အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆) - ကြွက်လူသား
လင်းဖန်က မိမိကိုယ်ကို လက်ညှိုးထိုးပြကာ ‘ငါ့ကို… ဘာလို့လဲ’ ဟူသော မျက်နှာပေးမျိုးဖြင့် ဖုန်းကို ကြည့်လိုက်သည်။
“အေး... မင်းပဲ... မင်းလို အသုံးမကျတဲ့ကောင်ကြောင့် မင်းတို့အဖွဲ့ သေရဖို့များတယ်...”
ဖုန်းက ပြောလိုက်သည်။
ဒုတ်...
လီရှောင်က သူ၏ ရိက္ခာခြောက်ဖြင့် ဖုန်း၏မျက်နှာကို လှမ်းပေါက်လိုက်သည်။
“ဒီကနေထွက်သွားစမ်း... ငါ့အဖွဲ့သားတွေက မင်းအထင်မှားနေတယ်ဆိုတာ သက်သေပြလိမ့်မယ်...”
သူက အော်ဟစ်လိုက်ပြီး ဖုန်းကို တဲအပြင်သို့ တွန်းထုတ်လိုက်သည်။
ဖုန်းက ဓားဆွဲထုတ်ချင်ခဲ့သော်လည်း ထိုက်လန်သည် မတ်တတ်ထရပ်ကာ သူ့ထံသို့ပြေးဝင်လာသည်ကို မြင်လိုက်ရသောကြောင့် ရပ်တန့်သွားခဲ့သည်။
ဖုန်းသည် ထိုက်လန်တစ်ယောင် သူ့ထက်အစွမ်းထက်သည်ကို သိထားသဖြင့် တဲအပြင်သို့ခုန်ထွက်ကာ ထွက်ပြေးသွားလေတော့သည်။
“သူ့ကို ဂရုမစိုက်ပါနဲ့...”
“ကျွန်တော် ကျင့်ကြံသူဖြစ်လာပြီး သူ့မိသားစုရဲ့ ချုပ်ချယ်မှုအောက်ကနေ ရုန်းထွက်နိုင်ကတည်းက သူ ကျွန်တော့်ကို ဒေါသထွက်နေခဲ့တာ...”
“သူ့အတွက်ကတော့ တစ်ခါအစေခံဖြစ်ဖူးရင် တစ်သက်လုံးအစေခံပဲလေ...”
လီရှောင်က ခေါင်းခါလိုက်ပြီး ဖုန်းတစ်ယောက် သူ့အပေါ် အဘယ်ကြောင့် ဤမျှရန်လိုနေရကြောင်း ရှင်းပြလိုက်သည်။
“သြော်... ဒီလိုကိုး... ကြာနက်ဂိုဏ်းကို စတင်တိုက်ခိုက်တဲ့အခါ လူတိုင်း အသက်ရှင်နိုင်အောင် ငါ ကြိုးစားပေးပါ့မယ်...”
လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ပခုံးတွန့်ပြလိုက်သည်။
လင်းဖန်၏စကားကြောင့် လီရှောင်မှာ မျက်လုံးလှန်ချင်သွားရချေသည်။
‘ဘာလို့ ဒီလောက်တောင် ကြွားလုံးထုတ်နိုင်ရတာလဲ...’
‘အချိန်တန်ရင်တော့ သိရမှာပေါ့...’
သေးငယ်သော ရုန်းရင်းဆန်ခတ်မှုလေးပြီးနောက် သူတို့သည် အိပ်ရာဝင်ကာ ထိုညအတွက် အနားယူလိုက်ကြသည်။
သန်းခေါင်ယံအချိန်တွင် လင်းဖန်သည် သူ၏ခြေရင်း၌ လှုပ်ရှားမှုအချို့ကို ခံစားလိုက်ရသည်။
သူက မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကြွက်များမှာ သူ့အနီးတစ်ဝိုက်၌ အုံခဲနေသည်ကို မြင်လိုက်ရလေသည်။
“ထကြ...”
သူက အော်ဟစ်လိုက်ပြီး သူ့ဘေးရှိဟိုမင်ကို တွန်းနှိုးလိုက်သည်။
“ဒါတွေက ဘာတွေလဲ...”
လီရှောင်နှင့် ထိုက်လန်တို့လည်း နိုးလာကြပြီး တဲအတွင်းရှိ ကြွက်များကို မြင်တွေ့လိုက်ရသည်။
ဟိုမင်က ဓားများကို ဆွဲထုတ်လိုက်ကာ ကြွက်များကို ခုတ်ပိုင်းလိုက်လေသည်။
ဘုန်း...
လေပွေဓားသိုင်းက ကြွက်များကိုစုပ်ယူသွားပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သည်။
သို့သော်လည်း ကြွက်အရေအတွက်မှာ များပြားလွန်းနေသဖြင့် ကြွက်အချို့မှာ သူတို့အပေါ်သို့တက်လာကာ ကိုက်ခဲကြတော့သည်။
လင်းဖန်က ရှေးဦးမူလတိုက်တန်အကာအကွယ်ဖြင့် ထိုကိုက်ခဲမှုများကိုမမှုဘဲ ခံနိုင်ရည်ရှိနေပေသည်။
သို့သော် အခြားသူများမှာမူ ထိုမျှ ကံမကောင်းကြပေ။
ကြွက်များက သူ၏ခြေထောက်များကို လှမ်းကိုက်လိုက်ချိန်တွင် ဟိုမင်က ဓားကိုသုံးကာ သူတို့ကို ခုတ်ပိုင်း ဖယ်ရှားလိုက်ရသည်။
လီရှောင်နှင့် ထိုက်လန်တို့သည်လည်း သူတို့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်များကိုဖယ်ရှားရန် အလုပ်ရှုပ်နေကြသည်။
“အား... ကျက်သရေတုန်းတဲ့ကြွက်တွေ၊ သူတို့က ဘယ်ကနေ ရောက်လာကြတာလဲ...”
ကြွက်များကိုဖယ်ရှားရန် ရုန်းကန်နေကြရသော တပည့်များ၏ အော်ဟစ်သံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်နေလေသည်။
လင်းဖန်မှာ တဲအပြင်သို့ ထွက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူတို့၏တဲပတ်လည်သို့ ပါးစပ်မှ အမည်းရောင်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ကြွက်များသည် ထိုမီးခိုးငွေ့များနှင့် ထိတွေ့သွားသောအခါ သူတို့၏အရေခွံနှင့် ခန္ဓာကိုယ်များမှာ အက်ဆစ်အဆိပ်ကြောင့် ပျော်ဆင်းသွားရချေသည်။
မည်းမှောင်နေသော အဆိပ်ငွေ့များကို ဖြတ်ကျော်ရန်ကြိုးစားရင်း ကြွက်များသေဆုံးသွားကြသဖြင့် တဖြည်းဖြည်းနှင့် ကြွက်သေကောင်များမှာ တောင်ငယ်လေးတစ်လုံးပမာ ပုံကျလာလေသည်။
မကြာမီမှာပင် ကြွက်များသည် ကြိုးစားမှုကို ရပ်တန့်လိုက်ကြပြီး အခြားတဲများဆီသို့သာ ဦးတည်သွားကြတော့သည်။
လင်းဖန်တစ်ယောက် အထဲသို့ ပြန်ဝင်သွားချိန်၌ တဲအတွင်းရှိ ကြွက်များအားလုံးကို ရှင်းလင်းပြီးဖြစ်နေပေပြီ။
သို့သော် ဟိုမင်၏မျက်နှာမှာ စက္ကူတစ်ရွက်ပမာ ဖြူဆုတ်နေသည်ကို သူ မြင်လိုက်ရသဖြင့် အခြေအနေများက ကောင်းမွန်မနေကြောင်း သိလိုက်ရသည်။
ဟိုမင်သည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာတစ်ခု ရှိနေလေသည်။
“ဒီကြွက်တွေမှာ အဆိပ်ပါနေတယ်...”
သွေးကြောများတစ်လျှောက် အဆိပ်များပျံ့နှံ့နေမှုကို တားဆီးရန် ချီစွမ်းအင်များအား အသုံးပြုဖို့ကြိုးစားရင်း ဟိုမင်က ပြောလိုက်သည်။
လီရှောင်နှင့် ထိုက်လန်တို့သည်လည်း အလားတူအခြေအနေတွင် ရှိနေကြသည်။
လင်းဖန်သည် ထူးကဲမြင့်မြတ်သော အဆိပ်ကုစားခြင်းဆေးလုံး တစ်ပုလင်းကို အမြန်ထုတ်ယူလိုက်ပြီး သူတို့နှစ်ဦးကို တစ်လုံးစီ ပေးလိုက်လေသည်။
သူတို့က ဆေးလုံးကို သောက်လိုက်ကြပြီး မကြာမီမှာပင် သူတို့မျက်နှာပေါ်ရှိ နာကျင်နေသောအမူအရာများ ပျောက်ကွယ်သွားတော့သည်။
‘ကောဟယ်ရုက ထူးဆန်းပေမယ့် သူ့ရဲ့ဆေးလုံးတွေကတော့ အမြဲတမ်း အစွမ်းထက်တာပဲ...’
လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။
လင်းဖန်သည် ဟိုမင် မျက်လုံးပွင့်လာပြီး မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ မေးလိုက်သည်။
“ဟိုမင်... မင်း အဆင်ပြေရဲ့လား...”
“ငါ နည်းနည်းသက်သာသွားပါပြီ... ဒါပေမယ့် အဆိပ်ကြောင့် ငါ့ရဲ့ ချီစွမ်းအင်တွေ ကုန်ခမ်းသွားတယ်...”
ဟိုမင်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးအချို့ကို ထုတ်ယူကာ မျိုချလိုက်ရင်း ပြန်ဖြေလိုက်သည်။
လင်းဖန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ယင်းက စခန်းတစ်ခုလုံးရှိ လူများသည်လည်း တူညီသောကံကြမ္မာကို ခံစားနေရကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။
ဟိုမင်တစ်ယောက် တန်ဖိုးကြီးမားသော ထိုဆေးလုံးများအား သကြားလုံးများကဲ့သို့ ပါးစပ်ထဲပစ်ထည့်နေသည်ကို လီရှောင်က မျက်လုံးပြူးကာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုက်လန်မှာလည်း မနာလိုသည့် မျက်လုံးများဖြင့် ငေးကြည့်နေခဲ့သည်။
“ဒီမှာပဲနေပြီး ဒါကို ယူထားလိုက်...”
လင်းဖန်သည် သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံး တစ်ပုလင်းကို ပစ်ပေးလိုက်ပြီးနောက် တဲအတွင်းမှ ထွက်သွားလေသည်။
မည်သို့ပင်ဆိုစေ ထိုဆေးလုံးများက သူ့အတွက် အသုံးမဝင်တော့ပေ။
လီရှောင်သည် လေထဲမှဆေးပုလင်းကို ဖမ်းယူလိုက်ပြီး အမှောင်ထုအတွင်း ပျောက်ကွယ်သွားသော လင်းဖန်၏ကျောပြင်ကို လိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူသည် ထိုက်လန်ဘက်သို့ လှည့်ကြည့်ကာ တီးတိုးပြောလိုက်သည်။
“ငါတို့ အစီအစဉ် ပြောင်းရလိမ့်မယ်ထင်တယ်...”
ထိုက်လန်ကပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဆပြာလိုက်သည်။
“မင်းသဘောပါပဲ... ဘာပဲဖြစ်ဖြစ် မင်းက အသိဉာဏ်အရှိဆုံးလူပဲလေ...”
အသိဉာဏ်ရှိသူဆိုသည့်စကားကို ကြားသောအခါ လီရှောင်က ပြုံးလိုက်လေသည်။
သူသည် အမှန်တကယ်တွင် အသိဉာဏ်ရှိသူ မဟုတ်လောက်ချေ။
လင်းဖန် တဲအပြင်ဘက်သို့ ရောက်သွားချိန်တွင် နေရာအနှံ့၌ ပရမ်းပတာဖြစ်နေချေပြီ။
အမြင်အာရုံမှုန်ဝါးနေခြင်းက ကြွက်များကိုရင်ဆိုင်ရာတွင် အခက်တွေ့စေခဲ့ပြီး လူအများအပြားမှာ ကြွက်အဆိပ်သင့်ကာ လဲကျနေကြသည်။
သူသည် အဆိပ်ငွေ့များကိုသုံးကာ လမ်းကြောင်းကို ဖြည်းညင်းစွာ ရှင်းလင်းသွားခဲ့သည်။ ထိုစဉ် သူ့နောက်ကျောဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခလောက်...
နောက်သို့ အမြန်လှည့်ကြည့်လိုက်သောအခါ အရပ်တစ်ဝက်ခန့်သာရှိသော လူတစ်ယောက်က သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထိုလူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမွေးရှည်များဖုံးလွှမ်းနေပြီး ရှေ့သွားများမှာ ကြွက်တစ်ကောင်ကဲ့သို့ ရှည်လျားနေလေသည်။
ရင်းနှီးနေသော အသံတစ်ခုက လင်းဖန်၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]
[ကလဲ့စားချေအမှတ် (၅၀၀) ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]
ထိုကြွက်လူသားသည် လင်းဖန်ထံသို့ ခုန်အုပ်လာပြီး ခြေထောက်များကိုကိုက်ရန် ကြိုးစားတော့သည်။
လင်းဖန်သည် ရှေးဦးမူလတိုက်တန်အကာအကွယ်စွမ်းရည်ကို အသက်သွင်းလိုက်ရာ ကြွက်လူသား၏ရှေ့သွားမှာ သူ၏ မာကျောသော အရေပြားကြောင့် ရပ်တန့်သွားရချေသည်။
သူသည် သံတူများကိုထုတ်ယူကာ ကြွက်လူသားကို ရိုက်ချလိုက်သည်။
ဘုန်း...
နေရာအနှံ့မှထွက်ပေါ်လာသော ကြွက်များက ကြွက်လူသားကို ဖုံးလွှမ်းသွားလေသည်။
ကြွက်တောင်တန်းကြီးတစ်ခုကဲ့သို့ဖြစ်သွားပြီး သံတူများမှာ ကြွက်လူသားထံသို့ မရောက်ရှိနိုင်ခဲ့ပေ။
သံတူများ ရိုက်ခတ်သွားမှုကြောင့် ကြွက်များ၏ အသားစိုင်များနှင့် သွေးများမှာ နေရာအနှံ့သို့ လွင့်စင်သွားရတော့သည်။
ရုတ်တရက် ကြွက်တောင်တန်းကြီးထဲမှ ကြွက်လူသားသည် လင်းဖန်ထံသို့ ခုန်ထွက်လာခဲ့သည်။
ကြွက်လူသား အံ့အားသင့်သွားချိန်တွင် လင်းဖန်သည် မြူခိုးများအဖြစ်ပြောင်းလဲသွားခဲ့ပြီး ကြွက်လူသားမှာ မြူခိုးများကြားသို့ ဖြတ်သန်းသွားရလေသည်။
ကြွက်လူသား မြေပြင်ပေါ်သို့ကျဆင်းသွားချိန်တွင် လင်းဖန်သည် သူ၏အနောက်၌ ပေါ်လာပြီး သံတူများဖြင့် ရိုက်ချလိုက်လေသည်။
ကြွက်လူသားသည် အကာအကွယ်အတွက် သူ၏ ကြွက်များကိုဆင့်ခေါ်ရန် ကြိုးစားလိုက်သော်လည်း ချီစွမ်းအင်များ အနှောင့်အယှက်ခံလိုက်ရကြောင်းကို သတိပြုမိသွားသည်။
လင်းဖန်၏ သဏ္ဍာန်မဲ့ခြေလှမ်းစွမ်းရည်က သူ၏ ချီစွမ်းအင်များကို မတည်မငြိမ် ဖြစ်သွားစေခဲ့ခြင်း ဖြစ်ပေသည်။
ဘုန်း...
ချီစွမ်းအင်ကို အသက်မသွင်းနိုင်တော့သဖြင့် လင်းဖန်၏သံတူများက သူ၏ကျောပြင်ပေါ်သို့ ကျရောက်သွားတော့သည်။