ကျန်းနန် သားရေ စက်ရုံလုပ်ငန်း၏ ကံကြမ္မာ
Vol. 15 Ch. 222
“ဟားဟားဟား သခင်လေးရဲ့၊ မင်းရဲ့ အမြင်က တကယ်ကို စူးရှတာပဲ၊ ဒီလို ကောင်းမွန်တဲ့ ကိုယ်စားလှယ်ကို ရှာပေးလို့ ကျေးဇူးတင်ပါတယ်”
ကျားတိက အပြုံးနှင့် ပြောလိုက်သည်။ ချန်ရှောင်ယန်က သူ့အဝတ်အစားအတွက် မော်ဒယ်လ် လုပ်ပေးမည်ကို သူ ဝမ်းသာနေသည်။
ဖက်ရှင်ရှိုးပွဲ ပြီးသွားသည်နှင့် ညစာစားပွဲ စတင်လေသည်။
သူဌေးကြီးများက စကားစမြည်ပြော၍ အဆက်အသွယ် တည်ဆောက်နေကြသည်။ တော်တော်များများက ဤအခွင့်အရေး၌ သူတို့နားမှ ပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးခွင့်ရရန် ကြိုးစားကြပြီး သူတို့ မျက်နှာသာ ပေးခြင်းမျိုး ရရန် မျှော်လင့်နေ၏။
ရဲ့လင်းချန်က ကျားတိနှင့် စကားပြောနေချိန်တွင် လူတစ်ချို့က မကြာခဏ အနားလာကြသည်။
ချီးမွမ်းခံရရန် သို့မဟုတ် ကျားတိနှင့် ပိုရင်းနှီးရန်အတွက် သူတို့က ရဲ့လင်းချန်ကို တလေးတစား ဆက်ဆံကြသည်။ သူတို့က အဆင့်အတန်း ပိုမြင့်နေလျင်တောင်မှ လက်ရှိတွင် နှိမ့်ချနေကြလေသည်။
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဝိုင်ခွက်တစ်ခွက်ကို ကိုင်၍ သူတို့နားသို့ ရိုကျိုးသော အမူအရာဖြင့် ချဉ်းကပ်လာသည်။
“မင်္ဂလာပါ ဆရာကျား၊ ကျွန်တော်က ကျန်းနန် သားရေလုပ်ငန်းက ဝူယိုချိုက်ပါ”
“အာ … ဥက္ကဋ္ဌဝူကိုး”
ကျားတိက သူ့ကို ခေါင်းတစ်ချက်ညိတ်၍ အသိအမှတ်ပြုသည်။
“ဆရာကျား ကျွန်တော်တို့ကို Vatti နဲ့ ရင်းနှီးတယ်လို့ ပြောလို့ရပါတယ်၊ ကျွန်တော် ခင်ဗျားကို ဂုဏ်ပြုပါရစေ”
ထိုသို့ပြောပြီး သူက ဝိုင်ခွက်ကို အကုန် သောက်လိုက်သည်။
ဆရာကျားက လက်ထဲက ခွက်ကိုမြှောက်သော်လည်း သူ့နှုတ်ခမ်းနှင့် ထိ၍ သောက်ခြင်း မရှိပေ။
သူ့အဆင့်အတန်းအရဆိုလျင် ဤတုံ့ပြန်မှုတစ်ခုတည်းကိုပင် လုံလောက်သော တုံ့ပြန်မှုဟု သတ်မှတ်နိုင်ပေသည်။
“ပြီးတော့ ဒီညီငယ်လေး၊ မင်းက အစွမ်းအစရှိတဲ့ပုံပဲ၊ သေချာပေါက် ထူးချွန်တဲ့ လူမျိုးပဲ၊ မင်းကိုလည်း ငါ ဂုဏ်ပြုပါတယ်”
ထိုသို့ပြောပြီး သူက နောက်တစ်ခွက် ထပ်သောက်လိုက်သည်။
ရဲ့လင်းချန်က လက်ကိုမမြှောက်ဘဲ သူ့အား အေးစက်စွာသာ ကြည့်နေသည်။
“သူက ငါတို့ Vatti ရဲ့ ဧည့်သည် ဒီဇိုင်နာ သခင်လေးရဲ့လေ”
ဆရာကျားက မိတ်ဆက်ပေးသည်။
သူ့စကားက ဝူယိုချိုက်အား နှလုံးခုန်နှုန်း မြန်လာစေပြီး နှလုံးရောဂါ ရလုမတတ် ဖြစ်သွားစေသည်။
ဧည့်သည် ဒီဇိုင်နာများသည် သူတို့ကိုယ်တိုင်ကိုက ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်သည်။ ၎င်းသည် ဖက်ရှင် ကုမ္ပဏီတစ်ခုက သူတို့ လက်ထဲ ဖမ်းဆွဲမထားနိုင်သည့် ဒီဇိုင်နာများအတွက် ရာထူးတစ်ခု ဖြစ်လေသည်။ ဧည့်သည် ဒီဇိုင်နာ ဖြစ်သောလူတိုင်းသည် ထူးခြားသောသူများ ဖြစ်လေသည်။ ပြောရမည်ဆိုလျင် ဧည့်သည် ဒီဇိုင်နာ၏ အဆင့်အတန်းက ခေါင်းဆောင် ဒီဇိုင်နာထက်ပင် သာလွန်သည်ဟု သတ်မှတ်နိုင်ပေ၏။
အကြောင်းမှာ ဧည့်သည် ဒီဇိုင်နာများကို ကုမ္ပဏီက မချည်နှောင်ထားနိုင်သောကြောင့်ပင်။
Vatti ၌ ဧည့်သည် ဒီဇိုင်နာများ ရှိသည်ဟု သူ တစ်ခါမှ မကြားဖူးပါ။
“ဟားဟားဟား သခင်လေးရဲ့က အသက်ငယ်ပင်မယ့် တော်တော် ထူးချွန်တာပဲ၊ ကျွန်တော် ရှက်မိပါတယ်၊ မင်းအတွက် ဂုဏ်ပြုတာက တစ်ခွက်နဲ့ ဘယ်လုံလောက်မလဲ၊ နောက်တစ်ခွက်ဗျာ”
ဝူယိုချိုက်က တုံ့ဆိုင်းမနေဘဲ နောက်တစ်ခွက် သောက်လိုက်သည်။
“တကယ်တော့ ကျွန်တော့်သားက သခင်လေးရဲ့နဲ့ အသက် အတူတူပဲဗျ၊ သူက ပျင်းရိပြီး မထူးချွန်တာ ဆိုးတာပဲ၊ ကျွန်တော့်ကို အတော်လေး စိုးရိမ်အောင် လုပ်တာ၊ သူသာ မင်းရဲ့ အရည်အချင်း ဆယ်ပုံတစ်ပုံလောက် ရှိရင်ကို ကျွန်တော် မိုးနတ်မင်းကို ကျေးဇူးတင်မိပြီ”
ဝူယိုချိုက်က ထိုသို့ပြောပြီးသည်နှင့် လူငယ်တစ်ယောက်ထံ အကြည့်ရောက်သွားပြီး လက်လှမ်းပြလေသည်။
“ဒါ ကျွန်တော့်သား ဝူကျွင့်ကျယ်လေ၊ မင်းတို့ နှစ်ယောက်လုံးက လူငယ်တွေဆိုတော့ ပြောစရာလေးတွေ ရှိလောက်တယ်”
ဝူယိုချိုက်က ရဲ့လင်းချန်ကို မျက်နှာလုပ်ရန် ကြိုးစားကာ သူ့သားနှင့် ပျော်ရွှင်စွာ မိတ်ဆက်ပေးလေသည်။
ဝူယိုချိုက်တစ်ယောက် အူမြူးနေလေသည်။ ပထမဆုံးအနေဖြင့် ကျားတိဖြင့် စကားစမြည် ပြောနိုင်ခဲ့သည်။ ထို့နောက် ရဲ့လင်းချန်နှင့်လည်း ရင်းနှီးသွားရသည်။ အကယ်၍ သူ့သားသာ ရဲ့လင်းချန်နှင့် ရင်းနှီးအောင် လုပ်နိုင်ပါက သူ၏ ကျန်းနန် သားရေလုပ်ငန်း၏ အနာဂတ်က ပို၍ အာမခံချက် ရှိလာပေမည်။
သူ့သားအား ရဲ့လင်းချန်ကို အစွမ်းကုန် ဖားနိုင်ရန် သူ အစီအစဉ်ပင် ဆွဲပြီးသွားလေပြီ။
ဝူကျွင့်ကျယ်က ဆက်တိုက် ခေါင်းကိုငုံ့ထားပြီး ရဲ့လင်းချန်အား မော့မကြည့်ရဲချေ။ လက်ရှိတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက ကြောက်စိတ်ကြောင့် တုန်ယင်နေ၏။
“ကျွန်တော် ခင်ဗျားသားကို သိပါတယ်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
ဝူကျွင့်ကျယ်၏ ကြောက်ရွံ့နေသော အကြည့်ကို စေ့စေ့ကြည့်၍ ရဲ့လင်းချန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ခုနက ငါတို့ပြောခဲ့တဲ့ စကားဝိုင်းကို မှတ်မိသေးလား”
ဝူကျွင့်ကျယ် ပို၍ တုန်ယင်လာပြီး ပါးစပ်က တဆတ်ဆတ် လှုပ်နေသော်လည်း ဘာစကာားမှ ထွက်မလာချေ။
ဝူယိုချိုက် ဒိတ်ခနဲ ဖြစ်သွားသည်။ သူ့အား မှုန်မှိုင်းနေသော အငွေ့အသက်တစ်ခုက လွှမ်းခြုံလာပြီး မကောင်းသော ခံစားချက်ကို ရလာသလို ခံစားလာရသည်။
အစောပိုင်းက သူ့သား၏ စကားများကို ပြန်စဉ်းစားမိပြီးနောက် သူ့ရင်ကို တင်းကြပ်စွာ ဖျစ်ညှစ်လာသလို ခံစားလိုက်ရပြီး သတိလစ်မတတ် ဖြစ်သွားရသည်။ သူ့သား စိတ်တိုနေတဲ့လူက သခင်လေးရဲ့တဲ့လား။
“အသုံးမကျတဲ့သား၊ မင်းက သခင်လေးရဲ့ကို ဘယ်လိုတောင် စိတ်အနှောင့်အယှက် ပေးရဲတာလဲ”
ဝူယိုချိုက်က အသံထွက်သည်အထိ ဝူကျွင့်ကျယ်၏ မျက်နှာကို အားပါပါ ရိုက်ချလိုက်သည်။ သူ့မျက်လုံးတွင် ကူကယ်ရာမဲ့ဟန်နှင့် ဒေါသတို့ ပြည့်နှက်နေ၏။
ဝူကျွင့်ကျယ်၏ မျက်နှာက နီရဲ၍ ရောင်ကိုင်းလာကာ တအံ့တဩဖြင့် ရပ်နေလေသည်။
“သခင်လေးရဲ့၊ ကျေးဇူးပြုပြီး ကျွန်တော့်သားရဲ့ မသိတတ်မှုကို ခွင့်လွှတ်ပေးပါ၊ သူ့ကို လေလည်လိုက်သလိုမျိုး ဒီအတိုင်း ထားပေးပါဗျာ”
ဝူယိုချိုက်က မချိပြုံး ပြုံးနေပြီး သူ့လက်ထဲမှ ဝိုင်ခွက်ပင် တုနန်နေလေသည်။
တစ်ခဏအတွင်း သူ့ကျောပြင်တွင် ချွေးတို့ဖြင့် ရွှဲနစ်လာ၏။ ကျန်းနန် သားရေလုပ်ငန်း၏ သေရေးရှင်ရေးက အတွေးတစ်ချက်ပေါ်တွင် မူတည်နေလေပြီ။
“သခင်လေးရဲ့ကို မြန်မြန် တောင်းပန်လိုက်စမ်း”
ဝူယိုချိုက်က အော်ငေါက်လိုက်ပြီး မျက်လုံးများက နီရဲနေသည်။
“သခင်လေးရဲ့ ကျွန်တော် အနှောင့်အယှက် ပေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”
ဝူကျွင့်ကျယ် ခေါင်းကိုငုံ့ထားပြီး မျက်လုံးထောင့်မှနေ၍ ရဲ့လင်းချန်၏ အမူအရာကို ခိုးကြည့်လေသည်။
သို့ရာတွင် ရဲ့လင်းချန်၏ မျက်လုံးများက ခံစားချက် ကင်းမဲ့မြဲ ကင်းမဲ့နေ၏။
“ခုနက ငါ ပြောခဲ့တဲ့စကားကို မှတ်မိလားလို့ ငါ မေးနေတယ်လေ”
“ဘာက မှတ်မိဖို့ ထိုက်တန်လို့လဲ၊ မင်းက ဆရာကျားနဲ့ ရင်းနှီးတာနဲ့ပဲ ပမာမခန့် လုပ်လို့ရပြီလို့ ထင်နေတာလား၊ ငါ တောင်းပန်တာကို လက်ခံရတာနဲ့တင် မင်းအတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ၊ မင်းက ဘာလိုချင်နေသေးတာလဲ”
ဝူကျွင့်ကျယ်က ပြန်လည် အော်ဟစ်လေသည်။
ရဲ့လင်းချန်က ငယ်ရွယ်သေးသည်။ ထို့ကြောင့် ရဲ့လင်းချန်တွင် အောင်မြင်မှု တစ်ခုခု ရှိလိမ့်မည်ဟု ဝူကျွင့်ကျယ် မထင်ထားပေ။
“ဖြောင်း”
ဝူယိုချိုက်၏ မျက်နှာက မည်းမှောင်သွားပြီး ဝူကျွင့်ကျယ်ကို ထပ်၍ ပါးချလိုက်သည်။
“ခွေးကောင် ငါ့မှာ ဘာလို့ မင်းလို သားမျိုး ရှိရတာလဲ၊ မင်းဘဝမှာ ဘာမှမလုပ်နိုင်တာနဲ့ တခြားသူတွေလည်း အဲ့လို ဖြစ်လိမ့်မယ်လို့ မထင်နဲ့ကွ၊ မင်း ငါတို့ တစ်မိသားစုလုံးကို သေတွင်းထဲ ဆွဲချဖို့ ကြိုးစားနေတာလား”
ထို့နောက် သူက ရဲ့လင်းချန်ကို ပြန်ကြည့်လိုက်သည်။
“သခင်လေးရဲ့ ကျွန်တော် ဒီအရူးကောင်ကို သေချာပေါက် သင်ခန်းစာ ပေးလိုက်ပါ့မယ်၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးပါ”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“ကျွန်တော် ခုနကတည်းက သေချာ ပြောပြီးသား၊ တကယ်လို့ သူ ဒူးထောက်ပြီး တောင်းပန်ရင် ဘာမှမဖြစ်သလို ကျော်သွားပေးမှာ၊ အခု သူ အဲ့လို မလုပ်နိုင်ဘူးလေ”
ရဲ့လင်းချန်၏ မျက်လုံးတွင်းမှ အေးစက်မှုကို မြင်လိုက်သောအခါ ဝူယိုချိုက်၏ မျက်နှာက ဖြူရော်သွားသည်။ သူ ဘာမှ ထပ်မပြောနိုင်ခင်မှာပင် ရဲ့လင်းချန်က ထွက်သွားလေပြီ။
သူ၏ အသနားခံနေသော မျက်လုံးများက တစ်ချိန်လုံး ငြိမ်နေသော ကျားတိထံ ကျရောက်သွားသည်။
သို့သော်ငြားလည်း ကျားတိက ခံစားချက် ကင်းမဲ့နေကာ အေးစက်စက် လေသံဖြင့် ပြောလာသည်။
“ဒီနေ့ကစပြီး Vatti က ကျန်းနန် သားရေလုပ်ငန်းနဲ့ ပူးပေါင်းထားသမျှကို အဆုံးသတ်မယ်၊ ငါတို့ ကျန်းနန် သားရေလုပ်ငန်းကနေ ဘာကုန်ကြမ်းကိုမှ မသုံးတော့ဘူး”
ကြေညာချက်လေးတစ်ခုက ဝူယိုချိုက်၏ နှလုံးသားကို ချောက်နက်ထဲအထိ ဆွဲချသွားရန် လုံလောက်လေသည်။ သူသည် တစ်ခဏအတွင်း ဆယ်နှစ်မျှ ပိုအိုစာသွားသည်ဟု ထင်ရပြီး အလွန် နာကျင်ဟန် ပေါ်လာ၏။
တစ်ဖက်မှ ဝူကျွင့်ကျယ်သည်လည်း အံ့အားသင့်ကာ စိတ်ဗလောင်ဆူနေသည်။
ထိုအခိုက်တွင် သူ မည်မျှ ပြဿနာ ရှာလိုက်မိသလဲ နားလည်သွားလေသည်။ သူ ဘယ်လိုလူမျိုးကို ရန်ရှာလိုက်မိ လေသနည်း။
Vatti က ကျန်းနန် သားရေလုပ်ငန်းနှင့် ပူးပေါင်းမှုအားလုံးကို ဖျက်သိမ်းလိုက်ခြင်းက သူတို့လုပ်ငန်း၏ အဆင့်အတန်းကို အောက်ခြေအထိ ကျဆင်းသွားစေပေမည်။ ထို့အပြင် ကျန်းနန် လုပ်ငန်း၏ ကုန်ကြမ်းအားလုံးကို သပိတ်မှောက်လိုက်ခြင်းက အခြား ရင်းနှီးမြှုပ်နှံသူများ သူတို့နှင့် ပူးပေါင်းမှုကို ဖျက်သိမ်း လိုက်ခြင်းကိုလည်း ဖြစ်လာစေနိုင်၏။
ရက်စက်လှသည်။ အညှာအတာ မဲ့လှပေသည်။
ရက်အနည်းငယ်အတွင်း ကျန်းနန် သားရေလုပ်ငန်းက ၎င်း၏ လက်ရှိ ဂုဏ်အရောင်အဝါ အားလုံးကို ဆုံးရှုံးရပေလိမ့်မည်။
“ဒုန်း”
သူ ရဲ့လင်းချန် ရှိရာဘက်သို့ ဒူးထောက်ချလိုက်သည်။
“သခင်လေးရဲ့ ကျွန်တော် တကယ် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီတစ်ကြိမ်ပဲ ခွင့်လွှတ်ပေးပါ”
သို့သော် ရဲ့လင်းချန်က သူ့ကို အရေးမစိုက်ခြင်း မပြုသလို နောက်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။
ဘေးလူများကလည်း စိတ်ဓာတ်ကျနေသော ဝူမိသားစုမှ သားအဖကို ကြည့်ပြီး ခေါင်းတခါခါနှင့် ဝေဖန်လေ တော့သည်။
ကျန်းနန် သားရေလုပ်ငန်းနှင့် ယခင်က ဆက်ဆံရေး ကောင်းခဲ့သော စီးပွားဖက်များသည် အရိပ်အယောင်ပင် မမြင်ရဘဲ ပျောက်ကွယ်သွားပြီး ကျန်းနန်နှင့် ခွာပြဲရန် ကြိုးစားလေသည်။
အဝေးလှသော အနာဂတ်တွင် ကျန်းနန် သားရေလုပ်ငန်းသည် အတိတ်က အရာတစ်ခုအဖြစ်သာ ထင်ကျန် တော့မည်မှာ သေချာလှပေသည်။