← Chapters

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း ၂၅၀

Vol. 25 Ch. 250

အခန်း (၂၅၀) - ကျားနှင့် နွားသိုး

တောအုပ်ကြီးမှာ ပိုမိုထူထပ်လာသဖြင့် လင်းဖန်သည် ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းကာ ရှေ့ဆက်တိုးရလေသည်။

ပူပြင်းစိုစွတ်သော ရာသီဥတုကြောင့် သူသည် နေရထိုင်ရခက်ခဲလှသည်။

သူ့နောက်မှ လိုက်ပါလာသူများမှာလည်း သက်သာလှသည်မဟုတ်ဘဲ နဖူးပေါ်မှချွေးများကို အဆက်မပြတ် သုတ်နေကြရသည်။

“ဟိုမှာကြည့်လိုက်ဦး...”

လီရှောင်က ရှေ့သို့ လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။

နောက်ဆုံးတွင် သူတို့ရှိနေသည့်နေရာမှ ထိုက်တောင်၏တောင်ခြေကို လှမ်းမြင်လိုက်ရလေပြီ။

ဟင်းလင်းပြင်မှထွက်ခွာလာပြီးနောက် သူတို့သည် အနည်းဆုံး ကီလိုမီတာ (၁၀)ခန့်အထိ ဖြတ်သန်းလာခဲ့ကြခြင်း ဖြစ်သည်။

ဂွီ...

အစာမစားရသေးသည်မှာ ကြာပြီဖြစ်သဖြင့် ထိုက်လန်၏ဝမ်းဗိုက်ထဲမှ ဆာလောင်လှုပ်ရှားသံ ထွက်ပေါ်လာသည်။

သူသည် ရှက်ကိုးရှက်ကန်းဖြစ်ကာ ချက်ချင်းပင်ခေါင်းငုံ့သွားပြီး မိမိဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။

“ဒီလောက်မြန်မြန် ဆာသွားတာလား...”

လီရှောင်က ခေါင်းယမ်းကာ ပြောလိုက်သည်။

သို့သော် နောက်တစ်ခဏ၌ လီရှောင်၏ဝမ်းဗိုက်ထဲမှလည်း ဆာလောင်လှုပ်ရှားသံ ထွက်ပေါ်လာလေသည်။

“ဒီမှာပဲ ခဏလောက် နားကြတာပေါ့...”

လင်းဖန်က ပြောလိုက်သည်။

သူသည် သူတို့ရှိနေသောနေရာ၏ အစွန်း (၄)ဖက်အား စတင်၍ အမှတ်အသား ပြုလုပ်လိုက်သည်။ အစွန်းတစ်ခုစီသည် တစ်ခုနှင့်တစ်ခု မီတာ (၁၀၀)ခန့် ကွာဝေးလေသည်။

အန္တရာယ်တစ်ခုခု ချဉ်းကပ်လာပါက တုံ့ပြန်ရန်အတွက် ဤအကွာအဝေးက လုံလောက်ပေသည်။

သူတို့သည် နေရာယူထိုင်လိုက်ကြပြီးနောက် ရိက္ခာခြောက်များကိုထုတ်ယူကာ စားသောက်ကြတော့သည်။

ထိုက်လန်သည် မိမိ၏ရိက္ခာများကို မိနစ်ပိုင်းအတွင်း အငမ်းမရ စားပစ်လိုက်လေသည်။

လီရှောင်သည် ရိက္ခာခြောက်များကို သိပ်မကြိုက်သဖြင့် မိမိရိက္ခာ၏တစ်ဝက်ကို ထိုက်လန်သို့ ပေးလိုက်သည်။

“ရှူး...”

လင်းဖန်က ရုတ်တရက် အသံတိတ်နေရန် အမူအရာဖြင့် အချက်ပြလိုက်သည်။

သူ၏စိတ်အာရုံထဲတွင်မူ အမဲလိုက်ကွင်းပြင်စွမ်းရည်ဖြင့် အမှတ်အသားပြုထားသော နယ်မြေအတွင်းသို့ လူအချို့ ဝင်ရောက်လာသည်ကို မြင်တွေ့နေရချေပြီ။

လင်းဖန်က ထိုလူများ ချဉ်းကပ်လာရာ အရပ်မျက်နှာဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ထို့နောက် သူက တစ်ယောက်ချင်းစီ တာဝန်ယူရမည့်နေရာများကို ခွဲဝေပေးလိုက်သည်။

လီရှောင်နှင့် ထိုက်လန်တို့သည် လုပ်လက်စများကိုရပ်တန့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြသည်။

ယခုက သူတို့၏ စွမ်းဆောင်ရည်အား သက်သေပြရမည့် အချိန်ပင် ဖြစ်ပေသည်။

သူတို့သည် ချုံနွယ်ပိတ်ပေါင်းများနောက်ကွယ်တွင် ပုန်းကွယ်လျက် ရန်သူများ ချဉ်းကပ်လာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။

ရှဲ...

ကိုယ်ခန္ဓာတစ်ခုလုံးတွင် နွားသိုးမွေးများဖုံးလွှမ်းနေပြီး နွားသိုးများနှင့်တူသော လူ (၁၂)ယောက် ပေါ်လာလေသည်။

သူတို့အားလုံးသည် သန်မာထွားကျိုင်းကြပြီး မီတာ ၁.၈ခန့် မြင့်ကြလေသည်။

လက်ထဲတွင် ပုဆိန်များကို ကိုင်ဆောင်ထားလျက် သူတို့သည် ဖြည်းညှင်းစွာ ချဉ်းကပ်လာကြသည်။

လင်းဖန်သည် သူတို့အနက်မှ လူ ၃ယောက် သူ့ဘေးမှ ဖြတ်သွားသည်ကို စောင့်ဆိုင်းလိုက်ပြီးနောက် လှံကိုအသုံးပြု၍ သူတို့၏ ခြေထောက်များကို ထိုးဖောက်တိုက်ခိုက်လိုက်သည်။

“အား...”

လှံသွားသည် လူ ၂ဦး၏ ခြေထောက်များကို ထိုးဖောက်သွားသော်လည်း တတိယမြောက်လူမှာမူ နောက်ဆုံးစက္ကန့်တွင် အဝေးသို့ ခုန်ရှောင်သွားနိုင်ခဲ့သည်။

ဟိုမင်၊ လီရှောင်နှင့် ထိုက်လန်တို့သည်လည်း ချက်ချင်းပင် လှုပ်ရှားလိုက်ကြရာ ရန်သူများကို အငိုက်မိသွားစေသည်။

သူ့ရှေ့ရှိ လူ ၃ယောက်က သူ့ထံသို့ပြေးဝင်ရန် ကြိုးပမ်းလိုက်စဉ် လင်းဖန်၏စိတ်အာရုံထဲ၌ ရင်းနှီးသောအသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် 900 ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူ ၃ဦးကို သုတ်သင်ပါ]

“အား...”

လင်းဖန်လှံဖြင့် အထိုးခံထားရသော လူ ၂ဦးမှာ လှံ၏ထိန်းချုပ်မှုကြောင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။

လင်းဖန်က သူတို့၏ ခြေထောက်ထဲမှလှံကို ပြန်လည်ဆွဲထုတ်လိုက်သည်။

လှံသွား၏အသွားကြောင့် သူတို့ခြေထောက်၏အသားစိုင်များ စုတ်ပြတ်သွားပြီး ဒဏ်ရာမှာ ပိုမိုကြီးမားသွားရချေသည်။

သူတို့သည် နာကျင်စွာ အော်ဟစ်နေရုံမှတစ်ပါး အခြားမတတ်နိုင်ကြတော့ချေ။

ဒဏ်ရာများကြောင့် သူတို့နှစ်ဦးလုံး ဒူးထောက်ကျသွားကြပြီး သွေးများမှာ မြေပြင်ပေါ်သို့ စီးကျလာတော့သည်။

တတိယမြောက်လူသည် ပုဆိန်ကိုကိုင်ဆောင်ကာ လင်းဖန်ထံသို့ ပြေးဝင်လာလေသည်။

ပုဆိန်က ပိုမိုနီးကပ်လာသည်နှင့်အမျှ လေပြင်းတစ်ချက်သည် လင်းဖန်၏မျက်နှာဆီသို့ တိုက်ခတ်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လင်းဖန်သည် မြူခိုးအသွင်သို့ပြောင်းလဲသွားပြီး တတိယမြောက်လူ၏ကိုယ်ခန္ဓာကို ဖြတ်သန်းသွားတော့သည်။

ထိုမြူခိုးများ ဖြတ်သန်းသွားချိန်တွင် တတိယမြောက်လူသည် ချီစွမ်းအင်များ ဖရိုဖရဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။

သူသည် ချီစွမ်းအင်ကိုပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းသော်လည်း မတတ်နိုင်တော့ချေ။

လင်းဖန်သည် ထိုသူ၏ နောက်ကျောဘက်သို့ ရုတ်တရက်ပေါ်လာပြီးနောက် လက်ကိုမြှောက်ကာ ကောင်းကင်မူလလက်သည်းကို အသုံးပြု၍ လည်ပင်းတည့်တည့်သို့ ထိုးစိုက်လိုက်လေသည်။

ဇွပ်...

ထိုသူ၏လည်ပင်းမှ သွေးများပန်းထွက်လာပြီး လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေတော့သည်။

သို့သော် အလဟဿသာ ဖြစ်သွားရချေသည်။

ခဏအကြာတွင် ထိုသူ၏ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး လက်နှစ်ဖက်မှာ ဘေးသို့ တွဲလောင်းကျသွားလေသည်။

လင်းဖန်သည် လက်သည်းများကို ဆွဲထုတ်လိုက်ပြီး ကျန်ရှိနေသောလူနှစ်ဦးထံသို့ ပြေးဝင်သွားတော့သည်။

ထိုလူနှစ်ဦးမှာ ဖြစ်ပျက်သွားသည်များကို မြင်တွေ့လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားကြသည်။

လင်းဖန်သည် မြူခိုးများအဖြစ်ပြောင်းလဲကာ သူတို့ထံချဉ်းကပ်လာမည်ကို စိုးရိမ်သဖြင့် ပုဆိန်များကိုဝှေ့ယမ်းကာ လေထဲသို့ ရမ်းသန်းခုတ်ပိုင်းလိုက်ကြတော့သည်။

သူတို့၏ပုဆိန်များမှ ဖြူဖွေးသော အလင်းတန်းများ တောက်ပလာပြီး လင်းဖန်ထံသို့ စွမ်းအင်လှိုင်းများ ပစ်လွှတ်လိုက်လေသည်။

လင်းဖန်မှာမူ ရှောင်တိမ်းခြင်းမပြုဘဲ ရှေးဦးမူလတိုက်တန်အကာအကွယ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

ဒေါင်...

စွမ်းအင်လှိုင်းများသည် လင်းဖန်၏ခန္ဓာကိုယ်ကို ထိမှန်သွားသော်လည်း တိုက်ခိုက်မှုအချို့မှာ ထိုလူနှစ်ဦးထံသို့ ပြန်လည်ရိုက်ဟပ်သွားလေသည်။

သူတို့သည် ထိုသို့ဖြစ်လာမည်ဟု မထင်မှတ်ထားသဖြင့် စွမ်းအင်လှိုင်းများက သူတို့၏ရင်ဘတ်နှင့် လက်မောင်းများကို ဖြတ်သန်းသွားတော့သည်။

ထို့နောက် လင်းဖန်သည် သံတူများဖြင့် သူတို့၏ ဦးခေါင်းများကို ရိုက်ခွဲလိုက်သည်။

ဘုန်း...

သူတို့၏ဦးခေါင်းများမှာ သံတူများအောက်တွင် စုတ်ပြတ်သတ်ကာ အသားစိုင်များအဖြစ် ကြေမွသွားရချေသည်။

နီရဲသောသွေးများနှင့် ဖြူဖျော့သော ဦးနှောက်အစိုင်အခဲများသည် ဘေးပတ်ဝန်းကျင်ရှိ သစ်ရွက်များပေါ်သို့ စင်ထွက်သွားတော့သည်။

[ဒင်၊ ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + ၉၀၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၂၅၀၀]

လင်းဖန်သည် သံတူပေါ်တွင်ပေကျံနေသော အညစ်အကြေးများကို ခါထုတ်လိုက်ပြီးနောက် အခြားသူများရှိရာသို့ လျင်မြန်စွာ လှမ်းကြည့်လိုက်သည်။

ဟိုမင်သည် သူရင်ဆိုင်ရန် တာဝန်ကျထားသော နောက်ဆုံးတစ်ဦးကို ကိုင်တွယ်ဖြေရှင်းနေဆဲပင် ဖြစ်သည်။

ထိုက်လန်နှင့် လီရှောင်တို့မှာမူ နွားသိုးသားရေ ဝတ်ဆင်ထားသူများနှင့် လုံးထွေးသတ်ပုတ်နေကြဆဲ ဖြစ်ပေသည်။

လင်းဖန်သည် သူတို့အားကူညီရန် သွားချင်သော်လည်း အပေါ်ရှိ သစ်ပင်ထိပ်ဖျားမှ ဆင်းသက်လာသော အရိပ်တစ်ခုကို မြင်လိုက်သဖြင့် နောက်သို့ အမြန်ဆုတ်ကာ ခုန်ရှောင်လိုက်ရသည်။

ဘုန်း...

ထိုအရိပ်သည် မြေပြင်ပေါ်သို့ လက်နှစ်ဖက်ဖြင့်ကုပ်တွယ်ကာ ဆင်းသက်လိုက်ရာ ပတ်ဝန်းကျင်မှ မြေသားများပင် လွင့်စင်ပေါက်ကွဲသွားတော့သည်။

ထိုသူသည် မတ်တတ်ရပ်လိုက်ပြီး ထိုသူသည် လင်းဖန်ကိုကြည့်၍ ပြုံးပြလိုက်လေသည်။

သူ၏တစ်ကိုယ်လုံးတွင် ကျားတစ်ကောင်ကဲ့သို့ အစင်းကြောင်းများရှိသော အမွေးရှည်များဖြင့် ဖုံးလွှမ်းနေလေသည်။

လင်းဖန်၏စိတ်ထဲတွင် ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာပြန်သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၆၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

လင်းဖန်သည် ထိုကျားလူသားကို စူးစိုက်ကြည့်ရင်း သံတူများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

နောက်တစ်ခဏ၌ နောက်ကွယ်မှ အခြားအရိပ်တစ်ခု ထပ်မံချဉ်းကပ်လာနေသည်ကို သူ၏ အာရုံထဲတွင် သိရှိလိုက်ရပြန်သည်။

လင်းဖန်သည် သူ၏နောက်ကွယ်ရှိ သစ်ပင်ကြီး လဲပြိုကျသွားသည်ကို စိတ်ကူးပုံဖော်လိုက်သည်။

ဝုန်း...

သစ်ပင်ကြီးလဲကျသွားပြီး နွားသိုးလူသား၏ လမ်းကြောင်းကို ပိတ်ဆို့သွားလေသည်။

နွားသိုးလူသားက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“တောက်၊ သေနာစုတ်လေး... မင်း အသေဆိုးနဲ့ သေရမယ်...”

သူ၏လည်ပင်းတွင် ဆွဲထားသော ဦးချိုများမှာ တောက်ပလာပြီးနောက် ထိုအလင်းတန်းများသည် နွားသိုးတစ်ကောင်၏ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲကာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။

ထို့နောက် သူသည် သစ်ပင်ကြီးကို တိုက်ရိုက်တိုးဝင်ကာ အပိုင်းပိုင်းအစစဖြစ်သွားစေရန် ဖျက်ဆီးပစ်လိုက်လေသည်။

နွားသိုးလူသားက ရှေ့သို့ ဆက်လက်တိုးဝင်လာချိန်တွင် လင်းဖန်သည် သဏ္ဍာန်မဲ့ခြေလှမ်းကိုအသုံးပြု၍ မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။

လင်းဖန်သည် နွားသိုးလူသား၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ချီများကို ကမောက်ကမဖြစ်အောင် နှောင့်ယှက်လိုက်သဖြင့် ချီစွမ်းအင်များမှာ ဖရိုဖရဲ ဖြစ်သွားရတော့သည်။

လင်းဖန်သည် နွားသိုးလူသားနှင့် အနည်းငယ်ဝေးသောနေရာတစ်ခုတွင် ပြန်လည်ပေါ်လာသည့်အခါ သူ၏စိတ်ထဲ၌ ရင်းနှီးသော အသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၆၀၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ]

All Chapters