← Chapters

အခန်း ၂၂၃

Vol. 22 Ch. 223

အခန်း ၂၂၃

Vol. 22 Ch. 223

အခန်း (၂၂၃) လျူအာကျူးကို အနိုင်ကျင့်မည်ဆိုပါလား လုံးဝလက်မခံနိုင်ပေ

အတွင်းရေးမှူး ချောင်ကော်ဖူသည် ဓာတ်ပုံဘောင်ထဲရှိ ဂုဏ်ပြုမှတ်တမ်းလွှာကို ကြည့်လိုက်ရာ သူ၏မျက်နှာထားမှာ ချက်ချင်းပြောင်းလဲသွားပြီး အနီးကပ်သေချာကြည့်ရန် အမြန်ယူလိုက်သည်။

ထိုအပေါ်ရှိ တရားဝင်တံဆိပ်တုံးမှာ အတုမဟုတ်ကြောင်း အတည်ပြုပြီးနောက်တွင်ကား ဤမိသားစုသည် ရမ်းကား၍မရသော မိသားစုဖြစ်ကြောင်းကို သူ ချက်ချင်းပင် သဘောပေါက်သွားသည်။

သူတို့သည် တစ်ရွာလုံး အကျိုးရှိစေရန် ဖန်လုံအိမ်တစ်ခု ဖန်တီးပေးခဲ့သည်မှာ အပထား။

အဓိကအချက်မှာ ဤဂုဏ်ပြုမှတ်တမ်းလွှာသည် မြို့တော်မှ ထုတ်ပေးထားခြင်း ဖြစ်သည်။ အတွင်းရေးမှူး ချောင်ကော်ဖူသည် ခရိုင်ပါတီအတွင်းရေးမှူးဖြစ်သော်ငြားလည်း လျူအာကျူးကို အနိုင်ကျင့်ခြင်းမှာ မြို့တော်မှချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာကို မလေးမစားလုပ်ခြင်းပင် ဖြစ်ပေသည်။ အကယ်၍ မကောင်းသော ရည်ရွယ်ချက်ရှိသူ တစ်ဦးဦးကသာ တိုင်ကြားလိုက်ပါက သူသည် သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်၏။

ယခုအခါတွင် အတွင်းရေးမှူး ချောင်ကော်ဖူသည် လူများကို ပြစ်မှားမိခြင်း၏ အကျိုးဆက်များကို ကောင်းစွာ သိရှိနားလည်နေပြီဖြစ်၏။

သူသည် ပြဿနာရှာရန် ဟန်ပြင်နေသော ယာဉ်မောင်းကို ချက်ချင်းတားဆီးလိုက်ပြီး ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ... အခုချက်ချင်း ထွက်သွားစမ်း... ပြန်ရောက်ရင် နုတ်ထွက်စာသာ ရေးထားလိုက်တော့... မဟုတ်ရင် ငါ့ကို အားနာမှာမဟုတ်ဘူးလို့ မပြောနဲ့..."

နိုင်ငံ့ဝန်ထမ်းများကို အလွယ်တကူ အလုပ်ထုတ်၍မရသည်မှာ မှန်သော်လည်း သူတို့၏ တာဝန်ကို ပြောင်းရွှေ့ရန်မှာမူ သေချာပေါက် ဖြစ်နိုင်သည်။

ခေါင်းဆောင်ဖြစ်သူက သင့်ကို အေးစက်နေသော ခုံတန်းလျားပေါ်တွင် ထိုင်ခိုင်းလိုပါက သင်သည် နွေးထွေးနေနိုင်ဦးမည်လား။

လျူအာကျူးတွင် ဂုဏ်ပြုမှတ်တမ်းလွှာ ရှိနေမည်ဟု ယာဉ်မောင်းဖြစ်သူက မျှော်လင့်မထားခဲ့ပေ။ သူ၏ ခေါင်းဆောင်ပြောစကားကို ကြားလိုက်ရသောအခါ သူ၏မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားပြီး ပြောလိုက်သည်။

"အတုကြီးပါ... အတွင်းရေးမှူး... ဒါက သေချာပေါက် အတုကြီးဖြစ်ရမယ်... တောက ကလေးပေါက်စလေးက ဘယ်လိုလုပ်ပြီး သူလျှိုကို ဖမ်းမိနိုင်မှာလဲ..."

လျူအာကျူးက သရော်လိုက်သည်။

"ခင်ဗျား မြို့တော်ဗျူရိုကို ဖုန်းဆက်ပြီး မမေးကြည့်ပါလား..."

လျူအာကျူးက သူ့အား လှောင်ပြောင်နေကြောင်းကို ယာဉ်မောင်းဖြစ်သူက သိသည်။ ယာဉ်မောင်းတစ်ယောက်မျှသာဖြစ်သော သူ့အနေဖြင့် မြို့တော်ဗျူရို၏ ဂုဏ်ပြုမှတ်တမ်းလွှာအကြောင်းကို စုံစမ်းရန် မည်သည့်အခွင့်အရေး ရှိမည်နည်း။

အတွင်းရေးမှူး ချောင်ကော်ဖူသည်လည်း ဆက်၍ သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး အော်လိုက်သည်။

"ရှောင်ကျောက်... မင်းကို ထွက်သွားလို့ ပြောနေတာ မကြားဘူးလား..."

အတွင်းရေးမှူး၏ ဆူပူကြိမ်းမောင်းမှုကို ကြားလိုက်ရသောအခါ ယာဉ်မောင်းဖြစ်သူမှာ မကျေနပ်သော်လည်း ဘာမျှမတတ်နိုင်ပေ။ သူက လျူအာကျူးကို လက်ညှိုးထိုးကာ ဆဲဆိုလိုက်သည်။

"မင်း စောင့်နေလိုက် ကောင်လေး... ဒီနေ့ကိစ္စက ဒီလောက်နဲ့ ပြီးသွားမှာမဟုတ်ဘူး..."

ယာဉ်မောင်းသည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် လှည့်ထွက်သွားလေတော့သည်။

သူ ထွက်သွားပြီးနောက် အတွင်းရေးမှူး ချောင်ကော်ဖူက ကျူးဇီအား ရိုးသားစွာ ကြည့်ကာ ပြောလိုက်သည်။

"ငါ တောင်းပန်ပါတယ် ကျူးဇီရာ... ငါ့ရဲ့ယာဉ်မောင်းက တကယ့်ကို နားလည်မှုမရှိဘူးဖြစ်နေတယ်..."

ခရိုင်ပါတီအတွင်းရေးမှူးကပင် ခေါင်းငုံ့၍ သူ့အား တောင်းပန်လာသည်ကို မြင်သောအခါ လျူအာကျူးက ဆက်၍ ပြဿနာမရှာတော့ပေ။ သူက ထိုကိစ္စသည် အတွင်းရေးမှူးနှင့် မသက်ဆိုင်ကြောင်း အသံထွက်၍ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ထိုယာဉ်မောင်းကို မည်သို့ ကိုင်တွယ်ရမည်ကို ကြံစည်နေသည်။

ရုတ်တရက် သူက ဟင်းတူးနေသော အနံ့တစ်ခုကို ရလိုက်သည်။

"ဒုက္ခပါပဲ... ငါ့အိုးကြီး..."

လျူအာကျူး၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး မီးဖိုချောင်ဆီသို့ အမြန်ပြေးသွားလေသည်။

သူသည် မူလက ဘေးထည့်ဟင်းရွက်များကို အရင်ပြုတ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယာဉ်မောင်း၏ ဆူပူသောင်းကျန်းမှုကြောင့် သူ မေ့သွားခဲ့ပြီး အိုးမှာ တူးသွားခဲ့သည်။

လျူအာကျူးသည် မည်းမှောင်နေသော မျက်နှာဖြင့် တူးသွားသော ဟင်းလျာများကို ထုတ်ယူလိုက်၏။

သို့သော်လည်း သူသည် ၎င်းတို့ကို လွှင့်မပစ်ဘဲ ဘေးသို့ ဖယ်ထားလိုက်သည်။

လျူအာကျူး၏ ဒေါသကို ပြေပျောက်စေရန် ရည်ရွယ်ထားသော အတွင်းရေးမှူး ချောင်ကော်ဖူက ချက်ချင်းပင် ပြောလိုက်သည်။

"ဒီတူးနေတဲ့ ဟင်းတွေကို အလဟဿ မလွှင့်ပစ်ပါနဲ့... ငါ့ရဲ့ ယာဉ်မောင်းကို စားခိုင်းဖို့ ပေးလိုက်ပါ..."

လျူအာကျူးက ခေါင်းမမော့ဘဲ ပြန်ပြောလိုက်သည်။

"ခင်ဗျား တွေးလွန်နေပါပြီ... ကျွန်တော်က သူ့ကို ကျွေးဖို့ ဘယ်တုန်းကမှ မရည်ရွယ်ထားပါဘူး..."

သူ့ကို တူးနေသော ဟင်းကို စားခိုင်းမည် ဟုတ်လား။ ခွေးတစ်ကောင်တောင်မှ ၎င်းကို ရမည်မဟုတ်ချေ။ သူ့အတွက်ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

လျူအာကျူးက ယာဉ်မောင်းအား ကျွေးမည့်အစီအစဉ်မရှိကြောင်းကို ကြားလိုက်ရသောအခါ အတွင်းရေးမှူး ချောင်ကော်ဖူသည် တစ်ခုခုပြောလိုသော်လည်း နောက်ဆုံးတွင် စကားပြောရန် အလွန်ရှက်ရွံ့နေခဲ့သည်။

ဤသည်မှာ သူ၏ ယာဉ်မောင်း ပါးစပ်သရမ်းခဲ့ခြင်းအတွက် ကိုယ်တိုင်ကျူးလွန်ခဲ့သော အမှားပင်

ဖြစ်သည်။

လျူအာကျူးသည် ရေလုံပြုတ်အသားပြား ချက်ပြုတ်ခြင်းကို အမြန်ပင် ပြီးစီးသွားခဲ့သည်။ သူက အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးပျံ့သော ရနံ့တစ်ခုက လွင့်ပျံလာလေတော့သည်။

အနီးနားရှိ အတွင်းရေးမှူး ချောင်ကော်ဖူနှင့် အခြားသူများအားလုံးမှာ အံ့သြမှင်တက်သွားကြလေသည်။

အလွန်မွှေးပျံ့လှပေသည်။

လူတိုင်းသည် တံတွေးများကို မျိုချနေကြပြီး အနီးနားတွင် သူတို့၏ ဗိုက်များကလည်း မြည်လာကြသည်။

ခေါင်းဆောင်ဖြစ်သူ အတွင်းရေးမှူး ချောင်ကော်ဖူပင်လျှင် ချွင်းချက်မဟုတ်ခဲ့ချေ။

သူသည် ပေကျင်းမြို့တွင် အစားအစာကောင်းများကို စားခဲ့ဖူးသော်လည်း စီချွမ်းဟင်းလျာမှာ ဤကဲ့သို့ပင် ဆွဲဆောင်မှုရှိလှပေသည်။

လူတစ်ယောက်အနေဖြင့် အစပ်စားနိုင်သည်ဖြစ်စေ၊ မစားနိုင်သည်ဖြစ်စေ ဤရနံ့ကို ရှူရှိုက်မိခြင်းက သူတို့ကို မြည်းစမ်းကြည့်ချင်စိတ် ပေါ်လာစေသည်။

လျူအာကျူးသည် အစားအစာများကို အိမ်ထဲသို့ ချက်ချင်းယူဆောင်လာခဲ့ပြီး အတွင်းရေးမှူး ချောင်ကော်ဖူအား ကန်းပေါ်တွင် ထိုင်၍စားရန် ဖိတ်ခေါ်ကာ အရက်တစ်ပုလင်းကို ဖွင့်လိုက်သည်။

လျူဖူရှန့်နှင့် လျူအာကျူးတို့ သားအဖနှစ်ယောက်က သူနှင့်အတူ ထိုင်သောက်ကြလေသည်။

နျူဟုန်ဟွာနှင့် ချွန်းအာတို့မှာမူ စားပွဲတွင် မထိုင်ကြပေ။ သူတို့သည် မီးဖိုခုံဘေးတွင်သာ စားသောက်ကြသည်။

သူတို့ကို စားပွဲတွင် မထိုင်ခိုင်းခြင်း မဟုတ်ဘဲ အဓိကအားဖြင့် အမျိုးသားများက အလေးအနက်ထားရမည့် ကိစ္စများကို ဆွေးနွေးနေကြပြီး သူတို့နားမလည်သောကြောင့် အနှောင့်အယှက် မဖြစ်စေလို၍သာ ဖြစ်သည်။

မီးဖိုချောင်ဘေးတွင် အမျိုးသမီးနှစ်ဦးတည်း စားသောက်ရခြင်းက တကယ်တမ်းတွင် ပို၍ သက်တောင့်သက်သာ ရှိလှပေသည်။

ယနေ့တွင် လျူအာကျူးက သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ငြင်းဆိုခြင်းမရှိသောကြောင့် ၎င်းကို တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူနိုင်ပြီး သူမအနေဖြင့် ပို၍ တက်ကြွစွာ လုပ်ဆောင်သင့်ကြောင်း နျူဟုန်ဟွာက ချွန်းအာအား အစဉ်တစိုက် အားပေးနေလေသည်။

ချွန်းအာ၏ မျက်နှာမှာ ထိုစကားများကြောင့် နီမြန်းနေဆဲဖြစ်ပြီး မည်သို့ တက်တက်ကြွကြွ လုပ်ဆောင်ရမည်ကို စဉ်းစားနေသည်။

ခြံဝင်းထဲတွင် လူများက အရက်သောက်ကာ အသားစားနေကြ၏။

တံခါးအပြင်ဘက်ရှိ ကားထဲတွင်မူ ယာဉ်မောင်း ရှောင်ကျောက်သည် မွှေးပျံ့သော ရနံ့ကို ရလိုက်ပြီး သူ၏ ဗိုက်မှာ တဂွီဂွီ မြည်နေတော့သည်။

သူသည် ခြံဝင်းထဲသို့ အဆက်မပြတ် လှမ်းကြည့်နေပြီး မည်သူကမျှ သူ့အား အစားအစာ လာမပေးသေးသည်ကို တွေးလ်ုက်သည်။

လျူအာကျူးက သူ့အား အစားအစာ မပေးချင်လျှင်တောင်မှ အတွင်းရေးမှူးက သူ့ကို သတိရမည်မှာ သေချာသည် မဟုတ်ပါလား။

သူတို့ စားသောက်ပြီးမှ သူ့ကို လာပို့ပေးရန် စီစဉ်ထားကြခြင်းများလား။

ယာဉ်မောင်းဖြစ်သူမှာ စိတ်ထဲတွင် မပျော်ရွှင်သော်လည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းရုံမှလွဲ၍ ဘာမျှမတတ်နိုင်ချေ။

သူမည်မျှပင် စောင့်ဆိုင်းနေစေကာမူ တစ်နာရီတိတိ ကုန်လွန်သွားသည့်တိုင် မည်သူကမျှ သူ့ထံသို့ အစားအစာ ယူမလာခဲ့ကြောင်း မည်သူသိမည်နည်း။

သူတို့သည် ဖန်လုံအိမ်ကို လေ့လာနေခဲ့သောကြောင့် နောက်ကျမှ စားသောက်ခဲ့ကြရပြီး နေ့လယ် ဆယ့်နှစ်နာရီမှသာ စတင်စားသောက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ တစ်နာရီထိုးနေပြီ ဖြစ်သော်လည်း အစားအစာ ပို့မလာသေးပေ။ ယာဉ်မောင်းမှာ သူ၏ရင်ဘတ်နှင့် ကျောကပ်မတတ် ဆာလောင်နေ၏။

သူသည် ကားထဲတွင် ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေခဲ့သော်လည်း စားစရာ တစ်ခုမျှ မတွေ့ရသောကြောင့် ခြံဝင်းဆီသို့ မည်းမှောင်နေသော မျက်နှာဖြင့် လျှောက်သွားလိူက်သည်။

မမျှော်လင့်ဘဲ လျူအာကျူးသည် အမြော်အမြင်ရှိစွာဖြင့် ပင်မတံခါးကို ဂျက်ချထားခဲ့သည်။

ထို့နောက် ယာဉ်မောင်းသည် သမဝါယမဆိုင်၏ တံခါးငယ်ဆီသို့ လှည့်ပတ်သွားခဲ့သော်လည်း ထိုတံခါးမှာလည်း ပိတ်ထားသည်။

ဤအချိန်တွင် သူ သဘောပေါက်သွားလေပြီ။ သူတို့သည် သူ့ကို အစားအစာကျွေးရန် ရှင်းလင်းစွာ ငြင်းဆန်နေကြခြင်း ဖြစ်ပေသည်။

ယာဉ်မောင်းသည် ဒေါသတကြီးဖြင့် တံခါးကို ချက်ချင်း ထုရိုက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"တံခါးဖွင့်စမ်း... ငါ့အတွက် တံခါးလာဖွင့်ပေးစမ်း..."

အထဲတွင် စားသောက်နေသော လျူအာကျူးသည် ထိုဆူပူသောင်းကျန်းသံကို ကြားလိုက်ရသဖြင့် သူ၏ခွက်ကို မြှောက်ကာ အတွင်းရေးမှူး ချောင်ကော်ဖူအား အရက်ဖြင့် ဂုဏ်ပြုလိုက်လေသည်။

"ခေါင်းဆောင်ကြီး... ခင်ဗျားက ဒီလိုလူမျိုးကို အလုပ်ခန့်ရဲတယ်ဆိုရင်တော့ သူက ခင်ဗျားကို အစောကြီးမဟုတ်ရင်တောင် တစ်နေ့နေ့မှာ သေချာပေါက် ဒုက္ခပေးလိမ့်မယ်..."

အတွင်းရေးမှူး ချောင်ကော်ဖူ၏ မျက်နှာထားမှာ မှုန်မှိုင်းနေသည်။ ဤယာဉ်မောင်းသည် အရူးတစ်ယောက်ဖြစ်ကြောင်းကို သူလည်း သဘောပေါက်သွားခဲ့သည်။

သူသည် လျူအာကျူးအပေါ် မကျေမနပ်ဖြစ်နေလျှင်ပင် အဘယ်ကြောင့် ထိုမျှသိသာထင်ရှားစွာ အထူးသဖြင့် သူ့ရှေ့တွင် ဖော်ပြရမည်နည်း။

သင်သည် လူများကို ထိုကဲ့သို့ ရင်ဆိုင်ပြီးနောက် ဖြေရှင်းခံရပါက အတွင်းရေးမှူးဖြစ်သော သူ့အတွက် မျက်နှာပျက်စရာ မဟုတ်ပါလား။

အတွင်းရေးမှူး ချောင်ကော်ဖူသည် တွေးလေတွေးလေ ပို၍ဒေါသထွက်လေ ဖြစ်လာသည်။ သူက လျူအာကျူးအား ချက်ချင်း ပြောလိုက်၏။

"ကျူးဇီ... မစိုးရိမ်ပါနဲ့... ငါတို့ပြန်ရောက်ရင် ဒီကောင်ကို ချေးသွားကျုံးခိုင်းလိုက်မယ်..."

လျူအာကျူးက သူ၏ခွက်ထဲရှိ အရက်ကို မော့သောက်လိုက်သည်။

"ဟီးဟီး... အလုပ်ပြောင်းရွှေ့တဲ့ကိစ္စတွေကိုတော့ ကျွန်တော် ဝင်မစွက်ဖက်ရဲပါဘူး... ဒါပေမဲ့ ခင်ဗျားကိုတော့ ဂုဏ်ပြုလိုက်ပါတယ်..."

မီးဖိုချောင်ထဲရှိ နျူဟုန်ဟွာနှင့် ချွန်းအာတို့ကလည်း ထိုအသံကို ကြားလိုက်ကြသည်။ သူတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိုဆူညံသံကို လျစ်လျူရှုထားလိုက်ကြသည်။

ပုံမှန်အားဖြင့် အကြင်နာဆုံးဖြစ်သော ချွန်းအာပင်လျှင် ယာဉ်မောင်းနှင့် ပတ်သက်၍ ဝင်ပါရန် အစီအစဉ်မရှိခဲ့ပေ။

အကြောင်းမှာ ဤယာဉ်မောင်းသည် သူမ၏ အစ်ကိုကျူးဇီကို အနိုင်ကျင့်ခဲ့သောကြောင့် ဖြစ်သည်။

ယာဉ်မောင်းသည် အပြင်ဘက်မှ တံခါးကို အတော်ကြာအောင် ထုရိုက်နေခဲ့သော်လည်း မည်သူကမျှ သူ့ကို ဂရုမစိုက်ကြသဖြင့် သူသည် ပင်ပန်းပြီး ဆာလောင်နေခဲ့သည်။

စွမ်းအင်များကို ထိန်းသိမ်းရန် နေ့လယ်စာစားပြီးနောက် တစ်ရေးအိပ်ရန် စီစဉ်နေကြသော လျူကျေးရွာမှ ရွာသူရွာသားများမှာလည်း တံခါးထုသံကြောင့် အပြင်သို့ ထွက်လာခဲ့ကြသည်။

အဒေါ်တစ်ဦးက ယာဉ်မောင်းကို စပ်စုချင်စိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ရှင်က ခေါင်းဆောင်ရဲ့ ယာဉ်မောင်းမလား... ဘာလုပ်နေတာလဲ..."

ယာဉ်မောင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဟိုခွေးကောင် လျူအာကျူးက ငါ့ကို အပြင်မှာ သော့ခတ်ထားပြီး အစာမကျွေးဘူးကွ... မင်းတို့ရွာမှာ ဘာလို့ ဒီလိုယုတ်မာတဲ့ အမှိုက်ကောင်မျိုး ရှိနေရတာလဲ..."

တောသူတောင်သားများသည် ရိုးရှင်းပြီး ရိုးသားကြသည်ဟု သူ ထင်မြင်ခဲ့မိပြီး သူသည် ခေါင်းဆောင်၏ ယာဉ်မောင်းဖြစ်သည်ဟူသော အချက်နှင့် ပေါင်းစပ်လိုက်ပါက လျူအာကျူးက သူ့အား အစာမကျွေးကြောင်း သူပြောလိုက်လျှင် ဤလူများက လျူအာကျူး မှားသည်ဟု ထင်မြင်ကာ သူ့ကိုပင် ဖယ်ကြဉ်ပြီး လျူအာကျူးကို ကူ၍ဆဲဆိုကြမည်ဟု သူ တွေးထင်ခဲ့မိသည်။

မမျှော်လင့်ဘဲ ထိုအဒေါ်ကြီးသည် ယာဉ်မောင်း၏ စကားကို ကြားလိုက်ရသောအခါ သူမ၏မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ့အား ဒေါသတကြီးဖြင့် ဆဲဆိုလိုက်သည်။

"နင့်လို ခွေးကောင်က ကျူးဇီကို ဆဲဖို့ ဘာအခွင့်အရေးရှိလို့လဲ..."

ယာဉ်မောင်းမှာ မှင်တက်သွားပြီးနောက် ပို၍ပင် ဒေါသထွက်လာသည်။

"ငါ သူ့ကို ဆဲတော့ ဘာဖြစ်လဲ... အခု ငါ အထဲဝင်လို့မရဘူး... ဒါပေမဲ့ လျူအာကျူး တံခါးဖွင့်လာတဲ့အထိ စောင့်ကြည့်လိုက်... ငါ သူ့ကို မရိုက်ဘူးလားဆိုတာ ကြည့်နေလိုက်..."

တစ်စုံတစ်ယောက်က လျူအာကျူးကို အမှန်တကယ် အနိုင်ကျင့်ချင်နေကြောင်း ရွာသူရွာသားများ ကြားလိုက်ရသောအခါ ၎င်းမှာ လုံးဝလက်မခံနိုင်စရာပင် ဖြစ်သည်။

ချက်ချင်းပင် လူအုပ်ကြီးမှာ လှုပ်ရှားသွားပြီး သူတို့အားလုံးက ယာဉ်မောင်းကို စတင်ဆဲဆိုကြတော့သည်။

ထိုကျေးလက်အမျိုးသမီးများ၏ ဆဲဆိုမှုများမှာ အလွန်ရိုင်းစိုင်းလှပေသည်။ ဝါကျအနည်းငယ်မျှဖြင့်ပင် ယာဉ်မောင်း၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားပြီးနောက် စိမ်းကားသွားလေတော့သည်။

All Chapters