အခန်း ၄၂၉
Vol. 43 Ch. 429
အခန်း (၄၂၉) - ကုဒ်ရက်ဒ်
ကျားရှန်က ပြန်ပြောကာ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။
"ကောင်းပါပြီ… ကျွန်မ ပရော်ဖက်ဆာယဲ့ကို အသိပေးလိုက်ပါ့မယ်…"
ရိက္ခာများကို သိမ်းဆည်းပြီးသွားသော စွမ်းအားရှင်များကို ကြည့်ရင်း ချန်ဇီကျိန်းက နှုတ်ဆက်လိုက် လေသည်။
"အစ်မယောင်... ကျွန်တော့်ကို သွားခွင့်ပြုပါဦး…"
"လမ်းမှာ ဂရုစိုက်သွားပါဦး…"
ယောင်ရန်သည် သူတို့အား လိုက်ပို့ပြီးနောက် ယဲ့ကျွင်းခိုင် တောင်းဆိုထားသည့် ပစ္စည်းများကို ပြင်ဆင် ရန် ထွက်လာခဲ့လေသည်။ ထိုနေ့က လေကြောင်းရန်ကာကွယ်ရေးစခန်းအတွင်းရှိ လူအားလုံးသည် ကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီရေးစခန်း လုပ်ငန်းများဖြင့် မအားမလပ်နိုင်အောင် ဖြစ်နေ ခဲ့ကြပြီး ညနက်သည်အထိ အနားမရခဲ့ကြပေ။
သို့သော် မြင့်မားသော ကောင်းကင်ယံထက်တွင်မူ ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားနေလျက်ရှိ သည်ကိုမူ သူတို့တစ်ဦးတစ်ယောက်မျှ သိရှိခဲ့ခြင်းမရှိကြပေ။
လော့ချန်မြို့အစွန်တွင် ဝူယဲ့ဟောင်နှင့် သူ၏အဖွဲ့သည် ဒရုန်းတစ်စင်းကို အသုံးပြု၍ ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့ကြလေသည်။ ဒရုန်းသည် မြို့ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည့် ခဏမှာပင် ရုတ် တရက် ပျက်ကျသွားလေတော့သည်။
ဖန်သားပြင်ပေါ်တွင် ရုတ်တရက် အမှောင်ကျသွားသည်ကို မြင်လိုက်ရသဖြင့် ဝူယဲ့ဟောင်က မျက်မှောင် ကြုတ်ကာ မေးလိုက်လေသည်။
"ဘာဖြစ်သွားတာလဲ…"
ဒရုန်းကို ထိန်းချုပ်နေသူကလည်း ကြောင်တောင်တောင် ဖြစ်သွားပြီး အလောတကြီးပြန် ဖြေလိုက်လေသည်။
"ကျွန်တော်လည်း သေချာမသိသေးပါဘူး… ခဏလောက် စောင့်ပေးပါဦး…"
သူက ဒရုန်းကင်မရာနှင့် ပြန်လည်ချိတ်ဆက်ရန် ကြိုးစားနေစဉ် အပြင်ဘက်မှ လူတစ်ယောက်သည် တဲအတွင်းသို့ အလောတကြီး ဝင်လာကာ ပြောလာခဲ့လေသည်။
"ဗိုလ်ကြီး... ထူးခြားဖြစ်စဉ်တစ်ခု ရှိနေပါတယ်…."
"ဘာဖြစ်လို့လဲ…"
ဝူယဲ့ဟောင်က တည်ငြိမ်စွာပင် မေးလိုက်လေသည်။
"သံလိုက်စက်ကွင်းမှာ မူမမှန်တဲ့ အပြောင်းအလဲတစ်ခုကို စမ်းသပ်တွေ့ရှိခဲ့ရပါတယ်…"
ထိုသို့ပြောရင်း ကင်းလှည့်စစ်ဆေးသူက သူ၏ လက်ပ်တော့ပ်ပေါ်ရှိ အချက်အလက်များကို ဝူယဲ့ဟောင် အား ပြသလိုက်လေသည်။
အချက်အလက်များ၏ အတက်အကျကို ကြည့်ရင်း ဝူယဲ့ဟောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွား ခဲ့လေသည်။ သူသည် လက်ပ်တော့ပ်ပေါ်တွင် တစ်ခုခုကို ရိုက်နှိပ်လိုက်ရာ နောက်ထပ် ဖန်သားပြင်နှစ်ခု ထပ်မံပေါ်ထွက်လာခဲ့လေသည်။
အချက်အလက်များကို ခဏမျှ လေ့လာပြီးနောက် သူသည် ဌာနချုပ်သို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်လေ တော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မှ ဖုန်းချိတ်ဆက်သွားတော့သည်။
သူ စကားမပြောရသေးမီမှာပင် ဖုကျုံးရှန်း၏ အသံက တစ်ဖက်မှ ထွက်ပေါ်လာခဲ့လေသည်။
"ရဲ့ဟောင်... ကမ္ဘာ့သံလိုက်စက်ကွင်းက အကြီးအကျယ် ပြောင်းလဲသွားပြီ… သံလိုက်ဒိုင်းလွှာကလည်း အားနည်းသွားပြီ… သံလိုက်စက်ကွင်း ပြန်မငြိမ်သွားမချင်း ငါတို့ရဲ့ စက်ပစ္စည်းတွေကို သုံးဖို့ ခက်ခဲ လိမ့်မယ်…"
"ကျရောက်လာတဲ့ ဥက္ကာခဲတွေကြောင့် သံလိုက်ဒိုင်းလွှာ အားနည်းသွားတာကို ငါတို့အဖွဲ့ တွေ့ရှိထား တယ်… ဒါကြောင့် နောက်ရက်တွေမှာ ရောင်ခြည်သင့်မှု တွေ ပိုများလာနိုင်တယ်… အပြင်မှာ သတိထား နေကြ၊ မင်းတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတာတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်နေဦး…"
သူက ခဏမျှ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်လေသည်။
"မင်းတို့ ရောင်ခြည်သင့်မှု ကာကွယ်ရေး ဝတ်စုံတွေ ပါသွားကြလား…"
ဝူယဲ့ဟောင်က ပြန်ဖြေလိုက်လေသည်။
"အစုံအနည်းငယ်ပဲ ပါလာပါတယ်… ဒါပေမဲ့ ကျွန်တော်တို့အားလုံးက စွမ်းအားရှင်တွေဆိုတော့ ရောင်ခြည်သင့်မှုကို တော်တော်များများ ခံနိုင်ရည်ရှိမှာပါ… သိပ်တော့ ပြဿနာမရှိနိုင်ပါဘူး…"
ထိုစကားကို ကြားမှ ဖုကျုံးရှန်း အနည်းငယ် စိတ်အေးသွားဟန်ဖြင့် ပြောလိုက်လေသည်။
"အေး... အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့… မလိုလားအပ်တဲ့ ခန္ဓာကိုယ်ပုံပျက်ယွင်းမှုတွေ မဖြစ်အောင် ကာကွယ်ဆေးတွေကိုတော့ သောက်ထားဖို့ မမေ့နဲ့ဦး…"
"ဟုတ်ကဲ့ပါ တပ်မှူးချုပ်…"
ဝူယဲ့ဟောင်ကို ဆက်လက် ညွှန်ကြားချက် ပေးတော့မည့် ဆဲဆဲမှာပင် တစ်စုံတစ်ဦးက တံခါးကို လာ ခေါက်နေသည် ကိုကြားလိုက်ရလေသည်။
"ဝင်ခဲ့" ဟု သူ က အော်ပြောလိုက်လေသည်။
ဝင်ရောက်လာသော ဝန်ထမ်း၏ ထိတ်လန့်နေသော မျက်နှာကို မြင်သောအခါ အလိုမကျဖြစ်ကာ မေးလိုက်လေသည်။
"ဘာဖြစ်တာလဲ…"
ထိုဝန်ထမ်းက အမြန်တင်ပြလိုက်လေသည်။
"တပ်မှူးချုပ်ဖူ... ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်း ဂြိုဟ်တုတွေ စပြီး ပျက်ကျလာနေပါပြီ.. ပထမဆုံး ကျတာက မေပယ်နိုင်ငံ ရဲ့ ဂြိုဟ်တုပါပဲ…"
ထိုစကားကို ကြားသော် ဖုကျုံးရှန်းသည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်လေသည်။ သူသည် လက်သီး ကို တင်းတင်းဆုပ်ကာ ထပ်မံ အတည်ပြုလိုက်လေသည်။
"မင်း သေချာလား…"
ဝန်ထမ်းက ခေါင်းငြိမ့်ပြကာ စက်ပစ္စည်းတစ်ခုကို ကမ်းပေးရင်း ပြောလိုက်လေသည်။
"ဒါကို တစ်ချက်လောက် ကြည့်ပေးပါ တပ်မှူးချုပ်…"
ဖုကျုံးရှန်းသည် ထိုစက်ကို ယူကာ မှတ်တမ်းတင်ဗီဒီယိုကို ဖွင့်ကြည့်လိုက်လေသည်။ နိုင်ငံတစ်ဝှမ်းရှိ နေရာအသီးသီးသို့ ဂြိုဟ်တုများစွာ ပျက်ကျလာသည်ကို မြင်လိုက်ရသောအခါ သူ ကိုင်ထားသော စက်ကို ပိုမို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားခဲ့လေသည်။
ဗီဒီယိုကို ကြည့်ပြီးနောက် ဖုကျုံးရှန်းက အမိန့်ပေးလိုက်လေသည်။
"ကုဒ်ရက်ဒ် ကို စတင်လိုက်တော့…"
"ဟုတ်ကဲ့ပါ တပ်မှူးချုပ်ဖူ"
ထိုဝန်ထမ်းသည် စက်ကို ပြန်ယူကာ အမိန့်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ထွက်သွားတော့ လေသည်။
လေးလံသော တိတ်ဆိတ်မှု ခဏမျှ ကြာပြီးနောက်တွင် စားပွဲပေါ်ရှိ ဆက်သွယ်ရေးစက်မှတစ်ဆင့် ဝူယဲ့ဟောင်၏ အသံက ထွက်ပေါ်လာခဲ့လေသည်။
"တပ်မှူးချုပ်ဖု... ကျွန်တော် ဒီတာဝန်ကို ဆက်လုပ်ရမလား…"
ဖုကျုံးရှန်းသည် မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားနေခဲ့လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မှ မေးလိုက်လေသည်။
"မင်း အခု ဘယ်နားကို ရောက်နေပြီလဲ…"
"ကျွန်တော်တို့ အခု လော့ချန်မြို့အစွန်မှာပါ။ လျှို့ဝှက်ဓာတ်ခွဲခန်းနဲ့ (၁၀) ကီလိုမီတာလောက်ပဲ ဝေးပါ တော့တယ်…"
ဝူယဲ့ဟောင်က တည်ငြိမ်စွာ ဖြေလိုက်လေသည်။
ခဏမျှ ချင့်ချိန်ပြီးနောက် ဖုကျုံးရှန်းသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ သူ မျက်လုံးများကို မှိတ်လိုက်ပြီး ပြတ်သာစွာအမိန့်ပေးလိုက်လေသည်။
"ဒီတာဝန်ကို ရပ်ဆိုင်းလိုက်ပါ… အနီးဆုံး စစ်ဆေးရေးဂိတ်ကို ရှာပြီး နောက်ထပ် ညွှန်ကြားချက်ရတဲ့ အထိ အဲ့ဒီမှာ စောင့်နေပါ…"
ဝူယဲ့ဟောင်၏ မျက်လုံးများက အမိန့်ကြောင့် ခဏမျှ တုန်လှုပ်သွားသော်လည်း စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အမိန့်ကို နာခံကြောင်း ပြန်ပြောလိုက်လေသည်။
"နားလည်ပါပြီ…"
ဆက်သွယ်ရေးကို ဖြတ်တောက်ပြီးနောက် ဝူယဲ့ဟောင်က သူ၏အဖွဲ့ကို ကြည့်ကာ အမိန့်ပေးလိုက်လေ သည်။
"ပစ္စည်းတွေ သိမ်းကြ… ငါတို့ အနီးဆုံး စစ်ဆေးရေးဂိတ်ကို သွားမယ်…"
"ဟုတ်ကဲ့ပါ ကပ္ပတိန်…"
တစ်ဖက်တွင်လည်း ဝူယဲ့ဟောင်နှင့် စကားပြောပြီးနောက် ဖုကျုံးရှန်းသည် သူ၏ ရုံးခန်းအတွင်းမှ ထွက်လာခဲ့လေသည်။
သူ၏လက်ထောက်သည် သူ့ကို မြင်သည်နှင့် အပြေးအလွှား ရောက်လာကာ သတင်းပို့လိုက်လေသည်။
"တပ်မှူးချုပ်ဖု... ကုဒ်ရက်ဒ်စတင်လိုက်ပါပြီ… အရေးပေါ် သတိပေးချက်ကိုလည်း ထုတ်ပြန်ပြီးပါပြီ… ဒါပေမဲ့ အေးဂျင့် (၃၀) ရာခိုင်နှုန်းပဲ ပြန်လည် တုံ့ပြန်ပါသေးတယ်…"
ထိုစကားကြောင့် ဖုကျုံးရှန်း၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားခဲ့လေတော့သည်။
"အရေးပေါ် သတိပေးချက်ကို နာရီဝက်တစ်ကြိမ် ဆက်ပြီး ပို့ပေးပါ… အကြောင်းမပြန်တဲ့ အေးဂျင့်တွေရဲ့ နောက်ဆုံးတည်နေရာတွေကို မှတ်သားထားပြီး သေချာစောင့်ကြည့်ထား… သုံးနာရီအတွင်းမှအကြောင်း မပြန်ရင်တော့ သူတို့ကို ပျောက်ဆုံးစာရင်းသွင်းပြီး 'ကုဒ်ဘလက်'အတွက် ပြင်ဆင်ထားလိုက်…"
သူတို့ ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်စဉ် ဖုကျုံးရှန်းက ထပ်လောင်း ညွှန်ကြားလိုက်လေသည်။
"ကျန်တဲ့ အကြီးတန်းအရာရှိတွေကိုလည်း နောက် (၁၀) မိနစ်နေရင် အစည်းအဝေးခန်းမမှာ စုခိုင်းလိုက် ပါ…"
လက်ထောက်က ထိုညွှန်ကြားချက်များကို အလျင်အမြန် မှတ်သားလိုက်ကာ နာခံလိုက်လေသည်။
"ဟုတ်ကဲ့ပါ တပ်မှူးချုပ်ဖု…"
သုံးမိနစ်အကြာတွင် နောက်ထပ် အရေးပေါ် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့ပြန်လေသည်။
တစ်ချိန်တည်းမှာပင် ယောင်ရန်၏ လက်ပတ်နာရီမှ သတိပေးသံ ထွက်ပေါ်လာသဖြင့် သူမ အာရုံစိုက် လိုက်လေသည်။ ဖန်သားပြင်ပေါ်တွင် အနီရောင် သတိပေးချက် သင်္ကေတတစ်ခုက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို မြင်ရသဖြင့် သူမ နှိပ်လိုက်ရာ မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့လေသည်။
[ဝန်ထမ်းများအားလုံးသို့ - ကမ္ဘာ့သံလိုက်ဒိုင်းလွှာ အားနည်းနေပြီး သံလိုက်စက်ကွင်း အကြီးအကျယ် ပြောင်းလဲနေသည်။ လက်ရှိတွင် အပြင်ဘက်သို့ ရောက်ရှိနေသော အေးဂျင့်များအားလုံး မိမိတို့၏ တည်နေရာကို ချက်ချင်း သတင်းပို့ကြရန်နှင့် အနီးဆုံး စစ်ဆေးရေးဂိတ်သို့ သွားရောက်ကာ နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းကြရန်။]
မက်ဆေ့ခ်ျကို ဖတ်ပြီးနောက် ယောင်ရန် ပိတ်လိုက်လေသည်။ တစ်စက္ကန့်အကြာတွင် နာရီဖန်သားပြင် ပေါ်၌ မြေပုံတစ်ခု ပေါ်လာပြီး နိုင်ငံတစ်ဝှမ်းရှိ အစိမ်း၊ အပြာ၊ အဝါ၊ အညိုရောင်နှင့် အနီရောင် အစက် ကလေးများကို မြင်လိုက်ရလေသည်။
မြေပုံကို သေချာလေ့လာကြည့်ရာ အရောင်တစ်ခုစီသည် စစ်ဆေးရေးဂိတ်များ၏ အခြေအနေကို ဖော်ပြနေခြင်းဖြစ်ကြောင်း သူမ နားလည်လိုက်ပေသည်။
အစိမ်းရောင်သည် ရိက္ခာအပြည့်ရှိပြီး လူမရှိသေးသည့် စစ်ဆေးရေးဂိတ်ကို ပြပေသည်။
အပြာရောင်သည် ရိက္ခာပြည့်စုံပြီး လူ (၅၀) ရာခိုင်နှုန်းအောက်သာ ရှိသေးခြင်းကို ပြသနေပေသည်။
အဝါရောင်သည် ရိက္ခာမပြည့်စုံသော်လည်း လူ (၈၀) ရာခိုင်နှုန်းထက် ကျော်လွန်နေခြင်းကို ပြပေသည်။
အညိုရောင်သည် အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်သော စစ်ဆေးရေးဂိတ်များကို ပြပြီး အနီ ရောင်မှာမူ ရိက္ခာလုံးဝ မရှိတော့ခြင်းကို ဆိုလိုခြင်းဖြစ်ပေသည်။
မြေပုံကို ကြည့်ပြီးနောက် ယောင်ရန်က တွေးမိလိုက်လေသည်။
*အနီးအနားမှာ အနီရောင် စစ်ဆေးရေးဂိတ် သုံးခု ရှိနေတာပဲ… ငါ့မှာ အစားအသောက်နဲ့ ရေ အများကြီး ရှိနေတာဆိုတော့ အဲ့ဒီနေရာတွေကို ရိက္ခာ သွားဖြည့်ပေးရင် ကောင်းမလား… ဒါပေမဲ့ အဲ့ဒီမတိုင်ခင် သံလိုက်စက်ကွင်း အပြောင်းအလဲနဲ့ ဂြိုဟ်တုတွေ ပျက်ကျနေတဲ့အကြောင်း တခြားလူတွေကို အရင် အသိပေးဖို့ လိုလိမ့်မယ်…*