← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) အကူအညီတောင်းခံခြင်းနှင့် ကူညီဖေးမခြင်း

အားလုံးတွင် မေးစရာမရှိတော့သည်ကို မြင်သောအခါ မုရှီးချန် က ပြောလိုက်လေသည်။

"ကောင်းပြီ... အားလုံး အစွမ်းကုန် ကြိုးစားကြတာပေါ့…"

"ဟုတ်ကဲ့ပါ ဆရာ…."

ထိုသို့ပြောပြီးနောက် လူတိုင်းသည် မိမိတို့ တာဝန်အသီးသီးကို ထမ်းဆောင်ရန် လူစုခွဲသွားကြတော့ လေသည်။

မွန်းတည့်ချိန် ရောက်သောအခါ အရေးပေါ် ကယ်ဆယ်ရေးစခန်းအကြောင်း သတင်းမှာ နေရာအနှံ့ ပျံ့နှံ့ သွားခဲ့ပြီ ဖြစ်၏။ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း အသက်ရှင်ကျန်ရစ်သူ ဆယ်ဂဏန်းခန့်နှင့်အတူ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်ရောက်လာကြသဖြင့် စခန်းတစ်ခုလုံးမှာ ဒဏ်ရာရရှိသူများနှင့် မိသားစုဝင်များကို လိုက်လံရှာဖွေနေကြသည့် အသက်ရှင်ကျန်ရစ်သူများဖြင့် လျင်မြန်စွာပင် ပြည့်နှက်သွားတော့သည်။

အသက်ရှင်ကျန်ရစ်သူ အရေအတွက် တိုးပွားလာသည်နှင့်အမျှ ဆရာဝန်နှင့် သူနာပြုအဖွဲ့ငယ်လေးမှာ လူနာအရေအတွက်ကို မနိုင်မနင်း ဖြစ်လာကြတော့သည်။ ထို့ကြောင့် သူတို့တွင် ရွေးချယ်စရာ မရှိတော့ ဘဲ မုရှီးချန်ထံသို့ အင်အားဖြည့်တင်းပေးရန် အကူအညီတောင်းသည့် သတင်းစကား ပေးပို့လိုက်ရတော့ သည်။

တဲတစ်ခုအတွင်း၌ ကင်းစောင့်တစ်ဦးက အစီရင်ခံလိုက်လေသည်။

"ဆရာ... ဆေးအဖွဲ့က ဆေးဝါးတွေနဲ့ လူအင်အား ထပ်ပြီးဖြည့်တင်းပေးဖို့ တောင်းဆိုနေပါတယ်…"

ဤသည်ကို ကြားလိုက်ရသောအခါ မုရှီးချန်က စီမံခန့်ခွဲရေး ဝန်ထမ်းတစ်ဦးဘက်သို့ လှည့်ကာ မေး လိုက်လေသည်။

"ငါတို့ဆီမှာ ဆေးဝါး ဘယ်လောက် ကျန်သေးလဲ…."

စီမံခန့်ခွဲရေး ဝန်ထမ်းသည် ရိက္ခာစာရင်းကို အမြန်စစ်ဆေးပြီး ပြန်ဖြေလိုက်လေသည်။

"ဆရာ... ပိုးသတ်ဆေး သုံးသေတ္တာနဲ့ အဖျားကျဆေး တစ်သေတ္တာပဲ ကျန်ပါတော့တယ်…"

"ကျန်တဲ့ ဆေးပစ္စည်းတွေရော…." ဟု မုရှီးချန်က ထပ်မေးလိုက်လေသည်။

စီမံခန့်ခွဲရေး ဝန်ထမ်းက ခေါင်းယမ်းပြရင်း ပြောလိုက်လေသည်။

"နောက်ဆုံးကျန်တဲ့ ဆေးပစ္စည်းတွေကို ဆေးအဖွဲ့ဆီ ပို့လိုက်တာ တစ်နာရီတောင် ရှိသွားပါပြီ… အခုတော့ ဘာမှ မကျန်တော့ပါဘူး…"

သူ၏ စကားသံအဆုံးတွင် တဲအတွင်း၌ တိတ်ဆိတ်မှုက လွှမ်းမိုးသွားလေတော့သည်။

ဆေးဝါးများ မရှိဘဲနှင့် ဒဏ်ရာရရှိသူများကို ကုသရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဆရာဝန်နှင့် သူနာပြု များ အလုံအလောက် ရှိနေလျှင်ပင် ဆေးဝါးမရှိဘဲ သူတို့ ဘာမျှ ကူညီနိုင်မည် မဟုတ်ပေ။

ခေတ္တမျှ လေးလံသော တိတ်ဆိတ်မှုများအပြီးတွင် မုရှီးချန်က ပြောလိုက်လေသည်။

"ငါ ဆေးဝါးတွေ ပိုရအောင် ကြိုးစားကြည့်ပါ့မယ်… လောလောဆယ်တော့ ဆရာဝန်တွေနဲ့ သူနာပြုတွေ ကို တတ်နိုင်သမျှ အသက်ရှင်ကျန်ရစ်သူ အများဆုံးကို ကယ်တင်ပေးဖို့ ညွှန်ကြားထားလိုက်…."

ကင်းစောင့်က ခေါင်းညိတ်ပြရင်း နာခံလိုက်လေသည်။

"ဟုတ်ကဲ့ပါ ဆရာ…"

ကင်းစောင့်ဖြစ်သူ အလျင်အမြန် ထွက်သွားသောအခါ မုရှီးချန်သည်လည်း မတ်တပ်ရပ်ကာ တဲအပြင်သို့ ထွက်လာခဲ့လေသည်။

စီမံခန့်ခွဲရေး ဝန်ထမ်းတစ်ဦးက သက်ပြင်းချရင်း တိုးတိုးလေးရေရွတ်လိုက်လေသည်။

"လေကြောင်းရန်ခိုလှုံရေးစခန်းထဲက လူတွေက ဆေးဝါးနဲ့ ပစ္စည်းအချို့ကို လှူဒါန်းဖို့ ဆန္ဒရှိကြလိမ့်မယ် လို့ မျှော်လင့်ရတာပဲ…"

ကျန်သောသူများမှာမူ အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း ဘာမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေခဲ့ ကြလေသည်။

ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားသည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်သည်။ ဆေးဝါးများ မည်သည့်အချိန်တွင် ထပ်မံထုတ်လုပ်နိုင်မည်ကို မည်သူမျှ မသိနိုင်သည့်အတွက် လက်ဝယ်ရှိထားသူ တိုင်းသည်လည်း အလွယ်တကူ ပေးကမ်းရန် တွန့်ဆုတ်နေကြမည်မှာ အမှန်ပင်။

ယခုကဲ့သို့ စိတ်ပျက်အားငယ်စရာ ကောင်းလှသည့် အချိန်ကာလမျိုးတွင် လူနာတစ်ဦး၏ အသက်ရှင် သန်နိုင်စွမ်းမှာ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကံကြမ္မာ၏ လက်ခုပ်ထဲ၌သာ တည်ရှိနေပေတော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် မုရှီးချန်သည် လေကြောင်းရန်ခိုလှုံရေးစခန်းသို့ ရောက်ရှိလာခဲ့လေသည်။ ပင်မခန်းမထဲသို့ ဝင်လိုက်သောအခါ ကျားရှန်း ကို တွေ့သဖြင့် မေးလိုက်လေသည်။

"ကျားရှန်း... ညီမလေး ရန်ရန် ဘယ်မှာရှိလဲဆိုတာ သိလား…."

ကျားရှန်းက ခေတ္တစဉ်းစားပြီး ဖြေလိုက်လေသည်။

"ယောင်ရန် က အခု ထမင်းစားဆောင်မှာ ရှိနေလောက်ပြီ…."

"ကျေးဇူးပဲနော်…"

မုရှီးချန်က သူမကို အမြန်ကျေးဇူးတင်စကား ပြောပြီး ထမင်းစားဆောင်ဆီသို့ ဦးတည်လိုက်လေသည်။

မကြာမီပင် မုရှီးချန်သည် ထမင်းစားဆောင်ထဲသို့ ဝင်လာကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေ သည်။ ထောင့်တစ်နေရာတွင် လုံယု တို့နှင့်အတူ ထိုင်နေသော ယောင်ရန်ကို တွေ့လိုက်ရသဖြင့် သူတို့ ဆီသို့ လျှောက်သွားလိုက်လေသည်။

"ညီမလေး ရန်ရန်…"

ရင်းနှီးနေသည့် ခေါ်သံကို ကြားလိုက်ရသဖြင့် ယောင်ရန်က မော့ကြည့်လိုက်ရာ မုရှီးချန် လျှောက်လာ နေသည်ကို မြင်လိုက်ရလေသည်။ သူမက ခေါင်းညိတ်နှုတ်ဆက်ရင်း ခေါ်လိုက်လေသည်။

"အစ်ကို ရှီးချန်…"

မုရှီးချန်သည် လုံယုနှင့် အခြားလူများကို ယဉ်ကျေးစွာ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီးနောက် ယောင်ရန် ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"အစ်ကိုက ထမင်းစားနေတာကို အနှောင့်အယှက် ပေးမိသွားလား…."

ယောင်ရန်က ခေါင်းယမ်းရင်း ပြန်ဖြေလိုက်လေသည်။

"မဟုတ်တာ... ကျွန်မ နေ့လယ်စာ စားပြီးသွားပါပြီ…"

သူ၏ အသံထဲတွင် ထူးခြားမှုတစ်ခုခုကို သတိပြုမိသွားသဖြင့် ယောင်ရန်က မေးလိုက်လေသည်။

"ဘာများဖြစ်လို့လဲ…"

မုရှီးချန်က တိုက်ရိုက်မဖြေဘဲ ပြန်မေးလိုက်လေသည်။

"ခဏလောက် စကားပြောလို့ ရမလား…"

"ရတာပေါ့…"

ယောင်ရန်သည် မတ်တပ်ရပ်ကာ သူနှင့်အတူ လူရှင်းသည့် နေရာတစ်ခုသို့ လိုက်သွားခဲ့လေသည်။

လူအုပ်နှင့် ဝေးရာသို့ ရောက်သောအခါ ယောင်ရန်က မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲဟင်…"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မုရှီးချန်က မေးလိုက်လေသည်။

"ညီမလေး ရန်ရန်... မင်းဆီမှာ ဆေးဝါးအပိုတွေ ရှိသေးလား…"

"ကယ်ဆယ်ရေးမစ်ရှင် စတင်လိုက်ပြီလား…"

ယောင်ရန်က စူးစမ်းသည့်အနေဖြင့် မေးကြည့်လိုက်လေသည်။

မုရှီးချန်က ခေါင်းညိတ်ပြရင်း ပြန်ဖြေလိုက်လေသည်။

"ဟုတ်တယ်... စိတ်မကောင်းစရာက အသက်ရှင်ကျန်ရစ်သူ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဒဏ်ရာရ ထားကြပြီး ငါတို့မှာ ဆေးဝါးတွေ အကုန်ကုန်သွားပြီ… ဆေးဝါးမရှိရင် ဆရာဝန်တွေလည်း လူနာတွေကို ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး…."

သူ၏ စကားကို ကြားရသောအခါ ယောင်ရန်က အတွေးနက်စွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူမက မေးလိုက်လေသည်။

"နားလည်ပါပြီ… ဘယ်လောက်လောက် လိုမလဲဟင်…."

ထိုစကားကို ကြားလိုက်ရသောအခါ မုရှီးချန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရောင်လေးများ လက်ခနဲ ဖြစ်သွားခဲ့လေသည်။ သူက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။

"လောလောဆယ်တော့ အချို့လောက်ပဲ ပေးပါဦး… နောက်မှ အစ်ကို ပြန်ပြီး အစားထိုးပေးပါ့မယ်…"

ယောင်ရန်၏ လက်ထဲတွင် ဆေးဝါးများစွာ ရှိနေသဖြင့် မုရှီးချန် လိုအပ်သည်ကို ပေးရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။

ခေတ္တစဉ်းစားပြီးနောက် သူမက ပြောလိုက်လေသည်။

"အသက်ရှင်ကျန်ရစ်သူတွေက အကူအညီ စောင့်နေကြတာဆိုတော့ အချိန်က သိပ်မရှိဘူးလေ… ဒါ ကြောင့် ပေးချေတဲ့ကိစ္စကို နောက်မှပဲ ရှင်းကြတာပေါ့… အစ်ကိုရှီးချန်... စခန်းရဲ့ တည်နေရာကိုသာ ပေးလိုက်ပါ၊ ကျွန်မ ဆေးဝါးတွေကို အမြန်ဆုံး ပို့ပေးလိုက်ပါ့မယ်…"

သူမအနေဖြင့် ပြင်ဆင်ရန် အချိန်လိုအပ်မည်ကို သိသဖြင့် မုရှီးချန်က ကမ်းလှမ်းလိုက်လေသည်။

"သယ်ယူပို့ဆောင်ရေးအတွက်တော့ စိတ်မပူပါနဲ့… ညီမလေး အသွားအပြန် ပင်ပန်းမနေအောင် အစ်ကို လူလွှတ်ပြီး လာယူခိုင်းလိုက်ပါ့မယ်…"

ဤသည်က သူမအတွက် အချိန်ကုန်သက်သာစေမည် ဖြစ်သဖြင့် ယောင်ရန်ကလည်း သဘောတူလိုက် လေသည်။

"ကောင်းပြီလေ…. ကျွန်မ အခုပဲ ဆေးဝါးတွေ သွားပြင်လိုက်ပါ့မယ်…."

"ကျေးဇူးပါပဲ…."

မုရှီးချန်က စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။

သူ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို သတိပြုမိသွားသဖြင့် ယောင်ရန်က ထပ်ပြောလိုက်လေသည်။

"အစ်ကိုရှီးချန်... ခဏလောက် စောင့်ဦးနော်… ကျွန်မ အစ်ကိုနဲ့ တခြားလူတွေအတွက် စားစရာအချို့ ပြင်ပေးလိုက်မယ်…"

ယခုမှာ နေ့လယ်စာစားချိန် ဖြစ်နေသည်ကို သတိရသွားသဖြင့် မုရှီးချန်ကလည်း ငြင်းဆန်ခြင်း မပြု တော့ပေ။

"ကောင်းပြီလေ…"

ယောင်ရန် မီးဖိုချောင်သို့ သွားနေစဉ် မုရှီးချန်က လွတ်နေသော ခုံတစ်လုံးတွင် ထိုင်ကာ စောင့်နေလိုက် လေသည်။

အနီးအနားရှိ စားပွဲရှည်တွင် ထိုင်နေသော လုံယုသည် ယောင်ရန်နှင့် မုရှီးချန်တို့၏ စကားဝိုင်းကို ကြား လိုက်ရပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက မေးလိုက်လေသည်။

"အစ်ကိုလင်း... အရေးပေါ် ကယ်ဆယ်ရေးစခန်းမှာ သွားကူညီဖို့ လူအချို့ကို စီစဉ်ပေးနိုင်မလား…."

လင်းရိ က ခေါင်းညိတ်ပြရင်း ပြောလိုက်လေသည်။

"ပြဿနာမရှိပါဘူး… ကျွန်တော် နောက်မှ အစ်ကိုချန်နဲ့ ဆွေးနွေးလိုက်ပါ့မယ်…"

ထိုသို့ပြောပြီးနောက် လီထျန်းယု ကလည်း ဝင်ပြောလိုက်လေသည်။

"ဗိုလ်ကြီးလုံ... ကျွန်တော်လည်း ညီအစ်ကိုတွေကို ခေါ်ပြီး ကယ်ဆယ်ရေးမစ်ရှင်မှာ သွားကူညီလိုက် မယ်လေ…"

လုံယုက ပြောလိုက်လေသည်။

"ကောင်းပြီလေ… ကိုယ်လည်း ရန်ရန် ကို ပြောပြီးရင် လိုက်လာခဲ့မယ်…"

ဤသို့ဖြင့် သူတို့အားလုံးမှာ နေ့လယ်စာကို အမြန်ဆုံး စားသောက်လိုက်ကြလေသည်။ လင်းရိနှင့် လီထျန်းယု တို့သည် စစ်သားများနှင့် အဖွဲ့ဝင်အချို့ကို စုစည်းရန် ထွက်သွားကြစဉ် လုံယုမှာမူ ယောင်ရန် ကို ရှာရန် မီးဖိုချောင်သို့ သွားခဲ့လေသည်။

သူရောက်သွားသောအခါ သူမသည် မီးဖိုချောင်ဝန်ထမ်းများနှင့် စကားပြောနေသည်ကို တွေ့လိုက်ရ လေသည်။

"ရန်ရန်... ကိုယ် ကယ်ဆယ်ရေးမစ်ရှင်မှာ သွားကူညီဖို့ အပြင်ထွက်တော့မယ်နော်…."

သူက သူမကို အသိပေးလိုက်လေသည်။

ဤသည်ကို ကြားလိုက်ရသောအခါ ယောင်ရန်သည် သူမလုပ်လက်စ အလုပ်ကို ရပ်လိုက်ပြီး လှည့် ကြည့်လိုက်လေသည်။ သူ့အား မြင်သောအခါ သူမက သူရှိရာသို့ လျှောက်သွားပြီး ပြောလိုက်လေသည်။

"ဂရုစိုက်ဦးနော်…"

လုံယုက သူမ၏ နဖူးကို နမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေတော့သည်။

"အင်း... ကိုယ် ဂရုစိုက်ပါ့မယ်…"

All Chapters