အခန်း ၄၂၄
Vol. 43 Ch. 424
အခန်း (၄၂၄) ဟန်ကျင့်ဖူ၏ စိတ်လှုပ်ရှားမှု
ယောင်ရန် ရေချိုးခန်းထဲက ထွက်သောအခါ လုံယု သည် အစီရင်ခံစာများစီမှ အကြည့်လွှဲလိုက်ပြီး ပြောလိုက်လေသည်။
"ရန်ရန်... ဒါလေးကို တစ်ချက်ကြည့်လိုက်ပါဦး…"
သူမက ကုတင်နားကို လျှောက်သွားပြီး သူ၏ ဘေး၌ ထိုင်ကာ အစီရင်ခံစာကို ယူဖတ်လိုက်လေသည်။ ဖတ်ပြီးသည့်အခါတွင် ယောင်ရန်က အံ့အားသင့်သော လေသံဖြင့် မေးလိုက်လေသည်။
"ဒါတွေအားလုံးကို ဘယ်တုန်းက စုံစမ်းထားတာလဲ…."
"ကိုယ်တို့ ကျွင်းချန်စစ်အခြေစိုက်စခန်းကို မသွားခင်ကတည်းက သေတ္တာတော် ရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်း တွေ ဘယ်မှာရှိလဲဆိုတာကို စုံစမ်းဖို့ အားချန် ကို ကိုယ် ခိုင်းထားတာ… အခုဘဝမှာ အခြေအနေတွေက အရင်ဘဝနဲ့ တူမတူ ကိုယ်လည်း မသေချာတာနဲ့ အဲဒီလျှို့ဝှက်ဓာတ်ခွဲခန်းတွေရဲ့ တည်နေရာတွေကို ကိုယ် သူ့ကိုပေးပြီး စုံစမ်းခိုင်းထားတာလေ…." ဟု လုံယုက ရှင်းပြလိုက်လေသည်။
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်က နားလည်သွားသလို ခေါင်းညိတ်ပြ လိုက်လေ သည်။
အစီရင်ခံစာကို ဖတ်ပြီးတဲ့နောက် သူမက ပြောလိုက်လေသည်။
"အာယု... ကျွန်မ လော့ချန် မြို့ကို သွားချင်တယ် ဒီတည်နေရာ သုံးခုထဲမှာ လော့ချန်မြို့က ကျွန်မတို့နဲ့ အနီးဆုံးပဲ…. တကယ်လို့ သေတ္တာတော် ဘက်က ကျွန်မ တို့ရဲ့ တည်နေရာကို သိသွားပြီး ကျွန်မတို့ အဖွဲ့ဝင်တွေကို တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အခြေအနေက တော်တော်လေး ဒုက္ခရောက် သွားနိုင်တယ်…"
အစီရင်ခံစာကို ဖတ်ပြီးကတည်းက လုံယုလည်း သူမ၏ ဆုံးဖြတ်ချက်ကို ကြိုတင်ခန့်မှန်းမိထားပြီးသား ဖြစ်လေသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ... အဲဒီမှာ ကိုယ်လည်း စုံစမ်းစရာလေးတစ်ခု ရှိတယ်… အပြင်က အခြေအနေတွေ နည်းနည်း ငြိမ်သွားတာနဲ့ ကိုယ်တို့ ထွက်ကြတာပေါ့…"
ဖူကျန်းတောင်မှ မီးတောင်သည် ယခုအချိန်ထိ ပေါက်ကွဲနေဆဲဖြစ်ပြီး တစ်ကမ္ဘာလုံးသည်လည်း အမှောင်ထုထဲ၌ နစ်မွန်းနေသောကြောင့် အခုချက်ချင်း ထွက်သွားရန်ဆိုသည်မှာ သူတို့အတွက် အလွန် အန္တရာယ်များလွန်းလှပေသည်။
ယောင်ရန်က ခဏမျှ စဉ်းစားပြီး သဘောတူလိုက်လေသည်။
"ကောင်းပြီလေ…"
ဆုံးဖြတ်ချက် ချပြီးသည့်နောက် ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မ ညဉ့်မှော်ပင် နဲ့ အလင်းမှို တွေကို ဦးလေးဟန်ဆီ သွားပေးလိုက်ဦးမယ်… ပြီးရင် ကိရိယာ အကြောင်း ဆွေးနွေးဖို့ ဦးလေးရွှီကို သွားရှာလိုက်မယ်… ရှင် အရင်ဆုံး တစ်ခုခု စားထားလိုက်ဦးနော်…"
လုံယုက သူမ၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"မလောပါနဲ့ဦး… ကိုယ် အဖွဲ့ဝင်သစ်တွေရဲ့ အချက်အလက်တွေကို ပြန်စစ်ဖို့ လိုသေးသလို အားချန်တို့ နဲ့လည်း ဆွေးနွေးစရာတွေ ရှိသေးတယ်လေ…. ကိုယ်တို့ လော့ချန်မြို့ကို သွားကြမှာဆိုတော့ ကြိုတင် ပြင်ဆင်မှုတချို့ လုပ်ထားရဦးမယ်လေ…."
ဤသည်ကို ကြားသောအခါ ယောင်ရန်က ဂိုဒေါင်များ အကြောင်း သတိရသွားပြီး ပြောလိုက်လေသည်။
"အာယု... နောက်ဆုံးဂိုဒေါင်ထဲမှာ ကျွန်မ ရိက္ခာတွေ အပြည့်ဖြည့်ထားပြီး အအေးခန်းထဲမှာလည်း အသားတွေ ထပ်ထည့်ထားပေးတယ်… အဲဒီပစ္စည်းတွေကို သူတို့ကိုပဲ စနစ်တကျ စီခိုင်းလိုက်ပါနော်… တကယ်လို့ တစ်ခုခု လိုအပ်သေးတယ်ဆိုရင် ကျွန်မ နောက်မှ ထပ်ပြင်ပေးမယ်လေ…"
"ကောင်းပြီလေ…"
အစီအစဉ် အားလုံး အဆင်ပြေသွားသောအခါ သူတို့နှစ်ယောက်သား အိပ်ခန်းထဲမှ ထွက်လာခဲ့ကြလေ တော့သည်။
ယောင်ရန် သည် ရွှီချိဖန် နဲ့ မတွေ့ခင် ဟန်ကျင့်ဖူ အား အရင်သွားရှာလိုက်လေသည်။ စုံစမ်းကြည့်လိုက် သောအခါ သူသည် အပြင်ရှိ သန္ဓေပြောင်းစိုက်ခင်းထဲတွင် အဖွဲ့ဝင်သစ်များကို စိုက်ပျိုးနည်း သင်ပေး နေလျက်ရှိသည်ကို သိလိုက်ရလေသည်။ ယောင်ရန်သည် နှာခေါင်းစည်းကို တပ်လိုက်ပြီး လေကြောင်း ရန်ခိုလှုံရေးစခန်းထဲမှ ထွက်လာခဲ့လေတော့သည်။
သန္ဓေပြောင်းစိုက်ခင်းထဲတွင် ခဏမျှ လမ်းလျှောက်ပြီးသည့်နောက် နှင်းဖြူပြွန်ပင် စိုက်ခင်းတစ်ခုထဲ၌ ဟန်ကျင့်ဖူကို သူမ တွေ့လိုက်ရလေသည်။
"ဦးလေးဟန်..."
သူမက ပြုံးပြီး နှုတ်ဆက်လိုက်လေသည်။
သူမ၏ အသံကို ကြားသောအခါဟန်ကျင့်ဖူက လှည့်ကြည့်လိုက်ပြီး ပြုံးပြလိုက်လေသည်။
"မမလေးယောင်... ဘာကိစ္စရှိလို့ ဒီအထိ ရောက်လာတာလဲ…"
ယောင်ရန်က သူ့နားသို့ လျှောက်သွားလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဦးလေးအတွက် အသစ်အဆန်းလေးတစ်ခု ယူလာပေးတာ…"
"အသစ်အဆန်း ဟုတ်လား... ဘာများလဲ…"
ဟန်ကျင့်ဖူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
ယောင်ရန်က ပြုံးလိုက်ပြီး သူမ၏ နေရာလွတ်ထဲမှ ညဉ့်မှော်ပင်နှင့် အလင်းထွက်မှိုများကို ထုတ်ပြလိုက် လေသည်။ ကောက်ပဲသီးနှံအသစ်များကို မြင်လိုက်ရသောအခါ ဟန်ကျင့်ဖူဟာ စူးစမ်းလိုစိတ်များနှင့် အတူ အရမ်းပင် စိတ်လှုပ်ရှားသွားတော့လေသည်။
"မမလေးယောင်... ဒါတွေက ဘာတွေလဲဗျ…"
"ဒါတွေက ညဉ့်မှော်ပင်နဲ့ အလင်းထွက်မှိုတွေလေ… ကျွန်မ ကျွင်းချန် စစ်အခြေစိုက်စခန်းမှာ ရှိတုန်းက သူတို့က ကျွန်မတို့ကို ပျိုးပင်လေးတွေ ပေးလိုက်တာ… ဒါကြောင့် ဒါတွေကို ဦးလေး စိုက်ပျိုးနိုင်မလား ဆိုတာ သိချင်လို့ ယူလာပေးတာပါ…."
ယောင်ရန်က ရှင်းပြလိုက်လေသည်။
ဟန်ကျင့်ဖူ စိတ်လှုပ်ရှားနေသည်ကို သတိပြုမိသွားပြီး သူမက ထပ်ပြောလိုက်လေသည်။
"ဒါတွေကို ကျွန်မ တို့ရဲ့ စိုက်ပျိုးသီးနှံ အမျိုးအစားထဲမှာ ထည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်… နောက်ပြီး ဂိုဒေါင်ထဲမှာလည်း မျိုးစေ့ အမျိုးအစား တော်တော်များများ ကျွန်မ ထပ်ဖြည့်ထားပေး တယ် …. ဦးလေးဟန် နောက်မှ သွားယူပြီးတော့ အဲဒါတွေကို ဖန်လုံအိမ်တွေထဲမှာပဲဖြစ်ဖြစ်၊ ရေသွင်းစိုက်ပျိုး တဲ့ အခန်းတွေထဲမှာပဲဖြစ်ဖြစ် စိုက်လို့ရမလားဆိုတာ တစ်ချက် စမ်းကြည့်ပေးပါဦး…."
ဟန်ကျင့်ဖူက မယုံနိုင်သလိုဖြင့် မေးလိုက်လေသည်။
"မမလေးယောင်... မမလေးက တကယ်ပဲ မျိုးစေ့တွေ ယူလာခဲ့တာလား…."
ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး….၊
"ဟုတ်တယ်… ကျွန်မတို့မှာ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ အမျိုးအစားတွေ နည်းနေတာကို သတိ ထားမိလို့ ယူလာခဲ့တာ… ဒါက ကျွန်မတို့ အဖွဲ့ဝင်တွေအတွက် ဗီတာမင်တွေ ပိုရစေပြီး မျှတတဲ့ အာဟာရ ကို ရရှိစေလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်…."
သူမ ထိုကဲ့သို့ ပြောလိုက်သောအခါဟန်ကျင့်ဖူတင် မကဘဲ အနီးနားရှိ အဖွဲ့ဝင်သစ်များပါ စိတ်လှုပ်ရှား သွားကြလေတော့သည်။ ယခုလို ကမ္ဘာကြီးတွင် မျှတသည့် အာဟာရဆိုခြင်းထက် ဗိုက်ဝအောင် စားရ ဖို့ပင် မနည်းရုန်းကန်နေရခြင်းဖြစ်လေ၏။ မြေကြီးပဲဖြစ်ဖြစ်၊ သစ်ခေါက်ပဲဖြစ်ဖြစ် စားစရာရှိနေသည် ကိုပင် သူတို့အနေဖြင့် ကျေးဇူးတင်နေကြရခြင်းဖြစ်လေသည်။
ဟန်ကျင့်ဖူက အဖွဲ့ဝင်သစ်များကို သင်ပေးရန် ကျန်နေသေးသောကြောင့် ယောင်ရန်က စကားစဖြတ် လိုက်လေသည်။
"ဒီကိစ္စကို ဦးလေးဟန်ဆီပဲ လွှဲထားခဲ့မယ်နော်… နောက်မှ အန်တီစီမာနဲ့ အန်တီဟန် တို့နဲ့ တိုင်ပင်ပြီး ဒါတွေကို ဘယ်လို ချက်စားရင် ကောင်းမလဲဆိုတာ ဆွေးနွေးလိုက်ကြပေါ့… ကျွန်မတော့ ညဉ့်မှော်ပင်နဲ့ အလင်းမှိုတွေကို ဟင်းချိုချက်သောက်ကြည့်ပြီးပြီ၊ အရသာက တော်တော်လေး ကောင်းတယ်…"
ဟန်ကျင့်ဖူက ညဉ့်မှော်ပင်နဲ့ အလင်းထွက်မှိုတွေကို သူမဆီကနေ လက်ခံလိုက်ပြီး ခေါင်းညိတ်ပြလေ သည်။
"စိတ်မပူပါနဲ့ မမလေးယောင်... ဒါတွေကို ဖြစ်ထွန်းအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး စိုက်ပျိုး ပါ့မယ်…"
ယောင်ရန်က ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"ပင်ပန်းလိုက်ပါဦး ဦးလေးဟန်…"
ဟန်ကျင့်ဖူနှင့် ကိစ္စပြီးသွားသောအခါယောင်ရန်သည် ရွှီချိဖန်အား ရှာရန် လေကြောင်းရန်ခိုလှုံရေးစခန်း ထဲကို ပြန်ဝင်လာခဲ့လိုက်လေသည်။ သူမ အစည်းအဝေးခန်းထဲ၌ သူ့အား တွေ့လိုက်ရချိန်တွင် သူသည် တခြားလူများနှင့် ဆွေးနွေးမှုတစ်ခု လုပ်နေကြသည်ကိုတွေ့လိုက်ရလေသည်။
ယောင်ရန်က ဖောက်ထွင်းမြင်ရသော မှန်တံခါးကို ခေါက်လိုက်ပြီး မေးလိုက်လေသည်။
"ဦးလေးရွှီ... ကျွန်မ ဝင်လာလို့ ရမလားရှင့်…."
ရွှီချိဖန်က မှန်တံခါးဘက်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ရှောင်ရန်... ရောက်လာပြီလား… ဝင်ခဲ့လေ…"
ခွင့်ပြုချက်ရသည်နှင့် ယောင်ရန်သည် တံခါးကို တွန်းဖွင့်ပြီး အတွင်းထဲကို ဝင်လာခဲ့လိုက်လေသည်။
သူမကို မြင်သည်နှင့် ရွှီရူဟန် က ထရပ်လိုက်ပြီး ပြောလိုက်လေသည်။
"မမလေးယောင်... ကျွန်တော်တို့ကို နေစရာ နေရာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"
ယောင်ရန်က သူ့အား ခေါင်းညိတ်ပြလိုက်ပြီး လွတ်နေသော ခုံတစ်လုံး၌ ဝင်ထိုင်လိုက်ရင်း ပြန်ဖြေလိုက် လေသည်။
"ဒါက ကျွန်မ လုပ်ပေးနိုင်တာလေးပါပဲ… စစ်အခြေစိုက်စခန်းကို ဥက္ကာခဲတွေ ထိမှန်တဲ့အချိန်မှာ ကျွန်မ မကူညီနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး…."
ရွှီရူဟန်က ခေါင်းကိုယမ်းလိုက်လေသည်။ ထို့နောက် သူက ပြန်ထိုင်လိုက်ပြီး အေးဆေးစွာ ပြောလိုက် လေသည်။
"ဒါက မမလေးရဲ့ အပြစ်မဟုတ်ပါဘူး… အဲဒီလို အခြေအနေမျိုးမှာ လူတိုင်းက ကိုယ့်ဘေးကင်းရေးကိုပဲ အရင်ဦးစားပေးကြတာ သဘာဝပါပဲ… နောက်ပြီး ကျွန်တော်တို့ဆီမှာလည်း စစ်အခြေစိုက်စခန်းကနေ ထွက်သွားနိုင်မယ့် အရင်းအမြစ်တွေနဲ့ စွမ်းရည်တွေ ရှိနေခဲ့တာပဲလေ…."
ထိုစကားကို ကြားသောအခါ ယောင်ရန်က ပြုံးလိုက်ပြီး ရွှီချိဖန်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဦးလေးရွှီ... ဦးလေးတို့ အစည်းအဝေးကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်နော်…"
ရွှီချိဖန်က ခပ်ဟဟ ရယ်မောလိုက်ပြီး ပြန်မေးလိုက်လေသည်။
"တောင်းပန်နေစရာ မလိုပါဘူး… ငါတို့ အနားယူနေတဲ့ အချိန်မှာပဲ မင်းက အချိန်ကိုက် ရောက်လာတာပဲ လေ… ရှောင်ရန်... မင်း ဦးလေးကို တစ်ခုခု ကူညီခိုင်းစရာ ရှိလို့လား…."