← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈) - အသားစား သဲပိုးကောင်များ

နောက်တစ်နေ့…

ကျောက်ချင်းယင်၏ တဲအတွင်း၌…

တောင်ထွတ်သခင်များနှင့် တောင်ထွတ်အသီးသီးမှ အကြီးအကဲများသည် ဤနေရာသို့ စုဝေးရောက်ရှိနေကြလေသည်။

ကျောက်ချင်းယင်သည် ဒေါသတကြီးဖြင့် ကျောက်မင်ယဲ့ကို စိုက်ကြည့်လိုက်သည်။

“စခန်းနယ်မြေကိုကာကွယ်ထားတဲ့ အစီအရင်က ဘာဖြစ်သွားတာလဲ...”

ကျောက်မင်ယဲ့က ဦးညွှတ်လျက် ပြောလိုက်သည်။

“တောင်းပန်ပါတယ် သိုင်းဦးလေး... ကြွက်တွေက အစီအရင်ကိုကိုက်ဖြတ်ဖျက်ဆီးသွားခဲ့ကြတာပါ... ကျွန်တော့်လူတွေလည်း ကြွက်အဆိပ်မိပြီး အသက်ဆုံးရှုံးသွားခဲ့ရပါတယ်...”

ထိုစကားကို ကြားသောအခါ ကျောက်ချင်းယင်သည် ဆက်လက်၍ အပြစ်မတင်တော့ရန် ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကြာနက်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများသည် အလွယ်တကူ ရင်ဆိုင်နိုင်သူများမဟုတ်ကြောင်း သူကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

သူတို့သည် အမြဲတစေ ကောက်ကျစ်ယုတ်မာသော နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိကြသည်။

ကျောက်ချင်းယင်က ဆက်လက် မေးမြန်းလိုက်သည်။

“ကြွက်လူသားရဲ့ ရုပ်အလောင်းကနေရော စုံစမ်းမိတာရှိလား...”

ကျောက်မင်ယဲ့သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ခေါင်းခါပြလိုက်သည်။

“သူ့ရဲ့ မှတ်ဉာဏ်တွေထဲကနေ ဘာမှရှာမတွေ့ခဲ့ဘူး၊ မှတ်ဉာဏ်တွေကို တစ်ယောက်ယောက်က သိုင်းနည်းစနစ်တစ်ခုခုနဲ့ ပိတ်ဆို့ထားပုံရတယ်၊ အဲဒီပိတ်ဆို့မှုကိုဖျက်ဆီးဖို့ ကြိုးစားလို့ရပေမဲ့ အနည်းဆုံး တစ်လလောက်တော့ အချိန်ယူရလိမ့်မယ်...”

ကျောက်ချင်းယင်သည် ထိုစကားကိုနားထောင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ချင်ဖုန်းဂိုဏ်းသည် အသာစီးရရန်အတွက် မှတ်ဉာဏ်ပြန်လည်ဖော်ထုတ်ခြင်းအစီအရင်ကို အသုံးပြုနေကြောင်း ကြာနက်ဂိုဏ်းက ရိပ်မိသွားပုံရသည်။

သူသည် ဟွမ်ယွမ်ခွန်းကို ကြည့်လိုက်သည်။

“မနေ့ညက ပျက်စီးဆုံးရှုံးမှုအခြေအနေက ဘယ်လိုရှိလဲ...”

ဟွမ်ယွမ်ခွန်းသည် သမ်းဝေလိုက်ပြီးနောက် သားရေလိပ်စာတစ်စောင်ကို ထုတ်ယူလိုက်သည်။

သူသည် သားရေလိပ်ကိုဖြန့်လိုက်ပြီး တစ်ညလုံးစုဆောင်းထားသော အချက်အလက်များကို ဖတ်ပြလိုက်သည်။

“တပည့် အယောက်၂၀ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး (၅) ဦး သေဆုံးသွားခဲ့ပါတယ်... ကျန်တဲ့သူတွေကိုတော့ ဆေးဖော်စပ်ရေးတောင်ထွတ်က ဆေးဆရာတွေ ကုသပေးနေကြပါပြီ...”

တိုက်ပွဲဝင်နိုင်စွမ်းရှိသော တပည့်ဦးရေမှာ (၈၀)ခန့်သာ ကျန်ရှိတော့သည်။

ကျောက်ချင်းယင်က ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါတို့တွေ အစီအစဉ်အတိုင်းပဲ ဆက်သွားကြမယ်... ငါတို့သာ ဒီနေရာမှာပဲ ဆက်နေနေရင် ရန်သူတွေလာတိုက်ခိုက်တာကို ထိုင်စောင့်နေရသလို ဖြစ်နေလိမ့်မယ်...”

တောင်ထွတ်သခင်များနှင့် အကြီးအကဲများသည် ခေါင်းညိတ်လိုက်ကြပြီးနောက် အသီးသီးပြင်ဆင်ရန် ထွက်ခွာသွားကြတော့သည်။

လင်းဖန်၏ တဲတံခါးဝတွင် တပည့်ခေါင်းဆောင်တစ်ဦး ပေါ်လာပြီး အော်ဟစ်အသိပေးလိုက်သည်။

“နောက်ထပ် (၁၀) မိနစ်အတွင်း ထွက်ခွာကြမယ်...”

ထိုအချိန်တွင် လင်းဖန်နှင့် အခြားသူများသည် နံနက်စာကို အမြန်ပင် စားသောက်နေကြသည်။

သူတို့သည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မိမိတို့၏အသုံးအဆောင်များကို အလျင်အမြန်ပင် သိမ်းဆည်းလိုက်ကြသည်။

ထို့နောက် ထိုတပည့်က ယနေ့လုပ်ဆောင်ရမည့်တာဝန်ကို ရှင်းပြခဲ့သည်။

လင်းဖန်တို့အဖွဲ့သည် ရှေ့ပြေးတပ်ဖွဲ့အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုက်တောင်သို့ဦးတည်သော တောအုပ်အတွင်း၌ ပုန်းအောင်းနေနိုင်သည့် ကြာနက်ဂိုဏ်းတပည့်များကို ရှင်းလင်းရမည်ဖြစ်သည်။

ဖုန်းသည် လင်းဖန်တို့အဖွဲ့ ဒဏ်ရာမရရှိသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားသည်။

သူ့အဖွဲ့တွင်မူ လူတစ်ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားခဲ့သဖြင့် လူ (၃)ဦးတည်းဖြင့်သာ တာဝန်ကို ဆက်လက်ထမ်းဆောင်နေရသည်။

‘ဒီစာပေသမားပုံစံနဲ့ကောင်က ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာလဲ... ဒီကောင် ကံကောင်းသွားတာပဲ ဖြစ်ရမယ်...’

ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

လီရှောင်သည် ဖုန်း၏အကြည့်ကို မြင်သောအခါ လှောင်ပြုံးပြုံးပြလိုက်သည်။

“မင်းတို့အဖွဲ့ထဲက လူတွေ နည်းသွားသလိုပဲနော်...”

ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။

“မင်းတို့အဖွဲ့က ကံကောင်းသွားလို့ပါ... မင်းတို့ရဲ့ကံက ဘယ်လောက်အထိ ခံမလဲဆိုတာ ငါတို့ စောင့်ကြည့်ကြတာပေါ့...”

ထို့နောက် ဖုန်းသည် သူ၏ အဖွဲ့သားများနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

…

တောအုပ်အတွင်း၌ လှည့်လည်သွားလာနေသော သားရဲအချို့မှတစ်ပါး အခြားမည်သည့်အန္တရာယ်နှင့်မျှ မတွေ့ရသဖြင့် သူတို့၏ခရီးစဉ်မှာ အဆင်ပြေချောမွေ့နေခဲ့သည်။

မွန်းလွဲပိုင်းသို့ရောက်သောအခါ သူတို့သည် သစ်ပင်များ အလွန်ကျဲပါးသွားသော ကွင်းပြင်တစ်ခုသို့ ရောက်ရှိလာကြသည်။

လင်းဖန်သည် တစ်ခုခု မူမမှန်ကြောင်း အာရုံရလိုက်သဖြင့် ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

“ငါ အရင်သွားပြီး စစ်ဆေးကြည့်မယ်... ဒီနေရာက နည်းနည်း ထူးဆန်းနေတယ်... ငါတို့ကို ထောင်ချောက်ဆင်ဖို့အတွက် တမင်တကာ ရှင်းလင်းထားတဲ့ပုံစံမျိုးပဲ...”

သူတို့ဘေးတွင်ရှိနေသော ဖုန်း၏အဖွဲ့သားများသည် လင်းဖန်၏စကားကို ကြားသောအခါ မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်ကြပြီးနောက် လှောင်ပြောင်ပြောဆိုလိုက်ကြသည်။

“သူရဲဘောကြောင်လိုက်တာ၊ မင်း အရမ်းကြောက်နေရင် အိမ်မှာပဲ မင်းမိဘတွေနဲ့အတူ နေခဲ့ပါလား၊ ဒီလမ်းကနေသွားတာက ပိုပြီးမြန်ဆန်တာ သိသာနေတာပဲကို...”

သူသည်ပြောပြီးသည်နှင့် သူ၏ အဖွဲ့သားများကို ရှေ့သို့ ဆက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။

အခြားအဖွဲ့များကလည်း လင်းဖန်ကိုကြည့်ကာ ခေါင်းခါယမ်းလိုက်ကြပြီးနောက် သူတို့နောက်သို့ လိုက်ပါသွားကြလေသည်။

“အား... ကယ်ကြပါဦး...”

ဖုန်းသည် ကွင်းပြင်အလယ်သို့ ရောက်ရှိသွားပြီးနောက် နောက်သို့လှည့်ကြည့်ကာ အော်ဟစ်လိုက်ခြင်း ဖြစ်ပေသည်။

လူတိုင်းက လှည့်ကြည့်လိုက်ကြသော်လည်း ဘေးကင်းလုံခြုံစွာရှိနေသော ဖုန်းကို မြင်လိုက်ရချိန်တွင် ရယ်မောမိခြင်းမရှိစေရန် အပြင်းအထန် အောင့်အီးထားကြရလေသည်။

လီရှောင်သည် ဖုန်းထံသို့ ပြေးဝင်သွားရန် ပြင်လိုက်သော်လည်း လင်းဖန်က သူ့ကိုလှမ်း၍ ဆွဲထားလိုက်သည်။

ထိုစဉ် လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးနေသောအသံတစ်ခု ပေါ်ထွက်လာလေသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် (၄၀) ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် (၄၀၀၀) ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် အသားစားသဲပိုးကောင်များကို သုတ်သင်ပါ]

“အား... ကယ်ကြပါဦး...”

ဖုန်း၏အော်ဟစ်သံက လည်ချောင်းကွဲမတတ် ထပ်မံထွက်ပေါ်လာပြန်သည်။

‘သူက ထပ်ပြီး နောက်ပြောင်နေပြန်ပြီ...’

အခြားတပည့်များက စိတ်ထဲတွင် ထိုသို့ထင်မှတ်ကာ သူ့ကို လျစ်လျူရှုထားလိုက်ကြသည်။

သို့သော် သူတို့ ရှေ့သို့ ဆက်လှမ်းလိုက်ကြချိန်တွင် ခြေထောက်အောက်ရှိမြေပြင်က လှုပ်ခတ်လာသည်ကို ခံစားလိုက်ရလေသည်။

ထို့နောက် ရုတ်တရက်ပင် မြေပြင်အောက်မှ ပိုးကောင်များထွက်ပေါ်လာပြီး သူတို့၏ခြေထောက်များကို လှမ်း၍ ဖမ်းဆွဲလိုက်ကြတော့သည်။

ထိုပိုးကောင်များက ခြေထောက်များကို ကိုက်ခဲလိုက်ချိန်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရချေပြီ။

မကြာမီပင် ကွင်းပြင်ရှိ အဖွဲ့လေးဖွဲ့မှ တပည့် ၂၀ခန့်သည် နာကျင်စွာဖြင့် အော်ဟစ်ငိုယိုလာကြလေသည်။

ဟိုမင်သည် သူတို့ထံသို့ ဦးတည်ပြေးဝင်လာသော အသားစားသဲပိုးကောင်တစ်ကောင်ထံသို့ ဓားဖြင့် ထိုးနှက်လိုက်သည်။

မာကျောသောအခွံရှိသည့် ပိုးတောင်မာနှင့်တူသော ထိုအသားစားသဲပိုးကောင်သည် လူတစ်ရပ်ခန့်မြင့်မားပြီး ဟိုမင်ရှိရာသို့ အစိမ်းရောင်ဓာတ်ငွေ့များကို မှုတ်ထုတ်လိုက်လေသည်။

ဝှစ်...

လေပွေလှိုင်းသည် အစိမ်းရောင်ဓာတ်ငွေ့များကို ဖြတ်သန်းသွားပြီး ထိုဓာတ်ငွေ့များကို လွင့်စင်သွားစေသည်။

ဘုန်း...

သူ၏ လေပွေဓားသိုင်းတိုက်ကွက်က အသားစားသဲပိုးကောင်ကို တစ်စစီ ဆွဲဖြဲပစ်လိုက်လေသည်။

“အစိမ်းရောင်ဓာတ်ငွေ့တွေကို မထိကြနဲ့... မရှူမိစေနဲ့ဦး...”

လင်းဖန်က ထိုဓာတ်ငွေ့များရှိရာမှ အဝေးသို့ခုန်ရှောင်လိုက်ရင်း အော်ပြောလိုက်သည်။

လီရှောင်နှင့် ထိုက်လန်တို့ကလည်း သူ့နောက်သို့ လိုက်ကာ ခုန်ရှောင်လိုက်ကြသည်။

အစိမ်းရောင်ဓာတ်ငွေ့များက ချုံနွယ်ပိတ်ပေါင်းများနှင့် သစ်ပင်များကို ထိတွေ့သွားချိန်တွင် သူတို့သည် ချက်ချင်းပင် အရည်ပျော်သွားကြလေသည်။

လင်းဖန်သည် ခြေထောက်အောက်ရှိမြေပြင်မှာ လှုပ်ခတ်လာသည်ကို ခံစားလိုက်ရသဖြင့် မြေငလျင်ပြတ်ရွေ့စွမ်းရည်ကိုအသုံးပြုကာ မြေပြင်ကို အားပြင်းပြင်းဖြင့် နင်းခြေလိုက်သည်။။

မြေငလျင်လှိုင်းတစ်ခုသည် လင်းဖန် မတ်တပ်ရပ်နေသော နေရာကိုဗဟိုပြု၍ စက်ဝိုင်းပုံသဏ္ဌာန် ဖြာထွက်သွားလေသည်။

အသားစားသဲပိုးကောင် ၃ကောင်သည် ထိုမြေငလျင်လှိုင်းကြောင့် ကောင်းကင်ထက်သို့ လွင့်စင်သွားကြရချေပြီ။

လီရှောင်သည် လင်းဖန်၏လှုပ်ရှားမှုကို မြင်လိုက်ရချိန်တွင် မိမိမျက်လုံးကိုယ်ပင် မယုံကြည်နိုင် ဖြစ်သွားရလေသည်။

ဤ ‘လုတင့်’ သည် သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုအစွမ်းထက်လှပေသည်။

ထိုက်လန်သည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး လီရှောင်၏ပခုံးကို ပုတ်လိုက်သည်။

“ငါတို့ သူ့ကို အဖွဲ့ထဲကနေ ဘယ်လိုနှင်ထုတ်ရတော့မလဲ...”

သူက လင်းဖန်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။

“သိပ်ကောင်းတာပေါ့... မင်းလည်း နောက်ဆုံးတော့ ငါ့ကို နောက်ပြောင်တတ်လာပြီပဲ...”

လီရှောင်သည် ရှားရှားပါးပါး ထက်မြက်ပြလာသော ထိုက်လန်ကိုကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။

သို့သော် လင်းဖန်ကမူ အသားစားသဲပိုးကောင်များနှင့် အလုပ်ရှုပ်နေပေသည်။

သူသည် သံတူများကို ထုတ်ယူလိုက်ပြီး ပိုးကောင်များရှိရာသို့ ဝှေ့ယမ်းလိုက်သည်။

တောက်ပနေသော မီးတောက်ဝံပုလွေနှင့် ရေခဲအစွယ်ကျားဖြူတို့သည် အသားစားသဲပိုးကောင် နှစ်ကောင်ထံသို့ ပြေးဝင်သွားကြလေသည်။

ထို့နောက် လင်းဖန်သည် သံတူများကိုပြန်သိမ်းကာ လှံကိုထုတ်ယူလိုက်ပြီး နောက်ဆုံးကျန်ရှိနေသော အသားစားသဲပိုးကောင်ထံသို့ ပြေးဝင်သွားလေသည်။

ဒုတ်...

လင်းဖန်၏ နဂါးဟိန်းသံပမာ လှံသွားဖြာနည်းစနစ်ကြောင့် အသားစားသဲပိုးကောင်၏ မာကျောလှသောအခွံမှာ ကွဲအက်သွားလေသည်။

လှံသွားလှိုင်းများသည် အလွန်များပြားလှသဖြင့် မကြာမီပင် မာကျောသောအခွံသည် ပွင့်ထွက်သွားကာ အသားစားသဲပိုးကောင်၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်သွားကြလေတော့သည်။

All Chapters