← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း (၂၁၇) ပစ္စည်းများ သိုလှောင်ခြင်း

လျူအာကျူးသည် သူ၏အစီအစဉ်ကို ဤနည်းအတိုင်း ရှင်းပြလိုက်၏။

လျူဟိုင်နှင့် ရွာသူရွာသားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။

သူတို့သည် အစီအစဉ်ကို အလွန်ကောင်းမွန်သည်ဟု ထင်မြင်သောကြောင့် မဟုတ်ဘဲ လျူအာကျူးကို ယုံကြည်သောကြောင့်သာ ဖြစ်သည်။

အာကျူးဇီ၏ အစီအစဉ်သည် ပြဿနာတစ်စုံတစ်ရာ ရှိမည်မဟုတ်ပေ။

"အားလုံး နားလည်တယ်ဆိုရင်လည်း စလုပ်ကြတာပေါ့... ဒါပေမဲ့ ကိုယ့်ဘေးကင်းရေးကို ပထမဦးစားပေးရမယ်နော်..."

လျူအာကျူးက အလေးအနက် သတိပေးလိုက်သည်။

"စိတ်မပူပါနဲ့... ငါတို့က မင်းရဲ့အလုပ်တွေကို ဖျက်ဆီးမိရင် ရွာထဲကနေ ကိုယ့်ဘာသာကိုယ် ထွက်သွားပါ့မယ်..."

ရွာသားတစ်ယောက်က အော်ပြောလိုက်သည်။

အခြားသူများကလည်း အလျင်အမြန်ပင် ထောက်ခံပြောဆိုကြသည်။

"ဟုတ်တယ် ဟုတ်တယ်... ငါတို့က ကလေးတွေမှ မဟုတ်တာ... ဒီကိစ္စလေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် ရွာထဲမှာ ဆက်နေဖို့ ဘယ်လို မျက်နှာရှိတော့မလဲ..."

"ကျူးဇီရဲ့ လုပ်ငန်းကို ဖျက်ဆီးရဲတဲ့သူရှိရင် ရွာထဲကနေ ချက်ချင်း မောင်းထုတ်ပစ်မယ်..."

"စိတ်ချပါ... အဲဒီကောင်ကို အသေအချာ ဒုက္ခပေးပစ်မယ်..."

ရွာသူရွာသားများ တစ်ယောက်ပြီးတစ်ယောက် အလေးအနက် ကတိပြုနေကြသည်ကို ကြည့်ရင်း လျူအာကျူးသည် ကျေနပ်သော အမူအရာကို ပြသလိုက်သော်လည်း သူက "အားလုံးပဲ အဲ့လောက်ထိ ပြင်းပြင်းထန်ထန် ပြောစရာမလိုပါဘူး... အမှားဆိုတာတော့ ရှိတတ်တာပဲလေ... အမှားလုပ်မိလည်း ခွင့်လွှတ်ပေးမှာမို့လို့ ကိုယ့်ဘေးကင်းရေးကိုပဲ ပထမဦးစားပေးကြပါ..." ဟု ပြောလေသည်။

လျူအာကျူး၏ စကားကို ကြားသောအခါ ရွာသူရွာသားများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

အာကျူးဇီကို ကြည့်လိုက်စမ်း။ သူ၏နှလုံးသားထဲတွင် ရွာသူရွာသားများသာရှိပြီး ဖန်လုံအိမ်မှာပင် ဒုတိယနေရာသို့ ရောက်သွားလေပြီ။

လူများသည် လျူအာကျူးကို နောက်ထပ် တပ်မဟာခေါင်းဆောင်အဖြစ် ရွေးချယ်သင့်မသင့်ကိုပင် စတင်စဉ်းစားနေကြပြီ ဖြစ်သည်။

"ကျူးဇီ... ဒီကိစ္စကို ပါတီဌာနခွဲ အတွင်းရေးမှူးဆီ အကြောင်းကြားသင့်သလား..."

လျူဟိုင်က တိုးညှင်းသော အသံဖြင့် မေးလာသည်။

လျူကျေးရွာတွင် ပါတီဌာနခွဲ အတွင်းရေးမှူးနှင့် ဒုတိယအတွင်းရေးမှူး တစ်ယောက်စီ ရှိသော်လည်း ပြည်သူ့ကွန်မြူနစ်အဖွဲ့တွင် ဝန်ထမ်းအင်အား မလုံလောက်ခြင်းနှင့် လျူကျေးရွာ ထုတ်လုပ်ရေးအဖွဲ့ရုံးမှာ မကြီးမားဘဲ အတော်လေး ဆင်းရဲသောကြောင့် အတွင်းရေးမှူး နှစ်ယောက်စလုံးက ဤနေရာကို ပူးတွဲစီမံခန့်ခွဲကြခြင်း ဖြစ်သည်။

သူတို့တွင် ကိုယ်ပိုင်ကျေးရွာများနှင့် ထုတ်လုပ်ရေးအဖွဲ့များ ရှိသည်။ ထို့အပြင် လျူဟိုင်သည် ယခင်က အထွက်နှုန်းများကို ဘယ်သောအခါမျှ ပိုမိုမတင်ပြရန် ငြင်းဆန်ခဲ့သောကြောင့် အတွင်းရေးမှူး နှစ်ယောက်နှင့် အတော်လေး ပဋိပက္ခဖြစ်ခဲ့ရာ သူတို့သည် ဤနေရာနှင့်ပတ်သက်၍ ဝင်မစွက်ဖက်သည့် သဘောထားကို အမြဲတမ်း ထားရှိခဲ့ကြသည်။

အဓိပ္ပာယ်မှာ မင်းတို့ဘာသာမင်းတို့ လုပ်ချင်ရာလုပ် ငါဂရုမစိုက်ဘူးဟူ၍ ဖြစ်သည်။

လျူဟိုင်သည် အတွင်းရေးမှူး၏ စီမံခန့်ခွဲမှုမရှိဘဲ လွတ်လပ်သော တပ်မဟာခေါင်းဆောင်တစ်ယောက်အဖြစ် နေရသည်မှာ သက်တောင့်သက်သာရှိသည်ဟု တွေးကာ ယခင်က ဂရုမစိုက်သကဲ့သို့ရှိခဲ့သည်။

သို့သော် လက်တွေ့တွင်မူ ဤအရာသည် သူ့ရင်ထဲတွင် အမြဲတမ်း နာကျင်စရာတစ်ခု ဖြစ်ခဲ့သည်။

အကြောင်းမှာ အတွင်းရေးမှူးများသည် သူတို့၏ကျေးရွာနှင့် ထုတ်လုပ်ရေးအဖွဲ့ကို အထင်သေးသည်ဟု သူခံစားရသောကြောင့် ဖြစ်သည်။

ဖန်လုံအိမ်ကိစ္စမှတစ်ဆင့် ကျေးရွာကို လေးစားမှုဖြင့် ကြည့်လာစေနိုင်မည်ဆိုလျှင် ဤသည်မှာ ဂုဏ်ယူစရာတစ်ခု ဖြစ်လာပေမည်။

လျူအာကျူးသည် လျူဟိုင်၏အတွေးများကို သိမြင်နေသဖြင့် လက်ကိုဝှေ့ယမ်းကာ "ဦးလေး သဘောပါပဲ... အဲ့ကိစ္စမှာ ကျွန်တော် ဝင်မစွက်ဖက်ပါဘူး... ဘာပဲဖြစ်ဖြစ် ဒီဟာက တပ်မဟာခေါင်းဆောင်တစ်ယောက်အနေနဲ့ ဦးလေးရဲ့ကိစ္စပဲလေ..." ဟု ပြောလိုက်သည်။

လျူဟိုင်သည် မင်းက ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲဟု ပြောတော့မည်ပြုသော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။

လျူအာကျူးသည် တပ်မဟာရုံးချုပ်၏ ကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ချင်ပေ။

သူသည် သူ၏လုပ်ပိုင်ခွင့်ကို မကျော်လွန်ချင်ပေ။

မည်သို့ပင်ဆိုစေကာမူ အမည်ခံအားဖြင့် လျူဟိုင်သည် တပ်မဟာခေါင်းဆောင်ဖြစ်ပြီး ရွာထဲရှိ အရာအားလုံးကို တာဝန်ယူရသူ ဖြစ်သည်။

အကယ်၍ လျူအာကျူးသာ အရာအားလုံးတွင် ဝင်ရောက်စွက်ဖက်ပြီး အကြံပေးနေမည်ဆိုလျှင် သူသည် အလွန်အကျွံ စွက်ဖက်ရာကျသွားပေမည်။

သူသည် သံသယဖြစ်ခံရခြင်းမှ ရှောင်ရှားနေခြင်း ဖြစ်သည်။

လျူဟိုင်သည် လျူအာကျူးကို ကြည့်ကာ အလွန်အမင်း သဘောကျသွားသည်။

“တကယ့်ကို ကလေးကောင်းလေးပါလား”

ကံမကောင်းစွာဖြင့် သူ၏အိမ်တွင် ချွန်းအာ ရှိနေပြီဖြစ်ပြီး ပညာရှင်လုနှင့်လည်း ပတ်သက်မှုတစ်ခုခု ရှိနေပုံရသည်။

ထိုသို့မဟုတ်လျှင် သူသည် သူ့သမီးကို လျူအာကျူးနှင့် မိတ်ဆက်ပေးချင်မိသည်။

ဤနေရာတွင် ကိစ္စများ ပြီးစီးသွားပြီးနောက် လျူအာကျူးက သူ၏အိမ်သစ်သို့ သွားလေသည်။

အိမ်သစ်မှာ ယခုမှ ဆောက်လုပ်ပြီးစီးကာစ ဖြစ်သောကြောင့် ရှင်းလင်းရမည့် အရာများစွာ ကျန်ရှိနေသေးသည်။

ချန်ဟုန်ယွင်က မျက်နှာသာပေးထားသောကြောင့် ဤအိမ်သစ်ကို အတော်လေး ကြီးမားစွာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

အရှေ့ဘက်ရှိ နှစ်ထပ်အဆောက်အအုံမှာ ပစ္စည်းများရောင်းချရန်အတွက် အသုံးပြုသော ထောက်ပံ့ရေးနှင့်သမဝါယမအသင်းဖြစ်၏။

ဤနေရာတွင် နေထိုင်၍ မရနိုင်သည်မှာ သေချာသည်။ အလွန်ဆုံး လျူအာကျူးအတွက် ဒုတိယထပ်တွင် ရုံးခန်းတစ်ခန်း ဖွင့်လှစ်ပေးနိုင်ရုံသာဖြစ်သည်။

သို့သော် အနောက်ဘက်ခြံဝင်းထဲတွင်လည်း တစ်ထပ်တိုက်လေးလုံး ဆောက်လုပ်ထားသည်။

သုံးလုံးမှာ နေထိုင်ရန်ဖြစ်ပြီး တစ်လုံးမှာ မီးဖိုချောင်ဖြစ်သည်။

ဤတစ်ထပ်တိုက် လေးလုံးက လျူအာကျူး၏ မိဘများကို အမှန်တကယ်ပင် ခေါင်းခဲသွားစေခဲ့သည်။

အကြောင်းမှာ သူတို့ယူဆောင်လာသော ပရိဘောဂများသည် အခန်းသုံးခန်းကို မဆိုထားနှင့် တစ်ခန်းကိုပင် ပြည့်အောင် မခင်းကျင်းနိုင်သောကြောင့် ဖြစ်သည်။

လျူအာကျူးသည် ချက်ချင်းပင် တောင်ပေါ်သို့သွားကာ ပရိဘောဂများ ကိုယ်တိုင်ပြုလုပ်ရန် သစ်သားအချို့ သွားယူလေသည်။

နေရာလွတ် ရှိနေသောကြောင့် ပရိဘောဂများ ပြုလုပ်ခြင်းမှာ သေးငယ်သော ကိစ္စလေးတစ်ခုသာ ဖြစ်သည်။

လျူအာကျူးက ထိုပရိဘောဂများကို ရွာပြင်မှ ယူဆောင်လာသောအခါတွင်ပင် သူ၏အစ်ကိုကြီးကို အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးပြုနိုင်လည်။

ပရိဘောဂစက်ရုံမှ ပယ်ချခံရသော ပစ္စည်းများဟု ပြောနိုင်သည်။

ဤသို့လုပ်ရန်အတွက် လျူအာကျူးသည် ပရိဘောဂများပေါ်တွင် သိပ်မသိသာသော ခြစ်ရာအချို့ကိုပင် ပြုလုပ်ထားလိုက်သေးသည်။

ဤအရာက နျူဟုန်ဟွာကို အလွန်အမင်း ပျော်ရွှင်သွားစေပြီး သူမ၏ ရိုးအသော သားအကြီးဆုံးမှာ နောက်ဆုံးတွင် အောင်မြင်လာကာ ပရိဘောဂစက်ရုံသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် အိမ်သို့ ပစ္စည်းများ ပို့ပေးနိုင်ပြီဟု ခံစားလိုက်ရသည်။

ဤကိစ္စနှင့်ပတ်သက်၍ လျူဖူရှန့်က လျူအာကျူးကို စိုက်ကြည့်ရုံသာ ကြည့်နေသည်။

လျူအာကျူး၏ ကုသမှုအောက်တွင် တစ်လကျော်သာ အကြာ၌ သူ၏ခြေထောက်မှာ နီးပါးလောက် ပျောက်ကင်းနေပြီ ဖြစ်သည်။

ယခုအခါ သူသည် ချိုင်းထောက် သို့မဟုတ် အခြားအရာများမပါဘဲ မြေကြီးပေါ်တွင် လမ်းလျှောက်နိုင်နေပြီ ဖြစ်သော်လည်း အလုပ်ကြမ်းလုပ်ခြင်း သို့မဟုတ် ပြေးလွှားခုန်ပေါက်ခြင်းများကိုမူ မလုပ်နိုင်သေးပေ။

အိမ်သစ်ကိစ္စများ ပြီးစီးသွားပြီးနောက် လျူအာကျူးသည် ပစ္စည်းများ စတင်သိုလှောင်ရန် အချိန်ရောက်ပြီဟု တွေးလိုက်သည်။

သူသည် ခရိုင် စီးပွားရေးဗျူရိုသို့ သူ၏ မော်တော်ဆိုင်ကယ်ကို တိုက်ရိုက် မောင်းနှင်သွားလေသည်။

ချန်ဟုန်ယွင်သည် အိမ်ဆောက်ပြီးစီးကြောင်း သတင်းကို လွန်ခဲ့သော နှစ်ရက်ကတည်းက ရရှိထားသဖြင့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။

လျူအာကျူး ရောက်လာသည်နှင့်တစ်ပြိုင်နက် သူက "မင်းလိုချင်တဲ့ပစ္စည်းတွေက ဂိုဒေါင်ထဲမှာ ရှိတယ်... သွားပြီး ကိုယ့်ဘာသာကိုယ် ရွေးလိုက်တော့..." ဟု ပြောလေသည်။

"ကောင်းပြီလေ..."

လျူအာကျူးက ချန်ဟုန်ယွင်၏နောက်သို့ လိုက်ကာ ဂိုဒေါင်ဆီသို့ တိုက်ရိုက် သွားလေသည်။

ဂိုဒေါင်သို့ ရောက်ရှိသွားသောအခါ သူက ပုံထားသော ကုန်ပစ္စည်းများကို မြင်လိုက်ရသည်။

ဆန်၊ ဂျုံမှုန့်၊ ဆီ၊ သကြား၊ လက်ဖက်ခြောက်၊ ဖိနပ်၊ အဝတ်အထည်၊ ဆိုဒါနှင့် ရေခဲချောင်းများပင် ပါဝင်လေသည်။

လျူအာကျူးသည် ချန်ဟုန်ယွင်ကို စကားမပြောနိုင်တော့ဘဲ ကြည့်ကာ "ဦးလေးတို့ရဲ့ စီးပွားရေးဗျူရိုကတော့ ဉာဏ်ကြီးရှင်တွေချည်းပဲ... ဆောင်းရာသီကြီး အလယ်မှာ ရေခဲချောင်း ရောင်းနေတယ်ပေါ့..." ဟု ပြောလိုက်သည်။

"ရေခဲချောင်းစက်ရုံက အများကြီး ထုတ်လုပ်လိုက်တော့ အဆင့်တိုင်းက အဖွဲ့အစည်းတွေကို သိုလှောင်ပြီး ရောင်းဖို့ တောင်းဆိုလာတာလေ... ငါက ဘာလုပ်ရမှာလဲ..."

ချန်ဟုန်ယွင်က လက်ဖြန့်ပြလေသည်။

လျူအာကျူး နားလည်လိုက်၏။

ဤသည်မှာ ရေခဲချောင်းစက်ရုံရှိ ထိုလူများအားလုံးကို ထောက်ပံ့ရန် သက်သက်သာ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ရာ ဆောင်းရာသီတွင်ပင် ထုတ်လုပ်မှုကို ရပ်တန့်၍ မရနိုင်သကဲ့သို့ လူများကိုလည်း ငွေမရှာဘဲ မနေခိုင်းနိုင်ပေ။

သို့သော် ထုတ်လုပ်ထားသော ရေခဲချောင်းများကို လွှင့်ပစ်၍ မရသောကြောင့် အဆင့်တိုင်းရှိ အဖွဲ့အစည်းများကို ရောင်းချရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အောက်ခြေအဆင့် အဖွဲ့အစည်းများက ဤရေခဲချောင်းများကို ရောင်းနိုင်မရောင်းနိုင်ဆိုသည်ကိုမူ မည်သူကမျှ ဂရုမစိုက်ကြပေ။

နိုင်ငံတော်၏ အရင်းအမြစ်များက ထိုကဲ့သို့ပင် အလဟဿ ပြုန်းတီးသွားရလေသည်။

အချို့လူများက ငတ်မွတ်နေကြချိန်တွင် အချို့မှာမူ အလွန်အကျွံ စားသောက်ပြီး သေလုမျောပါး ဖြစ်နေကြသည်။

လျူအာကျူးသည် နှုတ်ခမ်းကို တွန့်ကာ အချို့ကို တောင်းလိုက်သည်။

ချန်ဟုန်ယွင်က ပြုံးကာ "ကျေးဇူးပဲ... မင်းက ငါ့ဝန်ထုပ်ဝန်ပိုးတွေကို မျှဝေခံစားပေးတာပဲ... ဒီပစ္စည်းတွေ မရောင်းရမှာကို ငါ သေမတတ် စိတ်ပူနေခဲ့တာ..." ဟု ပြောလေသည်။

"စိတ်မပူပါနဲ့... မကြာခင် ပိုပြီး ရောင်းရတော့မှာပါ..."

လျူအာကျူးသည် ယုံကြည်မှု အပြည့်ဖြင့် "ကျွန်တော် ဒီရေခဲချောင်းတွေကို ဖန်လုံအိမ် စောင့်တဲ့လူတွေအတွက် ခံစားခွင့်အနေနဲ့ ယူသွားမယ်... ပြီးတော့ ဖန်လုံအိမ်တွေကိုလည်း ကြော်ငြာပေးမယ်... အဲဒီအချိန်ကျရင် ရေခဲချောင်း ဝယ်တဲ့သူတွေ များလာလိမ့်မယ်..." ဟု ပြောလေသည်။

အနာဂတ်၏ အရှေ့မြောက်ပိုင်းတွင် ရေခဲချောင်း အရောင်းအဝယ်မှာ မလျော့ကျသွားဘဲ နွေရာသီထက်ပင် ပို၍ တိုးတက်လာခဲ့သည်။ အကြောင်းမှာ အရှေ့မြောက်ပိုင်းရှိ အိမ်များအတွင်း၌ အလွန်အမင်း ပူပြင်းလွန်းသောကြောင့်ဖြစ်သည်။

ယခုအခါ ထိုဖန်လုံအိမ်များသည်လည်း အလွန်ပူပြင်းနေပြီး အတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်သူများအနေဖြင့် သည်းခံရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူတို့သည် အပူချိန်ကို ထိခိုက်စေနိုင်သောကြောင့် အဝင်အထွက် အဆက်မပြတ် လုပ်နေ၍လည်း မရပေ။ ထို့ကြောင့် လျူအာကျူးသည် ရေခဲချောင်းများကို ခံစားခွင့်တစ်ခုအနေဖြင့် ဝေငှရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဖန်လုံအိမ်နည်းပညာအကြောင်း ကြားသောအခါ ချန်ဟုန်ယွင်သည် အနည်းငယ် အံ့သြသွားကာ မေးလာသည်။

"မင်းက အဲဒါကိုပါ လုပ်တတ်တာလား... ဒါဆို မင်းတို့ရဲ့ ကောက်ပဲသီးနှံ ရိတ်သိမ်းမှုက အောင်မြင်ပြီလား..."

"မဟုတ်ဘူး... အခုစိုက်နေတာက ဟင်းသီးဟင်းရွက်တွေပါ... နောက်ပိုင်းကျရင် ဟင်းသီးဟင်းရွက်တွေ တစ်သုတ်လောက် စုဆောင်းလို့ရပြီ... ခရိုင်ထဲက အဖွဲ့အစည်းတော်တော်များများလည်း ဒါတွေကို လိုချင်ကြမှာပဲ မဟုတ်လား..."

လျူအာကျူးက ပြုံးကာ ပြောလေသည်။

ချန်ဟုန်ယွင်က ခေါင်းညိတ်လိုက်ပြီး "ဒါတော့ ဟုတ်တယ်... အခုက ဆောင်းရာသီဆိုတော့ နေရာတိုင်းမှာ မုန်ညင်းဖြူတွေချည်းပဲလေ... အဖွဲ့အစည်းတိုင်းရဲ့ ကန်တင်းတွေမှာလည်း နေ့တိုင်း မုန်ညင်းဖြူကြော်၊ မုန်ညင်းဖြူချက်နဲ့ မုန်ညင်းဖြူပြုတ်တွေပဲ ရှိတယ်... လူတွေ အိမ်ပြန်ရောက်တော့လည်း မုန်ညင်းဖြူဟင်း တစ်နပ်ပဲ စားရတာလေ... တကယ်လို့ တခြား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်လေးတွေသာ စားရမယ်ဆိုရင် သူတို့ သေချာပေါက် ဝမ်းသာသွားကြမှာပဲ..."

All Chapters