← Chapters

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း ၂၄၂

Vol. 25 Ch. 242

အခန်း (၂၄၂) - အိမ်ပြန်ရောက်ခြင်း

သူတို့ ပြေးလွှားနေကြပြီး လမ်းတစ်လျှောက် လွင့်စင်လာသောအပျက်အစီးများကို ရှောင်တိမ်းခဲ့ရလေသည်။

အန္တရာယ်မရှိသော လမ်းသွားလမ်းလာများသည် ယခုအခါ အချိန်ကိုက်ဗုံးများပမာဖြစ်နေပြီး သွေးသားအသားစိုင်များအဖြစ် ရုတ်တရက် ပေါက်ကွဲထွက်သွားကြလေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် မြို့တံခါးဝသို့ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားမရဘဲ ရောက်ရှိသွားကြချေပြီ။

ဝုန်း...

မြို့ရိုးကြီးပြိုကျလာချိန်တွင် လင်းဖန်က ဟိုမင်နှင့် ဟွမ်ယွမ်ခွန်းတို့ကို ဖမ်းဆွဲထားလိုက်သည်။

သူ၏ ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ဖြင့် ပြိုကျနေသောမြို့ရိုးပေါ်မှ ကျော်ဖြတ်ခုန်တက်ရန် ကြိုးစားလိုက်လေသည်။

ဟွမ်ယွမ်ခွန်းက ကျောက်ချင်းယင်ကို သယ်ဆောင်ထားပြီး ဟိုမင်က ရှောင်ထောင်ကို သယ်ဆောင်ထားသောကြောင့် လင်းဖန်အနေဖြင့် အစွမ်းကုန် ထုတ်သုံးခဲ့ရပေသည်။

ကံကောင်းစွာဖြင့် သူ၏ အဆင့်(၇) ခန္ဓာကိုယ်ကြံ့ခိုင်ရေးက ဤသို့ပြုလုပ်ရန် လုံလောက်နေခဲ့သည်။

ဗွမ်း...

သူတို့ မြို့ရိုးအပြင်ဘက်သို့ ပြုတ်ကျသွားချိန်တွင် ကျယ်လောင်သော ရေပန်းသံကြီးတစ်ခုကို ကြားလိုက်ရသည်။

လင်းဖန်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ သူတို့သည် လှေပေါ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေသည်။

ရွှေရောင်နတ်ကွန်းမှာ မရှိတော့သလို သူတို့ကိုမျိုချခဲ့သော ငါးကြီးမှာလည်း ပျောက်ကွယ်သွားချေပြီ။

သူတို့သည် လိုဏ်ဂူအတွင်းသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။

“သိုင်းဦးလေး ဘယ်လိုနေသေးလဲ...”

လင်းဖန်က မေးလိုက်သည်။

“ခဏလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ... သူ့ကို ချည်နှောင်ထားတဲ့ သံကြိုးတွေက သူ့ရဲ့ချီတွေနဲ့ စွမ်းအင်တွေကို စုပ်ယူသွားတာဖြစ်ရမယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

လင်းဖန်က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့သည် ဆိပ်ကမ်းဆီသို့ ပြန်လည်ထွက်ခွာလာကြလေသည်။

လုပ်စရာမရှိသဖြင့် လင်းဖန်က ဧကရာဇ်တံဆိပ်တုံးကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်သည်။

သူသည် ဘုရင်စနစ်ကိုယုံကြည်သော လက်အောက်ငယ်သားများအား အမိန့်ပေးနိုင်သည့် မှော်ရတနာတစ်ခု ဖြစ်ရပေမည်။

လင်းဖန်အတွက် ကံကောင်းသည်မှာ သူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထားသော ကမ္ဘာတစ်ခုမှ လာခဲ့ခြင်းဖြစ်သည်။

ထိုကမ္ဘာတွင် မည်သည့်သခင် သို့မဟုတ် ဧကရာဇ်ကိုမျှ ဒူးထောက်ခစားရန် ယုံကြည်သူ မရှိတော့ချေ။

မကြာမီတွင် သူတို့သည် နှုတ်ခမ်းမွေးရှည်နှင့် သူ၏အဖွဲ့သားများရှိနေခဲ့သော လှေအနီးမှ ဖြတ်သန်းသွားကြလေသည်။

လင်းဖန်သည် ကုန်းပတ်ပေါ်ရှိ သွေးသံရဲရဲဖြစ်နေသောမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရေမျောက်ဝံများကြောင့်ဖြစ်မည်ဟု ကောက်ချက်ချလိုက်မိသည်။

သူက ခေါင်းခါလိုက်ပြီး သူတို့အတွက် အလွန်ရယ်စရာကောင်းသော ဇာတ်သိမ်းဖြစ်ကြောင်း တွေးတောလိုက်လေသည်။

…

နန်အန်းရွာ…

ချင်ဖုန်းဂိုဏ်းခွဲ…

“ငါ ဘယ်ရောက်နေတာလဲ...”

တစ်ရက်ခန့်အကြာတွင် ကျောက်ချင်းယင်က နိုးလာပြီး မေးလိုက်သည်။

သူက မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်ရာ ကုတင်ဘေးရှိ ဟွမ်ယွမ်ခွန်းကို မြင်လိုက်ရသည်။

“သိုင်းဦးလေး ဂိုဏ်းခွဲကို ရောက်နေတာပါ...”

ဟွမ်ယွမ်ခွန်းက ပြန်ဖြေလိုက်သည်။

“ငါ နောက်ဆုံး မှတ်မိတာကတော့ ဧကရာဇ်ရဲ့ဖမ်းဆီးတာကို ခံလိုက်ရတာပဲ... ဧကရာဇ်တံဆိပ်တုံးကို... မင်းတို့ ဘယ်လိုလုပ်ပြီး...”

ကျောက်ချင်းယင်သည် ဧကရာဇ်တံဆိပ်တုံးကို ပိုင်ဆိုင်ထားသော ဧကရာဇ်အား မည်ကဲ့သို့အနိုင်ယူခဲ့သည်ကို စဉ်းစား၍မရသောကြောင့် ထိုသို့မေးလိုက်ခြင်း ဖြစ်သည်။

သူသည် ရှိသမျှစွမ်းအင်များသုံးကာ ဧကရာဇ်တံဆိပ်တုံးကိုတိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ထိုပစ္စည်း၏အမိန့်များကို မလွန်ဆန်နိုင်ခဲ့ချေ။

ဧကရာဇ်အပေါ်တိုက်ခိုက်ခဲ့သော သူ၏ သိုင်းနည်းစနစ်များနှင့် တိုက်ကွက်များအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ထိုအရာသည် ကောင်းကင်အဆင့်ထက် တစ်ဆင့်ပိုမြင့်သော နတ်ဘုရားအဆင့်တွင်ရှိသည့် မှော်ရတနာတစ်ခု ဖြစ်ရပေမည်။

ဟွမ်ယွမ်ခွန်းက လက်ဖက်ရည်တစ်ခွက်ကိုကိုင်ကာ ကျောက်ချင်းယင်ထံ ကမ်းပေးလိုက်သည်။

“သိုင်းဦးလေး... လင်းဖန်က ဧကရာဇ်တံဆိပ်တုံးရဲ့လွှမ်းမိုးမှုကို မခံရဘူးဗျ... သူ့ရဲ့ ကျင့်ကြံခြင်းအမြုတေကြောင့် ဖြစ်နိုင်တယ်လို့ သူက ပြောတယ်...”

ဟွမ်ယွမ်ခွန်း၏ စူးစမ်းမေးမြန်းမှုများကိုခံရပြီးနောက် လင်းဖန်က ဤဆင်ခြေကို ပေးခဲ့ခြင်း ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအမြုတေမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်နေသောကြောင့် ဟွမ်ယွမ်ခွန်းထံမှ နောက်ထပ်မေးခွန်းများထွက်မလာစေရန် လင်းဖန်က ယင်းကို အသုံးချခဲ့ခြင်းဖြစ်ပေသည်။

ကျောက်ချင်းယင်သည် မျက်လုံးများကိုမှေးစင်းလိုက်ပြီးနောက် တစ်ခဏမျှ အတွေးနယ်ချဲ့သွားလေတော့သည်။

‘သားရဲကျင့်ကြံခြင်းအမြုတေက တကယ်ပဲ ကောင်းကင်ဘုံရဲ့အလိုတော်ကို အာခံနိုင်စွမ်း ရှိနေတာလား...’

သူက စိတ်ထဲမှ တွေးတောလိုက်သည်။

သူ စကားတစ်ခွန်းမျှ မဆိုနိုင်ခင်မှာပင် ဟွမ်ယွမ်ခွန်းက ဖြစ်ပျက်ခဲ့သောအခြေအနေများကို အကျဉ်းချုံး၍ ရှင်းပြလေသည်။

အမှောင်သခင် ပြန်လည်ရောက်ရှိလာကြောင်းနှင့် ကျန်းရီနျန်ထံမှ အသားစိုင်တစ်ခုကိုရယူသွားကြောင်း ကြားလိုက်ရသောအခါ ကျောက်ချင်းယင်သည် မျက်မှောင်ကြုတ်သွားလေတော့သည်။

အခြေအနေက ဆိုးရွားနေပြီး သူတို့အနေဖြင့် အမှောင်သခင်အား အမြန်ဆုံး တားဆီးရန် လိုအပ်ပေသည်။

“ငါတို့ သွားကြတာ ပိုကောင်းမယ်...”

ကျောက်ချင်းယင်က ပြောလိုက်ပြီး လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်သည်။

ထို့နောက် သူသည် ကုတင်ပေါ်မှ ဆင်းလိုက်သည်။

သူ့ချီစွမ်းအင်နှင့် ခွန်အားများက အပြည့်အဝ ပြန်လည်သက်သာလာပြီဖြစ်ရာ သူက အချိန်ပိုမဖြုန်းချင်တော့ပေ။

“လင်းဖန်နဲ့ ဟိုမင်ကို သွားခေါ်လိုက်ဦးမယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်ပြီး အခန်းထဲမှ ထွက်သွားလေသည်။

ထိုအချိန်တွင် လင်းဖန်နှင့် ဟိုမင်တို့သည် သူတို့၏ အခန်းထဲ၌ ရှိနေကြသည်။

“ရော့... ကတိပေးထားတဲ့ ဆုကြေး...”

လင်းဖန်သည် ကြေးဒင်္ဂါး ၁၀ပြားကို ရှောင်ထောင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ်...”

ရှောင်ထောင်သည် ဝမ်းသာအားရဖြစ်သွားပြီး ထိုကြေးဒင်္ဂါးများကို သူမ၏ငွေအိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်လေသည်။

သူမက ကတိအတိုင်း လုပ်ဆောင်ပေးခဲ့သည့်အတွက် လင်းဖန်ကလည်း သူမကို ဆုကြေးပေးရသည်မှာ အလွန်ကျေနပ်လျက်ရှိသည်။

သူမက သူတို့ကိုနှုတ်ဆက်ကာ အရိုအသေပေးလိုက်ပြီးနောက် အခန်းထဲမှ ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။

“မင်း သူမကို ဘာလို့ ပိုမပေးလိုက်တာလဲ...”

သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ဟိုမင်က မေးလိုက်သည်။

လင်းဖန်က ခေါင်းယမ်းလိုက်သည်။

“သူမကို ပိုပေးလိုက်ရင် ပြဿနာတွေ ပိုများလာစေလိမ့်မယ်... တခြားတံငါသည်တွေက မနာလိုဖြစ်လာကြပြီး သူမရဲ့ဘဝကို ခက်ခဲအောင် နည်းလမ်းမျိုးစုံနဲ့လုပ်ကြလိမ့်မယ်...”

ချွမ်မင်းဆက်ရှိ အောက်ခြေလူတန်းစားများ၏ အခြေအနေမှာ ဤသို့ပင်ဖြစ်ကြောင်း သူ ကောင်းကောင်း သိထားပေသည်။

ထို့ကြောင့် သူမ သိမ်းဆည်းနိုင်သည်ထက် ပို၍မပေးခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ဟိုမင်က သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

ဟွမ်ယွမ်ခွန်းက အခန်းထဲသို့ ဝင်လာသဖြင့် သူ့အတွေးများ ပြတ်တောက်သွားရချေသည်။

“ပစ္စည်းတွေသိမ်းကြတော့... ဂိုဏ်းကိုပြန်ရမယ့်အချိန်ရောက်ပြီ...”

လင်းဖန်နှင့် ဟိုမင်တို့သည် ချက်ချင်းပင် ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး မကြာမီမှာပင် ဂိုဏ်းသို့ပြန်ရန် ခရီးစတင်ခဲ့ကြလေတော့သည်။

…

ချင်ဖုန်းဂိုဏ်း…

ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် သူတို့သည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြလေသည်။

ကျောက်ချင်းယင် ပြန်ရောက်လာသည်ကိုမြင်သောအခါ လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။

သူရောက်ရှိလာမှုကြောင့် သူတော်စင်မိန်းကလေး လီရုံအား အနိုင်ယူနိုင်မည့်အခွင့်အရေးမှာ သေချာပေါက် တိုးလာခဲ့လေပြီ။

လင်းဖန်နှင့် ဟိုမင်တို့သည်လည်း နောက်ထပ်ညွှန်ကြားချက်များကို စောင့်ဆိုင်းရင်း အနားယူရန် သူတို့၏ သက်ဆိုင်ရာနေရာများဆီသို့ ပြန်သွားခဲ့ကြသည်။

ယခင်ကအတိုင်း အေးချမ်းတိတ်ဆိတ်နေသည့် ရင်းနှီးနေသောသစ်သားတဲလေးနှင့် ပတ်ဝန်းကျင်ကို မြင်လိုက်ရသောအခါ လင်းဖန်၏ရင်ထဲတွင် နွေးထွေးသွားရချေသည်။

“မင်း ပြန်ရောက်လာပြီပဲ... ညစာစားဖို့ အချိန်ကိုက်ပဲ...”

သစ်သားတဲလေးထဲသို့ ဝင်လိုက်ချိန်တွင် ဟိုကျဲ့၏နှုတ်ဆက်စကားကို ကြားလိုက်ရသဖြင့် သူ အလွန်လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။

လင်းဖန်သည် လက်ဖက်ရည်တစ်ခွက်ကို ငဲ့လိုက်ပြီး သောက်လိုက်သည်။

အရသာက သူ မှတ်မိနေသည့်အတိုင်းပင်။

ခါးသက်သက်နှင့် ချိုမြမြ အရသာပင်။

ညစာပြင်ဆင်ပြီးသောအခါ လင်းဖန်သည် မြိန်ရေယှက်ရေ စားသောက်လိုက်လေသည်။

ထို့နောက် သူက ရွှမ်မင်းဆက်အကြောင်း ဟိုကျဲ့ကို မေးမြန်းလိုက်သည်။

သို့သော် ဟိုကျဲ့သည် များများစားစားမသိထားသဖြင့် ခေါင်းယမ်းလိုက်သည်။

သူသိထားသမျှမှာ ချွမ်မင်းဆက်ဧကရာဇ်သည် ပုန်ကန်ပြီး ရွှမ်ဧကရာဇ်အား ဖြုတ်ချခဲ့သည်ဟူသော အချက်ပင် ဖြစ်သည်။

လင်းဖန်ကခေါင်းညိတ်လိုက်ပြီး ဧကရာဇ်တံဆိပ်တုံးနှင့်ပတ်သက်၍ ထပ်မံစုံစမ်းရန် စိတ်ထဲမှ တွေးတောလိုက်လေတော့သည်။

All Chapters