနိုင်ခဲ့တာလေ။ သူမက ဒီထက်ပိုပြီးတော့ တိုးတက်မှုတွေကို မလုပ်နိုင်ခဲ့ဘူး။
အခုတော့ ကိုယ်ပွားရဲ့တာဝန်က လက်ရှိသရုပ်မှန်နဲ့ လုပ်ဖို့အတွက် မသင့်တော်တဲ့အရာတွေကို လုပ်ဖို့ပဲထားရတော့တာပေါ့။ တကယ်လို့ ဒီကိစ္စတွေသာ ပေါက်ကြားသွားခဲ့ရင်လည်း ဒါက သူမအတွက် အရမ်းကြီး ပြဿနာဖြစ်နေမှာတော့ မဟုတ်ဘူးလေ။
ဒါပေမဲ့...
အခုကျတော့ ဟယ်ဟွမ်းဂိုဏ်းထဲမှာက ဖရိုဖရဲဖြစ်နေပြီး ကြီးမြတ်သူလော့ရှန်းရဲ့ တည်ရှိမှုကိုယ်တိုင်ကလည်း အပြင်လောကအတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့ပြီ။
အခုက လူတွေကလည်း ယွီလော့ရှန်းက သူမရဲ့ကိုယ်ပွားဆိုတာ သိသွားခဲ့ပြီ။ ဒါဆိုရင်တော့ ... သူမ စဥ်းစားထားသလိုပါပဲ။
ဟယ်ဟွမ်းဂိုဏ်းက ကျင့်ကြံရေးလောကထဲက အဓိကဂိုဏ်းကြီးအများအပြားနဲ့ တင်းမာတဲ့ဆက်ဆံရေး ရှိနေခဲ့တယ်။
အခု ကြီးမြတ်သူချင်းရွှီကလည်း သက်တမ်းစေ့တော့မယ်။ ဟယ်ဟွမ်းဂိုဏ်းကို ရန်လိုနေကြတဲ့ ကြီးမြတ်သူ အများအပြားကလည်း ကိုယ့်ဟာကို ရုပ်ဖျက်ထားပြီး ဂိုဏ်းရဲ့လှုပ်ရှားမှုတွေကို တစ်ချိန်လုံးခြေရာခံနိုင်အောင်လို့ ဟယ်ဟွမ်းဂိုဏ်းပတ်ဝန်းကျင်မှာ စောင့်ကြည့်နေကြတယ်။
ကြီးမြတ်သူချင်းရွှီ သေဆုံးသွားတာနဲ့ တစ်ပြိုင်နက် ဒီအင်အားစုတွေက ဟယ်ဟွမ်းဂိုဏ်းကို ပေါင်းစည်းပြီး ဖိအားပေးလာလိမ့်မယ်။
ဒီလူတွေကလည်း အပြင်လောကက ပြောလိုက်တဲ့စကားသံကို ကြားလိုက်မှာလည်း အသေအချာပဲလေ။
အစတုန်းကတော့ သူတို့က ထင်လိမ့်ကြမှာပေါ့။ သူတို့တွေက ဟယ်ဟွမ်းဂိုဏ်းကို ပစ်မှတ်ထားခဲ့မယ်ဆိုရင် ကြီးမြတ်သူလော့ရှန်းက ကြီးမြတ်သူယွီချင်းရဲ့ တည်ရှိမှုကြောင့် သူတို့ရဲရန်သူ သေချာပေါက် ဖြစ်လာလိမ့်မယ်။
ဒါပေမဲ့အခုကျတော့...
ကြီးမြတ်သူလော့ရှန်းက ကြီးမြတ်သူယွီချင်းရဲ့ ကိုယ်ပွား ဖြစ်နေတယ်ဆိုတော့ ...
ကြီးမြတ်သူယွီချင်းက ရန်သူတွေကို ရင်ဆိုင်တဲ့အချိန်မှာ သူကိုယ်တိုင်နဲ့ သူရဲ့ကိုယ်ပွားကို တစ်ချိန်ထဲမှာ သေချာပေါက်ထိန်းချုပ်လို့ ရမှာမဟုတ်ဘူးလေ။ ဒါက ဟယ်ဟွမ်းဂိုဏ်းက နောက်ထပ်တိုက်ခိုက်ရေး အင်အားစုတစ်ခု ဆုံးရှုံးသွားရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒီလိုဆိုရင် ကြီးမြတ်သူချင်းရွှီ ဆုံးပါးသွားခဲ့ပြီးရင်တော့...
ဒီလူအဖွဲ့ကြီးက ဟယ်ဟွမ်းဂိုဏ်းကို သူတို့ရဲ့ခြေထောက်အောက်မှာ ဘယ်လိုခြေမွှရမယ်ဆိုတာ စဥ်းစားနေတုန်းမှာပဲ အပြင်လောကကအသံက ထပ်ပြီးတော့ပြောလိုက်တယ်။
…