← Chapters

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း ၂၄၄

Vol. 25 Ch. 244

အခန်း (၂၄၄) - ရာသီခွင်ဆယ့်နှစ်ပါး အစောင့်အရှောက်

ဓားတစ်သန်းခန်းမ…

ကျောက်ချင်းယင်သည် နောက်ဆုံးတွင် အပြည့်အဝ ပြန်လည်သက်သာလာခဲ့ပြီး တောင်ထွတ်သခင်များကို ဆင့်ခေါ်လိုက်လေသည်။

သူ၏စိတ်ထဲတွင် ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိပေသည်။ ၎င်းမှာ ထိုက်တောင်ရှိ လီရုံ၏ပုန်းခိုရာနေရာကို ဖျက်ဆီးပစ်ရန်ပင်။

“ငါတို့အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ကြာနက်ဂိုဏ်းက တပည့်တိုင်းကို အမြစ်ပြတ် ချေမှုန်းပစ်မယ်...”

ကျောက်ချင်းယင်က ပြောလိုက်သည်။

“သူတို့ ထိုက်တောင်မှာ ရှိနေသေးတယ်ဆိုတာ သေချာရဲ့လား... သူတို့လိုချင်တာကိုရပြီးရင် ထွက်ပြေးသွားကြမှာ မဟုတ်ဘူးလား...”

ဟန်တန်က မတ်တတ်ရပ်ကာ မေးလိုက်သည်။

“ကျွန်တော်လွှတ်လိုက်တဲ့အဖွဲ့ကတော့ သူတို့ အဲဒီနေရာမှာပဲ ရှိနေသေးတယ်လို့ ပြောတယ်...”

ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။

“ဒါက ထောင်ချောက်တစ်ခု မဖြစ်နိုင်ဘူးလား... ငါတို့ ဝင်လာမယ့်အချိန်ကို အဲဒီမှာ စောင့်နေတာများလား...”

ဟန်တန်က မေးလိုက်ပြန်သည်။

ကျောက်ချင်းယင်သည် မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါယမ်းလိုက်လေသည်။

“ထောင်ချောက်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါတို့ဝင်သွားပြီး သူတို့ကို ရှင်းပစ်ရမှာပဲ...”

“အချိန်ဆွဲနေလေလေ သူတို့ပြင်ဆင်ဖို့ အချိန်ပိုရလေလေပဲ...”

ရွေးချယ်စရာလမ်းကြောင်းအမျိုးမျိုးကို အမြဲတမ်းချိန်ဆလေ့ရှိသည့် ချင်းယန်ဇီနှင့်နှိုင်းယှဉ်ပါက သူ၏လုပ်ဟန်မှာ တိုက်ရိုက်ဆန်လွန်းလှပေသည်။

အခြားသော တောင်ထွတ်သခင်များသည်လည်း သူ၏အမြင်ကို သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။

ကြာနက်ဂိုဏ်းမှ လာရောက်တိုက်ခိုက်သည့် ယခင်တိုက်ပွဲတိုင်း၌ အလွန်ဆိုးရွားသော အကျိုးဆက်များကိုသာ ခံစားခဲ့ရသည်။

သူတို့ဘက်မှ ဦးဆောင်လှုပ်ရှားခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“ကျန်းရီနျန်... ဒီတစ်ကြိမ်တော့ မင်းက ဂိုဏ်းမှာပဲနေခဲ့ပြီးတော့ သတိထားစောင့်ကြည့်နေ... မင်း ဖမ်းခံရမှာကို ငါတို့ မလိုချင်ဘူး...”

ကျောက်ချင်းယင်သည် ကျန်းရီနျန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သိုင်းဦးလေး...”

ကျန်းရီနျန်သည် ပခုံးတွန့်ကာ ပြောလိုက်သည်။

ထို့နောက် ကျန်းရီနျန်သည် တောင်ထွတ်သခင်များနှင့်အတူ တိုက်ခိုက်မည့်အစီအစဉ်ကို ဆက်လက်ဆွေးနွေးလေတော့သည်။

တောင်ထွတ်တစ်ခုစီတိုင်းမှ အကောင်းဆုံးတပည့်များကို စေလွှတ်ရမည်ဖြစ်ပြီး နှစ်ရက်အကြာတွင် ထိုက်တောင်သို့ထွက်ခွာနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။

…

အံ့ဩစရာမရှိစွာပင် လင်းဖန်သည်လည်း တပည့်များထဲမှတစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရလေသည်။

ထို့ကြောင့် နောက်နှစ်ရက်အတွင်း သူသည် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို ဖားပြုပ်ရုပ်တုအတွင်းသို့ စုဆောင်းသိမ်းဆည်းလိုက်သည်။

သူသည် ဖယောင်းတိုင်များ၊ အစားအစာ၊ ရေနှင့် အဝတ်အစားများကဲ့သို့သော ပစ္စည်းများမှ စတင်ခဲ့လေသည်။

ကောဟယ်ရုသည် နောက်ထပ် ကောင်းကင်ပြန်လည်အားဖြည့်ဆေးလုံးနှင့် ထူးကဲမြင့်မြတ်သော အဆိပ်ကုစားခြင်းဆေးလုံး အသုတ်သစ်တစ်ခုကို ဖော်စပ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

လင်းဖန်အတွက် အချိန်ကိုက်ပင် ဖြစ်ပေသည်။

အရာအားလုံးပြီးစီးသွားပြီးနောက် သူသည် စိတ်ထဲမှနေ၍ အချက်အလက်ပြဇယားကို ခေါ်ထုတ်လိုက်လေသည်။

[လက်ရှိသားရဲစွမ်းရည် - ၃/၃]

[တောယုန်စွမ်းရည်အဆင့် - ၂/၃]

[ဝံပုလွေစွမ်းရည်အဆင့် - ၃/၃]

[မီးပုတ်သင်စွမ်းရည်အဆင့် - ၃/၃]

[လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့် - ၇ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၆၄၀၀ လိုအပ်သည်)]

[လက်ရှိကလဲ့စားချေအမှတ် - ၃၈၀၀]

[သားရဲစွမ်းရည်အား အဆင့်မြှင့်တင်ပါမည်လား။ လုပ်မည်/မလုပ်ပါ]

သူ့ထံတွင် ကလဲ့စားချေအမှတ် ၃၈၀၀ ကျန်ရှိနေရာ ၎င်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုအား အဆင့်မြှင့်တင်ရန် လုံလောက်မှုမရှိသော်လည်း တောယုန်စွမ်းရည်အတွက်မူ လုံလောက်ပေသည်။

လီရုံ၏စွမ်းဆောင်နိုင်ရည်များကို သိထားသည့် လင်းဖန်သည် အဆိုးရွားဆုံးအခြေအနေများအတွက် အသင့်ပြင်ထားရမည်ကို သိရှိထားသည်။

အသက်ရှင်နိုင်မည့်အခွင့်အရေးအား ပိုမိုတိုးမြှင့်ရန်အတွက် သူ၏ တောယုန်စွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်လေသည်။

‘သားရဲစွမ်းရည်ကို အဆင့်မြှင့်မယ်...’

သူက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။

[ဒင်]

[တောယုန်စွမ်းရည် အဆင့်မြှင့်တင်ခြင်း အောင်မြင်ပါသည်]

[အသံမှတ်ဉာဏ်သည် ယခုအခါ ပဲ့တင်ထပ်အသံ ဖြစ်သွားပါပြီ - ၅ ကီလိုမီတာ အကွာအဝေးအတွင်းရှိ အသံများကို နားထောင်နိုင်ပါသည်။ မည်သည့်အသံကိုမဆို ဖန်တီးနိုင်ပြီး အသံထောင်ချောက်များအဖြစ် ထုတ်လွှတ်နိုင်သည်။]

[သဏ္ဍာန်မဲ့ခြေလှမ်းသည် ယခုအခါ တစ္ဆေခြေလှမ်း ဖြစ်သွားပါပြီ - အတားအဆီးများကို ၃၀ စက္ကန့်အထိ ဖြတ်သန်းသွားလာနိုင်ပါသည်။ ရန်သူကို ဖြတ်သန်းသွားပါက သူတို့၏ ချီစီးဆင်းမှုကို နှောင့်ယှက်နိုင်ပြီး ခဏတာ ဟန်ချက်ပျက်သွားစေနိုင်သည်။]

[ဆက်တိုက်‌ခုန်ပျံခြင်းသည် ယခုအခါ ကောင်းကင်ခြေလှမ်း ဖြစ်သွားပါပြီ - ခုန်သည့်အချိန်တိုင်း လေထဲတွင် (၁၀) စက္ကန့်အထိ ဝဲပျံနိုင်ပါသည်။]

[လက်ရှိသားရဲစွမ်းရည် - ၃/၃]

[တောယုန်စွမ်းရည်အဆင့် - ၃/၃]

[ဝံပုလွေစွမ်းရည်အဆင့် - ၃/၃]

[မီးပုတ်သင်စွမ်းရည်အဆင့် - ၃/၃]

[လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် - ၇ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၆၄၀၀ လိုအပ်သည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၈၀၀]

လင်းဖန်သည် သဏ္ဍာန်မဲ့ခြေလှမ်း၏ရှင်းလင်းချက်ကို မြင်လိုက်ရချိန်တွင် ကျေနပ်သွားလေသည်။

သူသည် ၎င်းကို အသက်သွင်းလိုက်ပြီး မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားချေသည်။

သူသည် သစ်သားတဲ၏နံရံများကို ဖောက်ထွင်းသွားလာနိုင်ပြီး တဲအပြင်ဘက်ရှိ သစ်ပင်များကိုပါ ဖြတ်သန်းသွားနိုင်လေသည်။

စက္ကန့် (၃၀) အကြာတွင် လူပုံစံအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားလေတော့သည်။

ယင်းက သူ၏စွမ်းအင်များကို ပိုမိုကုန်ခမ်းစေသော်လည်း ယခုအခါတွင် ရန်သူ၏တိုက်ခိုက်မှုများကို အချိန်ပိုကြာကြာ ရှောင်တိမ်းနိုင်ပြီ ဖြစ်ပေသည်။

ဤစွမ်းရည်ကို ပိုမိုအထောက်အကူဖြစ်စေရန် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ကျင့်ကြံခြင်းအဆင့် သို့မဟုတ် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့်ကို မြှင့်တင်ရန်သာ ဖြစ်ပေသည်။

သူ၏ ကလဲ့စားချေအမှတ်များမှာ လိုအပ်ချက်နှင့် အလှမ်းဝေးနေသေးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ သွားရောက်ကာ ကျင့်ကြံခြင်းများကို ကြိုးကြိုးစားစား လေ့ကျင့်လေတော့သည်။

…

ထိုက်တောင်…

လီရုံသည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ ဆံပင်ဖြီးနေလေသည်။

တပည့်တစ်ယောက်က သူမရှေ့တွင်ဒူးထောက်ကာ ချင်ဖုန်းဂိုဏ်း၏လှုပ်ရှားမှုများကို အစီရင်ခံနေလေသည်။

“အရှင်မ... သူတို့ရဲ့ သူလျှိုအဖွဲ့က ထပ်ပြီး ချောင်းမြောင်းနေပြန်ပြီ... ကျွန်တော်တို့ သူတို့ကို ရှင်းပစ်လိုက်ရမလား...”

တပည့်ဖြစ်သူက မေးလိုက်သည်။

လီရုံက သူမ၏ ဆံပင်များကိုကိုင်ကာ ရှင်း၊မရှင်း သိနိုင်ရန် အပေါ်သို့ မြှောက်ကြည့်လိုက်သည်။

သူမ၏ဆံပင်များ ရှုပ်ထွေးနေဆဲဖြစ်သဖြင့် နှုတ်ခမ်းကိုကိုက်ကာ ဆံပင်အဖျားများကို ဆက်လက်ဖြီးသင်နေလေသည်။

“သူတို့ကို ဒီအတိုင်းပဲ ထားလိုက်ပါ... ငါတို့ ဒီမှာ စောင့်နေတယ်ဆိုတဲ့သတင်းကို သူတို့ဆီကနေတစ်ဆင့် သယ်ဆောင်သွားဖို့ လိုအပ်တယ်...”

အဆုံးတွင် သူမ၏ဆံပင်များ ဖြောင့်တန်းသွားသည်ကို မြင်လိုက်ရချိန်၌ သက်ပြင်းချလိုက်လေသည်။

ဘုတ်...

လီရုံသည် ဘီးကိုချထားလိုက်ပြီး ရှေ့ရှိ တပည့်ဖြစ်သူကို အကဲခတ်ကြည့်လိုက်သည်။

သူမက တပည့်ဖြစ်သူ၏မေးစေ့အား လက်ဖြင့်ပင့်တင်လိုက်ကာ ပြောလိုက်သည်။

“ရာသီခွင်ဆယ့်နှစ်ပါးအစောင့်အရှောက် ဆယ့်နှစ်ယောက်ကို ဆင့်ခေါ်လိုက်... ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွက် သူတို့ကို ပြင်ဆင်ထားခိုင်းလိုက်စမ်း...”

“ရာသီခွင်ဆယ့်နှစ်ပါးအစောင့်အရှောက် ဆယ့်နှစ်ယောက်... ကျွန်တော် ချက်ချင်း သွားလုပ်လိုက်ပါ့မယ်...”

လီရုံ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် တပည့်ဖြစ်သူ၏မျက်နှာမှာ နီမြန်းသွားလေသည်။

သူသည် အလျင်အမြန် ထွက်ခွာသွားပြီး စတင်လုပ်ဆောင်လေတော့သည်။

သူ၏တုံ့ပြန်မှုများကို မြင်လိုက်ရချိန်တွင် လီရုံက နှုတ်ခမ်းမဲ့ကာ ပြုံးလိုက်သည်။

‘ယောက်ျားတွေအားလုံးက အတူတူပါပဲ...’

သူမက စိတ်ထဲမှ တွေးလိုက်သည်။

‘အမှောင်သခင်ကလွဲရင်ပေါ့...’

သူမသည် စားပွဲခုံအား လက်ချောင်းများဖြင့် ခေါက်နေလေသည်။

…

ပျန့်ကျင်း၊ ချွမ်မင်းဆက်၏ မြို့တော်…

မြို့တော်၏ ဗဟိုချက်တွင် ဧကရာဇ်နန်းတော်ကြီး တည်ရှိလေသည်။

ဧကရာဇ်ချွမ်ရှီသည် သူ၏လက်ထဲရှိ စာတစ်စောင်ကို ကြည့်နေလေသည်။

ရှေ့တန်းစစ်မျက်နှာမှ အစီရင်ခံစာကိုဖတ်နေစဉ် သူ၏လက်များက တုန်ယင်နေလေသည်။

အချိန်အကြာကြီး တိုက်ပွဲဝင်ပြီးနောက်တွင် သူ၏စစ်တပ်သည် ဟူလူမျိုးနွယ်စုအား မြောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားရန် ဖိအားပေးနိုင်ခဲ့ချေပြီ။

ယခုအခါတွင် သူသည် မိမိ၏နယ်မြေများအပေါ်သို့ အာရုံပြန်စိုက်ရန် အချိန်ရပြီဖြစ်ပေသည်။

“အရှင်မင်းကြီး... ချင်ဖုန်းဂိုဏ်းက ထိုက်တောင်မှာရှိတဲ့ ကြာနက်ဂိုဏ်းရဲ့ ခြေကုပ်စခန်းကိုဖျက်ဆီးဖို့ စီစဉ်နေပါတယ်...”

မိန်းမစိုးချုပ်က ဒူးထောက်ကာ ပြောလိုက်သည်။

ဧကရာဇ်မှာ ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်လုံးကို လက်ဖြင့်ရိုက်ချလိုက်ရာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကွဲအက်သွားလေတော့သည်။

မိန်းမစိုးချုပ်သည် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အမြန်ဆုတ်ခွာလိုက်သည်။

“အသုံးမကျတဲ့ လူမိုက်တွေ... ဂိုဏ်းငယ်လေးတစ်ခုကို အမြစ်ပြတ်ချေမှုန်းဖို့ ဒီလောက်တောင် အချိန်ယူနေရသလား...”

သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်တို့ လုပ်နိုင်တာက...”

မိန်းမစိုးချုပ်သည် စကားကို အဆုံးထိ မပြောရဲတော့ပေ။

“မင်းစိတ်ထဲရှိတာကို ပြောစမ်း... ဒီအတွက် မင်းကို အပြစ်မတင်ဘူး...”

ဧကရာဇ် ချွမ်ရှီက ပြောလိုက်သည်။

All Chapters