← Chapters

လစဉ်မဲပေးခြင်း စိန်ခေါ်မှု

Vol. 15 Ch. 223

လစဉ်မဲပေးခြင်း စိန်ခေါ်မှု

Vol. 15 Ch. 223

စင်နောက်တွင် ချန်ရှောင်ယန်သည် အချိန်တစ်ခုအထိ ချီတုံချတုံ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် အံကြိတ်၍ အပြေးသွားလေသည်။ ထိုအချိန်တွင် ရဲ့လင်းချန်နှင့် ကျားတိတို့က ကားနားပင် ရောက်နေလေပြီ။

“ဆရာကျား ခဏလေး နေပါဦး”

ကျားတိနှင့် ရဲ့လင်းချန်တို့ နှစ်ယောက်လုံး ရပ်သွားကြသည်။ ချန်ရှောင်ယန်က သူတို့အနားသို့ ပြေးလာသည်။

“ဆရာကျား၊ ဒီနေ့ ဘာလို့ ကျွန်မကို ကူညီတာလဲဆိုတာကို ပြောပြပေးနိုင်မလား”

ထို့နောက် သူမက အကြည့်လွှဲ၍ ရဲ့လင်းချန်ကိုသာ စိုက်ကြည့်နေသည်။

“မင်္ဂလာပါ ချန်မိန်းကလေး၊ ကျွန်တော်က Vatti ရဲ့ ဧည့်သည် ဒီဇိုင်နာ ရဲ့လင်းချန်ပါ”

ရဲ့လင်းချန်က ကျားတိ ပြန်မဖြေခင် သူ့ကိုယ်သူ ပေါ့ပေါ့ပါးပါး မိတ်ဆက်လိုက်သည်။

“မ…မ…မင်္ဂလာပါ”

ချန်ရှောင်ယန် စကားထစ်နေ၏။

“ကျွန်တော့် သူငယ်ချင်းတစ်ယောက်က မင်းအကြောင်း ပြောဖူးလို့ပါ၊ ဒါ အကူအညီ သေးသေးလေး တစ်ခုပါပဲ”

“အဲ့ဒီ ရှင့်သူငယ်ချင်းရဲ့ နာမည်ကို ပြောပြပေးနိုင်မလား”

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို မျှော်လင့်နေသော အကြည့်ဖြင့် စိုက်ကြည့်နေပြီး သူမမျက်လုံးများက ရွှန်းစို တောက်ပနေ၏။

“ကျွန်တော် တောင်းပန်ပါတယ်၊ သူက ဒါကို လျှို့ဝှက်ထားဖို့ ကျွန်တော့်ကို သေချာ ပြောထားတာပါ”

ရဲ့လင်းချန် အပြုံးနှင့် ပြန်ပြောလိုက်သည်။

“ဪ ကျွန်မ နားလည်ပါပြီ”

ချန်ရှောင်ယန် စိတ်ပျက်သွားဟန် ပေါ်နေသည်။ သူမက နှုတ်ခမ်းကို ကိုက်နေပြီးမှ သူ့အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

သူမက ရဲ့လင်းချန်ကို သေသေချာချာ ပြန်စိုက်ကြည့်သည်။ သူမက လက်မလျှော့သေးဟန်ဖြင့် မေးလာ၏။

“ကျွန်မတို့ အရင်က တွေ့ဖူးကြလား”

“လုံးဝ မတွေ့ဖူးပါဘူး”

ရဲ့လင်းချန်၏ ဆရာတင်လောက်သော သရုပ်ဆောင်ပညာကို ထုတ်သုံးလာသည်။ သူက ရိုးသားစွာ ခေါင်းခါပြ လေသည်။

ထို့နောက် ချန်ရှောင်ယန်က ရဲ့လင်းချန်နှင့် ဆရာကျားတို့ကို နှုတ်ဆက်ပြီး ထွက်သွားသည်။

ရဲ့လင်းချန်က ဘယ်သူ့အကြောင်း ပြောနေလဲဆိုသည်ကို သူမ ခန့်မှန်းမိပါသည်။

*အဆိုတော်ဝိုင် ဘာလို့ ရှင် ကျွန်မကို လာမတွေ့တာလဲ၊ ရှင့်အပေါ် ထပ်ပြီး အကြွေးတင်အောင် လုပ်ဖို့ ကြိုးစား နေတာလား*

…

နောက်တစ်နေ့၌ ဖြစ်သည်။

ဝေ့ပေါ်တွင် မနေ့ညက ဖက်ရှင်ရှိုးပွဲမှ အဖြစ်အပျက်များနှင့် ပြည့်နှက်နေ၏။

[ချန်ရှောင်ယန် လူ့ပြည် ဆင်းသက်လာသော နတ်သမီး] ဟူသော ခေါင်းစဉ်က ရေပန်းစားနေသော ရှာဖွေမှုများထဲ၌ နံပါတ်တစ် ချိတ်နေသည်။

ရေပန်းစားနေသော ရှာဖွေမှုကို နှိပ်လိုက်သည်နှင့် ပထမဆုံး ကျလာသည့် ဓာတ်ပုံမှာ နတ်သမီးသဖွယ် ဝတ်ဆင်ထားသော ချန်ရှောင်ယန်၏ပုံ ဖြစ်သည်။ သူမ၏ အလှက လူသားတို့၏ အလှတရားထက် ကျော်လွန် နေလေသည်။

ထို့နောက် Vatti အမှတ်တံဆိပ်ကလည်း ရေပန်းစားနေသော ခေါင်းစဉ်များတွင် ရှိနေလေသည်။

ဆွေးနွေးပြောဆိုသံများက အုတ်အုတ်ကျက်ကျက်ပင်။

[လခွမ်း၊ ဒါ သိပ်လှလွန်းတယ်၊ လှတယ်ဆိုတဲ့ စကားအပြင် ငါ ဘာစကားကို သုံးရမလဲ မသိတော့ဘူး]

[အား … ဘယ်လိုလုပ် ဒီလောက် လှတဲ့လူ ရှိနေရတာလဲ၊ ငါ ချန်ရှောင်ယန်ကို ချစ်တယ်]

[သူ့ရုပ်ရည်နဲ့တင် သူ ထိုင်စားလို့ ရနေပြီ၊ ဒါပေမဲ့ သူက သူ့အရည်အချင်းကို ပြသဖို့ ရွေးချယ်ခဲ့တာပဲ]

[ဟုန်နာက သူ့ဘေးမှာ သစ်ရွက်ခြောက်လို ရှိနေတာပဲ၊ ဒါပေမဲ့ သူက ချန်ရှောင်ယန်ကို ထင်ပေါ်အောင် လုပ်ပေး လိုက်တာ]

[တကယ်မိုက်တဲ့ တစ်ကျော့ပြန် ထင်ပေါ်ခြင်းပဲကွ၊ အမှန်အတိုင်း ပြောရရင် ချန်ရှောင်ယန် ဝတ်ခဲ့တဲ့ အနက်ရောင် ဝတ်စုံကလည်း လှတာပဲ၊ နောက်ဆုံးပေါ် မဟုတ်တာပဲ ရှိတာ]

[Vatti က အဝတ်အစားတွေက ဒီလောက် ကောင်းတယ်လို့ ငါ မသိခဲ့ဘူး၊ ဟုတ်တယ်၊ ငါ အခုချက်ချင်း တစ်ထည် သွားဝယ်ဦးမယ်]

[အပေါ်ကလူ စိတ်ကူးယဉ်နေတာကို ရပ်လိုက်တော့၊ ချန်ရှောင်ယန် တစ်ယောက်တည်းကပဲ ဒီအဝတ်အစားနဲ့ အဲ့လို ဖြစ်နိုင်တာ]

[Vatti က တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ပဲ၊ နောက်ဆုံးတော့ ငါတို့ ပြည်တွင်း အမှတ်တံဆိပ်တွေကို ငါ အားပေးနိုင်ပြီပေါ့၊ Vatti ရဲ့ အဝတ်အထည် ဒီဇိုင်းက ဆက်တိုးတက်နေပါစေလို့ ငါ မျှော်လင့်တယ်]

….

အောက်တိုဘာလသည် အားလုံး မျှော်လင့်နေသော နေ့လ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုလတွင် အမျိုးသားနေ့ ရှိသောကြောင့်ပင်။ လူတိုင်းက ထိုအခွင့်အရေးကို အသုံးချ၍ ရှည်လျားသော အားလပ်ရက်တွင် ပျော်ပျော်ရွှင်ရွှင် နေကြလေသည်။

ဝန်ထမ်းဖြစ်စေ ကျောင်းသားဖြစ်စေ၊ အားလုံးအတွက် အမျိုးသားနေ့တွင် သွားချင်သော နေရာကိုယ်စီ ရှိကြသည်။

အမျိုးသားနေ့သည် ရဲ့လင်းချန်အတွက်လည်း ထူးခြားသော နေ့တစ်နေ့ ဖြစ်၏။ အကြောင်းမှာ ရဲ့လင်းချန်၏ နတ်ဘုရားများကို သုတ်သင်ခြင်းက အမျိုးသားနေ့တွင် တရားဝင် အခပေးအဖြစ် ဖြန့်ချီတင်ဆက်မည် ဖြစ်သောကြောင့်ပင်။

ထို့အပြင် ဟော်ရန်ကျားကိုလည်း အမျိုးသားနေ့မှာပင် ရုံတင်ပြသပေမည်။

မရေတွက်နိုင်သော မျက်လုံးများက နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပွဲဦးထွက် ဝယ်သူနှုန်းနှင့် ဟော်ရန်ကျား၏ box office ပေါ်မှ ရလဒ်တို့ကို စောင့်ကြည့်နေ၏။

တရားဝင် ရောင်းချခြင်းမစခင်မှာပင် ရဲ့လင်းချန်က အခန်းလွတ်တစ်ခန်းကို တင်လိုက်သည်။

[အခု နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ သိမ်းဆည်းသူနှုန်းက ရှစ်သိန်း ရှိတယ်၊ တရားဝင် ရောင်းချတာကို ညသန်းခေါင်မှာ စတင်မှာပါ၊ တင်ပြီးတာနဲ့ စုစုပေါင်း စာလုံးရေ ငါးသောင်း ပါပါလိမ့်မယ်၊ မင်းတို့ အားပေး ကြမယ်လို့ မျှော်လင့်ပါတယ်၊ ပွဲဦးထွက် ရောင်းချခြင်းအတွက် သင့်လျော်တဲ့ အရေအတွက်လို့ မင်းတို့ ထင်ကြလား]

ထိုအပိုင်းက တိုသော်လည်း ချက်ချင်း အွန်လိုင်း ဝတ္ထုအဖွဲ့အစည်း၏ အာရုံကို ဆွဲဆောင်သွားသည်။

လက်ရှိတွင် နတ်ဘုရားများကို သုတ်သင်ခြင်းက ထိုနယ်ပယ်တွင်းမှ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရ လေသည်။

[လခွမ်း နတ်ဘုရားများကို သုတ်သင်ခြင်းက အမျိုးသားနေ့မှာ တင်မှာလား၊ မိုက်တယ်ဟေ့၊ ငါ နတ်ဘုရားတွေရဲ့ ကျဆုံးခန်းကို စောင့်နေပြီ]

[ကြောက်စရာပဲ၊ မကြာခင် အွန်လိုင်း ဝတ္ထု အဖွဲ့အစည်းမှာ နောက်ထပ် မုန်တိုင်း ထန်ဦးမှာပဲ]

[ငါ သိနေတယ်လေ၊ လာမယ့် အောက်တိုဘာက အေးချမ်းမယ့်လ မဟုတ်ဘူးပဲ]

တစ်ချိန်တည်းမှာပင် နတ်ဘုရားများကို သုတ်သင်ခြင်း တင်မည့် အသတင်းက ဖိုရမ်တိုင်း၌ သည်းကြီးမည်းကြီး ဆွေးနွေးကြသော ခေါင်းစဉ်တစ်ခု ဖြစ်သွားပြီး လူများစွာက နတ်ဘုရားများကို သုတ်သင်ခြင်း၏ ပွဲဦးထွက် ရောင်းချခြင်းက ဘယ်လောက် အောင်မြင်မလဲ ခန့်မှန်းနေကြသည်။

[နတ်ဘုရားများကို သုတ်သင်ခြင်းရဲ့ လက်ရှိ စာအုပ်သိမ်းဆည်းသူနှုန်းက ရှစ်သိန်း ရှိတယ်၊ ငါတို့ ပွဲဦးထွက် ဝယ်မယ့် စာရင်းကို ပျမ်းမျှ တွက်ကြည့်မယ်ဆိုရင် ရှစ်သိန်းလောက် ရှိမယ် ထင်တယ်]

[သေချာပေါက် အဲ့ထက် ပိုမှာ သေချာတယ်၊ ဘယ်လိုလုပ် နတ်ဘုရားများကို သုတ်သင်ခြင်းကို အခြားဝတ္ထုတွေနဲ့ ယှဉ်လို့ရမှာလဲ၊ ဒါရဲ့ ပွဲဦးထွက် ဝယ်သူနှုန်းက ပိုတောင် များဦးမှာ၊ အနည်းဆုံး တစ်သိန်းကျော်မယ်လို့ ငါ ထင်တယ်]

[နတ်ဘုရားများကို သုတ်သင်ခြင်းက လုံးဝ ဆွဲဆောင်လွန်းတယ်၊ စာရေးဆရာက အတော်လေး ကြိုးစား အားထုတ်ထားတာပဲ၊ စာအုပ်ကို သိမ်းထားတဲ့သူတွေက ဝယ်ဖတ်မယ်လို့ ငါ ထင်တယ် ဟုတ်တယ်မလား၊ ရှစ်သိန်းတောင် သိမ်းထားတာဆိုတော့ လေးသိန်းက ဝယ်တယ်ဆိုတာ ဖြစ်သင့်တယ်မလား]

[ယီးပဲ အပေါ်ကလူတွေအားလုံး ရူးနေတာ မဟုတ်လား၊ မင်းတို့တွေက နတ်ဘုရားများကို သုတ်သင်ခြင်းကို စကြဝဋ္ဌာအပြင်အထိ ချီးကျူးဖို့ ကြိုးစားနေတာလား]

[အပေါ်ကလူ ပြောတာကို ထောက်ခံတယ်၊ အဲ့လူတွေက နတ်ဘုရားများကို သုတ်သင်ခြင်းကို ချီးကျူးနေတဲ့ လူတွေပဲ၊ မင်းတို့ ပွဲဦးထွက် ဝယ်ယူခြင်းရဲ့ အမြင့်ဆုံး မှတ်တမ်းက ဘာလဲ သိလား၊ ငါးသောင်းကွ၊ ပြီးတော့ အမြင်ဆုံး သိမ်းဆည်းသူနှုန်းနဲ့ ပွဲဦးထွက် ဝယ်သူနှုန်းက ငါးအချိုးတစ်ပဲ ရှိတာ၊ ငါ့အထင်တော့ နတ်ဘုရားများကို သုတ်သင်ခြင်းကို စဝယ်တဲ့ဦးရေကလည်း ငါးသောင်းလောက်ပဲ ရှိမယ်]

[နတ်ဘုရားများကို သုတ်သင်ခြင်းက စာရေးဆရာအသစ် တစ်ယောက်ရဲ့ လက်ရာပဲ၊ ဒါပေမဲ့ သူက အွန်လိုင်း ဝတ္ထု အဖွဲ့အစည်းမှာ မုန်တိုင်းထန်အောင် လုပ်နိုင်မယ်လို့ ထင်နေလား၊ လက်တွေ့ဆန်စမ်းပါကွ]

[“ငါကဝိုင်” ဆိုတဲ့ စာရေးဆရာရဲ့ ကလောင်နာမည်ကို မြင်ရုံနဲ့တင် ငါ စိတ်ပျက်နေပြီ၊ ဆရာကြီး သရီးလော့ဂ် ပြောသလိုပဲ၊ ဒါ တစ်ယောက်ယောက်က ဝိုင်တွေရဲ့ ကျော်ကြားမှုကို အသုံးချပြီး အာရုံစိုက်ခံရအောင် လုပ်နေရုံ သက်သက်ပဲ]

[ငါ မြင်သလောက်ဆိုရင် နတ်ဘုရားများကို သုတ်သင်ခြင်းက သရီးလော့ဂ်ရဲ့ ကောင်းကင်ဘုံအောက်ဝယ်ကို မယှဉ်နိုင်ဘူး]

[အပေါ်ကလူ ပြောတာ မှန်တယ်၊ နတ်ဘုရားများကို သုတ်သင်ခြင်းက အမှိုက်ပဲ၊ ငါ အဲ့ဒါရဲ့ အခန်း တစ်ခန်းကိုတောင် မဖတ်နိုင်ဘူး]

[ချီးပဲ ငါ အခုလေးတင် ကောင်းကင်ဘုံအောက်ဝယ်ရဲ့ အခန်းတစ်ကို ဖတ်ပြီးတာ၊ ငါ ပျို့အန်မိတော့မလို့]

[နတ်ဘုရား အသစ်တွေ နိုးထလာတာကို အမြဲ နတ်ဘုရားအိုကြီးတွေက လက်မခံတတ်ကြဘူး၊ မျက်နှာ ဖြတ်ရိုက်ခံရဖို့သာ စောင့်နေလိုက်ကြပါ]

…

မှတ်ချက်များ များပြားလာသည်နှင့် ဆွေးနွေးသည့် အရေအတွက်ကလည်း တိုးလာသည်။ တစ်ချို့ဆိုလျင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်းများပင် ပါလာလေသည်။ ယနေ့ညက အနားမရခြင်းတို့နှင့် ပြည့်နှက်နေသည်။

[“ငါကဝိုင်” ရေ တင်ဖို့ နာရီဝက်ပဲ လိုတော့တယ်၊ မင်းရဲ့ အပိုင်းတွေကို အသင့်ပြင်ထားပါ၊ ငါတို့ စနစ်ကို မွမ်းမံပြီးတာနဲ့ မင်း စတင်လို့ရပြီ]

ဒိန်ချဉ်က သူ့ကို QQ မှနေ၍ သတိပေးလာသည်။

[အင်း နားလည်ပြီ]

[ဖြစ်နေတဲ့ ရန်ပွဲကို မသိချင်ယောင်ဆောင်ထားလိုက်ပါ၊ မင်းရဲ့ ရလဒ်တွေက ကောင်းတယ်၊ ရလဒ်နဲ့သာ သက်သေ ပြလိုက်ပါ]

ဒိန်ချဉ်က ထပ်ပြောလာသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။

အပိုင်းများ မတင်ခင်မှာပင် ရန်ပွဲက တစ်ဖန်ပြန်၍ ဖြစ်ပွားလာ၏။ သရီးလော့ဂ်က အခန်းလွတ်တစ်ခန်း တင်လာသည်။

[အခုတလော လူသစ်တစ်ချို့က အရမ်း မောက်မာနေတယ်၊ ငါ ရေးပြီးတဲ့ စာလုံးရေ အရေအတွက်ကို မင်းတို့အားလုံး မြင်နေရတာပဲ၊ စာလုံးရေ ဆယ့်နှစ်သန်း ကျော်တယ်၊ တစ်ချို့သော လူသစ်ကတော့ နှစ်သိန်းကျော် လောက်ပဲ တင်ရသေးတယ်၊ အဲ့လူသစ်က နည်းနည်းလေး အောင်မြင်နေတာနဲ့ ကိုယ့်နေရာကိုယ် မသိလာတော့တာကို ငါ ကြည့်မရဘူး၊ ငါ ဒီကနေ အဲ့လူသစ်တွေကို သတိပေးလိုက်မယ်၊ ခြေလှမ်းလှမ်းရင် တစ်ကြိမ်ကို တစ်လှမ်းပဲလှမ်း၊ ထမင်းကိုလည်း တစ်ဇွန်းချင်း စားရတယ်၊ တစ်ခါတည်းနဲ့ အကုန် စားလိုက်ရင် မင်း ဝလာမှာ မဟုတ်ဘူး၊ စားပိုးနင့်ပြီးပဲ သေမှာ]

[ကောင်းကင်ဘုံအောက်ဝယ်ရဲ့ ချစ်ရသော ပရိသတ်များခင်ဗျာ၊ လသစ်တစ်ခုကို ရောက်လာတော့မယ်၊ ငါ အဲ့လူသစ်ကို အောက်တိုဘာလမှာ သင်ခန်းစာ ပေးပစ်မယ်၊ ငါ မင်းကို လစဉ် မဲပေးခြင်း အဆင့်ကနေ စောင့်နေမယ်]

စိန်ခေါ်မှုပါတကား။

ထိုစကားတွင် ပါသော လူသစ်သည် ရဲ့လင်းချန်ကို ပြောနေခြင်းဖြစ်ကြောင်း သေချာလှသည်။

လစဉ်မဲပေးခြင်းသည် ဝတ္ထုတစ်ခုအတွက် အလွန် အရေးပါသည်။ လစဉ် မဲပေးခြင်းအဆင့်များသည် ဝတ္ထုတစ်ခု၏ ရလဒ်များကို ပြနိုင်သော နေရာတစ်ခုပင်။ စာရေးဆရာများအားလုံးက သူတို့၏ စာအုပ်များကို လစဉ် မဲပေးခြင်းအဆင့်၌ ပါသည်ကို မြင်ချင်ကြသည်။ ယင်းက သူတို့၏ အောင်မြင်မှုကို အတည်ပြုပေးနေသော အရာပင်တည်း။

စာအုပ်ကို အခမဲ့ပေးပြီး တရားဝင် ရောင်းချပြီးနောက်ပိုင်းမှ လစဉ်မဲပေးခြင်းအဆင့်ထဲ ပါနိုင်လေသည်။

ဤသည်က စိန်ခေါ်မှုတစ်ခုပင်။

သရီးလော့ဂ်က နတ်ဘုရားများကို သုတ်သင်ခြင်းအား နှိပ်ကွပ်ရန် ပြင်ဆင်နေ၏။ လစဉ် မဲပေးခြင်းအဆင့်ဖြင့် နတ်ဘုရားများကို သုတ်သင်ခြင်းအား သူ ဖိနှိပ်နေချင်မှန်း သိသာလှသည်။

All Chapters