အခန်း ၂၄၁
Vol. 25 Ch. 241
အခန်း (၂၄၁) - ကောင်းကင်အလိုတော်
လေပွေဓားသိုင်းပင်…
‘ဒီလီယုံက ကျောက်ချင်းယင် ပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ တစ်ခုခုပတ်သက်နေမှာ သေချာတယ်...’
ဘုန်း...
လင်းဖန်သည် လေထဲသို့တက်နင်းလိုက်ပြီး ကျဆင်းလာသည့်လားရာကို ပြောင်းလဲကာ လေပွေများကို ရှောင်တိမ်းလိုက်သည်။
“သိုင်းဦးလေး ကျောက်ချင်းယင် ဘယ်မှာလဲ...”
လင်းဖန်သည် လှံဖြင့် လီယုံကိုချိန်ရွယ်ကာ မေးလိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် သဲလွန်စတစ်ခုခုများ တွေ့နိုင်မလားဆိုကာ ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်သည်။
လီယုံ၏အနောက်ဘက်ရှိ နန်းဆောင်ထဲတွင် လက်နှစ်ဖက်အား သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။
ထိုသူမှာ သတိလစ်နေသော ကျောက်ချင်းယင်ပင် ဖြစ်ပေသည်။
‘ဒါပေမယ့် လီယုံက ကျောက်ချင်းယင်ကို ဘယ်လိုလုပ်ဖမ်းမိသွားတာလဲ...’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် လီယုံက နဂါးရုပ်များထွင်းထုထားသည့် ကျောက်စိမ်းတံဆိပ်တုံးတစ်ခုကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရချိန်၌ အဖြေပေါ်သွားချေပြီ။
ထိုအရာမှာ ရွှမ်မင်းဆက်၏ အင်ပါယာတံဆိပ်တုံးပင်။
လီယုံက အင်ပါယာတံဆိပ်တုံး ကိုင်ထားသောလက်ကို မြှောက်လိုက်ရာ တံဆိပ်တုံးမှ အလင်းရောင်များ တောက်ပလာတော့သည်။
“မင်းတို့ရဲ့ ဧကရာဇ်ရှေ့မှာ ဒူးထောက်ကြစမ်း...”
သူက ရေရွတ်လိုက်သည်နှင့် အင်ပါယာတံဆိပ်တုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။
လူတစ်ယောက်က သူတို့၏ပခုံးများကို အောက်သို့ ဖိချလိုက်သကဲ့သို့ အားလုံး ဒူးထောက်ကျသွားကြရချေသည်။
“အား...”
ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် မတ်တတ်ရပ်နိုင်ရန် ရုန်းကန်လိုက်ကြသော်လည်း မရနိုင်ခဲ့ပေ။
လင်းဖန်တစ်ယောက်သာ မတ်မတ်ကြီးရပ်နေသဖြင့် လီယုံ အံ့အားသင့်သွားရသည်။
“မဖြစ်နိုင်ဘူး... လူတိုင်းက ဧကရာဇ်ရဲ့ အငွေ့အသက်ကို ကြောက်ရွံ့ကြရမယ်... ကောင်းကင်အလိုတော်ကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး...”
လီယုံသည် မိမိမျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားရလေသည်။
‘ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
လူတိုင်းသည် ဧကရာဇ်၏အငွေ့အသက်ကို ကြောက်ရွံ့လေးစားရန် ကြီးပြင်းလာခဲ့ကြရခြင်း ဖြစ်သည်။
အင်ပါယာတံဆိပ်တုံးက သူ့အပေါ် အဘယ့်ကြောင့် သက်ရောက်မှု မရှိသနည်းဆိုသည်ကို လင်းဖန် မသိသော်လည်း၊ သူက သိချင်စိတ်လည်း မရှိပေ။
သူက လှံကိုင်ကာ လီယုံထံသို့ ထိုးစိုက်လိုက်တော့သည်။
ဒုတ်...
စွမ်းအင်လှိုင်းက လီယုံ၏ညာဘက်လက်ကို ဖြတ်တောက်သွားပြီး အင်ပါယာတံဆိပ်တုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
နောက်တစ်စက္ကန့်တွင် ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့သည် မတ်တတ်ရပ်နိုင်သွားကြသည်။
“သိုင်းဦးလေးက နန်းဆောင်ထဲမှာ ရှိနေတယ်...”
လင်းဖန်က အော်ပြောလိုက်သည်နှင့် ဟွမ်ယွမ်ခွန်းသည် နန်းဆောင်ရှိရာဆီသို့ အလျင်အမြန် ခုန်ပျံသွားလေသည်။
လီယုံက ဟွမ်ယွမ်ခွန်းကိုတားဆီးရန် ကြိုးစားလိုက်သော်လည်း လင်းဖန်က လှံဖြင့် လီယုံ၏ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ကာ တားဆီးလိုက်သည်။
တောက်...
ဧကရာဇ် လီယုံ၏ အဝါရောင်ဝတ်ရုံပေါ်မှ သွေးများစိမ့်ထွက်လာပြီး မြေပြင်ပေါ်သို့ တစ်စက်စက် ကျလာတော့သည်။
“မင်း ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား... ဒီနေရာက ငါ့ရဲ့ပိုင်နက်ပဲ... ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားရဘူး...”
သူက လင်းဖန်ထံသို့ အာရုံပြောင်းလိုက်ပြီး ပြောလိုက်သည်။
သူက ဘယ်ဘက်လက်ကို မြှောက်ကာ ချွမ်လုံရှိရာဆီသို့ ချိန်ရွယ်လိုက်သည်။
မကြာမီမှာပင် ချွမ်လုံသည် လီယုံထံသို့ စုပ်ယူခံလိုက်ရလေသည်။
ဟိုမင်က ချွမ်လုံကိုဆွဲဖမ်းကာ တားဆီးရန်ကြိုးစားလိုက်သော်လည်း မအောင်မြင်ခဲ့ပေ။
သူသည် မြေပြင်ပေါ်၌ တရွတ်တိုက် ဆွဲခေါ်ခံလိုက်ရလေသည်။
လင်းဖန်သည် ကောင်းကင်မူလလက်သည်းများကို အသုံးပြုကာ လီယုံ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
သို့သော် လီယုံက ရှောင်တိမ်းခြင်းမရှိဘဲ လင်းဖန်ကို ပြုံးပြလိုက်သည်။
ချွမ်လုံ၏ခန္ဓာကိုယ်သည် လီယုံအထဲသို့ စတင်စုပ်ယူသွားတော့သည်။
သူတို့၏ အသားစိုင်များ စတင်ပေါင်းစပ်သွားကြချေပြီ။
အရိုးများ ကျိုးကြေသွားသည့် အသံများကို ကြားလိုက်ရသည်။
လီယုံ၏ပုံသဏ္ဌာန်မှာ စုတ်ပြတ်နေသော အသားစိုင်တုံးကြီးတစ်ခုအဖြစ် စတင်ပြောင်းလဲသွားလေသည်။
လင်းဖန်က လက်သည်းများဖြင့် အသားစိုင်တုံးကြီးကို ခုတ်ဖြတ်လိုက်သော်လည်း ဒဏ်ရာများမှာ ချက်ချင်း ပြန်လည်သက်သာသွားသဖြင့် အသုံးမဝင်ခဲ့ပေ။
ထိုအသားစိုင်တုံးကြီးသည် တုန်ခါလာပြီး အသားစိုင်မျက်နှာပြင်မှ ပူဖောင်းများ ပေါက်ကွဲထွက်လာတော့သည်။
ဘုန်း...
ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး ပေါက်ကွဲမှုအရှိန်ကြောင့် လင်းဖန်မှာ မြေပြင်ပေါ်သို့လွင့်စင်ကာ လိမ့်ထွက်သွားလေသည်။
လင်းဖန်သည် မြေပြင်ပေါ်၌ လိမ့်နေရာမှ ရပ်တန့်သွားစေရန် လှံကို မြေကြီးထဲသို့ စိုက်ချလိုက်သည်။
သူ မတ်တပ်ရပ်လိုက်ပြီးနောက် အသားစိုင်တုံးကြီး၏ပုံသဏ္ဌာန်မှာ ပြောင်းလဲလာသည်ကို မြင်လိုက်ရသည်။
သူသည် အရှည်အတုံးပုံစံသို့ ပြောင်းလဲသွားပြီး လက်သည်းများပါသော ခြေလက်လေးဖက် ထွက်ပေါ်လာပေသည်။
ထို့နောက် တစ်ဖက်စွန်းတွင် လီယုံ၏မျက်နှာနှင့် ဦးခေါင်းတစ်ခု ထွက်ပေါ်လာလေသည်။
ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်နှင့်ပင် တူနေပေသည်။
“ငါ့ကို ဒီပုံစံပြောင်းသွားအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ဖူးဘူး... ဧကရာဇ်တံဆိပ်တုံးကို ငြင်းဆန်နိုင်တဲ့သူဆိုတာလည်း မရှိဖူးဘူး...”
ထိုကြောက်မက်ဖွယ်နဂါးကြီး၏ ပါးစပ်ထဲမှ လီယုံ၏အသံဖြင့် စကားများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
လင်းဖန်သည် လှံကို နောက်သို့ဆွဲကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ဝှစ်...
ကြောက်မက်ဖွယ်နဂါးကြီးက သူ့ထံ ပြေးဝင်လာရာ လင်းဖန်ကလည်း လှံဖြင့် ထိုးချလိုက်သည်။
ဘုန်း...
ခုတ်ပိုင်းလိုက်သည့် စွမ်းအင်လှိုင်းအရှိန်က နဂါးကြီး၏ဦးခေါင်းတွင် ကြီးမားသောအပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။
သို့သော်လည်း နဂါးကြီးမှာ ရပ်တန့်မသွားဘဲ လင်းဖန်ထံသို့ ဆက်လက် ပျံသန်းလာလေသည်။
လင်းဖန်သည် အမြန်ပင် လှံကို သိမ်းဆည်းလိုက်ပြီး သံတူများကို ထုတ်ယူလိုက်သည်။
သူသည် နဂါးကြီးထံသို့ သံတူများဖြင့် လွှဲရိုက်လိုက်သည်။
နောက်တစ်စက္ကန့်တွင် တောက်ပနေသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့က နဂါးကြီးထံသို့ ခုန်အုပ်လိုက်ကြလေသည်။
“အား...”
မီးတောက်ဝံပုလွေက ခေါင်းကို ကိုက်လိုက်ချိန်တွင် နဂါးကြီးမှာ နာကျင်စွာအော်ဟစ်လိုက်သည်။
မီးတောက်ဝံပုလွေက မီးတောက်များကို မှုတ်ထုတ်လိုက်ရာ နဂါးကြီး၏ဦးခေါင်းထက်တွင် မီးများလောင်ကျွမ်းသွားပြီး အရေခွံများ ကျွမ်းလောင်သွားတော့သည်။
ရေခဲအစွယ်ကျားဖြူကလည်း နဂါးကြီး၏ကိုယ်လုံးကို ကိုက်ခဲလိုက်ပြီး ရေခဲအစွယ်များကို အသုံးပြုကာ တစ်ကိုယ်လုံးကို အေးခဲသွားစေသည်။
လင်းဖန်က အေးခဲသွားသောခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားပြီး သံတူများဖြင့် ထုရိုက်လိုက်လေသည်။
ဘုန်း...
သံတူများဖြင့် ရိုက်ချလိုက်သည့် အရှိန်ကြောင့် နဂါးကြီး၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားချေပြီ။
“အား...”
နဂါးကြီးမှာ နာကျင်စွာ အော်ဟစ်နေပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေတော့သည်။
လင်းဖန်မှာ ရပ်တန့်မသွားဘဲ နဂါးကြီးကို ဆက်လက်၍ ထုရိုက်နေလေသည်။
ဘုန်း...
ဘုန်း...
ဘုန်း...
လင်းဖန်က သံတူများဖြင့် ခန္ဓာကိုယ်ကို ထုထောင်းနေသဖြင့် အသားစများက အရပ်မျက်နှာအနှံ့ လွင့်စဉ်ထွက်နေပေသည်။
နဂါးကြီးအပေါ် ကျရောက်သွားသည့် ထုရိုက်ချက်တိုင်းက စောင့်ကြည့်နေသောစစ်သည်များ၏ ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။
လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးနေသောအသံတစ်ခု ထွက်ပေါ်လာချိန်မှသာ သူ ရပ်တန့်လိုက်လေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို အောင်မြင်စွာ သုတ်သင်နိုင်ပါသည်]
[ကလဲ့စားချေအမှတ် + ၆၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၃၈၀၀]
ယခုအခါ သူ့ရှေ့တည့်တည့်တွင် စုတ်ပြတ်သတ်နေသော အသားစိုင်များသာ ကျန်ရစ်နေတော့သည်။
သူက နန်းတွင်းညီလာခံအဆောက်အအုံဆီသို့ မော့ကြည့်လိုက်ရာ ဟွမ်ယွမ်ခွန်းက ကျောက်ချင်းယင်ကိုပွေ့ချီကာ ထွက်လာသည်ကို မြင်လိုက်ရသည်။
လင်းဖန်က လျှောက်သွားကာ ဧကရာဇ်တံဆိပ်တုံးကို ကောက်ယူလိုက်ပြီး ဖားပြုပ်ရုပ်တုထဲသို့ သိမ်းဆည်းလိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ စစ်သည်များအားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရုတ်တရက် အခြေအနေများ ပြောင်းလဲသွားသည့်အတွက် သူတို့မှာ ကြောင်အနေကြပေသည်။
ရုတ်တရက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။
စစ်သည်များထဲမှ တစ်ယောက်မှာ သွေးများ၊ အသားစိုင်များအဖြစ် ပေါက်ကွဲထွက်သွားချေပြီ။
ထို့နောက် မြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။
“မြန်မြန်... ဒီကနေ ထွက်သွားကြ... ရဲတိုက်တံခါးဆီကိုသွား...”
ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ပြိုကျလာချိန်တွင် လင်းဖန်က အော်ဟစ်ပြောလိုက်သည်။
ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့က ခေါင်းညိတ်လိုက်ကြပြီး စတင် ပြေးလွှားကြလေတော့သည်။