အခန်း ၂၄၃
Vol. 25 Ch. 243
အခန်း (၂၄၃) - ဧကရာဇ်တစ်ပါး၏ ကံကြမ္မာ
ဟိုကျဲ့ အိပ်ပျော်သွားချိန်တွင် လင်းဖန်သည် ဧကရာဇ်တံဆိပ်တုံးကို ထုတ်ယူလိုက်သည်။
သူသည် ဧကရာဇ်တံဆိပ်တုံးထဲသို့ သူ၏ချီစွမ်းအင်များကို ထည့်သွင်းကြည့်လိုက်သည်။
သူ မျှော်လင့်ထားသည့်အရာက ဖြစ်မလာခဲ့ချေ။
သူ၏ချီစွမ်းအင်များသည် ဧကရာဇ်တံဆိပ်တုံးထဲသို့ စုပ်ယူခံလိုက်ရသော်လည်း တံဆိပ်တုံးမှာ လင်းလက်မလာခဲ့ပေ။
ကိစ္စရပ်များက ထင်ထားသလောက်မရိုးရှင်းပေ။
လင်းဖန်သည် အကြိမ်ကြိမ် ကြိုးစားကြည့်သော်လည်း ရလဒ်ကတော့ အတူတူပင် ဖြစ်နေခဲ့သည်။
သူ၏ချီစွမ်းအင်များသည် ဧကရာဇ်တံဆိပ်တုံးအား မည်သို့မျှ အပြောင်းအလဲ မဖြစ်စေခဲ့ချေ။
သူသည် ကျွမ်းကျင်သူတစ်ဦးထံမှ အကြံဉာဏ်ရယူရန် လိုအပ်လာသည်။
မှော်ရတနာများနှင့်ပတ်သက်၍ မေးမြန်းရန်အကောင်းဆုံးသူမှာ စီမာလျန်ပင်ဖြစ်ပေမည်။
လင်းဖန်သည် သူ့ထံသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူတို့၏ နောက်ဆုံးတွေ့ဆုံမှုက အကောင်းဆုံးအခြေအနေတစ်ခုအောက်တွင် ရှိမနေခဲ့ပေ။
ထို့ကြောင့် နောက်တစ်နေ့တွင် သူသည် ဟုန်ဖုန်းမြို့ရှိ စီမာလျန်ထံသို့ သွားရောက်ခဲ့သည်။
ဤတစ်ကြိမ်တွင်လည်း သူသည် မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် ‘ကောဟယ်ရု’ အဖြစ် ထပ်မံ၍ ရုပ်ဖျက်ထားခဲ့သည်။
လမ်းတစ်လျှောက်တွင် ဟုန်ဖုန်းမြို့မှာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကို လင်းဖန် တွေ့လိုက်ရသည်။
ပျက်စီးသွားခဲ့သော အိမ်များ၊ လမ်းများနှင့် မြို့၏အစိတ်အပိုင်းအချို့ကို အလုပ်သမားများက အလုပ်များစွာဖြင့် ပြုပြင်နေကြသည်။
သို့သော် လင်းဖန် တွေ့ဆုံခဲ့ရသူအများစု၏ မျက်နှာများထက်တွင် ညှိုးနွမ်းသောအမူအရာများ ရှိနေကြသည်။
ချစ်ရသူများအား ဆုံးရှုံးလိုက်ရခြင်းမှာ ကုစားရန် မလွယ်ကူလှပေ။
စီမာမိသားစု၏အိမ်တော်မှာလည်း ပျက်စီးသွားခဲ့ပြီး ယခင်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေရန် အလုပ်သမားများက ကြိုးပမ်းနေကြသည်။
လင်းဖန်သည် စီမာလျန်ကိုတွေ့လိုက်ရချိန်တွင် သူ၏ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်လုံးများတစ်ဝိုက်၌လည်း အမည်းရောင်ကွင်းများ ထင်းနေသည်။
‘စီမာလျန်တစ်ယောက် အရမ်းအလုပ်များနေခဲ့ပုံပဲ...’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
“အမ်း... လင်းဖန်လား... မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ...”
စီမာလျန်က လင်းဖန်၏ရည်ရွယ်ချက်ကို သေချာမသိဘဲ မေးလိုက်သည်။
လင်းဖန်သည် ဧကရာဇ်တံဆိပ်တုံးကိုထုတ်ယူကာ လက်ဝါးထဲတွင် ကိုင်ထားလိုက်သည်။
“ဒီမှော်ရတနာနဲ့ပတ်သက်ပြီး ကျုပ် မေးချင်လို့ပါ... ကျုပ်က ဒါကို အသက်သွင်းလို့ မရဘူးဖြစ်နေတယ်...”
စီမာလျန်သည် ဧကရာဇ်တံဆိပ်တုံးကို ကြည့်လိုက်ချိန်တွင် ဒူးထောက်ကာ အရိုအသေပေးချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့သည်။
ထိုသို့မလုပ်မိစေရန် သူ၏ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်ရလေသည်။
“ငါ့ကို အရိုအသေပေးချင်စိတ် ပေါက်သွားစေတဲ့ ဒီလိုမျိုးအရာကို အရင်က တစ်ခါမှမမြင်ဖူးဘူး... ဆရာကြီးရှင်းဆိုရင်တော့ တစ်ခုခုသိလောက်တယ်...”
စီမာလျန်က ပြောလိုက်ပြီးနောက် လင်းဖန်ကိုခေါ်ကာ ဆရာကြီးရှင်းထံသို့ ထွက်လာခဲ့သည်။
သူတို့ ဝင်သွားချိန်တွင် ဆရာကြီးရှင်းမှာ အလုပ်ရုံထဲ၌ သံမဏိတုံးတစ်တုံးကို ထုနှက်နေသည်။
“မင်းက ဘယ်သူလဲ...”
ဆရာကြီးရှင်းက စီမာလျန်နှင့်အတူ လူစိမ်းတစ်ယောက် ဝင်လာသည်ကိုမြင်သောအခါ မေးလိုက်သည်။
“သူက ရုပ်ဖျက်ထားတဲ့ လင်းဖန်ပါ... သူ့ဆီမှာ ဆရာကြီးအတွက် စိတ်ဝင်စားစရာတစ်ခု ပါလာတယ်...”
စီမာလျန်က ပြောလိုက်သည်။
လင်းဖန်သည် ဧကရာဇ်တံဆိပ်တုံးကို မြှောက်ကိုင်လိုက်သည်။
“ဒီမှော်ရတနာကို ဘယ်လို အသက်သွင်းရမလဲ... ကျုပ် လုပ်လို့ မရဘူးဖြစ်နေတယ်...”
ဆရာကြီးရှင်းသည်လည်း ဧကရာဇ်တံဆိပ်တုံးကို မြင်လိုက်ရချိန်တွင် စီမာလျန်နည်းတူ တုံ့ပြန်မှုမျိုး ဖြစ်သွားခဲ့သည်။
သူသည် မိမိကိုယ်ကို တည်ငြိမ်စေရန်အတွက် ဘေးနားရှိ စားပွဲကို လှမ်းကိုင်ထားလိုက်ရသည်။
မိမိကိုယ်ကို ခေတ္တမျှ ငြိမ်သက်သွားစေပြီးနောက် ဆရာကြီးရှင်းသည် အနီးသို့ကပ်လာကာ ဧကရာဇ်တံဆိပ်တုံးကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
သူက လက်ကိုမြှောက်လိုက်ရာ သူ၏လက်များမှာ လင်းလက်သွားခဲ့သည်။
ထို့နောက် ဆရာကြီးရှင်းသည် ဧကရာဇ်တံဆိပ်တုံးကို လက်ဖြင့်ထိတွေ့ကြည့်ရန် ကြိုးစားလိုက်သည်။
သူ့ကို အံ့အားသင့်သွားစေသည်မှာ ဧကရာဇ်တံဆိပ်တုံးသည် တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပြီး ဆရာကြီးရှင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရလေသည်။
သူသည် မြေပြင်ပေါ်ရှိ သံရိုင်းပုံပေါ်သို့ လဲကျသွားမတတ်ပင် ဖြစ်သွားရချေသည်။
လင်းဖန်သည် ဆရာရှင်း၏လက်ကို အလျင်အမြန်ဖမ်းဆုပ်လိုက်ပြီး လဲကျမသွားစေရန် တားဆီးပေးလိုက်လေသည်။
ဆရာကြီးရှင်းက နဖူးမှချွေးများကိုသုတ်ကာ ပြောလိုက်သည်။
“ဒါက... ဒါက ရွှမ်မင်းဆက်ရဲ့ အင်ပါယာတံဆိပ်တုံးပဲ... မင်း ဒါကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ... ဒါက တန်ဖိုးမဖြတ်နိုင်ဘူး...”
သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်းက ဘာလို့ သူ့ရဲ့စွမ်းအား သက်ရောက်မှုကို မခံရတာလဲဆိုတာ ငါ သေချာမသိဘူး... ဒါပေမဲ့ ဧကရာဇ်တစ်ပါးရဲ့ ‘ကံကြမ္မာ’ ပါလာတဲ့သူတွေပဲ ဒါကို ကိုင်တွယ်အသုံးပြုနိုင်တာ...”
လင်းဖန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်။
“ဧကရာဇ်တစ်ပါးရဲ့ ကံကြမ္မာ...”
ဆရာရှင်းက ဆက်ပြောလိုက်သည်။
“ဟုတ်တယ်... သီးခြားအချိန်တွေမှာ မွေးဖွားလာတဲ့သူတွေပဲ သူ့ရဲ့စွမ်းအားကို ကိုင်တွယ်အသုံးပြုနိုင်တာ... မင်းက အဲဒီထဲကတစ်ယောက် မဟုတ်ဘူး...”
လင်းဖန်က မေးလိုက်သည်။
“ဒါကို အသုံးပြုပြီး ကျွန်တော့်ရဲ့ လက်နက်တွေ ဒါမှမဟုတ် မှော်ရတနာတွေကို အဆင့်မြှင့်တင်ပေးလို့ရတဲ့ နည်းလမ်းများရှိမလား...”
‘တကယ်လို့ ငါသာ အင်ပါယာတံဆိပ်တုံးဆီက စွမ်းအားအပြည့်အဝကို မကိုင်တွယ်နိုင်ဘူးဆိုရင် အဆင့်မြှင့်တင်မှုတွေအတွက် သူ့ရဲ့စွမ်းရည်တွေကို အသုံးချလို့ ရနိုင်လောက်တယ်...’
သူက စိတ်ထဲမှ တွေးလိုက်လေသည်။
ကံမကောင်းစွာဖြင့် ဆရာကြီးရှင်းက ခေါင်းခါပြလိုက်လေသည်။
သူက ဆက်ပြောလိုက်သည်။
“ဒီလိုလုပ်ဖို့က ငါ့စွမ်းရည်ထက် ကျော်လွန်နေတယ်... မှော်ရတနာတောင်တန်းတွေဆီက လူတွေဆိုရင်တော့ မင်းကို ကူညီပေးနိုင်လိမ့်မယ်...”
လင်းဖန်က မေးလိုက်သည်။
“မှော်ရတနာတောင်တန်း...”
ချွမ်မင်းဆက်တွင် သူ လေ့လာသင်ယူစရာများ ကျန်ရှိနေသေးပေသည်။
ဆရာကြီးရှင်းသည် ပစ္စည်းများ အပြည့်ရှိနေသောစင်ဘက်သို့ လျှောက်သွားကာ မွှေနှောက်ရှာဖွေလိုက်လေသည်။
အတန်ကြာရှာဖွေပြီးနောက် သူက ရပ်တန့်လိုက်ပြီး မြေပုံတစ်ခုကို ဆွဲထုတ်လိုက်သည်။
သူက လင်းဖန်ထံ မြေပုံကို ကမ်းပေးလိုက်သည်။
“ရော့... မှော်ရတနာတောင်တန်းက ဒီမြေပုံပေါ်မှာ အမှတ်အသား ပြထားတယ်...”
လင်းဖန်သည် မြေပုံကိုကြည့်လိုက်ရာ ချွမ်မင်းဆက် ပိုင်နက်နယ်မြေများ၏ အနောက်ဘက်ခြမ်းတွင် ကြီးမားသော ကြက်ခြေခတ် အမှတ်အသားတစ်ခု ပြုလုပ်ထားသည်ကို မြင်လိုက်ရသည်။
“မှော်ရတနာတောင်တန်းက ဆေးချိုင့်ဝှမ်းနဲ့ တူတယ်...
“ရှားပါးသံမဏိတွေ၊ အဖိုးတန်ကျောက်မျက်တွေနဲ့ မှော်ရတနာ ထုဆစ်ဖန်တီးဖို့အတွက် ပစ္စည်းတွေ အပြည့်ရှိတယ်...”
“ဒါက မှော်ရတနာကျင့်ကြံသူတွေကို ဒီတောင်တန်းတွေမှာနေထိုင်ပြီး ကျင့်ကြံဖို့ဆွဲဆောင်နေတာပဲ...
“ဆရာကြီးစုချီနျန်လို့ခေါ်တဲ့ သူတစ်ယောက်ကို သွားရှာပါ... ငါ လွှတ်လိုက်တယ်လို့ သူ့ကို ပြောလိုက်...”
“သူက မင်းကို ကူညီပေးနိုင်လောက်ပါတယ်...”
ဆရာကြီးရှင်းက ပြောလိုက်သည်။
လင်းဖန်သည် ဆရာကြီးရှင်းကို ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် မြေပုံကိုယူကာ ထွက်ခွာလာခဲ့လေသည်။
သူတို့ အပြင်သို့ထွက်လာချိန်တွင် စီမာလျန်က လင်းဖန်ကို ညစာစားရန် ဖိတ်ခေါ်လိုက်သည်။
လင်းဖန်သည် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး မှောင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သဘောတူလိုက်လေသည်။
ဤအချိန်ကိုအသုံးပြု၍ စီမာလျန်နှင့်လည်း စကားစမြည် ပြောဆိုနိုင်ပေသည်။
လင်းဖန်က တူဖြင့် အသားတစ်ဖတ်ကိုကောက်ယူရင်း မေးလိုက်သည်။
“မြို့စားမင်းနဲ့ ခင်ဗျားရဲ့ဆက်ဆံရေးက ဘယ်လိုနေလဲ...”
သူသည် မြို့စားမင်းနှင့် ပိုမိုနက်ရှိုင်းသော ဆက်သွယ်မှုများ တည်ဆောက်နိုင်ရန် အစီအစဉ်များ စတင်ရေးဆွဲရပေမည်။
စီမာလျန်က ပြန်ဖြေလိုက်သည်။
“မြို့စားမင်းလား... မြို့စောင့်တပ်ဖွဲ့ဝင်တွေအတွက် မှော်ရတနာတွေ ထောက်ပံ့ပေးတာကလွဲပြီး သိပ်မရှိပါဘူး...”
ထို့နောက် လင်းဖန် ဆိုလိုချင်သည့်အရာကို သဘောပေါက်သွားသဖြင့် စီမာလျန်က စကားကို ရပ်တန့်လိုက်သည်။
“ဘာလို့လဲ... မင်းက ငါ့ကို...”
“သူက စွမ်းဆောင်ရည်ပြည့်ဝတဲ့ လူတစ်ယောက်ပါ... သူ့ရဲ့သား လုတင့်ကလည်း နည်းနည်းတော့ စိတ်ကူးယဉ်ဆန်ပေမယ့် အဲဒီလိုမျိုး စွမ်းဆောင်နိုင်စွမ်းရှိတယ်...”
“လိုအပ်တဲ့အချိန်တွေမှာ မြို့စားမင်းကသာ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲ...”
လင်းဖန်က ပြောလိုက်သည်။
စီမာလျန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပြီ... ငါ ကြည့်စီစဉ်ပေးပါ့မယ်...”
ယခုအချိန်တွင် မြို့စားမင်းလုသည် မြို့ကို ပြန်လည်တည်ဆောက်ရန် အကူအညီလိုအပ်နေပေသည်။
အရာအားလုံးက လူအင်အား၊ သယံဇာတ အရင်းအမြစ်များနှင့် ငွေကြေးများစွာ ကုန်ကျပေလိမ့်မည်။
ဤအချိန်၌ မြို့စားမင်းလုအား ကူညီပေးခြင်းဖြင့် စီမာလျန်သည် ရင်းနှီးကျွမ်းဝင်မှုကို လွယ်ကူစွာ တည်ဆောက်နိုင်ပေသည်။
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ကျန်ရှိနေသော အစားအစာများကို မြိန်ယှက်စွာ စားသောက်လိုက်လေသည်။
ထိုအရာသည် ကြာရှည်မည့်လုပ်ငန်းစဉ်တစ်ခု ဖြစ်သော်လည်း ချွမ်ဧကရာဇ်ထံမှ လွတ်ကင်း၍ ကိုယ်ပိုင်ရပ်တည်နိုင်ရေးအတွက် အောင်မြင်ရမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချထားပေသည်။
နောက်တစ်နေ့တွင် သူသည် မှော်ရတနာတောင်တန်း၏ မြေပုံနှင့်အတူ ချင်ဖုန်းဂိုဏ်းသို့ ထွက်ခွာလာခဲ့တော့သည်။