← Chapters

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း ၂၄၉

Vol. 25 Ch. 249

အခန်း (၂၄၉) - တိုက်ပွဲအစပျိုးခြင်း

ဘုန်း...

အသားစားသဲပိုးကောင်၏ နူးညံ့လှသောကလီစာများသည် လှိုင်းခုတ်ချက်ဒဏ်ကို မခံနိုင်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့လွင့်စင်သွားကြလေသည်။

လင်းဖန်သည် ကျန်ရှိနေသော အသားစားသဲပိုးကောင် နှစ်ကောင်ထံသို့ ကြည့်လိုက်သည်။

တောက်ပစွာလင်းထိန်နေသော မီးတောက်ဝံပုလွေသည် သူရင်ဆိုင်နေရသော အသားစားသဲပိုးကောင်ကို ကိုက်ခဲကာ ဆွဲဆုတ်ပစ်လိုက်သည်။

ရေခဲအစွယ်ကျားဖြူသည်လည်း ရေခဲအစွယ်များကို အသုံးပြုကာ အသားစားသဲပိုးကောင်၏ မာကျောသောအခွံကို ခဲသွားစေပြီး အက်ကွဲသွားအောင် ပြုလုပ်လိုက်သည်။

ထို့နောက် အသားစားသဲပိုးကောင်၏ ကလီစာများကို ကိုက်ခဲချေမှုန်းပစ်လိုက်လေသည်။

အသားစားသဲပိုးကောင်များ လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်သက်သွားပြီးနောက် ထိုသားရဲနှစ်ကောင်လုံးသည်လည်း ပျောက်ကွယ်သွားကြတော့သည်။

သူ၏စိတ်ဝိညာဉ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၃၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၆၀၀]

အသားစားသဲပိုးကောင်များ၏ ကလီစာများမှ ပြင်းထန်လှသောအနံ့ဆိုးများ ထွက်ပေါ်နေသဖြင့် လင်းဖန်သည် နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ရသည်။

ထိုအနံ့သည် ပုပ်စော်နံနေသောအသားနှင့် ဥပုပ်နံ့များကဲ့သို့ပင်။

“မင်း... မင်းက...”

လီရှောင်သည် လင်းဖန်ကိုလက်ညှိုးထိုးပြကာ မျက်လုံးများပြူးကျယ်လျက် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်မိသည်။

လင်းဖန်၏သံတူများသည် မှားယွင်းစရာ မရှိချေ။ ထို့ကြောင့် ဤ ‘လုတင့်’ ဆိုသူမှာ လင်းဖန် ရုပ်ဖျက်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

သူ စကားဆက်မပြောနိုင်မီမှာပင် လင်းဖန်က သူ့ကို စူးစိုက်ကြည့်လိုက်သည်။

လီရှောင်သည်လည်း လျင်မြန်စွာပင် သူ၏ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်တော့သည်။

‘သူ ဒီလို ရုပ်ဖျက်ထားရတာ အကြောင်းရင်းတစ်ခုခု ရှိရမယ်...’

သူက စိတ်ထဲမှ တွေးလိုက်သည်။

ထို့နောက် သူသည် ထိုက်လန်ဘက်သို့လှည့်ကာ နှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်၍ အချက်ပြလိုက်သည်။

ထိုက်လန်အား ဤအကြောင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် ပြောလိုက်ခြင်း ဖြစ်ပေသည်။

ထိုက်လန်သည် သူ၏ ဦးခေါင်းကိုကုတ်ရင်း ခေါင်းညိတ်ပြလိုက်လေသည်။

သူသည် ဖြစ်ပျက်နေသည်တို့ကို မသိသော်လည်း နှုတ်ဆိတ်နေခြင်းမှာမူ သူ၏ အကောင်းဆုံးစွမ်းရည်တစ်ခု ဖြစ်ပေသည်။

“သေစမ်း...”

“ဟိုမှာ နောက်တစ်ကောင် ရှိသေးတယ်...”

“ကယ်ကြပါဦး...”

လင်းဖန်သည် ကွင်းပြင်ကို အကဲခတ်ကြည့်လိုက်ရာ အသားစားသဲပိုးကောင်အများစုမှာ ရှင်းလင်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရုတ်တရက် တိုက်ခိုက်ခံရမှုကြောင့် တပည့် (၅)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။

ကျန်ရှိနေသော တပည့်များမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြသည်။

ဆေးတောင်ထွတ်မှဆေးဆရာများမှာ လျင်မြန်စွာ ပြေးဝင်လာကြပြီး ဒဏ်ရာပြင်းထန်သူများကို သယ်ဆောင်သွားကြလေသည်။

ဖုန်းအား သယ်ဆောင်သွားသည်ကို မြင်သောအခါ လင်းဖန်က ခေါင်းယမ်းလိုက်မိသည်။

ဖုန်း၏ညာဘက်ခြေထောက်မှ အသားစိုင်တစ်ခုမှာ အသားစားသဲပိုးကောင်များ၏ ကိုက်ခဲဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် စုတ်ပြတ်သတ်နေချေပြီ။

“မဖြစ်နိုင်ဘူး...”

လီရှောင်၏အဖွဲ့သားများအားလုံးမှာ အထိအခိုက်မရှိဘဲ အသက်ရှင်သန်နေသည်ကို မြင်လိုက်ရသောအခါ ဖုန်းက အော်ဟစ်လိုက်လေသည်။

“ဟုတ်တယ်၊ မင်း မြင်တဲ့အတိုင်းပဲ၊ ငါ့အဖွဲ့ကလူတွေအားလုံး ကျန်းကျန်းမာမာနဲ့ လှုပ်လှုပ်ရှားရှား ရှိနေသေးတယ်၊ မင်းတို့အဖွဲ့က လူတွေလိုတော့ မဟုတ်ဘူးပေါ့...”

လီရှောင်က ပြုံးစိစိဖြင့်ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အား...”

ဖုန်းသည် လီရှောင်၏စကားကို ကြားသောအခါ ဒေါသနှင့် ခြေထောက်မှ နာကျင်မှုဒဏ်ကြောင့် ဆက်၍ မအောင့်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရတော့သည်။

ဒေါသအဟုန်ကြောင့် သူ၏ မျက်နှာတစ်ခုလုံးနီမြန်းလာပြီး ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာလည်း ကမောက်ကမ ဖြစ်သွားရချေသည်။

အဟွတ်...

မတည်ငြိမ်သော ချီစွမ်းအင်များက ခန္ဓာကိုယ်တွင်း၌ မွှေနှောက်နေသဖြင့် ဖုန်း၏ ပါးစပ်မှ သွေးတစ်လုတ် အန်ထွက်လာရချေသည်။

“မြန်မြန်လုပ်ကြ... သူ့ကို ကုသရေးတဲဆီ အမြန်သယ်သွားကြ...”

ဆေးဆရာက အော်ဟစ်လိုက်သဖြင့် ဖုန်းကို သယ်ဆောင်ထားသော တပည့်များသည်လည်း အပြေးအလွှား ထွက်ခွာသွားကြတော့သည်။

ဤတိုက်ပွဲငယ်လေးပြီးနောက် သူတို့အတွက် နောက်ထပ် အမိန့်မှာမူ သတိကြီးစွာဖြင့် ရှေ့ဆက်တိုးရန်ပင်။

လင်းဖန်၏အဖွဲ့ဝင်တိုင်းသည် အသံလွှင့်ကျောက်စိမ်းပြား တစ်ခုစီကို ရရှိခဲ့ကြလေသည်။

အခြားရှေ့ပြေးတပ်ဖွဲ့များက နောက်မှလိုက်ပါလာစဉ်အတွင်း သူတို့သည် ရှေ့ပြေးကင်းထောက်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။

လင်းဖန်က မြေကွက်လပ်ကို ဖြတ်ကျော်လျှောက်လှမ်းရင်း ပြောလိုက်သည်။

“အသက်ရှင်ချင်ရင် နောက်ကနေ သေသေချာချာလိုက်ပြီး ငါ့ညွှန်ကြားချက်တွေကို နားထောင်ကြ...”

လီရှောင်နှင့် ထိုက်လန်တို့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့နောက်သို့ လိုက်ပါလာကြသည်။

ဟိုမင်ကမူ နောက်ကွယ်မှ အကာအကွယ်ပေးရန် သူတို့နောက်မှ လိုက်ပါလာလေသည်။

…

ထိုက်တောင်…

လီရုံ၏အခန်းထဲတွင် သူမရှေ့၌ အမျိုးသားနှင့် အမျိုးသမီး (၁၁)ဦး ထိုင်နေကြသည်။

သူတို့အားလုံး၏ ပုံပန်းသဏ္ဍာန်မှာ ထူးခြားဆန်းပြားလှသည်။

တစ်ယောက်မှာ ကျားတစ်ကောင်နှင့်တူပြီး နောက်တစ်ယောက်မှာ နွားသိုးတစ်ကောင်နှင့် တူပေသည်။

အများစုမှာ ဆယ့်နှစ်ရာသီခွင် သားရဲများ၏ ပုံသဏ္ဍာန်နှင့် တူညီနေကြသည်။

သူတို့သည် အလွန်ဆူညံလှပြီး အချင်းချင်း ငြင်းခုံနေကြလေသည်။

တတိယကျားက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။

“ပထမကြွက်က ပုံမှန်အတိုင်း နောက်ကျနေပြန်ပြီလား...”

ဒုတိယနွားက လှောင်ပြုံးပြုံးကာ ပြန်လည်ဖြေကြားလိုက်သည်။

“သူကတော့ ဟိုလယ်သမားတွေကို စားသောက်ပွဲကြီးလုပ်ပြီး ပျော်ပါးနေပြန်ပြီထင်တယ်...”

ဆဋ္ဌမမြွေက သူမ၏လျှာနှစ်ခွကို ထုတ်ကာ ရှူးရှူးရှဲရှဲ အသံပြုရင်း မတ်တပ်ရပ်လိုက်သည်။

“ငါ့သူငယ်ချင်းအကြောင်းကို အဲဒီလို လျှောက်မပြောနဲ့၊ မင်းကို အခုချက်ချင်း သတ်ပစ်မယ်လို့ ကျိန်ဆိုရဲတယ်...”

ထိုမြင်ကွင်းကြောင့် လီရုံသည် သူမ၏နားထင်ကို ပွတ်သပ်လိုက်သည်။

သူတို့သည် အမြဲတမ်း ဆူညံပွက်လောရိုက်နေတတ်သော လူတစ်စု ဖြစ်ပေသည်။

နောက်ဆုံးတွင် သူမသည် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။

“တိတ်စမ်း...”

သူမသည် မတ်တပ်ရပ်ကာ လက်ကိုမြှောက်လိုက်ရာ လက်ဖဝါးမှ စိမ်းလန်းသောအလင်းတန်းများ ထွက်ပေါ်လာပြီး ဆဋ္ဌမမြွေ၏ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ တစ်ဝက်ခန့် ဆွဲထုတ်လိုက်သည်။

ဆဋ္ဌမမြွေ၏ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့လဲကျသွားပြီး လီရုံက ဆဋ္ဌမမြွေ၏ဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် ထည့်သွင်းပေးလိုက်သည်။

ဤအရာက ထို (၁၁)ဦးကို ပါးစပ်ပိတ်သွားစေပြီး ငြိမ်သက်သွားစေသည်။

သူတို့တွင် လီရုံကဲ့သို့ အစွမ်းထက်သော ဝိညာဉ်ကျင့်ကြံသူကိုဆန့်ကျင်ရန် နည်းလမ်းမရှိချေ။

အခန်းထဲတွင် တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ ဝတ်ရုံနီဝတ်တပည့်တစ်ဦးက အခွင့်ကောင်းယူကာ အခန်းထဲသို့ အပြေးအလွှားဝင်ရောက်လာပြီး လီရုံ၏ရှေ့၌ ဒူးထောက်လိုက်သည်။

ထိုတပည့်က တရိုတသေ လျှောက်တင်လိုက်သည်။

“သူတော်စင်မိန်းကလေး... ကျွန်တော့်မှာ ပထမကြွက်ရဲ့ သတင်းအချက်အလက် ရှိပါတယ်...”

လီရုံက သူမ၏ထိုင်ခုံတွင် ပြန်လည်ထိုင်လိုက်ရင်း ပြောလိုက်သည်။

“ပြောစမ်း...”

ဝတ်ရုံနီဝတ် တပည့်က ဆက်လက်ပြောကြားလိုက်သည်။

“ပထမကြွက်က ချင်ဖုန်းဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါပြီ... အခု သူတို့တွေ ကျွန်တော်တို့ရှိရာဆီဦးတည်ပြီး ချီတက်လာနေကြပါတယ်...”

ကျန်ရှိနေသော ရာသီခွင်အစောင့်အရှောက်များက ပထမကြွက် အခြေအနေကို ကြားလိုက်ရသောအခါ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။

ပထမကြွက်အား ပြစ်တင်ရှုတ်ချနေခဲ့သော ဒုတိယနွားသည် ဒေါသတကြီးဖြင့် နှာခေါင်းမှ လေပူများကို မှုတ်ထုတ်နေတော့သည်။

သူ၏လည်ပင်းရှိ နွားချိုတစ်ခုက တောက်ပလာပြီး အသက်ရှူသံမှာ ဒေါသကြောင့် ပိုမိုပြင်းထန်လာသည်။

သူက မတ်တပ်ရပ်ကာ အော်ဟစ်လိုက်သည်။

“ငါ့ကို သွားခွင့်ပြုပါ... ငါ သူတို့ကို သတ်ပစ်မယ်...”

လီရုံက ခေါင်းယမ်းလိုက်ပြီးနောက် ပြောလိုက်သည်။

“တစ်ယောက်တည်းသွားပြီး နောက်ထပ်အလောင်းတစ်ခုတိုးအောင် လုပ်မလို့လား...”

သူမက ဆက်လက်၍ သူမ၏အစီအစဉ်ကို ချပြလိုက်သည်။

သူမက တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။

“ဒုတိယကနေ ဆဋ္ဌမအထိက ထိုက်တောင်ခြေကိုသွားပြီး သူတို့ကို ရှင်းလင်းလိုက်ကြ...”

“အဲဒီနယ်မြေမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး လှုပ်ရှားရမယ်...”

“ဒုတိယနွားနဲ့ တတိယကျားက တစ်ဖွဲ့တည်းအဖြစ် အတူတူ ပူးပေါင်းဆောင်ရွက်ကြ...”

“ပဉ္စမနဂါးနဲ့ ဆဋ္ဌမမြွေက နောက်တစ်ဖွဲ့အနေနဲ့အတူတူ အလုပ်လုပ်ကြ...”

“စတုတ္ထယုန်... မင်းက မင်းရဲ့ မြန်နှုန်းကို သုံးပြီး လိုအပ်တဲ့အချိန်မှာ အဲဒီနှစ်ဖွဲ့လုံးကို ကူညီပေး...”

“ကျန်တဲ့သူတွေကတော့ တောင်ပေါ်မှာ ပုန်းအောင်းပြီး ခြုံခိုတိုက်ခိုက်ကြ...”

ရာသီခွင်အစောင့်အရှောက်အားလုံးကို စွန့်စား၍ အပြင်သို့မလွှတ်ချင်သဖြင့် ဤသည်မှာ သူမ လုပ်ဆောင်နိုင်သော အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။

ချင်ဖုန်းဂိုဏ်းက ရုတ်တရက် အလစ်ဝင်ရောက် တိုက်ခိုက်လာနိုင်သည်။

ထို့ကြောင့် ဤတိုက်ပွဲသည် ရေရှည်တိုက်ပွဲ ဖြစ်ရမည်ဖြစ်ပြီး တစ်ဖက်၏အင်အားကို တစ်ဖက်က တဖြည်းဖြည်း ချည့်နဲ့သွားအောင် ပြုလုပ်ရပေလိမ့်မည်။

ရာသီခွင်အစောင့်အရှောက်များက မတ်တပ်ရပ်ကာ လျင်မြန်စွာပင် သူတို့၏ တာဝန်များကို ထမ်းဆောင်ရန် ပြင်ဆင်လိုက်ကြသည်။

“ဟုတ်ကဲ့ပါ... သူတော်စင်မိန်းကလေး...”

ဒုတိယမှ ဆဋ္ဌမအထိ အစောင့်အရှောက်များသည် အခန်းထဲမှထွက်ခွာသွားပြီး ထိုက်တောင်ခြေသို့ ဆင်းသွားကြသည်။

ကျန်ရှိသော ရာသီခွင်အစောင့်အရှောက်များသည်လည်း သူတို့ ခြုံခိုတိုက်ခိုက်မည့် နေရာများတွင် သွားရောက်နေရာယူလိုက်ကြသည်။

အခန်း၏ ပြတင်းပေါက်ပေါက်ဝမှတစ်ဆင့် နေမင်းသည် တဖြည်းဖြည်းချင်းနစ်မြုပ်သွားပြီး အခန်းတစ်ခုလုံးအား နီရဲသောအရောင်အသွေးဖြင့် ခြယ်သလိုက်တော့သည်။

All Chapters