အခန်း ၄၂၂
Vol. 43 Ch. 422
အခန်း (၄၂၂) အိမ်ပြန်ရောက်ခြင်း
သူတို့အဖွဲ့၏ အဝတ်အစားများပေါ်တွင် ဖုန်မှုန့်များ ပေကျံနေလျက်ရှိပြီး ဒဏ်ရာများလည်း ရရှိထား သည်ကို မြင်လိုက်ရသောအခါ ကျားရှန်း က တိုက်တွန်းလိုက်လေလည်။
"ရှင်တို့အားလုံး အဝတ်အစားလဲပြီး ဒဏ်ရာတွေ ကုဖို့ အမြန်ပြန်ကြရအောင်…"
"နေဦး..."
ကျားရှန်း ခြေလှမ်းမလှမ်းမီ ယောင်ရန် က သူမကို တားလိုက်သည်။ ထို့နောက် အခြားလေယာဉ်များပေါ် မှ ဆင်းလာသူများကို လက်ညှိုးထိုးပြကာ မေးလိုက်လေသည်။
"သူတို့ကို နေရာချပေးဖို့ ကူညီပေးနိုင်မလား…"
ကျားရှန်းက အကြီးဆုံးလေယာဉ်ပေါ်မှ ဆင်းလာသည့် သက်ကြီးရွယ်အို သုံးဦးနှင့် လူငယ် သုံးဦးကို လှမ်း ကြည့်လိုက်သည်။ သူတို့၏ တည်ကြည်ခန့်ညားသော အသွင်အပြင်ကို သတိပြုမိသွားခဲ့ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
"သူတို့က နင့်မိသားစုဝင်တွေလား…"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြန်ဖြေလိုက်သည်။
"သူတို့က ကွယ်လွန်သွားပြီဖြစ်တဲ့ ငါ့အဘိုးရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလေ… ကျန်တဲ့ လူငယ် သုံးယောက်ကတော့ သူတို့ရဲ့ မြေးတွေပေါ့…"
ထိုစကားကို ကြားသောအခါ ကျားရှန်းက သူမ၏ ရင်ဘတ်ကို ယုံကြည်မှုရှိရှိ ပုတ်လိုက်ရင်း ပြောလိုက် လေသည်။
"သူတို့ကိစ္စကို ငါ့ကိုသာ လွှဲထားလိုက်ပါ… ငါ သူတို့ကို သေချာ ဂရုစိုက်ပေးပါ့မယ်…"
ယောင်ရန်က ပြုံးလျက် ဆိုလိုက်လေသည်။
"ကျေးဇူးပဲနော်…"
ကျားရှန်းက ရွှီရူဟန် နှင့် သူ၏အဖွဲ့ကို သွားရောက်နှုတ်ဆက်နေစဉ် လီထျန်းယု သည် ဧရာမကုန်တင် လေယာဉ်ကြီးကို လေ့လာရင်း ရှီရွှမ်း အား မေးလိုက်လေသည်။
"အစ်ကိုရှီ... ဒီလောက်ကြီးတဲ့ ကုန်တင်လေယာဉ်ကြီးကို ဘယ်ကရတာလဲဗျ…"
ရှီရွှမ်းက ယောင်ရန်ဘက်သို့ ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် အေးအေးဆေးဆေးပင် ပြန်ဖြေလိုက် လေသည်။
"ယောင်ရန် ရှာထားတာလေ…"
ရှီရွှမ်းက အသေးစိတ် မပြောချင်မှန်း သိလိုက်သဖြင့် လီထျန်းယုလည်း ထပ်မမေးတော့ပေ။ သူသည် စစ်သားများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်လေသည်။
"လေယာဉ်တွေကို စောင့်ရှောက်ဖို့ ဒီမှာ လူဆယ်ယောက် ချန်ထားခဲ့ကြ…"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး…"
လေယာဉ်များကို ကင်းစောင့်ချထားခဲ့ပြီးနောက် လီထျန်းယုနှင့် ကျန်ရှိသူများသည် ရွှီရူဟန်တို့အဖွဲ့ နှင့်အတူ လေကြောင်းရန်ကာကွယ်ရေးစခန်းဆီသို့ ပြန်လာခဲ့ကြလေတော့သည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် လျှပ်စစ်ခြံစည်းရိုးများရှိရာသို့ ရောက်ရှိလာကြလေသည်။ ခြံ စည်းရိုးမှာ တောင်ခြေနှင့် အလွန်နီးကပ်လျက်ရှိသည်ကို မြင်သောအခါ ယောင်ရန်က မေးလိုက် လေသည်။
"အစ်ကျားရှန်း... ရှင်တို့ ခြံစည်းရိုးကို ဒီအထိတောင် ချဲ့လိုက်ပြီလား…"
ကျားရှန်းက ခေါင်းညိတ်ပြရင်း ရှင်းပြလိုက်လေသည်။
"ဟုတ်တယ်လေ... နင်တို့မရှိတဲ့ အချိန်အတွင်းမှာ ငါတို့ စွမ်းအားရှင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် တစ်ရာ ကျော်ကို ထပ်ပြီး လက်ခံလိုက်ရတယ်လေ…"
"သူတို့ထဲမှာ အများစုက သန္ဓေပြောင်း သတ္တဝါတွေ ဒါမှမဟုတ် ပုံပျက်ပန်းပျက် သတ္တဝါတွေကို တိုက်ခိုက်နိုင်စွမ်း မရှိကြဘူးလေ…. ဒါကြောင့် သူတို့အတွက် အလုပ်အကိုင်တစ်ခုခု ရှာပေးဖို့ ငါတို့ ဆုံးဖြတ်ခဲ့ကြတာ… အများကြီး စဉ်းစားပြီးတဲ့နောက်ကျတော့ ခေါင်းဆောင်နဲ့လည်း ဂြိုဟ်တုဖုန်းက တစ်ဆင့် တိုင်ပင်ပြီးတော့ စိုက်ပျိုးမြေတွေဖော်ပြီး စားလို့ရတဲ့ သန္ဓေပြောင်းအပင်တွေကို စိုက်ပျိုးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လေ…."
"ဒီသန္ဓေပြောင်းအပင်တွေက ညစ်ညမ်းနေတဲ့ မြေဆီလွှာမှာ ကောင်းကောင်းကြီးထွားနိုင်တာမို့ ဦးလေး ဟန်ကို စိုက်ပျိုးရေးပညာရပ်တွေ သင်ပေးဖို့ တောင်းဆိုခဲ့ပြီး လူသစ်တွေကို အဲဒီသန္ဓေပြောင်းအပင် စိုက်ခင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးထားတာ…"
သန္ဓေပြောင်းအပင်များတွင် စွမ်းအားရှင်များရော သာမန်လူများပါ စားသုံးနိုင်သော စွမ်းအင်များ ပါရှိ လေသည်။ သန္ဓေပြောင်းအပင်များ သို့မဟုတ် သန္ဓေပြောင်းသတ္တဝါများ၏ အသားကို ပိုမိုစားသုံးခြင်း ဖြင့် သာမန်လူများသည် ကျန်းမာရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး နောင်တွင် စွမ်းရည်များ ရရှိလာ ရန်ပင် အခွင့်အလမ်းများ ရှိလာနိုင်ပေသည်။
ဤသည်ကိုကြားသောအခါ ယောင်ရန်က ချီးကျူးလိုက်လေသည်။
"ဒါ တကယ့်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ…"
ကျားရှန်းက ပြုံးပြပြီး သူတို့အား သန္ဓေပြောင်းအပင် စိုက်ခင်းများကြားမှ ခေါ်ဆောင်သွားခဲ့လေသည်။
စိုက်ခင်းတစ်ခုကို ဖြတ်သွားသောအခါ အလုပ်လုပ်နေသူအချို့သည် ကျားရှန်းနှင့် ယောင်ရန် စကားပြော နေသည်ကို မြင်သွားကြလေသည်။ သူတို့ထဲမှ တစ်ဦးက ကျားရှန်းကို နှုတ်ဆက်ရင်း မေးလိုက်လေ သည်။
"အစ်အစ်မကျားရှန်း... သူတို့က အဖွဲ့ဝင်သစ်တွေလားဗျ…"
ကျားရှန်းက ခေါင်းယမ်းလိုက်ပြီး လုံယု ဘက်သို့ လက်ညှိုးထိုးကာ မိတ်ဆက်ပေးလိုက်လေသည်။
"ဒါက ငါတို့ရဲ့ ခေါင်းဆောင်နဲ့ ဒီစခန်းရဲ့ ပိုင်ရှင် လုံယုပဲ…"
ထို့နောက် ယောင်ရန်၏ ပုခုံးကို ပုတ်ကာ ထပ်လောင်း မိတ်ဆက်ပေးလိုက်လေသည်။
"ဒါကတော့ ဒီစခန်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ယောင်ရန်ပဲ…."
ထိုလူငယ်သည် ယောင်ရန်ကို ကြည့်လိုက်သောအခါ မျက်လုံးများ အရောင်တောက်သွားသည်ကို သတိ ပြုမိသွားသဖြင့် ကျားရှန်းက မြန်မြန်ဆန်ဆန်ပင် သတိပေးလိုက်သည်။
"သူက ငါတို့ ခေါင်းဆောင်ရဲ့ စေ့စပ်ထားသူပဲနော်… မင်း အသက်ကို တန်ဖိုးထားတယ်ဆိုရင်တော့ အနေ အထိုင် ဆင်ခြင်တာ ကောင်းလိမ့်မယ်…"
သူမ၏ အသံထဲတွင် ပါဝင်နေသော သတိပေးမှုကို ကြားလိုက်ရသောအခါ ထိုလူငယ်မှာ လက်နှစ်ဖက်ကို ကပြာကယာ ဝှေ့ယမ်းရင်း ငြင်းလိုက်လေသည်။
"ဘာတွေ ပြောနေတာလဲ အစ်အစ်မကျားရှန်းရာ... ကျွန်တော်က သူတို့ကို တစ်ခါမှ မမြင်ဖူးလို့ သိချင်ရုံ သက် သက်ပါ…"
"သိချင်ရုံဆိုရင်တော့ ကောင်းတာပေါ့…"
ကျားရှန်းက ပြန်ပြောလိုက်ပြီး….၊
"ကဲ... အလုပ်ကို မြန်မြန်လုပ်ကြဦး… မဟုတ်ရင်တော့ နေ့လယ်စာစားဖို့ အချိန်မီမှာ မဟုတ်ဘူး…" ဟု
ထပ်လောင်း ပြောလိုက်လေသည်။
ထိုလူငယ်ကလည်း ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ အစ်မကျားရှန်း…"
ကျားရှန်းတို့ ထွက်သွားသည်ကို ကြည့်ရင်း အခြားလူငယ်တစ်ဦးက လျှာသပ်ကာ ပြောလိုက်လေသည်။
"ကြည့်စမ်း... သူတို့ရဲ့ အရှိန်အဝါက တကယ့်ကို အထင်ကြီးစရာပဲ…."
"သူတို့က တကယ့်ကို သန်မာတဲ့သူတွေ ဖြစ်မှာ သံသယဖြစ်စရာတောင် မရှိဘူး…"
ပထမလူငယ်က သက်ပြင်းချရင်း ပြန်ပြောလိုက်လေသည်။
"ဒါပေမဲ့ ငါတို့လည်း မဆိုးပါဘူးကွာ…"
အခြားလူငယ်တစ်ဦးက ဥက္ကာခဲများ ကျဆင်းမှုကြောင့် ဖြစ်ပေါ်နေသော တွင်းနက်ကြီးကို ကြည့်ကာ ပြောလိုက်လေသည်။
"ဒီနေ့ မီနူးမှာ သန္ဓေပြောင်းအသား ကင်လည်း ပါတယ်… ဒီဥက္ကာခဲတွေကို မြန်မြန် တူးထုတ်မှ ဖြစ်မယ်… မဟုတ်ရင် ငါတို့အလုပ်ပြီးတဲ့ အချိန်ဆို စားစရာတွေ အကုန် ကုန်သွားလိမ့်မယ်…"
သာမန်အဖွဲ့ဝင်များက စိုက်ခင်းများကို ရှင်းလင်းပြီး ကျဆင်းနေသော ဥက္ကာခဲများကို တူးဖော်နေကြစဉ် ယောင်ရန်နှင့် အခြားသူများသည် သန့်စင်ရေး လုပ်ငန်းစဉ်များကို အပြီးသတ်ကာ လေကြောင်းရန်ခိုလှုံရေးစခန်းထဲသို့ ဝင် ရောက်လာကြပြီဖြစ်လေသည်။
ပင်မခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူမကို စောင့်ဆိုင်းနေကြသော သူငယ်ချင်းများဖြစ်သည့် ဟယ်ယွီဖန် လီချန်ကျွင်း နှင့် ကုကျောက်ယန် တို့ကို ယောင်ရန် မြင်လိုက်ရလေသည်။
သူမက သူတို့အား နွေးထွေးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
"ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ရှင်တို့အားလုံး အဆင်ပြေပြေ ရှိနေကြလို့ ဝမ်းသာပါတယ်…"
ကုကျောက်ယန်က သူမကို ကြည့်ကာ ပြုံးလျက်ပြောလိုက်လေသည်။
"ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တဲ့အတွက် ကျေးဇူးတင်ပါတယ်…."
သူ၏ စကားကို ကြားပြီးနောက် လုံယုက ကုကျောက်ယန်ကို တစ်ချက်ကြည့်ပြီး ယောင်ရန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးများမှာ မေးခွန်းများနှင့် သံသယများဖြင့် ပြည့်နှက်လျက် ရှိနေခဲ့လေ၏။
သူတို့ ပြန်ရောက်လာသည့် သတင်းမှာ လေကြောင်းရန်ခိုလှုံရေးစခန်း တစ်ခုလုံး ပျံ့နှံ့သွားသောအခါ ဟွမ်ကျိဟွေး သည် ယောင်ရန်ထံသို့ ပြေးလာပြီး သူမကို တင်းကျပ်စွာ ဖက်ထားလိုက်လေတော့သည်။
သူမက ရယ်မောရင်း ချွဲနွဲ့လျက် ပြောလိုက်လေသည်။
"မမယောင်ရန်... နောက်ဆုံးတော့ အိမ်ပြန်ရောက်ပြီပေါ့… မမတို့သာ ထပ်ပြီး နောက်ကျနေဦးမယ်ဆိုရင် ညီမတော့ ပင်ပန်းလွန်းလို့ သေသွားနိုင်တယ်…."
ယောင်ရန်က ရယ်မောလျက် သူမ၏ ကျောကို ပုတ်ပေးရင်း ပြန်ပြောလိုက်လေသည်။
"ငါမရှိတဲ့ အချိန်မှာ နင် အရမ်းတော်နေတာ ငါ သိပါတယ်…."
ပတ်ဝန်းကျင်တွင် သူစိမ်းများစွာ ရှိနေသည်ကို သတိပြုမိသွားသဖြင့် ဟွမ်ကျိဟွေးက ယောင်ရန်ကို အမြန်လွှတ်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။
"မမယောင်ရန်... စွမ်းအားရှင်တွေအတွက် မမပြင်ပေးထားတဲ့ ရေတွေက အကုန်လုံးနီးပါး သုံးပြီးသွား ပြီ…"
ဤသည်ကို ကြားသောအခါ ယောင်ရန်က လုံယုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"အာယု... ကျွန်မ အရင်ဆုံး ရေသိုလှောင်ခန်းနဲ့ ဂိုဒေါင်ကို သွားစစ်လိုက်ဦးမယ်…"
ဟွမ်ကျိဟွေး၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်လိုက်ရသဖြင့် လုံယုက ခေါင်းညိတ်ပြကာ ပြော လိုက်လေသည်။
"ကောင်းပြီလေ... ကိုယ် မင်းဆီ နောက်မှ လိုက်လာခဲ့မယ်…"
အခြားသူများကို နှုတ်ဆက်ပြီးနောက် ယောင်ရန်သည် ဟွမ်ကျိဟွေး၊ တန်ချီချီ တို့နှင့်အတူ ထွက်ခွာသွား ခဲ့လေသည်။
ရေသိုလှောင်ခန်းသို့ သွားရာလမ်းတွင် တန်ချီချီက အစီရင်ခံလိုက်လေသည်။
"မမယောင်ရန်... ညီမတို့ စိုက်ပျိုးရေးမြေတွေကို ချဲ့ထွင်လိုက်ပြီး ဖန်လုံအိမ်တွေ ပိုဆောက်ထားတယ်… နောက်ပြီး ရေသွင်းစိုက်ပျိုးတဲ့ အခန်းတွေကိုလည်း ထပ်တိုးထားသေးတယ်… ဦးလေးဟန်ရဲ့ အကြံပြု ချက်အတိုင်း လေကြောင်းရန်ခိုလှုံရေးစခန်း အပြင်ဘက်မှာလည်း နှင်းဖြူပြွန်ပင် တွေကို စိုက်နေကြ တယ်…"
"ဟန်ညီအစ်ကိုတွေနဲ့ စီမာညီအစ်ကိုတွေရဲ့ ကျေးဇူးကြောင့် ညီမတို့ လိုအပ်နေတဲ့ ထောက်ပံ့ရေးပစ္စည်း အချို့ကိုလည်း ရခဲ့သေးတယ်… နောက်ပြီး အစ်ကို လင်းရိ ကလည်း အဖွဲ့ဝင်သစ်တွေကို စုစည်းဖို့နဲ့ တောင်ကုန်းကို ပြန်လည် ဖော်ထုတ်ဖို့ ကူညီပေးနေတယ်…." ဟု သူမက ထပ်လောင်း ပြောပြလိုက် လေသည်။