အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇) - နောက်ထပ် လာဦးမည်
ဂျွတ်...
လင်းဖန်၏သံတူများက ကြွက်လူသား၏ကျောပြင်ပေါ်သို့ ပြင်းထန်စွာရိုက်ခတ်မိသွားချိန်တွင် အရိုးများ၏ ကျိုးကြေသွားသော အသံကို ကြားလိုက်ရသည်။
ထိုရိုက်ချက်က ကြွက်လူသားကို မြေပြင်ပေါ်၌ လူးလိမ့်လျက် လွင့်စင်သွားစေသည်။
“အား...”
ကျောပြင်မှနာကျင်မှုဒဏ်ကို မခံမရပ်နိုင်တော့သဖြင့် ကြွက်လူသားသည် စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
သူသည် နှေးကွေးစွာဖြင့် ပြန်လည်ထရပ်လိုက်ပြီး လင်းဖန်ကို မျက်နှာမူလိုက်သည်။
ဝုန်း...
လင်းဖန်က ရှေ့သို့ အရှိန်အဟုန်ဖြင့်ပြေးဝင်ကာ သံတူများဖြင့် ကြွက်လူသားကို ထပ်မံရိုက်နှက်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ ကြွက်လူသားသည် လေထဲသို့လွင့်ပျံသွားပြီး သစ်ပင်ပင်စည်တစ်ခုနှင့် ဆောင့်မိသွားတော့သည်။
သစ်ပင်ပင်စည်မှာ ထိခိုက်မှုဒဏ်ကြောင့် ပင်စည်ကျိုးပျက်ကာ သစ်ပင်ကြီးမှာ ဖြည်းညင်းစွာ လဲပြိုကျသွားလေသည်။
အဟွတ်...
ကြွက်လူသားသည် လဲပြိုကျလာသောသစ်ပင်ကို ရှောင်ရှားရန် ဘေးဘက်သို့လိမ့်လိုက်ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။
သူအန်ထုတ်လိုက်သော သွေးများဆီသို့ ကြွက်များစုပြုံတိုးဝှေ့လာကြရာ ကြွက်လူသားသည် ထိုကြွက်များထဲမှ တစ်ဆုပ်စာခန့်ကို လှမ်းဖမ်းလိုက်သည်။
သူသည် ထိုကြွက်များကို ပါးစပ်ထဲသို့သွတ်သွင်းကာ ဝါးစားလိုက်လေသည်။
ပါးစပ်ထဲမှ ကြွက်များကို ကိုက်ဝါးလိုက်သည့်အချိန်တိုင်းတွင် ကျောပြင်မှနာကျင်မှုများမှာ လွင့်ပြယ်သွားပြီး ကြွက်လူသား၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည်မတ်လာလေသည်။
လင်းဖန်က ကြွက်လူသားဆီသို့ သံတူများကို ဝှေ့ယမ်းလိုက်သည်။
ထိုစဉ် အလင်းရောင်တောက်ပနေသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့က ကြွက်လူသားထံသို့ ပြေးဝင်သွားကြလေသည်။
ချက်ချင်းဆိုသလိုပင် ကြွက်များစွာက ကြွက်လူသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
မီးတောက်ဝံပုလွေက ကြွက်လူသားကိုကိုက်ခဲရန် ကြိုးစားရင်း မီးတောက်များဖြင့် ထိုကြွက်များကို လောင်ကျွမ်းစေသည်။
လေထုထဲတွင် အသားကျွမ်းနံ့များ ပျံ့လွင့်သွားလေသည်။
အခြားတစ်ဖက်တွင်မူ ရေခဲအစွယ်ကျားဖြူက သူ၏ ရေခဲစွယ်များဖြင့် ကြွက်များကို ခဲသွားစေလေသည်။
မကြာမီမှာပင် ကြွက်လူသားအား ဖုံးအုပ်ထားသောကြွက်များမှာ လုံလောက်မှုမရှိတော့ဘဲ ခန္ဓာကိုယ်မှာ ပြန်လည်ပေါ်ထွက်လာတော့သည်။
လင်းဖန်က အခွင့်အရေးကိုမြင်လိုက်သဖြင့် ရှေ့သို့ အရှိန်ပြင်းစွာတိုးဝင်ပြီး နဂါးဟိန်းသံလှံဖြင့် ကြွက်လူသား၏ဦးခေါင်းကို ထိုးနှက်လိုက်သည်။
သို့သော် ကြွက်လူသားက သူ၏ ဦးခေါင်းကို တိမ်းစောင်းလိုက်သဖြင့် လှံချက်မှာ လွဲချော်သွားရသည်။
ထို့ကြောင့် လင်းဖန်က လှံကို ကြွက်လူသား၏ခန္ဓာကိုယ်ဆီသို့ ပြန်လည်ဦးတည်ကာ ထိုးစိုက်လိုက်ပြန်သည်။
ဝုန်း...
သူ့ကို အံ့အားသင့်စေသည်မှာ ကြွက်လူသားသည် လက်များကိုအသုံးပြုကာ မြေပြင်အောက်သို့ တိုးဝင်ပျောက်ကွယ်သွားခြင်းပင်။
နောက်တစ်ခဏတွင် သူသည် မြေပြင်ပေါ်၌ ကုန်းငယ်လေးတစ်ခု မြင့်တက်လာပြီး ထိုအရာက သူ့ဆီသို့ ဦးတည်ရွေ့လျားလာသည်ကို တွေ့လိုက်ရသည်။
လင်းဖန်က မြေငလျင်ပြတ်ရွေ့စွမ်းရည်ကိုအသုံးပြု၍ မြေပြင်ကို ခြေဖြင့်ဆောင့်နင်းလိုက်သည်။
သူရပ်နေသော နေရာမှစ၍ ငလျင်လှိုင်းတစ်ခုမှာ စက်ဝိုင်းပုံစံဖြင့် အပြင်ဘက်သို့ ပြန့်ကားထွက်သွားပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။
မြေအောက်မှ အရာအားလုံး ကမောက်ကမဖြစ်သွားပြီး မြေထုနှင့် ဖုန်မှုန့်များမှာ ကွဲအက်ထွက်ပေါ်လာလေသည်။
ဒယ်အိုးထဲမှ လွင့်ထွက်သွားသော အသားစိုင်တစ်ခုကဲ့သို့ ကြွက်လူသားသည် မြေငလျင်ပြတ်ရွေ့လှိုင်းကြောင့် လေထဲသို့ လွင့်ပျံတက်သွားသည်ကို လင်းဖန် မြင်လိုက်ရသည်။
ဝုန်း...
သူသည် ကောင်းကင်ခြေလှမ်းကိုအသုံးပြုကာ လေထဲသို့ ခုန်ပျံလိုက်သည်။
သူက လှံကိုအသုံးပြုကာ ကြွက်လူသား၏လည်ပင်းဆီသို့ ထိုးစိုက်လိုက်သည်။
ဇွပ်...
ကြွက်လူသား၏လည်ပင်းမှ သွေးများ ပန်းထွက်လာလေသည်။
ကြွက်များသည် ကြွက်လူသားဆီသို့ရောက်ရှိရန် အသည်းအသန်ကြိုးစားရင်း တစ်ကောင်ပေါ်တစ်ကောင် ထပ်တက်သွားကြသည်။
ကြွက်များ ပိုမိုစုပြုံလာသည်နှင့်အမျှ တဖြည်းဖြည်းမြင့်တက်လာပကာ ကြွက်တောင်ပူစာလေးတစ်ခုသဏ္ဍာန် ဖြစ်ပေါ်လာတော့သည်။
လင်းဖန်သည် ကောင်းကင်ခြေလှမ်းစွမ်းရည်ဖြင့် လေထဲတွင် (၁၀)စက္ကန့်ခန့် ဝဲပျံနေနိုင်ပြီဖြစ်ရာ ကြွက်လူသားအား လှံဖြင့် လေထဲတွင်ပင် ထိန်းကိုင်ထားလိုက်သည်။
“မင်း... ဒဏ်ခတ်ခံရလိမ့်မယ်... ငါ့ရဲ့ ညီအစ်ကို မောင်နှမတွေက... ငါ့အတွက် ကလဲ့စားချေပေးလိမ့်မယ်...”
သွေးများက အဆုတ်ထဲသို့စီးဝင်သွားသဖြင့် ကြွက်လူသားသည် ခက်ခက်ခဲခဲ ပြောလိုက်လေသည်။
လင်းဖန်က သူ၏စကားကို ကြားသောအခါ လှံကို ဘေးသို့လှည့်လိုက်ရာ ဒဏ်ရာမှာ ပိုမိုကျယ်ပြန့်သွားပြီး ကြွက်လူသားအား ပိုမို၍နာကျင်စေတော့သည်။
နောက်ဆုံးတွင် (၁၀)စက္ကန့် ပြည့်သွားသဖြင့် သူသည် ကြွက်လူသားနှင့်အတူ မြေပြင်သို့ ဆင်းသက်လိုက်သည်။
သူမြေပြင်သို့ ကျရောက်ချိန်တွင် ရင်းနှီးသောအသံတစ်ခုက သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာလေသည်။
[ဒင်]
[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]
[ကလဲ့စားချေအမှတ် + ၅၀၀]
[လက်ရှိ ကလဲ့စားချေအမှတ် - ၁၃၀၀]
ကြွက်လူသားသည် မြေပြင်ပေါ်၌ လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်သက်သွားပြီး ကြွက်များမှာလည်း အရပ်ရပ်သို့ ထွက်ပြေးသွားကြတော့သည်။
“ကောင်းတယ်...”
ဟွမ်ယွမ်ခွန်း၏အသံက လေထဲတွင် ထွက်ပေါ်လာသည်။
လင်းဖန် လှည့်ကြည့်လိုက်ရာ ဟွမ်ယွမ်ခွန်းသည် ကြွက်များကိုရှင်းလင်းနေသော တပည့်အချို့နှင့်အတူ သူ့ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
“ဒါက ဘယ်သူလဲ...”
လင်းဖန်က ကြွက်လူသား၏အလောင်းကို ညွှန်ပြကာ မေးလိုက်သည်။
“သူက ရာသီခွင်ဆယ့်နှစ်ပါး အစောင့်အရှောက်တွေထဲက ပထမဆုံးကြွက်ပဲ...”
ဟွမ်ယွမ်ခွန်းက ပြောလိုက်သည်။
“ဒါဆို... နောက်ထပ်လည်း လာဦးမှာပေါ့...”
လင်းဖန်က မျက်မှောင်ကြုတ်ကာ မေးလိုကသည်။
“ကံဆိုးစွာနဲ့ပဲ... ဟုတ်တယ်...”
ဟွမ်ယွမ်ခွန်းက ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“ဒီအလောင်းကို အစီအရင်တောင်ထွတ်သခင်ဆီ ယူသွားလိုက်...”
သူက သူ၏နောက်ကွယ်မှ တပည့်များကို လှည့်၍ ပြောလိုက်သည်။
သူတို့သည် ကျောက်မင်ယဲ့၏ မှတ်ဉာဏ်ပြန်လည်ဖော်ထုတ်ခြင်းအစီအရင်ကိုအသုံးပြုကာ ရာသီခွင်ဆယ့်နှစ်ပါး အစောင့်အရှောက်များနှင့် သူတော်စင်မိန်းကလေး၏ အစီအစဉ်များအကြောင်းကို တတ်နိုင်သမျှ ရှာဖွေရမည် ဖြစ်သည်။
တပည့်များက ကြွက်လူသား၏အလောင်းကို သယ်ဆောင်သွားကြပြီး လင်းဖန်သည်လည်း တဲဆီသို့ ပြန်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် သူသည် ချင်ဖုန်းဂိုဏ်းတပည့်အများစုမှာ သူတို့၏ခန္ဓာကိုယ်အတွင်းမှ ကြွက်အဆိပ်များကိုဖယ်ရှားရန် အသည်းအသန် ကြိုးစားနေကြသည်ကို မြင်တွေ့ခဲ့ရသည်။
သူ တဲအတွင်းသို့ ဝင်လိုက်ချိန်တွင် ဟိုမင်၊ လီရှောင်နှင့် ထိုက်လန်တို့မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်သည်။
“အပြင်မှာ ဘာဖြစ်ခဲ့တာလဲ...”
လီရှောင်က မေးလိုက်သည်။
“ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး... ဂိုဏ်းတူအစ်ကိုကြီး ဟွမ်ယွမ်ခွန်းရောက်လာပြီး ကြွက်တွေကို ထိန်းချုပ်နေတဲ့သူကို နှိမ်နင်းလိုက်တာ...”
လင်းဖန်က ပြောလိုက်သည်။
လီရှောင်က ခေါင်းညိတ်လိုက်ပြီး သွေးနှင့်ချီ ပြန်လည်အားဖြည့်ဆေးလုံးပုလင်းကို လင်းဖန်ထံသို့ ပြန်လည်ပေးအပ်ရန် ပြင်လိုက်သည်။
“မင်းပဲ သိမ်းထားလိုက်... ငါ မင်းကို အသက်ရှင်အောင် ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တာ မှတ်မိတယ်မလား...”
လင်းဖန်က ခေါင်းယမ်းလိုက်ပြီး ဆေးပုလင်းကိုပြန်တွန်းကာ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့...”
လီရှောင်ကပြောရန် ပြင်လိုက်သော်လည်း လင်းဖန်က သူ့ကို တားဆီးလိုက်သည်။
“မင်း ပြန်ပေးချင်တယ်ဆိုရင်တော့... အဲဒါ ငွေတစ်တေးလ် ကျသင့်မယ်...”
လင်းဖန်က ပြောလိုက်သည်။
လီရှောင်သည် အင်္ကျီလက်အိတ်အတွင်းမှ အိတ်ကပ်ကို ရှာဖွေကြည့်သော်လည်း ကြေးဒင်္ဂါးအနည်းငယ်မှတစ်ပါး အခြားဘာမျှ ရှာမတွေ့ချေ။
သူက ထိုက်လန်ထံသို့ လှမ်းကြည့်လိုက်သည်။
ထိုက်လန်သည်လည်း ထို့အတူပင် ရှာဖွေကြည့်သော်လည်း လက်အိတ်ထဲမှ ပေါက်စီတစ်လုံးကိုသာ ရှာတွေ့လေသည်။
ပေါက်စီကို မြင်လိုက်ရသောအခါ လီရှောင်သည် သူ၏နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်တော့သည်။
“ဒါဆိုရင်တော့... ငါ့ညွှန်ကြားချက်ကိုနားထောင်ပြီး အသက်ရှင်အောင် ကြိုးစားပါ...”
လင်းဖန်က ပြောလိုက်ပြီးနောက် ခုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
လီရှောင်သည် လင်းဖန်ကိုကြည့်ကာ ကျေးဇူးတင်မိတော့သည်။
လင်းဖန်သည် ထိုက်လန်မှလွဲ၍ သူ့အား လူတစ်ယောက်ကဲ့သို့ ဆက်ဆံပေးခဲ့သော တစ်ဦးတည်းသောသူဖြစ်သည်။
သူ ယခုအချိန်အထိ တွေ့ဆုံခဲ့ဖူးသူများမှာ သူ၏ အစေခံနောက်ခံကြောင့် အထင်သေးခဲ့ကြလေသည်။
သူသည်လည်း ထိုသူများကဲ့သို့ပင် ‘လုတင့်’ အပေါ် အလားတူရှုမြင်ခဲ့ဖူးသဖြင့် အနည်းငယ် အပြစ်မကင်းသလိုခံစားလိုက်ရသည်။
‘ငါ့ရဲ့ အမှားအတွက် ငါ ဘာမဆိုလုပ်ပြီး ပြန်ပေးဆပ်ရမယ်...’
လီရှောင်သည် စိတ်ထဲမှ ကြိတ်တွေးလိုက်သည်။
“ငါ ပင်ပန်းနေပြီ... စောစောအိပ်ကြရအောင်...”
ထိုက်လန်၏အသံက လီရှောင်၏အတွေးများကို ဖြတ်တောက်လိုက်သဖြင့် သူသည်လည်း အလျင်အမြန်ပင် အိပ်ရာထဲသို့ ဝင်လိုက်တော့သည်။
ဟိုမင်က ကျန်ရှိသော ညဉ့်နက်ပိုင်းတစ်လျှောက် ကင်းစောင့်ရန် မိမိသဘောအလျောက် တာဝန်ယူလိုက်သည်။