အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅) - ထိုက်တောင်ပေါ်မှ တိုက်ခိုက်မှု
“နှစ်ဖက်လုံး အသက်ရှင်လျက် လွတ်မသွားအောင် ကျွန်တော်တို့ သေသေချာချာလုပ်သင့်ပါတယ်... ဒါက လက်လွတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ...”
မိန်းမစိုးချုပ်က ပြောလိုက်သည်။
“ဘယ်လိုလုပ်မလဲ... အခုအချိန်မှာ ချင်ဖုန်းဂိုဏ်းက ငါ့ကိုပုန်ကန်လာမယ့် အန္တရာယ်မျိုးကို မစွန့်စားနိုင်ဘူး...”
ထိုအကြံပြုချက်ကြောင့် ဧကရာဇ်ချွမ်ရှီက မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့တိုက်ပွဲပြီးဆုံးမယ့်အချိန်ကိုစောင့်ပြီး ကျားမာန်စွယ်တပ်မရဲ့ အင်အားအပြည့်နဲ့ သူတို့ကို ဝင်ရောက်တိုက်ခိုက်ရပါမယ်...
“အခုဆိုရင် မြောက်ပိုင်းနယ်စပ်က လုံခြုံသွားပြီဖြစ်လို့ ဂိုဏ်းတွေကို အရှင့်လက်အောက်မှာ အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် ကျားမာန်စွယ်တပ်မကို စတေးရတာက အသေးအဖွဲ့ ကိစ္စလေးတစ်ခုပါပဲ...”
“သူ့လက်ထဲမှာ အာဏာတွေ အရမ်းများနေပြီဆိုတော့ ကျားမာန်စွယ်တပ်မရဲ့ စစ်သူကြီးလျိုဖုန်းက အနားယူဖို့ အချိန်တန်နေပါပြီ...”
မိန်းမစိုးချုပ်က သူ၏အစီအစဉ်များကို အကြံပြုလိုက်သည်။
ဧကရာဇ်ချွမ်ရှီသည် သူ၏နားထင်အား ပွတ်သပ်ကာ ထိုအကြံပြုချက်ကို တွေးတောနေလေသည်။
ဤအခွင့်အရေးကို လက်လွတ်မခံသင့်ကြောင်း မိန်းမစိုးချုပ်ပြောသည်မှာ မှန်ကန်ပေသည်။
သူသည်လည်း အောင်ပွဲတိုင်းနှင့်အတူ စစ်သူကြီးလျိုဖုန်းရရှိလာသော အာဏာများကို ငြီးငွေ့လာပြီ ဖြစ်သည်။
သူ၏အာဏာအား စိန်ခေါ်နိုင်သာ်အထိ မည်သူမှ အင်အားကြီးမားခွင့်မရှိပေ။
နောက်ဆုံးတွင် သူက ဆုံးဖြတ်ချက်ချကာ အမိန့်ပေးလိုက်သည်။
“ကျားမာန်စွယ်တပ်မက စစ်သူကြီးလျိုဖုန်းကို ခေါ်လိုက်စမ်း...”
…
ချင်ဖုန်းဂိုဏ်း…
လင်းဖန်နှင့် ဟိုမင်တို့သည် ဗဟိုရင်ပြင်၌ စုဝေးနေကြသည်။
ထိုက်တောင်သို့မထွက်ခွာမီ သူတို့ကို အဖွဲ့များ ခွဲပေးမည်ဖြစ်သည်။
လင်းဖန်သည် မျက်နှာဖုံးစွပ်ကာ ထပ်မံရုပ်ဖျက်ထားပြီး ယခုတစ်ကြိမ်တွင် ပညာတတ်တစ်ဦး၏ရုပ်သွင်ကို ဖန်တီးထားလေသည်။ ကြာနက်ဂိုဏ်း၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန် သူက အန္တရာယ်ကင်းမည့်ပုံစံမျိုးကို လိုချင်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုတစ်ကြိမ်တွင် သူက ‘လုတင့်’ ဟူသော အမည်ဝှက်ကို အသုံးပြုထားသည်။
ဥပေက္ခာပြုထား၍မရနိုင်လောက်အောင် ချောမောလွန်းနေသဖြင့် အမျိုးသမီးတပည့်အချို့မှာ သူ့အား တိတ်တဆိတ် ခိုးကြည့်နေကြသည်။
ဟွမ်ယွမ်ခွန်းပင်လျှင် သူနှင့်ယှဉ်လိုက်ပါက မှေးမှိန်သွားရချေသည်။
အခြားတပည့်များကမူ သူမည်သူဖြစ်ကြောင်းသိရှိရန် ကြိုးစားနေကြသဖြင့် ထိုမျှလောက် ဖော်ရွေမှုမရှိကြပေ။
‘ချမ်းသာတဲ့မိသားစုကလာတဲ့ တပည့်တွေထဲက တစ်ယောက်ဖြစ်ရမယ်...’
သူတို့က စိတ်ထဲမှ တွေးလိုက်ကြသည်။
သူတို့မှာ ‘လုတင့်’ နှင့် တစ်ဖွဲ့တည်း မကျစေရန်သာ မျှော်လင့်နေကြသည်။
သူတို့အားလုံးသည် ဗဟိုရင်ပြင်ထဲတွင် လင်းဖန်ကို လိုက်လံရှာဖွေနေကြသည်။
သူနှင့်အတူ တာဝန်ထမ်းဆောင်ရပါက သူတို့၏အသက်များ ဘေးကင်းမည်ကို သိထားကြပေသည်။
သို့သော် လင်းဖန်အား မည်သည့်နေရာတွင်မှ မတွေ့ရသောအခါ အားလုံးက စိတ်ပျက်သွားကြလေသည်။
ယခုအထိ လင်းဖန် စွမ်းဆောင်နိုင်ခဲ့သည်များကိုကြည့်လျှင် သူနှင့်တစ်ဖွဲ့တည်း ကျရောက်ရန်မှာ အားလုံးအတွက် တောင်းတစရာကိစ္စတစ်ခု ဖြစ်ပေသည်။
“နောက်တစ်ဖွဲ့... ဟိုမင်၊ လုတင့်၊ လီရှောင်နဲ့ ထိုက်လန်...”
ဝါရင့်တပည့်တစ်ဦးက စာလိပ်ထဲမှ နာမည်များကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလိုက်သည်။
ဓားတောင်ထွတ်မှ လီရှောင်နှင့် ထိုက်လန်တို့သည် ထိုကြေညာချက်ကို ကြားလိုက်ရပြီး ‘လုတင့်’ မှာ မည်သူဖြစ်ကြောင်း မြင်လိုက်ရသောအခါ စိတ်ပျက်သွားကြလေသည်။
မျက်လုံးမှေးမှေးနှင့် လီရှောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ထိုက်လန်ကို တံတောင်ဖြင့် တိုက်လိုက်သည်။
ခန္ဓာကိုယ်ထွားကြိုင်းသော ထိုက်လန်က လှည့်ကြည့်ကာ မေးလိုက်သည်။
“ဘာလဲ...”
“လုတင့်ကို ငါတို့အဖွဲ့ထဲကနေ ထုတ်ပစ်ဖို့ ဟိုမင်ကို သွားဖျောင်းဖျကြည့်ရအောင်...”
လီရှောင်က ပြောလိုက်သည်။
“ကောင်းပြီလေ... ငါ သူ့ကို သွားပြောလိုက်မယ်...”
ထိုက်လန်က ပခုံးတွန့်လိုက်ပြီး ဟိုမင်ထံသို့ လျှောက်သွားလိုက်သည်။
“ရပ်လိုက်စမ်း... မင်းလို အရူးကတော့...”
လီရှောင်က သူ့အား နောက်သို့ဆွဲချလိုက်ပြီး ခေါင်းခါယမ်းလိုက်လေသည်။
ဤထိုက်လန်မှာ သိပ်ပြီး ဉာဏ်ကောင်းလှသူ မဟုတ်ပေ။
သို့သော် ဖြူဖျော့ဖျော့မျက်နှာရှိသော ‘လုတင့်’ ထက်စာလျှင် ထိုက်လန်နှင့်အတူ နေရသည်က ပိုကောင်းဦးမည်ဟု သူ ခံစားရသည်။
အနည်းဆုံးတော့ ထိုက်လန်၏ဓားသိုင်းက သူ့ထက် ပိုကောင်းပေသည်။
“လုတင့် အမှားလုပ်မိမယ့်အချိန်ကို စောင့်ရမယ်၊ အဲဒီအခါကျရင် ဟိုမင်ကို သေသေချာချာ ဖျောင်းဖျလို့ရပြီ၊ အခုလောလောဆယ်တော့ ဟိုမင်က ငါတို့စကားကို နားထောင်လောက်တဲ့အထိ အနေမှာ မဟုတ်ဘူး...”
လီရှောင်က ပြောလိုက်သည်။
ထိုက်လန်က သူ၏နဖူးကို ရိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
“တောင်းပန်ပါတယ်ကွာ၊ အဲဒီလိုမျိုး မတွေးမိဘူး၊ မင်းက ငါ့ထက် အမြဲတမ်း ပိုဉာဏ်ကောင်းတာပဲ...”
“ကံကောင်းပါစေကွာ လီရှောင်...”
တပည့်တစ်ယောက်က လီရှောင်၏ဘေးမှဖြတ်သွားရင်း ပခုံးကိုပုတ်ကာ လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
သူ့နောက်မှလိုက်လာသော အခြားတပည့်များကလည်း လီရှောင်ကိုကြည့်ကာ ခေါင်းခါပြသွားကြသည်။
လီရှောင်တစ်ယောက် ကံမကောင်းလှပေ။
ထို ‘လုတင့်’ ဆိုသူက သူတို့အဖွဲ့ထဲတွင် မပါဝင်သည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူရမည်။
“ခွေးကောင်တွေ... ကြာနက်ဂိုဏ်းက တပည့်တွေကို ငါ သတ်ဖြတ်ပြတဲ့အခါကျရင် မင်းတို့ တွေ့ကြသေးတာပေါ့...”
လီရှောင်က မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ရင်း ပြောလိုက်သည်။
ထိုစဉ် အသံတစ်သံက ထွက်ပေါ်လာသည်။
“မင်း စိတ်အခြေအနေ သိပ်မကောင်းဘူးထင်တယ်... ငါတို့ နောက်မှ ပြန်လာခဲ့သင့်တယ် ထင်တယ်...”
လီရှောင် ကြည့်လိုက်သောအခါ ‘လုတင့်’ နှင့် ဟိုမင်တို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ငါတို့တွေ အခု တစ်ဖွဲ့တည်း ဖြစ်သွားပြီထင်တယ်၊ ငါက လီရှောင်၊ သူကတော့ ထိုက်လန်ပဲ၊ မရူးမိုက်နဲ့၊ အသက်ရှင်အောင် ကြိုးစားကြ...”
လီရှောင်က ပြောလိုက်သည်။
“ငါတို့ အသက်ရှင်အောင် သေချာပေါက် အစွမ်းကုန်ကြိုးစားမှာပါ...”
လင်းဖန်ကပြုံးကာ ပြောလိုက်သည်။
“ထိုက်လန်ရဲ့ဓားသိုင်းက အရမ်းကောင်းတယ်၊ မင်းတို့ ဖြေရှင်းလို့မရတဲ့ အန္တရာယ်တစ်ခုခုရှိလာရင် သူ့အနောက်ကိုသာ ပြေးကြ...”
လီရှောင်က ထိုက်လန်၏ပခုံးကိုပုတ်ကာ ပြောလိုက်သည်။
ထိုက်လန်က ခေါင်းကိုကုတ်လိုက်ပြီး လင်းဖန်နှင့် ဟိုမင်တို့ကို ပြုံးပြလိုက်သည်။
“ဟုတ်တယ်၊ တစ်ခုခုဖြစ်လာရင် မင်းတို့နှစ်ယောက်လုံးကို ငါ ကာကွယ်ပေးမယ်...”
လင်းဖန်က ခေါင်းညိတ်ပြလိုက်ပြီး ထိုက်လန်ကို ပြန်လည်ပြုံးပြလိုက်သည်။
‘ဒီအဖွဲ့က သိပ်တော့ မဆိုးပါဘူး...’
သူက စိတ်ထဲမှ တွေးလိုက်သည်။
အခြားတပည့်များက သူ့အား မည်သို့ကြည့်နေကြသည်ကို သတိထားမိသော်လည်း ထုံးစံအတိုင်း ဂရုမစိုက်ခဲ့ပေ။
လီရှောင်ဆိုသူက သူ့အား သဘောမကျပုံပေါ်သော်လည်း လီရှောင်၏လုပ်ရပ်များကမူ အခြားတစ်မျိုး ဖြစ်နေသည်။
သူတို့ အသက်ရှင်နေနိုင်ရန်အတွက် မည်သို့ကြိုးစားရမည်ကိုရှင်းပြရန် လီရှောင်၌ စိတ်ကူးရှိနေဆဲဖြစ်သည်။
ယခင်က လင်းဖန်ကြုံတွေ့ခဲ့ဖူးသော အခြားသူများထက် အများကြီး ပိုကောင်းပေသည်။
အဖွဲ့များ ခွဲဝေပြီးနောက်တွင် ထိုက်တောင်ဆီသို့ ဦးတည်ထွက်ခွာရန် အချိန်ကျရောက်လာပြီဖြစ်သည်။
ထိုတာဝန်တွင် တပည့်တစ်ရာကျော် ပါဝင်ခဲ့ကြပေသည်။
ထိုက်တောင်ဆီသို့ သွားသောခရီးက ထူးခြားမှုသိပ်မရှိခဲ့ပေ။
တစ်ခါတစ်ရံ အနားယူချိန်များတွင် တပည့်အချို့စိတ်ရှုပ်ထွေးကာ ရန်ပွဲများဖြစ်ပွားခဲ့သည်မှလွဲ၍ ပုံမှန်မဟုတ်သောအရာများ မဖြစ်ပေါ်ခဲ့ချေ။
ထိုက်တောင်၏နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် တိုက်ခိုက်မှုများမစတင်မီ တစ်ညတာ စခန်းချလိုက်ကြသည်။
လင်းဖန်၊ ဟိုမင်၊ လီရှောင်နှင့် ထိုက်လန်တို့က သူတို့၏တဲအတွင်း၌ ရိက္ခာခြောက်များကို စားသောက်နေကြသည်။
လီရှောင်သည် ယခုအခါ ‘လုတင့်’ အပေါ် အမြင်အနည်းငယ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
‘လုတင့်’ သည် အံ့သြဖွယ်ကောင်းစွာဖြင့် ခရီးရှည်ကြီးအား အမီလိုက်နိုင်ခဲ့ပေသည်။
တပည့်အချို့မှာ ကြမ်းတမ်းခက်ခဲသော ခရီးရှည်ကြီးအား ဒဏ်မခံနိုင်ဘဲ ကျန်ရစ်ခဲ့ကြရသည်။
“လီရှောင်... မနက်ဖြန်အတွက် မင်းမှာ ခွန်အားတွေ ကျန်နေသေးမယ်လို့ မျှော်လင့်ပါတယ်၊ မင်းရဲ့အသင်းသားတွေကို စောင့်ရှောက်ရတာ မင်းအတွက် အရမ်းခက်ခဲနေမှာပဲ...”
တပည့်တစ်ယောက်ကဝင်လာပြီး လီရှောင်ကို လှောင်ပြောင်လိုက်သည်။
သူသည် ဗဟိုရင်ပြင်၌ လှောင်ပြောင်ခဲ့ဖူးသောတပည့်ပင်။
“ဖုန်း... မင်းမှာ ဒီလိုကလေးဆန်တဲ့ အပြုအမူတွေလုပ်နေဖို့ အချိန်ရှိနေရင် မနက်ဖြန် မင်းသေရမယ့်အချိန်အတွက် ဘာလို့ ကြိုတင်မပြင်ဆင်ထားတာလဲ...”
လီရှောင်က ဒေါသတကြီး ပြန်လည်ပြောဆိုလိုက်သည်။
လင်းဖန်က စိတ်ဝင်တစားဖြင့် ကြည့်နေလိုက်သည်။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးရန်စရှိနေသည်မှာ သေချာပေသည်။
“ဟက်... မင်း အရင်ဆုံး သေသွားနိုင်ချေက ပိုများမယ်လို့ ငါထင်တယ်...”
ဖုန်းက လင်းဖန်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။