← Chapters

ဆိုရာရဲ့ကူရို (၄)

Vol. 6 Ch. 292

ဆိုရာရဲ့ကူရို (၄)

Vol. 6 Ch. 292

ကူရိုက မှောင်ပိတ်နေတဲ့အခန်းလေးထဲမှာ တစ်ကိုယ်တည်း ပိတ်နေခဲ့တာကြာပြီ။ သူ့လက်ထဲမှာတော့ စုတ်တံကိုကိုင်ပြီး စာရွက်ပေါ်မှာ နာမည်တစ်ခုကိုပဲရေးနေခဲ့တယ်။ မင်တွေ စွန်းထင်းနေတဲ့ စက္ကူတွေနဲ့ ပျက်စီးနေခဲ့တဲ့ စုတ်တံတွေက ကြမ်းပြင်ပေါ်မှာ ပြန့်နှံလို့။

“ငါမေ့မသွားချင်ဘူး.... ငါမမေ့သွားချင်ဘူး... ငါမေ့မသွားချင်ဘူး....”

သူ့မျက်လုံးတွေ ရူးသွပ်မှုကြောင့်နီရဲနေခဲ့ပြီး ရှည်လျား နေခဲ့ပြီဖြစ်တဲ့ ဆံပင်တွေကို ဆောင့်ဆွဲလို့။ မအိပ်ဖြစ်တာ ရက်ပေါင်းများစွာကြာခဲ့ပြီ။

“ ကျေးဇူးပြုပြီး... တော်ပါတော့.... ငါမမှတ်မိချင်ဘူး...”

သူ့နှုတ်ခမ်းကိုယ်သူ သွေးထွက်တဲ့အထိ ဖိကိုက်ထားမိပြီး ခေါင်းနဲ့စားပွဲခုံကို အကြိမ်ကြိမ်ဆောင့်ခဲ့မိတယ်။ အပြင်က စိုးရိမ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားရမှ သူခေါင်းထောင်ကြည့်မိတာ။

“ ကူရို... နေ့လယ်စာစားချိန် ရောက်နေပြီလေ။ ငါ ဝင်လာခဲ့ရမလား။”

ကူရိုက ပြန်မဖြေခင် သူ့ရှေ့က စာရွက်ကိုပေါ်ကနာမည်ကို အကြာကြီး စိုက်ကြည့်နေခဲ့မိတယ်။ သူ့မျက်လုံးထဲမှာ အဲဒီစာလုံးက ဝေဝါးသွားလိုက် ပြန်ထင်ရှားလာလိုက်။ မှတ်ဉာဏ်အပိုင်းအစတွေဟာ ပင်လယ်ပြင်မှာမျောနေတဲ့ သင်္ဘောပျက်က သစ်သားစတွေလိုပဲ။ ဒါပေမဲ့ အဲဒီနာမည်ကို နောက်ဆုံးမှာတော့ သူအသံထွက်ပြီး ဖတ်နိုင်ခဲ့တယ်။

“ဆိုရာ၊ ခါတိုင်းလိုပဲ အပြင်မှာ ထားသွားခဲ့ပေး...” ချိုမြိန်တဲ့ အပြုံးနဲ့အတူ ဒီစကားကို သူပြောခဲ့တယ်။ ဒါပေမဲ့ ဘေးဆွဲ တံခါးက ရုတ်ချည်းပွင့်လာခဲ့ပြီး ပန်းရောင်ဆံပင်တွေနဲ့ မိန်းကလေးတစ်ယောက် အခန်းထဲကိုပြေးဝင်လာခဲ့တယ်။

“ ကူရို၊ နင်ငါ့ကို စိတ်ပူအောင် လုပ်နေတာ တော်လောက်ပြီ။” မိန်းကလေးရဲ့မျက်လုံးတွေကလည်း အလားတူ နီရဲနေခဲ့တယ်။ ဒါပေမဲ့ မျက်နှာက သွေးမရှိသလို ဖြူဖျော့နေပြီး ဒေါသအလျှောက် အခုလိုဝင်လာတာ​ကိုက သူ့ကို အားနည်းသွားစေသလိုပဲ။ သူ့ဝတ်ထားတဲ့ ဘုံကျောင်းအပျိုစင် ဝတ်စုံအောက်မှာတော့ ပက်တီးစအချို့။

“အနားကပ်မလာနဲ့၊ ငါနင့်ကိုထိခိုက်အောင် ထပ်လုပ်မိလိမ့်မယ်။”

ကူရိုက ဆိုရာနဲ့ ဝေးနိုင်သလောက် ဝေးအောင် ကြိုးစားပြီး အခန်းထောင့်မှာ ကပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးဟာ တုန်ခါနေခဲ့ပြီး ဆိုရာနဲ့ အကြည့်ချင်းမဆုံမိအောင် ကြိုးစားနေသလိုပါပဲ။

“ ကူရို... အဲဒီတုန်းက ဖြစ်ခဲ့တာတွေအတွက် ငါနင့်ကို အပြစ်မတင်ပါဘူး။ ငါ့ကို ဘာဖြစ်နေလဲသာ ရှင်းပြစမ်းပါ။”

ဆိုရာက ကူရိုဆီကို ချဥ်းကပ်လာပြီး လက်ကမ်းလိုက်ပေမဲ့ ကူရိုကတော့ ဆိုရာ့လည်ပင်းက နူးငှက်တက်တူးကို မြင်တဲ့အချိန်မှာ သူ့မျက်လုံးတွေထဲ အရိုင်းစိတ်တွေ ဝင်လာပြီး အခန်းတစ်ခုလုံး မှောင်ကျလာခဲ့တယ်။ ဒါပေမဲ့ သူက သူ့ပါးကိုသူရိုက်ချလိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်ရော။

“ ဆိုရာက... အဲဒီအကြောင်းတွေသိသွားရင် ကျွန်တော့်ကို မုန်းသွားလိမ့်မယ်။” ကူရိုက ငြင်းပယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆိုရာကတော့ ကူရိုကို ပွေ့ဖက်ထားခဲ့တယ်။

“ ကူရိုက ဆိုရာ့အကြောင်းတွေကို သိခဲ့ပြီးတာတောင်မှ မမုန်းခဲ့ဘူးလေ။ ဘာလို့ဆိုရာက ကူရို့ကိုမုန်းရမှာလဲ။”

ဆိုရာရဲ့နူးညံ့ညင်သာတဲ့ ကိုယ်သင်းရနံကို ကူရိုရှုရှိုက်မိပြန်တယ်။ ထူးခြားတဲ့ ပန်းတစ်ပွင့်ဆီက ရနံလိုမျိုး။ သဘာဝမဟုတ်တဲ့ ဓာတုဗေဒပစ္စည်းတွေက ထွက်ပေါ်လာတဲ့ ရေမွှေးနံမျိုးမဟုတ်ဘဲ သူ့ရဲ့စိတ်ကို ငြိမ်သက်စေတယ်။ ဒီကိုယ်သင်းနံက သူသိတဲ့ တခြားသူတစ်ယောက်နဲ့ ကွာခြားပေမဲ့လို့ အဲဒီသူကို ပိုပြီး သူ့ကိုသတိရစေပြန်ရော။

သူ့အကြောင်းတွေကို သူစမပြောခင် အရင်ရက်တွေက ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေဟာ သူ့ခေါင်းထဲမှာ ပြန်ပြီး ပေါ်ပေါက်လာခဲ့လေရဲ့။

....

အဲဒီတုန်းက ဆိုရာက ရွာအပြင်ဘက်က သချိုင်းမြေကို ခေါ်သွားခဲ့ပြီးတော့ သူ့မိသားစုအကြောင်း ရှင်းပြနေခဲ့တာ။ နျူးငှက်အကြောင်း ဆိုရာပြောတိုင်း ကူရို့ခေါင်းတွေ ထိုးကိုက်လာခဲ့တယ်။ ဝေးကွာတဲ့နေရာမှာ ပိတ်လှောင် ခံထားရတဲ့ သူ့မှတ်ဉာဏ်အပိုင်းအစတွေဟာ ဒီရေလိုမျိုး ထိုးထွက်လာခဲ့ပေမဲ့ ဆိုရာကို အားပေးဖို့အတွက် သူလစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့တာ။

ဒါပေမဲ့ သူ​တို့နှစ်ယောက် နတ်ကွန်းဆီကို လက်ချင်းတွဲပြီး ပြန်ကြတဲ့အချိန် ဆိုရာဝတ်ထားတဲ့ ယူခါတာကော်လံက နောက်ကို နည်းနည်းလျှောကျသွားတဲ့အတွက် နျူတက်တူးကို ကူရို့မျက်လုံးနဲ့ တိတိကျကျ မြင်လိုက်ရတယ်။

“ အသက်ရှည်ဆေး... နျူးငှက်ရဲ့နှလုံး... ကယ်တင်ဖို့... သတ်ရမယ်....”

ကူရိုရဲ့မျက်လုံးတွေ အရိုင်းဆန်လာပြီး လက်တစ်ဖက်က ဆိုရာ့လည်ပင်းကို ညှစ်လိုက်တယ်။ ပထမကတော့ စနေတယ်ထင်ပေမဲ့ အားပါပြီး အသက်ရှုကျပ်လာလို့ ဆိုရာလန့်လာတယ်။

“ ကူရို.... ဒါ... နောက်စရာမဟုတ်ဘူး....” ဆိုရာက ကူရိုကို တွန်းထုတ်လိုက်ပြီး အသက်ကို အမောတခေါရှုဖို့ ကြိုးစားတယ်။ တစ်ဖက်မှာတော့ ကူရိုကို အမှောင်ထုက ဖုံးလွှမ်းသွားခဲ့ပြီး အမှောင်ထုထဲကနေ ဖုတ်ကောင် အမျိုးသမီးတစ်ယောက်က မှော်နှင်တံကိုင်ပြီးတော့ ထွက်လာခဲ့တယ်။ အဲဒီအမျိုသမီးရဲ့အကြည့်တွေက အေးစက်နေခဲ့ပြီးတော့ ဆိုရာကို သေလူတစ်ယောက်လို ကြည့်နေခဲ့တာ။

“သခင့်ရဲ့အသိစိတ်တွေ ဝေဝါးနေတုန်း လက်ညစ်ပတ်မယ့် အလုပ်တွေကို ကျွန်မပဲ လုပ်ပေးပါရစေ။”

အဲဒီနောက်တော့ လေဓားသွားတွေက နေရာအနှံမှာ ဖြစ်လာပြီး ဆိုရာကိုသတ်ဖြတ်ပစ်ဖို့ ကြိုးစားတော့တာပဲ။ ဒါပေမဲ့ ဆိုရာက ကူရိုနားကနေ ထွက်သွားရမယ့်အစား အမှောင်ထုဝါးမျိုခြင်းကိုခံထားရတဲ့ ကူရိုဆီကို စိုးရိမ်တကြီးနဲ့ တိုးကပ်သွားခဲ့တယ်လေ။

“ ကူရို၊ သတိဝင်ထားပါဦး....”

ဆိုရာက ကူရိုရဲ့ခေါင်းကို ပွေ့ဖက်ထားခဲ့ပြီး အော်ဟစ် နေခဲ့တာကြောင့် ကူရိုသတိဝင်လာခဲ့ပေမဲ့ ထုတ်လွှတ်ပြီး လေဓားသွားတွေကို မရှောင်နိုင်တော့တဲ့အတွက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာ။

....

“တကယ်တော့ ကူရိုက ဆိုရာ့ကို သတ်ဖို့အတွက် ရောက်လာခဲ့တာ။”

ကူရိုက ဆိုရာ့ရဲ့မျက်လုံးတွေကို ရှောင်ဖယ်နေရင်း အကြည့်ချင်းမဆုံမိအောင် ကြိုးစားနေတယ်။ ဆိုရာ့ မျက်လုံးတွေထဲမှာ သူ့ကိုမုန်းတဲ့အရိပ်အယောင်တွေ တွေ့ရမှာ သူစိုးရိမ်နေခဲ့တာ။ ဆိိုရာကို သတ်ဖို့အတွက် လုပ်ခဲ့မိတာတွေအတွက်လည်း သူအပြစ်ရှိသလို ခံစားရလို့ပေါ့။

ဒါပေမဲ့ ဆိုရာက ကူရိုရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ ထိတွေ့လိုက်ပြီး သူ့မျက်နှာကိုတည့်တည့်ကြည့်နေအောင် ဖိအားပေးလိုက်တယ်။

“ကူရိုရဲ့မှတ်ဉာဏ်တွေ ပြန်ရလာနေပြီလား။” ဆိုရာက အပြစ်တင်တဲ့လေသံမပါဘဲ ပြောခဲ့တာ။ ဒါပေမဲ့ စိုးရိမ်မှု ပါဝင်တဲ့ သဲလွန်စတွေကတော့ အထင်းသား။ ကူရိုက ငြင်းမနေဘဲ ခေါင်းညိတ်ပြတယ်။ နောက်တော့ သူက ဆိုရာရဲ့စိုးရိမ်မှုတွေကို အတည်ပြုပေးမယ့်အရာကို ထုတ်ဖော်ပြောခဲ့လေရဲ့။

“ပြီးတော့ ကူရိုက ဆိုရာ့ကို တဖြည်းဖြည်းချင်း မေ့သွားနေပြီ။”

မှတ်ဉာဏ်ဟောင်းတွေက သူ့ခေါင်းထဲမှာ ပိုပိုပြီးများလာတာနဲ့အမျှ ဆိုရာနဲ့ရှိနေခဲ့တဲ့ အမှတ်တရတွေ၊ ဆိုရာရဲ့ပုံရိပ်နဲ့အသံတွေ၊ ဆိုရာအပေါ်ထားတဲ့ ကူရိုရဲ့ ခံစားချက်တွေက မတူညီတဲ့တစ်စိမ်းတစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေလိုမျိုး ဖြစ်လာနေတယ်။ ပထမကတော့ အေးစက်လာတယ်၊ နောက်တော့ ဝေးကွာသွားပြီး ပျောက်ကွယ်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး။

“ ဆိုရာသိတဲ့ကူရိုက ပျောက်ကွယ်နေတယ်.... သူက ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။”

ကူရိုက ဝမ်းနည်းစွာနဲ့ အဖြစ်မှန်ကို ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ဆိုရာက ခေါင်းခါခဲ့ပြီး ကူရိုရဲ့ညာလက်ကို ဆုပ်ကိုင်ကာ သူ့ရဲ့နှလုံးသားရှိရာပေါ်တင်လို့ ပြောလိုက်လေရဲ့။

“ ကူရိုက ကျွန်မနှလုံးသားထဲမှာ ရှိနေတယ်။ ဆိုရာကလည်း ကူရို့ရဲ့နှလုံးသားထဲမှာ ရှိနေမှာပါ။”

ဆိုရာရဲ့မျှော်လင့်တကြီးစကားတွေက ကူရို့ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေတယ်။ ကူရိုဘာမှ မပြောရသေးခင် ကူရို့အရိပ်က ကျယ်ပြန့်လာခဲ့ပြီး အတွင်းထဲကနေ မိန်းမတစ်ယောက်ရဲ့​ အေးစက်စက် လေသံက ထွက်ပေါ်လာခဲ့ရေဲ့။

“ စိတ်မကောင်းပေမဲ့ သခင့်ရဲ့နှလုံးသားက နောက်ထပ် လူတစ်ယောက်အတွက် နေရာမရှိတော့ဘူး။ သခင်၊ ပေးထားတဲ့ ကတိတွေကိုတည်ချင်ရင် ဒီမိန်းကလေးကို သတ်ပြီးတော့ အမြန်ပြန်သွားရပါ့မယ်။ သခင် မလုပ်ချင်ရင် ကျွန်မလုပ်မယ်။”

“တော်တော့... ထွက်သွားစမ်း... ငါမင်းကို မလိုအပ်ဘူး။”

ဖုတ်ကောင်အမျိုးသမီးက ကူရိုကိုတိုက်တွန်းနေပေမဲ့ ကူရိုက အော်ကြီးဟစ်ကျယ်နဲ့ နှင်ထုတ်လိုက်တယ်။ ပြီးတဲ့ အခါမှာတော့ သူ့ခေါင်းကို သူထုနှက်နေရင်း အဖြစ်မှန်ကို ငြင်းဆန်ဖို့ကြိုးစားနေတဲ့ စာမေးပွဲကျ ကျောင်းသားလေး တစ်ယောက်လိုမျိုး ငိုယိုအော်ဟစ်နေခဲ့တယ်။

“ငါက အဲဒီလူမဟုတ်ဘူး.... ငါဆိုရာ့ကိုသတ်မယ့် သူမဖြစ်ချင်ဘူး... ငါက.... ငါက.... ကူရိုပဲ။”

လက်တွေ့ဘဝကို ငြင်းဆန်နေချင်ပေမဲ့ ကူရိုရဲ့ခံစားချက်က ပိုတိုတိမ်ကောလာနေပြီး သူ့ကိုယ်သူငြင်းဆန်နေခြင်းက အဓိပ္ပါယ်မဲ့လာနေပြီ။ သူ့မျက်ဝန်းတွေထဲက အလင်းရောင် ပျောက်ကွယ်သွားခဲ့ပြီး အနားမှာရှိနေတဲ့ တံစဥ်ကိုဆွဲယူကာ သူ့ကိုယ်သူ အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ ဆိုရာက ကူရိုရဲ့လက်ကို ဖမ်းဆွဲထားခဲ့တယ်။

“ ကူရို... ဒါဘာလုပ်မလို့လဲ။”

“ ကူရိုက ဆိုရာသိတဲ့ ကူရိုအဖြစ်နဲ့ပဲ ဒီနေရာကနေ ထွက်သွားချင်တယ်။”

ဒီတစ်ခါတော့ ဆိုရာက ကူရိုရဲ့လက်ထဲက တံစဥ်ကို လုယူပြီး သူ့လည်ပင်းမှာတင်လိုက်တယ်။ ပြီးတဲ့နောက်

“ ကူရိုက ကျွန်မကို တကယ့်ကူရိုအစစ်က ဘယ်သူလဲ ပေးမသိချင်ဘူးဆိုရင်တော့ ဆိုရာ ဒီလောကကြီးကနေ အရင်ထွက်သွားရလိမ့်မယ်။”

ကူရိုရဲ့နှုတ်ခမ်းတွေ တုန်ယင်နေခဲ့တယ်။ ဒီအကြောင်းတွေကို သူဆိုရာ့ကို မသိစေချင်ခဲ့ဘူး။ ဆိုရာ့အတွက် သိပ်မတရားသလိုဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ့မှာရွေးချယ်စရာ မရှိခဲ့ပါဘူး။

“ဒါတွေအားလုံးက လွန်ခဲ့တဲ့တစ်နှစ်က စတင်ခဲ့တာ။”

ကူရိုက ဆိုရာမသိတဲ့ ကူရို့ရဲ့ဘဝအကြောင်း။ သူ့ရဲ့ ခေါင်းထဲမှာ အဆက်မပြတ်ပေါ်ထွက်လာနေခဲ့တဲ့ မတူညီတဲ့ဘဝကြီးအကြောင်းကို စပြောဖြစ်ခဲ့ပါတယ်။

သဘာဝလွန် ဖြစ်ရပ်တွေကိုဖြေရှင်းဖို့ ဆေးရုံတစ်ရုံကို သွားရင်းနဲ့ တုံးအလွန်းပြီး သဘာဝလွန်ဖြစ်ရပ်တွေကို သံလိုက်လိုဆွဲဆောင်နေတဲ့ မိန်းကလေးတစ်ယောက်ကို သူရှာတွေ့ခဲ့တဲ့အကြောင်း။ အဲဒီမိန်းကလေးက အိပ်မောကျနေခဲ့တဲ့ သူ့နှလုံးသားကို နိုးထစေခဲ့တဲ့ အကြောင်းတွေ။

အဲဒီနောက်တော့ မနာလိုမှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ကောက်ကျစ်တဲ့ စကူးဘတ်မလေးရဲ့အကြောင်းတွေ သူစပြောဖြစ်ပါတယ်။ သူက ဒီမိန်းကလေးကို ဂရုမစိုက်ခဲ့ပေမဲ့ ဒီမိန်းကလေးက သူ့အာရုံစိုက်မှုကို ရဖို့အတွက် အမျိုးမျိုးကြိုးစားခဲ့တယ်။ နောက်ဆုံး သူ့ရဲ့အသက်နဲ့ ပေးဆပ်ရတော့မယ့်အထိပါပဲ။

အခုတော့ ငတုံးမလေးက ပြိုင်ဘက်စကူးဘတ်မလေးကို ကယ်စေချင်နေတယ်။ ကိုယ်တိုင်က ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတာ တောင်မှပေါ့။ ကူရိုကိုယ်တိုင် သူ့နှလုံးသားထဲ နေရာယူထားပြီးဖြစ်တဲ့ ဒီမိန်းကလေးနှစ်ယောက်ကို မဆုံးရှုံးချင်ဘူး။

ဒီလိုနဲ့ ဆိုရာရှိနေတဲ့နေရာကို ရောက်လာခဲ့တာ။

“ဆိုရာရဲ့နှလုံးသားက အဲဒီမိန်းကလေးကို ကယ်တင်ဖို့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေခဲ့လို့လေ။”

ကူရိုက စကားကို အဆုံးသတ်လိုက်တယ်။ နျူးငှက်ရဲ့ နှလုံးသားဟာ ဆိုရာရဲ့ခန္ဓာကိုယ်ထဲမှာ။ အဲဒါကိုရယူတာက ဆိုရာကို သတ်လိုက်တာနဲ့အတူတူပဲ။ ဒီအကြောင်းတွေကို ပြောလိုက်ပြီးနောက် ဆိုရာက သူ့ကိုမုန်းသွားမယ်လို့ ထင်ထားခဲ့ပေမဲ့ ဆိုရာက သူ့ကိုပြုံးပြီး ကြည့်နေခဲ့တယ်။

“ဒီလိုလား.... ကူရိုအစစ်က အဲဒီလောက်တောင်မှ အချစ်ခံရပြီး ကိုယ်တိုင်လည်း ချစ်တတ်တဲ့သူပါလား။ ဆိုရာမနာလို ဖြစ်မိတဲ့အထိပဲ။ ဘာလို့ကျွန်မတို့တွေ ဒီထက်ပိုပြီး စောစောမတွေ့ခဲ့ကြတာလဲ။

ဆိုရာကသာ ကူရိုရဲ့ပထမဆုံးချစ်ရတဲ့သူဖြစ်ခဲ့ရင်....”

အဲဒီနောက်တော့ ဆိုရာဟာ ဟန်မဆောင်နိုင်တော့တဲ့ အတွက်ကြောင့် ခေါင်းကိုငုံထားခဲ့တယ်။ ခံစားချက်တွေကို မျိုသိပ်ထားဖို့ အကောင်းဆုံး ကြိုးစားနေရင်း ကူရို့လက်ထဲ တံစဥ်ကိုလွှဲပေးလိုက်တယ်။

“လုပ်လိုက်ပါ... ဒီအဖြေကို ကျွန်မလက်ခံပါတယ်။ အနည်းဆုံးတော့ ကျွန်မသိတဲ့ ကူရိုက ကျွန်မကို ချစ်နေသေးတာပဲ။ ကူရိုအစစ်ရဲ့နှလုံးသားထဲမှာ ကျွန်မအတွက်နေရာမရှိတော့ပေမဲ့ ကျွန်မချစ်ရတဲ့ ကူရိုကတော့ ကျွန်မကို ချစ်နေသေးလို့ပျော်တယ်။

ဒါကြောင့် ကျွန်မကို ကျွန်မသိရတဲ့ ကူရိုနဲ့အတူ ပျောက်ကွယ်သွားခွင့် ပေးပါတော့။”

ကူရိုက တံစဥ်ကိုကိုင်ထားပြီး သူ့ရှေ့က မိန်းကလေးကို မယုံနိုင်စွာကြည့်နေခဲ့တယ်။ အမှောင်ထုက ထပ်ပြီးတော့ လှုပ်ရှားလာပြီး ဖုတ်ကောင်က ထပ်မံတိုက်တွန်းလိုက်​လေရဲ့။

“သခင်၊ လုပ်လိုက်လေ... ဘာပဲပြောပြော ဆဲမဲရဲ့ မှော်အစီအရင်ကြောင့် ဒီကနေထွက်သွားတာနဲ့ သခင်က ကိုယ့်ကိုယ်ကိုယ်ကူရိုဖြစ်ခဲ့တာရော ဒီကောင်မလေးကိုရော မေ့သွားမှာပဲလေ။”

ချလွမ်....

ဒါပေမဲ့ ကူရိုက တံစဥ်ကို ပစ်ချလိုက်တယ်။ ဆိုရာက ကူရို့ကို မရဲတရဲမော့ကြည့်တော့ ကူရိုက ဆိုရာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်လေရဲ့။

“ငါကူရိုက အခုအချိန်ထိရှိနေသေးတယ်။ ငါ... မသေသေးဘူး။ အဲဒီနက်ဆန်ဆိုတဲ့ကောင်က သူချစ်ရတဲ့သူတွေကို မရရတဲ့နည်းနဲ့ကာကွယ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ငါလည်းအတူတူပဲ။ ကူရိုကို ငါအဆုံးအရှုံးမခံနိုင်ဘူး။ တစ်ကိုယ်ကောင်း ဆန်တယ်ဆိုပေမဲ့ ကူရိုကို ငါမသတ်နိုင်ဘူး။”

ဟူး....

အမှောင်ရိပ်ထဲကနေ သက်ပြင်းချသံ ထွက်လာတယ်။ မှော်နှင်တံကိုင်ထားတဲ့ စစ်ဝတ်စုံနဲ့ ဖုတ်ကောင် အမျိုးသမီးက ကူရိုနဲ့ဆရာတို့နှစ်ယောက်လုံးနဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတယ်။

“ ဒါဆိုရင်တော့ ရိုင်းပြမိပါပြီ သခင်။ သခင်နဲ့ တခြားသူတွေ ကောင်းကျိုးအတွက် သခင့်ကို ကူညီပေးပါရစေ။”

ဒါပေမဲ့ ကူရိုက ဖုတ်ကောင်ဘာမှမလုပ်ရသေးခင် ပြေးထွက်လာပြီး ရင်ဝကို ဆောင့်ကန်ခဲ့ပါတယ်။ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က အခန်းအပြင်ဘက်ကို လွင့်စင်သွားခဲ့ပြီး နတ်ကွင်းအလယ်က ကျောက်ခင်း ကြမ်းပြင်ပေါ် ပြုတ်ကျတယ်။

ကူရိုကတော့ မှတ်ဉာဏ်လှိုင်းတွေအောက်မှာ ခေါင်းကို ဆုပ်ကိုင်ထားရင်း သူ့ကိုယ်သူနက်ဆန်ဖြစ်မသွားစေဖို့ တောင့်ခံရင်းကနေ ဆိုရာကို လှမ်းအော်ပြောလိုက်လေရဲ့။

“ဆိုရာ... ကိုယ်ဒီကနေ ထွက်သွားတော့မယ်။ ဒါပေမဲ့ ကျိန်းသေပေါက် တစ်နေ့နေ့ မင်းဆီကို ပြန်လာခဲ့မယ်လို့ ကိုယ်ကတိပေးတယ်။” သူ့မှတ်ဉာဏ်ဟောင်းတွေကို အသုံးချပြီး ဒီနေရာကနေ ဘယ်လိုထွက်သွားရမလဲ ဆိုတာကို ကူရိုရိပ်မိနေပြီ။ ဒီအတွက် နောင်တရကောင်း ရနိုင်ပေမဲ့ ဒါက သူ့ရဲ့ရွေးချယ်မှုပါပဲ။

ဆိုရာက အဲဒီအဖြစ်အပျက်တွေကို အံ့ဩတကြီးနဲ့ ကြည့်နေခဲ့ပါတယ်။ အတိတ်မေ့ရာကနေဖြစ်လာတဲ့ ကူရိုဆိုတဲ့သိစိတ်လေးက သူ့ကိုကာကွယ်ဖို့အတွက် အစစ်အမှန်ဖြစ်တည်မှုကို ဆန့်ကျင်နေခဲ့တာ။

“ကိုယ်ပြန်လာတဲ့အခါကျရင် ဆိုရာ ခါကူရာအကကတာကို မြင်ချင်တယ်။”

ဆိုရာက ဒီစကားကိုကြားတော့ အခန်းပြင်ကိုထွက်လာပြီး ကူကိုဆီ ခြေလှမ်းလိုက်ပေမဲ့ ကူရိုရဲ့ဆုံးဖြတ်ချက် ပြတ်သားတဲ့အကြည့်တွေကို မြင်ရတဲ့အခါမှာတော့ သူ့​ခြေလှမ်းတွေ နှေးကွေးသွားခဲ့ကာ ခေါင်းကိုသာ ညိတ်ပြခဲ့လေရဲ့။

နတ်ကွန်းအပျိုစင်တွေ နတ်ဘုရားတွေကို ပူဇော်တဲ့အနေနဲ့ ကပြတဲ့ ခါကူရာအကက ကြည့်လို့ကောင်းတယ်လို့ ကူရို ဖတ်ရှုခဲ့ဖူးတယ်။ ဒါပေမဲ့ ပွဲတော်နဲ့မကြုံခဲ့ရတာတောင့် ဆိုရာကဗျာရွတ်တာကိုပဲ ကူရိုကြားခဲ့တာ။ ဒါကြောင့် ဒီဆန္ဒကို သူအကြိမ်ကြိမ်တွေးတောမိခဲ့တာကြာခဲ့ပါပြီ။

အခုတော့ ဒါက သူတို့နှစ်ယောက်ကြားမှာထားရှိမယ့် ကတိတစ်ခုဖြစ်လာခဲ့ပြီပေါ့။

“ရှင်ပြန်လာတဲ့အခါ အသင့်ဖြစ်နေအောင် ကျွန်မ အမြဲလေ့ကျင့်နေပါ့မယ်။” ဆိုရာလည်း ကတိပေးလိုက်တာပေါ့။

ကူရိုက ဒီနေရာ​က ထွက်သွားပြီးတာနဲ့ ပျောက်ကွယ်သွားပြီး တခြားသူတစ်ယောက် ဖြစ်သွားတော့မှာမှန်း ဆိုရာသိပေမဲ့ သူ့ရဲ့နှလုံးသား တစိတ်တစ်ပိုင်းက ကူရို့ရဲ့ကတိတွေကို ယုံကြည်နေမိတုန်းပဲ။

“သခင်၊ နျူးနှလုံးသားကိုမရဘဲ ပြန်သွားရင် နောင်တရလိမ့်မယ်။”

ဖုတ်ကောင်မိန်းကလေးက ပြန်ထလာတယ်။ ကူရိုက အဲဒီမိန်းကလေးကို လည်ပင်းကနေသိုင်းဖက် အားကုန် တွန်းလှန်ရင်း နတ်ကွန်းအလယ်က ရေမရှိတဲ့ ရှေးဟောင်း ရေတွင်းထဲကို အတူဆွဲချသွား​လေရဲ့။

All Chapters