အခန်း ၂၁၉
Vol. 22 Ch. 219
အခန်း (၂၁၉) အဲဒါက ငါ့တပည့်ပဲ
လျူအာကျူးသည် ခေါင်းလှည့်ကြည့်လိုက်သောအခါ အဝေးတွင် ရပ်ထားသော ဂျစ်ကားတစ်စီးနှင့် ကားထဲမှလူက သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သူ့ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၏။
အတွင်းရေးမှူးအသစ် ရောက်နှင့်နေပြီလားဟု သူတွေးလိုက်မိသည်။
လျူအာကျူးက လည်ချောင်းရှင်းလိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။
"ကျွန်တော်က မြို့နယ် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းကပါ... ဒီတစ်ခေါက် ကုန်ပစ္စည်းလာယူတာပါ..."
"ထောက်ပံ့ရေးနှင့်သမဝါယမအသင်းက..."
ယာဉ်မောင်းသည် လျူအာကျူးနှင့် သူ၏ မော်တော်ဆိုင်ကယ်ကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။
"မင်းကို တကယ်အားကျတာပဲကွာ... အခုလို မိုက်တဲ့ မော်တော်ဆိုင်ကယ်မျိုးကို စီးနိုင်တယ်ဆိုတော့ ပိုက်ဆံအများကြီး ပေးရမှာပဲနော်..."
လျူအာကျူးက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ဘယ်သူသိမှာလဲ... ဒီဆိုင်ကယ်က အထက်က ချပေးထားတာလေ... ပို့ဆောင်ရေးသမား မအားတဲ့အခါ ကျွန်တော်တို့ကို ကိုယ်တိုင်စီးပြီး ကုန်ပစ္စည်းတွေ သွားယူခိုင်းတာ... ပြီးရင် ဆိုင်ကယ်ကို ပြန်အပ်ရုံပဲ..."
"အဲဒီလောက်တောင် ကောင်းတဲ့အစီအစဉ်ရှိတာလား... မင်းတို့ခေါင်းဆောင်တွေက တော်တော်သဘောကောင်းတာပဲ... ဒါမှမဟုတ် မင်းကိုပဲ သဘောကောင်းနေတာလား..."
ယာဉ်မောင်းသည် သူ့စကားကို မယုံကြည်ကြောင်း ရှင်းလင်းစွာပြသနေပြီး နောက်ပြောင်သော စကားတစ်ခွန်းကို ပြောလိုက်သည်။
လျူအာကျူးသည် ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွား၏။ သူက 'ဒီမြေးကောင်က ဘာလို့ ငါ့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ အမြဲကြိုးစားနေရတာလဲ' ဟု စိတ်ထဲမှ တွေးလိုက်၏။
အကယ်၍ ခေါင်းဆောင်များ တကယ်ကောင်းကြောင်း သူဝန်ခံလိုက်လျှင် ဤလူက မည်သည့်ခေါင်းဆောင်က ချပေးသနည်းဟု သေချာပေါက် မေးပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ခေါင်းဆောင်ကို သစ္စာဖောက်ရာ ကျမည်မဟုတ်လော။
လျူအာကျူးက အနည်းငယ် ပြုံးလိုက်သည်။
"ဘာလဲ... ခင်ဗျားရဲ့ လေသံကို နားထောင်ရတာ ခင်ဗျားကိုယ်တိုင်က ကိုယ့်ခေါင်းဆောင်တွေကို တော်တော်လေး မကျေမနပ် ဖြစ်နေတဲ့ပုံပဲ..."
ယာဉ်မောင်းသည် သတင်းအချက်အလက် ရယူရန် ကြိုးစားနေသော်လည်း ဤစကားကို ကြားသောအခါ သူ၏မျက်နှာမှာ တောင့်တင်းသွားလေသည်။ ထို့နောက် သိသာစွာ ထိတ်လန့်သွားပြီး လက်ကာပြကာ ရှင်းပြ၏။
"ပေါက်ကရတွေ မပြောပါနဲ့... ငါက ငါတို့ခေါင်းဆောင်တွေကို အရမ်းကျေနပ်တာပါ..."
"ကိုယ့်ခေါင်းဆောင်တွေကို အရမ်းကျေနပ်တယ်ဟုတ်လား... အခုခေါင်းဆောင်တွေကို ခင်ဗျားကိုယ်တိုင် ရွေးချယ်ထားတဲ့ပုံပဲ..."
လျူအာကျူးသည် အခြေအနေကို ပြောင်းပြန်လှန်ကာ ယာဉ်မောင်းကို ထောင်ချောက်ထဲသို့ စတင်ဆွဲသွင်းလေတော့သည်။
ယာဉ်မောင်း၏မျက်နှာမှာ စိမ်းကလျက် ဖြစ်သွားပြီး အဝေးရှိ အတွင်းရေးမှူးချောင်ကော်ဖူကို ခိုးကြည့်နေမိသည်။
မည်သို့ပင်ဆိုစေ ယာဉ်မောင်းတစ်ယောက်အနေဖြင့် သူ၏ခေါင်းဆောင်များကို 'ကိုယ်တိုင်ရွေးချယ်ခဲ့သည်' ဟု မည်သို့ပြောနိုင်မည်နည်း။ ၎င်းမှာ မုန်ညင်းဖြူ ဝယ်သကဲ့သို့ မဟုတ်ပေ။
ထိုလူ စကားမပြောနိုင်ဖြစ်သွားသည်ကို မြင်သောအခါ လျူအာကျူးက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။
အကယ်၍ ပြည်သူလူထု၏ သဘောထားကို စုံစမ်းလိုလျှင် သို့မဟုတ် လျှို့ဝှက်စုံစမ်းစစ်ဆေးလိုလျှင် သူ ကန့်ကွက်စရာမရှိပေ။
သို့သော် သူတို့သည် ရောက်လာသည်နှင့် သူ့ကိုဖမ်းကာ နိုင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်ထားသကဲ့သို့ ပြုမူပြီး သတင်းအချက်အလက် လာယူနေကြသည်။
ယနေ့ သူရရှိထားသမျှသည် သူ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့်သာ ရရှိခဲ့ခြင်း ဖြစ်သည်။
အလွန်ဆုံးရှိလှ နေရာလွတ်ထံမှ အရေးမပါသော အကူအညီ အနည်းငယ်သာ ရှိလေသည်။
သူ့ကို သံသယဝင်ရန် သူတို့တွင် မည်သည့်အခွင့်အရေးများ ရှိနေသနည်းဟု သူတွေးလိုက်၏။
လျူအာကျူးက သူ၏ယာဉ်မောင်းကို စကားမပြောနိုင်အောင် လုပ်ပစ်လိမ့်မည်ဟု အတွင်းရေးမှူးချောင်ကော်ဖူ မျှော်လင့်မထားခဲ့ပေ။ သူသည် ယာဉ်မောင်းကို စူးရှစွာ ကြည့်လိုက်ပြီး အခြေအနေကို ပြေလည်စေရန် သူကိုယ်တိုင် ကားပေါ်မှ ဆင်းလာရလေသည်။
"လူငယ်လေး... သူ့ကို ဂရုမစိုက်ပါနဲ့... သူက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး..."
"ကျွန်တော် သိပါတယ်... ကျွန်တော့်မှာလည်း မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး..."
လျူအာကျူးသည် သူ၏လေးစားမှုနှင့် ယဉ်ကျေးမှုကို ပြသကာ မော်တော်ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်သည်။
သူ၏ပုံစံကို မြင်သောအခါ အတွင်းရေးမှူးချောင်ကော်ဖူမှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
"မင်း ငါ့ကို သိလို့လား..."
"ကျွန်တော် မသိပါဘူး... ဒါပေမဲ့ ကျွန်တော်တို့လို ဆင်းရဲတဲ့နေရာမျိုးကို ဂျစ်ကားနဲ့ လာတဲ့သူဆိုတာ အပြင်ကလာတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ ဖြစ်ရမယ်..."
"ခင်ဗျားက ဘယ်လိုခေါင်းဆောင်မျိုးပဲဖြစ်ဖြစ် နိုင်ငံအတွက် အကျိုးပြုပြီး ပြည်သူတွေအတွက် အကျိုးခံစားခွင့်တွေ ရှာဖွေပေးနေတဲ့သူ ဖြစ်ရမှာမို့လို့ ကျွန်တော့်ရဲ့ လေးစားမှုကို ခံယူထိုက်ပါတယ်..."
လျူအာကျူးသည် သူ၏စကားပြောကောင်းမှုကို အသုံးပြုကာ ရှက်ရွံ့ခြင်းမရှိဘဲ သူ့အား မြှောက်ပင့်ပြောဆိုလိုက်သည်။
အတွင်းရေးမှူးချောင်ကော်ဖူက ရယ်မောလိုက်၏။
"မင်းကောင်လေးက စကားပြော တော်တော်ကောင်းတာပဲ... သွားလာဖို့အတွက် မော်တော်ဆိုင်ကယ်ကို အသုံးပြုခွင့်ရတာ အံ့ဩစရာ မရှိတော့ပါဘူး..."
"ဒါနဲ့ အခု မင်း အားလား... ငါတို့ စကားပြောဖို့ နေရာလေးတစ်ခုလောက် ရှာကြမလား..."
အတွင်းရေးမှူးချောင်ကော်ဖူက သူ့အပေါ် စိတ်ဝင်စားလိမ့်မည်ဟု လျူအာကျူး မျှော်လင့်မထားခဲ့ပေ။ သူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် သူ၏ကုန်ပစ္စည်းများကို လှည့်ကြည့်လိုက်လးသည်။
"ဒီပစ္စည်းတွေ ပျက်စီးသွားမှာကို စိုးရိမ်လို့ပါ..."
အတွင်းရေးမှူးချောင်ကော်ဖူက ပြုံးလိုက်၏။
"ဘာလဲ... မင်းက ငါနဲ့ စကားမပြောချင်လို့လား..."
ဆောင်းရာသီ အလယ်လောက်တွင် မည်သည့် ကုန်ပစ္စည်းများက ပျက်စီးနိုင်မည်နည်း။
ထို့ပြင် စကားပြောရုံသာဖြစ်ပြီး ညအိပ်တည်းခိုရန် မဟုတ်ပေ။
ထို့ကြောင့် အခြားသူများ၏ အမြင်တွင် လျူအာကျူး၏ စကားများမှာ ဆင်ခြေသက်သက်သာ ဖြစ်သည်။
လျူအာကျူးသည် ဘာမှမတတ်နိုင်စွာဖြင့် လျှောက်သွားကာ ကုန်ပစ္စည်းများကို ဖုံးအုပ်ထားသော အဝတ်ကိုမ၍ ရေခဲချောင်းတစ်ဖာကို ကောက်ကိုင်လိုက်လေသည်။
"အဓိကကတော့ ဒီပစ္စည်းက ဆိုင်ကယ်ပေါ်မှာ ပါလာလို့ပါ..."
"အိုး... ရေခဲချောင်းတွေလား... အဲ့ဒါတွေကို ရွာမှာ ရောင်းလို့ရလို့လား..."
အတွင်းရေးမှူးချောင်ကော်ဖူက အံ့သြစွာဖြင့် မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော်တို့ရွာမှာ ဖန်လုံအိမ်ရှိတယ်လေ... အထဲမှာ အရမ်းပူတော့ ရွာသားတွေအတွက် အကျိုးခံစားခွင့်အနေနဲ့ နည်းနည်းလောက် ပြန်ယူသွားဖို့ စီစဉ်ထားတာပါ..."
လျူအာကျူးသည် သူ၏အောင်မြင်မှုများကို တမင်သက်သက် ထည့်ပြောလိုက်သည်။
ပထမအချက်မှာ ၎င်းက သူ့အား ဒေသအတွက် အကျိုးပြုသော လူကောင်းတစ်ယောက်အဖြစ် မြင်စေလိုသည်။
ဒုတိယအချက်မှာ အတွင်းရေးမှူးချောင်ကော်ဖူက ဖန်လုံအိမ်ကို မြှင့်တင်ရန် ကူညီနိုင်မလားဆိုသည်ကို သူ သိချင်သောကြောင့် ဖြစ်သည်။
သို့သော် လျူအာကျူး မျှော်လင့်မထားခဲ့သည်မှာ အတွင်းရေးမှူးချောင်ကော်ဖူသည် ပေကျင်းမြို့ရှိ နိုင်ငံတော်စီမံကိန်းကော်မရှင်၏ စိုက်ပျိုးရေးစီမံကိန်းဗျူရိုတွင် တာဝန်ထမ်းဆောင်နေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူသည် ဖန်လုံအိမ်များအကြောင်းကို သိရှိထားသည်။
"ဒီနေရာမှာ ဖန်လုံအိမ်တွေ ရှိတယ်ဟုတ်လား... ငါ ဘာလို့ မကြားဖူးရတာလဲ..."
အတွင်းရေးမှူးချောင်ကော်ဖူက အံ့သြစွာဖြင့် မေးလိုက်သည်။
"ခင်ဗျားက ဖန်လုံအိမ်တွေအကြောင်းကိုတောင် သိတယ်ဟုတ်လား..."
လျူအာကျူးမှာ ပို၍ပင် အံ့အားသင့်သွားသည်။
"ငါ အဲဒီအကြောင်း နည်းနည်း ကြားဖူးတယ်... အဲ့နည်းပညာကို အရှေ့မြောက်ပိုင်းမှာ စမ်းသပ်လုပ်ဆောင်နေပြီး အခု ဒီနေရာမှာ မြှင့်တင်ဖို့ လုပ်နေပေမဲ့ ဒီနေရာအထိ မရောက်သေးဘူး မဟုတ်လား..."
အတွင်းရေးမှူးချောင်ကော်ဖူက ပြုံးလျက် မေးလိုက်လးသည်။
ထိုစကားကို ကြားသောအခါ လျူအာကျူး၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွား၏။
ဤလူနှစ်ယောက်သည် အရှေ့မြောက်ပိုင်းကများ ဖြစ်နေနိုင်မည်လားဟု သူတွေးလိုက်၏။
မဖြစ်နိုင်ပေ။ သူတို့တွင် ထိုဒေသ၏ လေယူလေသိမ်း မရှိပေ။
ပေကျင်းမြို့တွင် ဤလူသည် တစ်ချိန်က ရာထူးကြီးကြီးတစ်ခုကို ကိုင်စွဲခဲ့ပုံရပြီး အနည်းဆုံးတော့ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အလွန်အရေးကြီးသော ရာထူးတစ်ခု ဖြစ်ရမည်။
သူ့ကို ဤနေရာသို့ ပြည်နှင်ဒဏ် ပေးလိုက်ခြင်းများလား။
လျူအာကျူးသည် သူ၏တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည်ထိန်းသိမ်းလိုက်သည်။ သူသည် သူ့အား အနည်းငယ်မျှ အထင်မသေးဘဲ ယဉ်ကျေးစွာ ပြုံးလျက် ရှင်းပြလိုက်၏။
"ကျွန်တော် အရှေ့မြောက်ပိုင်းကနေ ကြားခဲ့တာပါ... နောက်တော့ စိုက်ပျိုးရေးဗဟုသုတ နည်းနည်းရှာဖို့ ပေကျင်းမြို့ကို သွားခဲ့ပြီး ကိုယ်တိုင်သုတေသနလုပ်ဖို့ ကြိုးစားခဲ့တာပါ... ရလဒ်တွေကတော့ အဆင်ပြေပါတယ်... ဒါပေမဲ့ အခုလောလောဆယ် စမ်းသပ်အဆင့်မှာပဲ ရှိသေးပြီး ကျယ်ကျယ်ပြန့်ပြန့်တော့ မမြှင့်တင်ရသေးပါဘူး..."
အတွင်းရေးမှူးချောင်ကော်ဖူက ချက်ချင်းပင် စိတ်ဝင်စားသွားပြီး မေးလိုက်လေသည်။
"မင်းက ဒီနေရာမှာ စကားမပြောချင်ဘူးဆိုတော့ ငါ မင်းတို့ရွာကို လာကြည့်လို့ ရမလား..."
လျူအာကျူးသည် သူ၏အစီအစဉ်ကို တွေးမိပြီး အသံထွက်၍ ရယ်မောမိမတတ် ဖြစ်သွားသည်။
ဤသို့သောလူ၏ အကူအညီဖြင့်ဆိုလျှင် အစီအစဉ်၏ အောင်မြင်နိုင်ခြေမှာ ပို၍ပင် မြင့်မားသွားပေလိမ့်မည်။
"ရတာပေါ့... ကျွန်တော် လမ်းပြပေးပါ့မယ်... ယာဉ်မောင်းကို ကားနဲ့ နောက်ကလိုက်လာခိုင်းလိုက်ပါလား... ခင်ဗျားက ဒီနေ့ ရောက်လာတာ အချိန်ကိုက်ပဲ... ကျွန်တော်တို့ရွာက ပဲတီစိမ်းပင်ပေါက်တွေ အခုလေးတင် ရိတ်သိမ်းထားတာဆိုတော့ ခင်ဗျားကို ရေလုံပြုတ်အသားပြားဟင်း လုပ်ကျွေးပါ့မယ်..."
လျူအာကျူးက သူ့အား နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
"ဝိုး... မင်းကောင်လေးက စီချွမ်းဟင်းလျာတွေကိုတောင် ချက်တတ်တာလား..."
အတွင်းရေးမှူးချောင်ကော်ဖူမှာ ရှင်းလင်းစွာပင် လောကအတွေ့အကြုံများသူဖြစ်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"ဒါဆိုရင် ငါ မြည်းကြည့်ရမှာပေါ့..."
လျူအာကျူးသည် သူ၏မော်တော်ဆိုင်ကယ်ပေါ်သို့ ချက်ချင်းတက်ကာ လမ်းပြပေးလိုက်သည်။
ထိုစဉ် အတွင်းရေးမှူးချောင်ကော်ဖူမှာမူ ကားပေါ်တွင် ထိုင်ကာ နောက်မှ လိုက်ပါလာသည်။
အစပိုင်းတွင်မူ သူပ မျှော်လင့်ချက်များ အပြည့်ဖြစ်နေခဲ့၏။
သို့သော် ခရိုင်မြို့မှထွက်လာပြီး ချိုင့်ခွက်များပြည့်နေသော လမ်းပျက်ကြီးများပေါ်တွင် မောင်းနှင်လာပြီးနောက် အတွင်းရေးမှူးချောင်ကော်ဖူမှာ နောင်တရသွားသည်။
ငါ အဘယ်ကြောင့်များ သူ့နောက်လိုက်၍ ဤနေရာတွင် လာရောက်ဒုက္ခခံနေရသနည်းဟု သူတွေးမိလိူက်သည်။
လမ်းက အလွန်ဆိုးရွားလွန်းလှသဖြင့် ပုံမှန်အားဖြင့် ကားမမူးတတ်သော သူ့ကိုပင် ကားမူးလာအောင် လှုပ်ခါနေပြီး အန်ချင်လာသည်အထိ ဖြစ်လာသည်။
သို့သော် လျူအာကျူးသည် တမင်သက်သက် လုပ်ခဲ့ခြင်း မဟုတ်ပေ။ သူက ဤလမ်းပျက်ကြီးများကို အသားကျနေပြီဖြစ်ကာ ဤအတွင်းရေးမှူးအသစ်မှာ ပြင်ပမှလာသူဖြစ်ပြီး အသားမကျနိုင်လောက်ကြောင်းကို မေ့နေခဲ့ခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့က လျူကျေးရွာသို့ ရောက်ရှိလာကြသည်။
ယာဉ်မောင်းသည် သနားစရာကောင်းနေသော အတွင်းရေးမှူးချောင်ကော်ဖူကို ကြည့်ပြီး လျူအာကျူးကို အလျင်အမြန် မေးလိုက်သည်။
"ညီလေး... ရေနည်းနည်းလောက် ယူပေးပါ..."
"ကားမူးတာလား..."
လျူအာကျူးသည် ပြေးသွားကာ ကြည့်လိုက်ပြီး ချက်ချင်းပင် နားလည်သွားသည်။
"ရေသောက်လို့ ဘာထူးမှာလဲ... ရေသောက်လိုက်ရင် အစာအိမ်ထဲမှာရှိတဲ့ ဟာတွေအကုန်လုံး အန်ထွက်လာမှာပဲ..."
ထိုသို့ပြောရင်း သူသည် သူ၏လွယ်အိတ်ထဲမှ ငွေအပ်များကို ထုတ်ယူလိုက်သည်။
ယင်းကိုမြင်သောအခါ ယာဉ်မောင်းက သူ့ကို အလျင်အမြန် တားဆီးလိုက်သည်။
"မင်းက ဆရာဝန်လား... မင်းရဲ့ ဆေးပညာစွမ်းရည်က ဘယ်လိုနေလဲ..."
သူသည် ခေါင်းဆောင်ကို မည်သူမည်ဝါမှန်းမသိသူတစ်ယောက်အား အပ်စိုက်ခွင့် မပေးရဲပေ။ တစ်ခုခု မှားယွင်းသွားလျှင် မည်သို့လုပ်မည်နည်း။
လျူအာကျူးက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ခင်ဗျား ပေကျင်းမြို့ ပီကင်းယူနီယံဆေးရုံက အဘိုးချီကို သိတယ်မဟုတ်လား..."
"နတ်ဆေးသမားတော် အဘိုးချီလား... သူက မင်းရဲ့ဆရာလား..."
ယာဉ်မောင်းမှာ အံ့အားသင့်သွားသည်။
"သူက ကျွန်တော့်တပည့်လေ..."
လျူအာကျူးသည် ယာဉ်မောင်းကို ဘေးသို့တွန်းဖယ်လိုက်ပြီး အတွင်းရေးမှူးချောင်ကော်ဖူကို ကျွမ်းကျင်စွာဖြင့် အပ်နှစ်ချောင်း စိုက်လိုက်သည်။
ယာဉ်မောင်းသည် အစပိုင်းတွင် ခေါင်းညိတ်လိုက်၏။ အကယ်၍ သူက အဘိုးချီ၏ ဆရာဆိုလျှင် သေချာပေါက် အဆင်ပြေမည်မှာ သေချာသည်... နေဦး... ဒါ မမှန်သေးဘူး။
ဤကောင်လေး ဘာပြောလိုက်တာလဲ။
သူလို လူငယ်လေးတစ်ယောက်က နတ်ဆေးသမားတော် အဘိုးချီ၏ ဆရာဖြစ်သည်ဟု ပြောရဲသည်လား။
လျူအာကျူးမှာ လေလုံးထွားလွန်းသည်ဟု တွေးမိကာ ယာဉ်မောင်းမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် အတွင်းရေးမှူးကိုပင် အပ်စိုက်ရဲသည်ဆိုတော့ သူ အသတ်ခံချင်နေတာလားဟု တွေးလိုက်မိလေတော့သည်။